အခန်း ၁၂၃၄
Vol. 83 Ch. 1234
အခန်း (၁၂၃၄) ကောင်းကင်ရုံးတော်ရှေ့မှာ လာခိုးရဲသလား
"ဟုတ်တယ်၊ ဒါက လူဝင်စားအရိယဖလသန္ဓေပဲ"
ရုတ်တရက်ပေါ်လာသည့်လူကြောင့် လုယန် ခန့်မှန်းချက်ကို အတည်ပြုနိုင်ခဲ့သည်။
ကိုးငရဲဂိုဏ်းအခြေအနေက ထာဝရဂိုဏ်းနှင့် နည်းနည်းတူသည်။ ယုံကြည်မှုစွမ်းအားဖြင့် အရိယဖလသန္ဓေတည်ဆောက်သည်။
ကွာခြားချက်က ထာဝရဂိုဏ်းသည် တကယ်မရှိသည့် 'ထာဝရမသေမျိုးအရှင်'ကို ကိုးကွယ်သည်။ ထို့ကြောင့် ထာဝရအရိယဖလသန္ဓေ တည်ဆောက်နိုင်ခဲ့သလို ထာဝရအရှင်လည်း ပေါ်လာသည်။
ကိုးငရဲဂိုဏ်းက လူဝင်စားသံသရာကိုသာ ယုံကြည်သည်။ ထို့ကြောင့် လူဝင်စားအရိယဖလသန္ဓေကိုသာ ဖန်တီးနိုင်သည်။
"မင်းဘယ်သူလဲကွ။ ငါတို့ဂိုဏ်းကို ကျူးကျော်ရဲတယ်ပေါ့"
မူပိုင်ယိ အော်ဟစ်လိုက်သည်။ ကိုးငရဲဂိုဏ်းက ဖုန်ဒူပွဲတော်ကို အထွတ်အမြတ်ထား၍ ကျင်းပနေသည်။ ယုံကြည်မှုစွမ်းအား အမြင့်ဆုံးသို့ရောက်နေသည်။ လူဝင်စားအရိယဖသန္ဓေပေါ်လာသည့်အဖြစ်က သက်သေခံနေသည်။
ဤပွဲတော်ကို လုံးဝအနှောက်အယှက်ပေးခွင့်မပြု။
လူသစ်က သွေးစွန်းတောင်ဝှေးရှည်တစ်ချောင်းဖြင့် မူပိုင်ယိကို ချိန်ရွယ်လိုက်သည်။ တောင်ဝှေးက နီညိုရောင်သန်းနေသည်။ သတ်ဖြတ်ခဲ့သည့် ရန်သူတို့၏သွေးများ ခြောက်သွေ့သွားသဖြင့် အနီရောင်မှ ညိုညစ်ညစ်အသွင်ပြောင်းနေခြင်းဖြစ်သည်။
"ငါက စီဟန်နတ်သခင်ပဲ။ ကောင်းကင်အင်ပါယာသခင်အမိန့်နဲ့ လူဝင်စားအရိယဖလသန္ဓေကို လာယူတာ။ ကိုယ့်အခြေအနေကိုယ်နားလည်ရင် အခုချက်ချင်းနောက်ဆုတ်ပါ။
မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ်မပြောနဲ့"
"စီဟန်နတ်သခင်..."
