အခန်း ၁၂၃၉
Vol. 83 Ch. 1239
အခန်း (၁၂၃၉) ရင်းနှီးလွန်းနေသည်
သူခိုးဘုရင် စိတ်လွန်ဆွဲမှုကို အဆုံးသတ်ပြီး ကိုယ်ပိုင်သိစိတ်ကို ဆန့်ကျင်၍ လုယန်ကို ကူညီဖို့ဆုံးဖြတ်ချက်ချလိုက်သည်။
"မင်းကိုငါလာကူ..."
စကားမဆုံးမီ သူ့နောက်ဘက်မှ မိုးချုန်းသလိုကျယ်လောင်သည့် ပေါက်ကွဲသံကို ကြားလိုက်ရသည်။ ပြင်းထန်သည့်စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်။ လေပေါ်သို့ သူလွင့်တက်သွားသည်။
ဘယ်လိုမှ ခြေငြိမ်အောင် ရပ်တည်နိုင်စွမ်းမရှိ။
သူခေါင်းလှည့်ကြည့်လိုက်သည်။ ကြောက်စရာစွမ်းအင်ရောင်များထွက်နေသည့် လူနှစ်ယောက် တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။ သူ့တို့ခြေထောက်အောက်တွင် အပျက်အစီးများစုပုံနေသည်။
ထိုမျှသာမကသေး။ ထိုလူနှစ်ယောက်၏ စွမ်းအင်ရောင်များက တဖြည်းဖြည်းပိုပြင်းထန်လာပြီး ဘေးပတ်လည်သို့ လိမ့်ထွက်သွားသည်။ ကျုန်းရှန်ပြည်နယ် ဘယ်နေရာကိုကြည့်ကြည့် အပျက်အစီးများပုံဘဝ ရောက်သွားသည်။
သူခိုးဘုရင် နေရာတွင် ကြက်သေသေနေသည်။ အေးစိမ့်သည့်လေပြင်းများက သူ့ကိုဖြတ်သန်း၍ တိုက်ခတ်နေသည်။ အကြီးအကျယ်စိတ်ဓာတ်ကျသွားသည်။
...ငါ့အမြန်နှုန်းအရိယဖလက ဘာသုံးစားလို့ရမှာလဲ...
"ကောင်းကင်အင်ပါယာသခင်"
"ချီလင်မသေမျိုး"
တိုက်ခိုက်သူနှစ်ယောက်ကိုကြည့်၍ လုယန်နှင့်စီဟန်တို့ လန့်ဖျတ်သွားသည်။ အလိုက်တသိဖြင့် သူတို့တိုက်ပွဲကို ရပ်လိုက်သည်။
စီဟန်၏ ယင်ယန်ခန္ဓာနှစ်ခုလည်း ပြန်လည်ပေါင်းစည်းသွားသည်။
မသေမျိုးတိုက်ပွဲ ဘာကြောင့်ဖြစ်လာသည်ကို လုယန်လုံးဝတွေးမရ။ ကောင်းကင်အင်ပါယာသခင်ပေါ်လာသည်က သိပ်မထူးဆန်းလှ။ သတိထားတတ်သူဖြစ်၍ စီဟန်ကိုစမ်းသပ်စေလွှတ်ပြီး အပြင်ဘက်မှ သတင်းကောင်းကို စောင့်နေခြင်းဖြစ်မည်။
သို့သော် ချီလင်မသေမျိုးက ဘာကြောင့်ရုတ်တရက် ပေါ်လာသနည်း။ ဘာကြောင့် ထိုနှစ်ယောက် တိုက်ခိုက်ကြသနည်း။
နတ်မယ်က သိစိတ်နယ်မြေကုတင်ပေါ်၌ လဲလျောင်း၍ ခြေနှစ်ချောင်းကို လေထဲတွင် ထက်အောက်လွှဲယမ်းရင်း
စီဟန်ကို တိုက်ခိုက်ရမည့်နည်းလမ်းများ လုယန်ကို ညွှန်ကြားနေခဲ့သည်။
"ရှောင်၊ နင်ဒီလို တိုက်ခိုက်သင့်တာ..အဲ၊ ချီလင်က ဘာလို့ဒီကိုရောက်လာတာလဲ"
ချီလင်တို့တိုက်ပွဲကိုမြင်သည်နှင့် နတ်မယ်ချက်ချင်းခုန်ထ၍ စိတ်ဝင်တစား စိုက်ကြည့်သည်။
"ဒီလိုတိုက်ခိုက်ရမှာ မဟုတ်ဘူးလေ။ ဘာလိုခုခံနေတာလဲ။ အပြန်အလှန် ထိခိုက်အောင် တိုက်ခိုက်ရမှာ။ ရှောင်ယန်၊ ချီလင်ဆီသွားပြီး တိုက်ခိုက်နည်းကို ပြောလိုက်ပါ"
လုယန် တိုက်ပွဲအောက်မြေပြင်ကို လှမ်းကြည့်သည်။ အချည်းအနှီးဖြစ်မည့်အာရုံကို ခံစားရသည်။ အသံတိတ် အကြည့်ပြန်လွှဲလိုက်သည်။
...နတ်မယ်၊ ကျုပ်ကို အသက်ရှင်ခွင့်လေးတော့ ပေးပါလား...
