← Chapters

အခန်း ၁၂၃၅

Vol. 83 Ch. 1235

အခန်း ၁၂၃၅

Vol. 83 Ch. 1235

အခန်း (၁၂၃၅) အလိမ်ပေါ်ခြင်း

စီဟန်ငယ်စဉ်က တိုက်ပွဲကို နှစ်ခြိုက်ခဲ့သည်။ စာပေလိုက်စားမှု နည်းခဲ့သည်။ သမိုင်းကြောင်းအသိ နည်းသည်။ မဟုတ်မမှန်သမိုင်းကြောင်းများကို သမိုင်းအစစ်ဟု မကြာခဏ အမှတ်မှားသည်။

သူ့မိတ်ဆွေများက 'ပညာမတတ်သည့်နတ်သခင်'ဟု သူ့ကွယ်ရာတွင် ခေါ်ကြသည်။

သို့သော် သူအရေးမစိုက်။ အင်ပါယာက အာရုံထွေပြားမှုကင်းပြီး ဇွဲဖြင့်ရှေ့ဆက်တိုးသည့် စိတ်ဓာတ်ရှိသူဟု ချီးကျူးသည်။ တစ်ခြားလူများ ထိုချီးကျူးမှုမျိုး ရနိုင်သလော။ သူ့ကို ပညာမတတ်ဟု ပြောသူများသည် သူ့ကိုမနာလိုကြခြင်းသာဖြစ်သည်။

"မင်းတို့ မေးချင်တာမေးကြည့်လိုက်ပါ။ ငါအားလုံးသိတယ်ကွ"

စီဟန် ဒေါအကြီးအကျယ်ထွက်နေသည်။

"မီးနိုင်ငံဆိုတာဘာလဲ"

"မသိဘူး"

"လူဝင်စားအရိယဖလမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလဲ"

"မသိဘူး"

"အင်ပါယာသခင်က လူဝင်စားအရိယဖလကို ဘာလို့ လိုချင်တာလဲ"

"မသိဘူး"

စီဟန် တဖြေးဖြေး ဂဏာမငြိမ်ဖြစ်လာသည်။ မေးခွန်းတစ်ခုမှ သူမဖြေနိုင်သေး။

"အင်ပါယာသခင်ဘယ်မှာလဲ"

"ဒါတော့ငါသိတယ်...မဟုတ်ဘူး။ မင်းတို့က တမင်စကားနှိုက်နေတာပဲ"

လုယန်နှင့်မုန်ကျင်းကျိုး အတော်စိတ်ပျက်သွားကြသည်။ ဘာကြောင့် စီဟန်နတ်သခင်က ထိုမျှမြန်မြန်သတိထားမိသွားသည်မသိ။

လုယန်တို့နှစ်ယောက်ကြောင့် အားလုံး စိတ်အားတက်ကြွလာသည်။ တိုက်ပွဲဝင်နှစ်ဘက်လုံးက ဒဏ္ဍာရီပုဂ္ဂိုလ်များဖြစ်သည်။ သက်တမ်းရင့်လေ စွမ်းအားကြီးလေဟု ပြောကြသည်။

ဂိုဏ်းသခင်လုဘက်က လူပိုများသဖြင့် အလေးသာသည်။

သို့သော် မူပိုင်ယိ စိုးရိမ်နေသည်။ အရိယဖလသန္ဓေ၏ အံ့ဖွယ်စွမ်းရည်များကို သူကြားဖူးသည်။ မသေမျိုးတစ်ဝက်တစ်ယောက်သည် ကူးဖြတ်ခြင်းအဆင့်များကို အပြည့်အဝလွှမ်းမိုးနိုင်သည်။

ယနေ့ကိုယ်တွေ့ကြုံမှ တကယ်မှန်ကြောင်း သိလာသည်။ လုယန်တို့နှစ်ယောက်သည် ပါရမီရှင်လူငယ်များဖြစ်သော်လည်း ကူးဖြတ်ခြင်းအဆင့်သာရှိသည်။ စီဟန်ကိုအနိုင်ယူနိုင်ဖို့ မသေချာလှ။

စီဟန်နတ်သခင်ကို အနိုင်ယူနိုင်သည့် နည်းလမ်းတစ်ခု ရှိနေ၍လော...