လုယန် မျက်လုံးမှေးစင်းသွားသည်။ မဟာချန်အကျဉ်းသားများ၏ ဝန်ခံထွက်ဆိုချက်အရ စီဟန်နတ်သခင်သည် အင်ပါယာသခင်၏ စွမ်းအားမြင့်တပ်မှူးတစ်ယောက်ဖြစ်သည်။ ယင်ယန်အရိယဖလသန္ဓေကို ပိုင်ဆိုင်ထားသည်။
ယုံကြည်မှုစွမ်းအားဖြင့် တည်ဆောက်ထားခြင်းမဟုတ်။ ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် နားလည်ခဲ့ခြင်းဖြစ်သည်။
လူဝင်စားအရိယဖလသန္ဓေ ပေါ်လာချိန်မှ သူရောက်လာသည်မှာ မဆန်းလှ။ မဟာချန်တို့သည် ယုံကြည်မှုစွမ်းအားဖြင့် အရိယဖလသန္ဓေတည်ဆောက်သည့်အလုပ်ကို အကျွမ်းကျင်ဆုံးဖြစ်သည်။
စီဟန်နတ်သခင်ပေါ်လာသဖြင့် ကိုးငရဲဂိုဏ်းဝင်အားလုံး အံ့အားသင့်နေသည်။ သို့သော် ကြောက်ရွံ့ခြင်းမရှိ။ ဒေါသထွက်လာကြသည်။ လက်ဖက်ရည်ခွက်များ ပန်းကန်များ နေစွမ်းအင်မီးအိမ်များဖြင့် ပစ်ပေါက်ကြသည်။
စီဟန်နတ်သခင် အေးစက်စက်နှာခေါင်းရှုံ့၍ အကာအကွယ်တစ်ခုဖန်တီးလိုက်သည်။ ထိုပစ္စည်းများက သူ့ကိုမထိ။
"အရူးတွေ၊ ငါမလှုပ်ရှားခဲ့တာ နှစ်သုံးသိန်းကြာလို့ လောကကြီးက ငါ့သမိုင်းကြောင်းကို မေ့သွားကြပြီထင်တယ်"
"ဒါဆို ငါနဲ့ယှဉ်ကြည်ပါ"
ဖုန်ဒူမြေတွင် ရပ်နေခြင်းဖြစ်၍ မူပိုင်ယိ ကြောက်ရွံ့ဟန်မရှိ။
ထို့ပြင် သစ်ပင်ပေါ်မှသစ်သီးက လူဝင်စားအရိယဖလသန္ဓေဖြစ်ကြောင်း သိရပြီးဖြစ်၍ စီဟန်လက်ထဲသို့ သူလုံးဝအပါမခံနိုင်။
စီဟန်နတ်သခင်က တောင်ဝှေးကိုဝှေ့ယမ်းလိုက်သည်။
"ငရဲခြောက်နက် ကြိတ်ဆုံ"
ကြီးမားသည့် ကြိတ်ဆုံကျောက်ပြားတစ်ခု မူပိုင်ယိရှေ့တွင်ပေါ်လာသည်။
"ဒါမျိုးနဲ့ ငါ့ကိုတားနိုင်မယ်ထင်နေလားကွ"
ပေါက်ကွဲသံတစ်ခု ဟိန်းထွက်သွားသည်။ ကြိတ်ဆုံကျောက်ပြားက စွမ်းအားထုတ်မပြနိုင်မီ စီဟန်၏တောင်ဝှေးရိုက်ချက်ကြောင့် ကြေမွပျက်စီးသွားသည်။
သို့သော် ကြိတ်ဆုံကျောက်နောက်ဘက်တွင် မူပိုင်ယိမရှိ။ မည်းနက်နေသည့် ခေါင်းတလားခြောက်ခု ရှိနေသည်။
"ထကြစမ်း"