"မင်းက လုယန်လား"
သခင်စီရှီက လုယန်ဆီ ပျံသန်းလာသည်။...သို့မဟုတ် တိုက်ပွဲရိုက်ခတ်လှိုင်းကြောင့် လွင့်ပျံလာခြင်းဖြစ်မည်။
"ငါ့နာမည် ရှင်သန်မှုနတ်သခင်စီရှီပါ။ အဲလိုခေါ်ရတာ ရှည်လွန်းရင်လည်း သခင်စီရှီလို့ပဲခေါ်ပါ"
စီရှီက ရင်းရင်းနှီးနှီး မိတ်ဆက်သည်။
မဟာချန်အကျဉ်းသားများစွာ ဖမ်းမိထားပြီးဖြစ်၍ သခင်စီရှီကို လုယန်သိပါသည်။
"ခင်ဗျားဘာလို့ ဒီကိုရောက်လာတာလဲ"
လုယန် စီရှီကို သတိဖြင့်စိုက်ကြည့်သည်။ မဟာချန်နတ်သခင်များသည် သူ့ရန်သူများသာဖြစ်သင့်သည်။ ယခုလိုဆက်ဆံပုံက တစ်ခုခု မူမမှန်သလို ခံစားနေရသည်။
"ငါ့ဆရာက ပြောတယ်။ သူနဲ့ ကောင်းကင်အင်ပါယာ တိုက်ခိုက်တဲ့အချိန်ကျရင် မင်းဘေးမှာနေပါတဲ့။ ကံကောင်းရှင် ငါအသက်ရှင်နိုင်တယ်တဲ့"
"ခင်ဗျားဆရာက ဘယ်သူလဲ"
လုယန် တွေးမရ။ နတ်မယ်က သူ့စိတ်အာရုံကို အမြဲနှောက်ယှက်နေသဖြင့် သူ့အတွေးဉာဏ်ရည် ထိခိုက်ခြင်းလောဟု တွေးမိသည်။
"စီရှီ၊ မင်းဘာလို့ ရန်သူနဲ့အတူရပ်နေတာလဲကွ"
စီဟန် ဒေါသတကြီး အော်ဟစ်လိုက်သည်။
စီရှီက လက်နှစ်ဘက်ဖြန့်ပြလျက်
"ရှင်းနေတာပဲမဟုတ်လား။ ငါသစ္စာဖောက်လိုက်လေ"
"မင်း"
စီဟန် စကားမပြောနိုင်တော့လောက်အောင် ဒေါသထွက်သွားသည်။
"မင်းလည်း ဒီဘက်ကို လာရပ်နေပါ။ အဲဒါ ပိုစိတ်ချရတယ်"
စီရှီက သူ့အဖော်ဟောင်းကို စေတနာဖြင့် အကြံပေးသည်။ မသေမျိုးတိုက်ပွဲကို အနီးကပ်စောင့်ကြည့်လျှင် အလွန်အန္တရာယ်များကြောင်း သူသိသည်။
စီဟန်သည် စာပေမတတ်ကျွမ်းသော်လည်း အရူးမဟုတ်။ စီရှီ၏ ရည်ရွယ်ချက်ကို ရိပ်မိသဖြင့် လှောင်ပြုံးပြုံးလိုက်သည်။
"သစ္စာဖောက်တစ်ယောက်ရဲ့စကားကို ငါယုံမယ်ထင်လား။ မင်းအကြံကို ငါသိတယ်ကွ။ ငါ့ကိုအယုံသွင်းမျှားခေါ်မယ်။ ပြီးတော့ မင်းနဲ့လုယန် အတူပေါင်းပြီး ငါ့ကိုဖမ်းကြမယ်မဟုတ်လား"