"အားလုံး နောက်ဆုတ်ကြ"

မူပိုင်ယိ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ သူ့နောက်လိုက်များကို နောက်ဆုတ်ခိုင်းသည်။ ကူးဖြတ်ခြင်းအဆင့်တိုက်ပွဲသည် မိုးမြေဖျက်နိုင်လောက်အောင် ပြင်းထန်လိမ့်မည်။ နီးနီးနေလျှင် သေဖို့သေချာသည်။

"မင်းတို့ကတကယ်သေချင်နေတာပဲ"

စီဟန် ဒေါသထွက်နေသည်။ ထိုနှစ်ယောက်သည် ကောင်းကင်ရုံးတော်ဂိုဏ်းဝင်ဟုတ်ဟုတ် မဟုတ်ဟုတ် ကာကွယ်သူမပါလျှင် သူ့ကိုမယှဉ်နိုင်။

"ရေပျော့တောင်ဝှေး"

စီဟန် တောင်‌ေဝှးကိုဝှေ့ယမ်းလိုက်သည်။ သူ့ဘေးပတ်လည်တွင် နှင်းမြူများ တဖြေးဖြေးစုဝေးလာသည်။

"ဒီရေပျော့တုတ်က ဘယ်လောက်စွမ်းသလဲ ကြည့်ရသေးတာပေါ့"

မုန်ကျင်းကျိုး အကြောက်အရွံမရှိ ပြေးတက်သွားသည်။ ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့် ခန္ဓာကျင့်ကြံသူတစ်ယောက်သည် လက်ရှိခေတ်ကို လွှမ်းမိုးနိုင်သည်။ အနီးကပ်တိုက်ပွဲတွင် သူ့ကိုဘယ်သူမှ ယှဉ်နိုင်မည်မဟုတ်။

သူ့လက်သီးက တောင်ဝှေးနှင့်ထိချိန်တွင် စီဟန်၏ ရည်ရွယ်ချက်ကို သူနားလည်လာသည်။ ထိုတောင်ဝှေးသည် ရေဂုဏ်သတ္တိမျိုးရှိသည်။ အပျော့ဖြင့် အမာကိုအနိုင်ယူဖို့ သုံးနိုင်သည်။ ပြိုင်ဘက်၏တိုက်ခိုက်မှုကို ချေဖျက်နိုင်သည်။

သို့သော် တကယ်ချေဖျက်နိုင်မည်လော...

မုန်ကျင်းကျိုး၏ စွမ်းအင်ရောင် ပြောင်းလဲသွားသည်။ သက်ရှိအားလုံးအထက်တွင် ရပ်နေသည့် အင်ပါယာဟန်ပန်မျိုးဖြစ်လာသည်။

အဓိပဓိလက်သီးပညာ။

တိုးလာသည့်စွမ်းအားကို စီဟန်ချက်ချင်းခံစားမိသည်။ တောင်ဝှေးက လက်သီးအားကို လွှဲဖယ်နိုင်ခဲ့သော်လည်း သူ့လက်နှစ်ဘက် ထုံကျင်သွားသည်။

ဘယ်လိုမကောင်းဆိုးဝါးလက်သီးပညာမှန်းမသိ။

"ဟားဟား၊ ဒါနဲ့များ မင်းကိုယ်မင်း နတ်သခင်လို့ ခေါ်ရဲတယ်ပေါ့။..လောင်လု၊ ငါပြောတာ မင်းမြင်ပြီလား။ ဒီလိုကောင်မျိုးကို လေကုန်ခံ‌ေနစရာမလိုဘူး။ မှတ်လောက်အောင် ရိုက်လိုက်တာနဲ့ အကုန်ထုတ်ပြောလားမှာ။

...ငါတို့ထောင်ချခဲ့တဲ့ အကျဉ်းသားတွေက မင်းထက်ပိုပြီး စွမ်းအားကြီးတယ်ကွ"

စီဟန် ဒေါသထွက်လာလေ ခြင်္သေ့ရိုင်းတစ်ကောင်လို ဖြစ်လာလေဖြစ်သည်။ မုန်ကျင်းကျိုးကို စီဟန်အာရုံစိုက်နေချိန်တွင် လုယန်က ချင်ဖုန်းဓားကို စီဟန်ဆီ လှမ်းချိန်လိုက်သည်။ စီဟန်တစ်ကိုယ်လုံး ပျော့ခွေ၍ မြေပေါ်သို့ ဒူးထောက်ကျသွားသည်။