မူပိုင်ယိ အော်ဟစ်လိုက်သည်။ ခေါင်းတလားဖုံးများ ပွင့်ထွက်သွားပြီး ဖုတ်ကောင်အလောင်းခြောက်ခု ခုန်ထွက်လာသည်။
"ဒါတွေက ညီလေးလီပြောတဲ့ ကိုးငရဲဂိုဏ်းရဲ့ စွမ်းအားအကြီးဆုံးအင်အားဆိုတာလား"
လုယန်က သိစိတ်အသံလှိုင်းမှ မုန်ကျင်းကျိုးကိုမေးသည်။
"ဟုတ်လောက်တယ်"
ကိုးငရဲဂိုဏ်းချုပ်ခြောက်ယောက်၏ အလောင်းများဖြစ်သည်။ အသက်ရှိစဉ်က ကူးဖြတ်ခြင်းအဆင့်သို့ ရောက်ခဲ့သည်။ ကိုးငရဲဂိုဏ်း၏သမိုင်းတွင် နာမည်ကျာ်ကြားခဲ့သည်။
ဂိုဏ်း၏သေရေးရှင်ရေးကြုံချိန်တွင် ဂိုဏ်းချုပ်များက ထိုအလောင်းများကို ထိန်းချုပ်၍ တိုက်ခိုက်နိုင်သည်။
စီဟန်မြင်ကွင်းကို ကြိမ်ဆုံကျောက်က ကွယ်ထားခဲ့သဖြင့် ထိုခေါင်းတလားများ ဘယ်ကရောက်လာသည်ကို မမြင်လိုက်။ သို့သော် ဘေးကြည့်ပရိတ်သတ်ဖြစ်သည့် လုယန်က ကောင်းကောင်းမြင်ရသည်။
ထိုခေါင်းတလားများက စင်မြင့်အနီးတွင် မြှုပ်နှံထားခြင်းဖြစ်သည်။ ဖုန်းရွှေပညာအရ အကောင်းဆုံးနေရာခြောက်ခုတွင် နေရာချထားသည်။
စီဟန်ကို မူပိုင်ယိမကြောက်သည်က ပြိုင်ဘက်စွမ်းအားကို နားမလည်၍မဟုတ်။ ကူးဖြတ်ခြင်းအခြေခံအဆင့်သာဖြစ်၍ သူလုံးတမယှဉ်နိုင်။ ထို့ကြောင့် ဂိုဏ်းစွမ်းအားအကြီးဆုံးဝှက်ဖဲကို ချက်ချင်းထုတ်သုံးခြင်းဖြစ်သည်။
လူဝင်စားပညာရပ်များ သူတို့မဖော်ထုတ်နိုင်သေး။ သို့သော် အလောင်းထိန်းပညာကိုတော့ များစွာလေ့လာထားသည်။ ထိုအလောင်းများ၏ တိုက်ပွဲစိတ်ဓာတ်ကို ခဏထိန်းနိုင်သည်။ အသက်ရှိစဉ်ကစွမ်းအား၏ ရှစ်ဆယ်ရာနှုန်းကို ရနိုင်သည်။
"ကောင်းကင်ဖျက်လက်ဝါး"
"ရွေ့ယီတံဆိပ်"
"အရူးနတ်ဆိုးလက်သီး"
"အနန္တအဆိပ်"
"မြေအောက်ကောင်းကင်"
"ဝမ်ချွမ်မြစ်စွမ်းအား"
ကောင်းကင်ဖျက်ဆီးနိုင်သည့်လက်ဝါး၊ အရာအားလုံးဖိနှိပ်နိုင်သည့်ရွေ့ယီတံဆိပ်၊ ရူးသွပ်သည့် နတ်ဆိုးလက်သီး၊ သက်ရှိတစ်အုပ်ကို တစ်စမကျန် လက်စဖျောက်နိုင်သည့် အဆိပ်မြူ..
ကူးဖြတ်ခြင်းအဆင့်ခြောက်ယောက် တစ်ပြိုင်တည်း တိုက်ခိုက်သည်။ သူတို့ခေတ်သူတို့အခါက နာမည်ဆိုးနှင့် ကျော်ကြားခဲ့သည့် ဂိုဏ်းချုပ်များဖြစ်သည်။
စွမ်းအားအမြင့်ဆုံး ကိုယ်ပိုင်ပညာရပ်များဖြင့် စီဟန်ကို ပြိုင်တူတိုက်ခိုက်ကြသည်။ ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်များပင် ချက်ချင်းသေသွားနိုင်လောက်အောင် ပြင်းထန်သည်။
"ကူးဖြတ်ခြင်းအဆင့်လောက်နဲ့ ငါ့ကိုလာတိုက်ရဲတယ်ပေါ့။ ဒီနေ့ မင်းတို့သေမျိုးတွေ အရိယဖလသန္ဓေစွမ်းအားကို သိသွားစေရမယ်"
စီဟန်မျက်နှာက ရေခဲလိုအေးစက်နေသည်။ ယင်ယန်အရိယဖလသန္ဓေကို အသက်သွင်းလိုက်သည်။ လေဟာနယ်နေရာခြောက်ခု တွန့်လိမ်သွားပြီး လူခြောက်ယောက်ပေါ်လာသည်။
"ဟာ"
ထိုလူခြောက်ယောက်ကိုကြည့်၍ မူပိုင်ယိ မျက်လုံးပြူးသွားသည်။
ထိုခြောက်ယောက်က ကိုးငရဲဂိုဏ်းချုပ်ခြောက်ယောက်နှင့် ချွတ်စွပ်တူနေသည်။
"သွားတော့"
စီဟန်အမိန့်ပေးလိုက်သည်။ သူဖန်တီးထားသည့်ခြောက်ယောက်က ကိုးငရဲဂိုဏ်းချုပ်များ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ တစ်ဘက်ခြောက်ယောက်တိုက်ခိုက်သည့် ပညာရပ်များ၏ ဆန့်ကျင့်ပညာကို ထုတ်သုံးနိုင်သည်။
ထို့ကြောင့် လက်ရည်ချင်း တူညီနေသည်။
လုယန် သုံးသပ်သည်။
"ကိုးဆမသေမျိုးရဲ့ ယင်ယန်အရိယဖလက ယင်နဲ့ယန်ကို သတ်မှတ်ပြီး အချင်းချင်းချေဖျက်နိုင်တယ်။ အရိယဖလသန္ဓေက ဒီအဆင့်ထိ မလုပ်နိုင်လို့ ရုပ်သေးတွေပဲဖန်တီးနိုင်တာ။
ရန်သူတွေရဲ့ တိုက်ကွက်ကို အပြည့်အဝဆန့်ကျင်နိုင်တဲ့ နည်းလမ်းတွေ ပိုင်ဆိုင်ထားတယ်။ တစ်ဆင့်ခံနည်းလမ်းနဲ့ ယင်ယန်ချေဖျက်တဲ့သဘောပဲ"
"ဒါက အရိယဖလသန္ဓေရဲ့ စွမ်းအားလား"
မူပိုင်ယိ သူ့ရှေ့မှမြင်ကွင်းကိုကြည့်၍ မယုံနိုင်အောင်ဖြစ်နေသည်။ နှစ်သိန်းချီကြာအောင် မွေးမြူထားသည့် ကိုးငရဲဂိုဏ်း၏အင်အားကို ရန်သူက တစ်ချက်လှုပ်ရှားရုံဖြင့် ချေဖျက်နိုင်သလော...
"မင်းတို့ရူးမိုက်မှုအတွက် ပြန်ပေးဆပ်ရမယ်လို့ ငါပြောပြီးသားပဲ"
ဝင်ကူညီရန်ပြင်နေသည့် ချီတာဖန်းနှင့် လျိုကျန်းလည်း ထိတ်လန့်သွားဟန်ရှိသည်။ သူတို့ကူညီလည်း တိုက်ပွဲအခြေအနေကို ပြောင်းလဲနိုင်မည်မထင်။
မူပိုင်ယိက အရိယဖလသန္ဓေကို သစ်ပင်နှင့်အတူ ဆွဲနှုတ်ယူရန် ပြင်သည်။ စီဟန် မြေပြင်သို့ဆင်းလာပြီး မူပိုင်ယိကို တောင်ဝှေးဖြင့် သိမ်းရိုက်လိုက်သည်။
ထိုစဉ် ရုတ်တရက် စီဟန်တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းထလာသည်။ ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကို ခံစားမိသဖြင့် နောက်သို့ချက်ချင်းခုန်ဆုတ်လိုက်သည်။
ဓားအလင်းတစ်ခုက သူ့ခန္ဓာကိုယ်ကို ပွတ်ထိသွားသည်။ စက္ကန့်ဝက်လောက်သာ သူနောက်ကျခဲ့လျှင် ခန္ဓာကိုယ် နှစ်ခြမ်းပြတ်သွားလိမ့်မည်။
ဓားအလင်းပျောက်ကွယ်သွားသည်။ စင်မြင့်က နှစ်ခြမ်းကွဲနေသည်။
စီဟန် အံ့ဩသွားသလို ဒေါသလည်းထွက်လာသည်။ ထိုဓားချီသည် ဓားကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုလော...