ထိုအချိန်ကို မုန်ကျင်းကျိုးစောင့်နေခြင်းဖြစ်သည်။ သူ့လက်သီးနှစ်ဘက်က ကြယ်ကမ္ဘာဖျက်နိုင်သည့် အားအရှိန်ဖြင့် စီဟန်၏မျက်နှာပေါ် ကျသွားသည်။ ရုပ်သွင်မမှတ်မိနိုင်လောက်အောင် ပုံပျက်ပန်းပျက်ဖြစ်သွားသည်။

"ပညာမတတ်ရုံတင်မဟုတ်ဘူး။ တိုက်ခိုက်ရေးပညာကလည်း အဆင့်မမီပါလား"

"စကားတော့ကြွယ်သားပဲ။ မင်းအရိပ်ကို မင်းတိုက်ခဲ့အချိန်ကျရင် အဲလိုဆက်ပြီးလေကျယ်နိုင်ပါစေလို့ ငါဆုတောင်းပါတယ်"

ဒူးထောက်အနေအထားဖြင့် စီဟန်နောက်ဆုတ်သွားပြီး မုန်ကျင်းကျိုးတစ်ကိုယ်လုံးကို စိုက်ကြည့်သည်။ ယင်ယန်အရိယဖလသန္ဓေကို အသက်သွင်းလိုက်သည်။ ရင်ဆိုင်တိုက်ခိုက်စဉ်က ပြိုင်ဘက်၏ ယန်ချီသည် မယုံနိုင်လောက်အောင် အားကောင်းကြောင်း သူသတိထားမိသည်။ သန့်စင်ယန်မသေမျိုးခန္ဓာထက်ပင် သာလွန်သည်။

"လုပ်စမ်းပါ။ မင်းဘယ်လိုအရိပ်မျိုးထုတ်မလဲ ငါကြည့်ချင်တယ်"

မုန်ကျင်းကျိုး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေသည်။

လေဟာနယ်တုန်ခါသွားပြီး မုန်ကျင်းကျိုး၏ပုံရိပ် တဖြေးဖြေးပေါ်လာသည်။ မျက်နှာက မုန်ကျင်းကျိုးအစစ်ထက် ပို၍နူးညံ့ချောမွေ့သည်။ ဆံပင်ရှည်များ ပျော့ပျောင်းသည်။ ဆွဲဆောင်မှုအပြည့်ရှိသည်။

သို့သော် ရင်ဘတ်က မို့မောက်နေသည်။

"ဘာလို့မိန်းမဖြစ်နေတာလဲ"

မုန်ကျင်းကျိုးအတုကိုကြည့်၍ စီချန်နတ်သခင် တအံ့တဩရေရွတ်လိုက်သည်။

ထို့နောက် မုန်ကျင်းကျိုးအစစ်ကိုလှမ်းကြည့်သည်။

"မင်းက တကယ်မိန်းမလား"

"သောက်အဓိပ္ပါယ်မရှိတာမပြောနဲ့ကွ"

ဤတစ်ကြိမ် ဒေါသပေါက်ကွဲသွားသူက မုန်ကျင်းကျိုးဖြစ်သည်။

လုယန်က မေးကိုသပ်၍စဉ်းစားနေသည်။ နားလည်လာသလိုရှိသည်။ ကိုးဆမသေမျိုးက ပြောခဲ့သည်။ မုန်ကျင်းကျိုး၏ သန့်စင်ယန်ခန္ဓာကိုယ်ကို သန့်စင်ယင်အဖြစ် ပြောင်းပေးနိုင်သည်။ သို့သော် လိင်လည်းပြောင်းသွားမည်။

ထိုကိစ္စကို မုန်ကျင်းကျိုးက ငြင်းခဲ့သည်။

စီဟန်နတ်သခင်၏ ယင်ယန်အရိယဖလသန္ဓေသည် ပြိုင်ဘက်နှင့် ဆန့်ကျင်ဘက်လူတစ်ယောက် ဖန်တီးနိုင်သည်။ ထို့ကြောင့် မုန်ကျင်းကျိုး၏ သန့်စင်ယင်ခန္ဓာပိုင်ရှင် ပေါ်လာခြင်းဖြစ်သည်။ ကိုးဆမသေမျိုး၏စကားက တကယ်အတိအကျမှန်ကန်သည်။

ပုံစံတူသန့်စင်ယင်ခန္ဓာပိုင်ရှင်ကိုကြည့်၍ မုန်ကျင်းကျိုး အတော်ဒေါသထွက်နေသည်။ ပြိုင်ဘက်အရိပ်လှုပ်ရှားသည်ကိုပင် မစောင့်တော့ဘဲ ချက်ချင်းစတိုက်ခိုက်သည်။

ယနေ့သည် ဆန့်ကျင်ဘက်လိင်နှစ်ခု၏ အသေအရှင်တိုက်ပွဲဖြစ်သည်။

စီဟန်အကြည့်က လုယန်ဆီရောက်လာသည်။

"အခု မင်းအလှည့်ပဲ"

စီဟန် နည်းလမ်းဟောင်းကို ထပ်သုံးသည်။ ယင်ယန်အရိယဖလသန္ဓေကို အသက်သွင်းသည်။

လုယန်က အမူအရာမပျက်။ သူသိပ်အသုံးပြုလေ့မရှိသည့် ကြောင်းကျိုးကံကြမ္မာပညာကို အသက်သွင်းသည်။

"ယင်နဲ့ယန် ပြောင်းပြန်လှန်"

စီဟန်က လုယန်ကိုစိုက်ကြည့်ရင်း ဆန့်ကျင်ဘက်အရိပ်ဖန်တီးရန် ပြင်လိုက်သည်။။ ရုတ်တရက် လုယန်၏ ယင်နှင့်ယန် ပြောင်းလဲသွားသည်ကို မြင်ရသည်။ တစ်ခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသလိုပင်ဖြစ်သည်။

သူ့ကြိုးစားမှု အချည်းအနှီးဖြစ်သွားသည်။

"ယင်နဲ့ယန်ပြောင်းလဲနိုင်တော့ရော ဘာအရေးလဲ။ ဒါမျိုးကို မင်းဘယ်နှကြိမ်ပြောင်းနိုင်မှာလဲ"

စီဟန် အရိယဖလသန္ဓေကို နောက်တစ်ကြိမ်အသက်သွင်းသည်။ လုယင်က ယင်နှင့်ယန်ကို ပြောင်းပြန်လှန်သည်။

လေးငါးကြိမ်ကြိုးစား၍ ကျရှုံးပြီးနောက် စီဟန်အော်ဆဲလိုက်သည်။ ထိုအတိုင်းဆက်လုပ်နေလျှင် တိုက်ပွဲက မနက်ဖြန်အထိ အရှုံးအနိုင်ပေါ်မည်မဟုတ်။

"ကြောင်းကျိုးကံကြမ္မာပညာနဲ့ မင်းလုပ်ချင်ရာလုပ်လို့ရပြီထင်နေလား"

သူ့ယင်ယန်အရိယဖလသန္ဓေကို အသုံးချနိုင်သည့် တစ်ခြားနည်းလမ်းများရှိသေးသည်။

သူ့ဘယ်ညာလက်နှစ်ဘက်တွင် အနက်ရောင်မီးတောက်နှင့် ရေခဲချွန်များပေါ်လာသည်။ ကိုးဆမသေမျိုး၏ မသေမျိုးမီးတောက်နှင့် မှော်ရေခဲကိုတော့ လုံးဝမမီ။

သို့သော် သေရေးရှင်ရေးအခြေအနေတွင် ထိုစွမ်းအားသည် ကူးဖြတ်ခြင်းဆင့်တစ်ယောက်ကို ဖိအားပေးဖို့လုံလောက်သည်။

လုယန်က ပြေးဝင်လာသည့် မီးတောက်များကို အကြောက်အရွံ့မရှိရင်ဆိုင်သည်။ ချင်ဖုန်းဓားကို အနည်းငယ်ဝှေ့ယမ်းလိုက်သည်။ ဓားချီလှိုင်းများက မီးတောက်များကိုလွှမ်းခြုံထိန်းချုပ်သည်။