ဓားကျင့်ကြံသူများသည် ဖြောင့်မတ်တည်ကြည်သည်ဟု နာမည်ကျော်သည်။ ဘာကြောင့် ယခုလို ခိုးကြောင်ခိုးဝှက် အလစ်တိုက်ခိုက်သည်မသိ။
"ကျွတ်..မင်းက တကယ်သတ်ရခက်တာပဲ"
လုယန် ကျောက်စိမ်းဓားကိုင်၍ အေးအေးလူလူရှေ့သို့လျှောက်လာသည်။ စီဟန်သည် တိုက်ပွဲအတွေ့အကြုံကြွယ်သူ ပီသသည်။ အန္တရာယ်ကို အာရုံခံနိုင်စွမ်း တကယ်ထက်မြက်သည်။
"ငါတို့ကောင်းကင်ရုံးတော်ဂိုဏ်းရှေ့မှာ လာပြီးလုယက်တာက နည်းနည်းအတင့်ရဲလွန်းသလို ဖြစ်မနေဘူးလား"
လုယန်လှုပ်ရှားလာသဖြင့် မူပိုင်ယိဝမ်းသာသွားသည်။
"ဂိုဏ်းသခင်လု"
"ကောင်းကင်ရုံးတော်ဂိုဏ်းကတဲ့လား"
စီဟန် အေးစက်စက်လျောင်ပြုံးပြုံးသည်။ ဖုန်ဒူသို့ဝင်လာကတည်းက လုယန်နှင့်မုန်ကျင်းကျိုးကို သူကြိုမြင်ပြီးဖြစ်သည်။
"အင်ပါယာသခင်က ငါ့ကိုပြောပြီးသားပါ။ ရှေးဟောင်းခေတ်မှာတောင် ကောင်းကင်ရုံးတော်ဂိုဏ်းဆိုတာ မရှိဘူးတဲ့"
"မင်းတို့အင်ပါယာက ဘာသိမှာလဲ။ မီးနိုင်ငံအကြောင်းတောင် သူမသိပါဘူး"
မုန်ကျင်းကျိုး ခြေထောက်ကိုတွန်းကန်၍ စီဟန်ဆီသို့ အမြောက်ဆံတစ်ခုလို ပျံဝင်သွားသည်။ စီဟန်က တောင်ဝှေးဖြင့်ကာသည်။
သူ့လက်ဝါးနှစ်ဘက် ချက်ချင်းပွင့်ထွက်သွားသည်။
ထိပ်တိုက်ရင်ဆိုင်၍မရမှန်း သိသဖြင့် တောင်ဝှေးကို တစ်ပတ်လှည့်၍ မုန်ကျင်းကျိုးကို ဘေးတစ်ဘက်သို့ အရှိန်လွှဲလိုက်သည်။
ထိုအရှိန်ဖြင့် မုန်ကျင်းကျိုး လွင့်ပျံသွားပြီး လုယန်ဘေးသို့ ရောက်လာသည်။
"လောင်လု၊ ဒီကောင်နဲ့ဘာလို့ လေကုန်ခံပြီးပြောနေတာလဲ။ သူ့ကိုအရင်ဖမ်းကြစို့"
"ဘာတွေစိတ်လောနေတာလဲ။ သူ့ဆီက သတင်းနည်းနည်းနှိုက်မလို့ကွ။ အခုမင်းကြောင့် အစီအစဉ်ပျက်သွားပြီ"
"သူကဘာသိမှာလဲ။ မီးနိုင်ငံအကြောင်းတောင် သိတာမဟုတ်ဘူး။ ပညာမတတ်တဲ့ အရိုင်းအစိုင်းကောင်ပါ"
"မင်းတို့ပြောလို့ပြီးပြီလားကွ"
စီဟန် ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူ့ကို 'ပညာမတတ်'ဟု ပြောသူများကို သူအမုန်းဆုံးဖြစ်သည်။
*****************************