ရေခဲဆူးချွန်များ လုယန်ဆီပြေးဝင်လာသည်။ ထိုရေခဲချွန်ထိသည်နှင့် တစ်ကိုယ်လုံး တောင့်တင်းအေးခဲသွားမည်။ အဆင့်တူချင်းတိုက်ပွဲတွင် အန္တရာယ်ကြုံရမည်။

လုယန်က ချင်ဖုန်းဓားကိုဝှေ့ယမ်း၍ အားလုံးကို သုံးပေအကွာတွင်ထိန်းထားသည်။ ရေခဲချွန်များကို သူ့ဓားဖြင့်ခုတ်ဖြတ်သည်။

"မဖြစ်နိုင်ဘူး။ ဒါဘယ်လိုဓားပညာမျိုးလဲ"

မသေမျိုးတစ်ဝက်အဆင့် ဓားတစ်လက်ပင် အစွန်းရောက်ရေခဲဒဏ်ကို ခံနိုင်ရည်မရှိ။ မသေမျိုးအဆင့်ဓားသာ ခုခံရင်ဆိုင်နိုင်သည်။

သို့သော် လောကတွင် မသေမျိုးဓားဖန်တီးနိုင်သူ နှစ်ယောက်သာရှိသည်။ ယင်ထန်မသေမျိုးနှင့် ယုအင်ပါယာဝူယော်။ နှစ်ယောက်လုံးက လျှို့ဝှက်ဆန်းကြယ်ပြီး အသိခက်သည်။

သူတို့သဲလွန်စ မမြင်ရသည်မှာ နှစ်ပေါင်းမနည်းတော့။ မဟာချန်ခေတ်တွင် မသေမျိုးဓားပင် မရှိ။

လုယန် မပွင့်တပွင့်ပြုံး၍ စီဟန်ကို ခေါင်းရှုပ်အောင်လုပ်ထားသည်။

စီဟန်နတ်သခင် များများမတွေးတော့။ လုယန်၏ဓားပညာမှ ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကို ခံစားနေရသည်။ တစ်ချက်မှားသည်နှင့် အသက်ပါသွားမည်။

မနီးမဝေးမှ တိုက်ပွဲကြည့်နေသည့် ချီတာဖန်းက ဘေးဘယ်ညာမှလူများကို တုံ့ဆိုင်းဆိုင်းလေသံဖြင့်မေးသည်။

"ဂိုဏ်းသခင်လုရဲ့ ဓားပညာက လုယန်ရဲ့ မသေမျိုးဓားပညာနဲ့ အတော်တူတယ်လို့ မင်းတို့မခံစာားရဘူးလား။ မြောက်ပိုင်းနယ်မြေမှာ ဒီဓားပညာမျိုး ငါတို့မြင်ဖူးတယ်လေ"

သူ့စကားကြောင့် မူပိုင်ယိနှင့်လျိုကျန်းတို့ မျက်နှာအကြီးအကျယ်ပျက်သွားသည်။ ချီတာဖန်းပါးစပ်ကိုချက်ချင်းလှမ်းအုပ်ကြသည်။

...မင်းမှာမျက်လုံး မပါဘူးလား။ ဂိုဏ်းသခင်လုကမသေမျိုးဓားပညာသုံးနေတာ မတွေ့ဘူးလား။ အဓိပ္ပါယ်က ရှင်းနေပြီးသားပဲ။ ဒါပေမယ့် ဒီစကားမျိုးကို ထုတ်ပြောလို့မရဘူးကွ..

လုယန်က တိုက်ခိုက်နေသော်လည်း ဘေးပတ်လည်ကိုအာရုံစိုက်ထားနိုင်သည်။ ဂိုဏ်းချုပ်ချီစကားကိုကြားသဖြင့် သူ့လှည့်ကြည့်၍ ပြုံးပြသည်။

"အဲ...အစက ကျုပ်နည်းနည်းဆက်ပြီး သရုပ်ဆောင်ဦးမလို့ပဲ။ ဂိုဏ်းချုပ်ချီက ဖော်ကောင်လုပ်လိုက်တော့ အခုကျုပ်ဘယ်လိုဆက်လုပ်ရတော့မှာလဲ"

***********************************

All Chapters