ထိုစဉ် ရုတ်တရက် လုယန်က ဘေးသို့ခြေလေးငါးလှမ်း ရွှေ့လိုက်သည်။ စီရှီလည်း သူ့နောက်မှကပ်လိုက်သည်။
သူတို့အပြုအမူကို စီဟန် နားမည်နိုင်အောင်ဖြစ်သွားသည်။ သို့သော် ရုတ်တရက် မသေမျိုးတိုက်ပွဲဆီမှ အားလှိုင်းတစ်ခု လွင့်ပျံလာပြီး လုယန်ရပ်နေခဲ့သည်နေရာကို တည့်တည့်ထိသည်။
ထိုအားလှိုင်းက စီဟန်ကို ရိုက်ခတ်သည်။ တစ်ကိုယ်လုံး ဒဏ်ရာဗရပွဖြစ်သွားသည်။
"အဟွတ် အဟွတ် အဟွတ်.."
စီဟန် ဒဏ်ရာချက်ချင်းကုသည်။
သက်ရှိအားလုံး ယင်နှင့်ယန်ဖြင့် ဖွဲ့စည်းထားသည်။ ယင်ယန်မျှခြေကို ထိန်းထားနိုင်သရွေ့ ရောဂါအားလုံး ဒဏ်ရာအားလုံးကို ချက်ချင်းကုသနိုင်သည်။
ရုတ်တရက် နောက်ထပ်အားလှိုင်းတစ်ခု လွင့်ပျံလာပြန်သည်။ စီဟန်မရှောင်နိုင်လိုက်။ တစ်ကိုယ်လုံးပုံပျက်ပန်းပျက်ဖြစ်သွားသည်။ သို့သော် လုယန်က အားလှိုင်းရောက်လာမည့်နေရာကို ကြိုတင်ခန့်မှန်းနိုင်ပုံရသည်။ ကြိုတင်နေရာပြောင်းသွားနိုင်သည်။
သစ္စာဖောက်၏စကားကို ယုံကြည်ဖို့ စီဟန်ဆုံးဖြတ်လိုက်သည်။ လုယန်ဆီ တစ်လှမ်းချင်း သတိဖြင့်လျှောက်သွားသည်။ သို့သော် လုယန်ရော စီဟန်ပါ သူ့ကိုတိုက်ခိုက်မည့်ဟန် မရှိ။
နတ်မယ်က တိုက်ပွဲအားလှိုင်းရောက်မည့်နေရာကို ကြိုသိနေသဖြင့် လုယန်ကို နေရာရွှေ့ဖို့ အကြံပေးခဲ့ခြင်းဖြစ်သည်။
"မင်းတို့အားလုံး ဘာလို့အတူရှိနေတာလဲ"
သူခိုးဘုရင် အသိပြန်ဝင်လာချိန်တွင် လုယန်နှင့်မဟာချန်နတ်သခင်နှစ်ယောက် အတူရပ်၍ ပြောဆိုရယ်မောနေသည်ကို မြင်ရသည်။ သူအခြေအနေတစ်ခုခု မသိလိုက်ခြင်းဖြစ်မည်ဟု ယူဆ၍ စိတ်ဝင်စားလာသဖြင့် ထိုနေရာသို့ ပျံသန်းသွားသည်။
"ဪ...အကြီးအကဲ"
လုယန် လေးလေးစားစားနှုတ်ဆက်သည်။
သူခိုးဘုရင် လက်အမြန်ဝှေ့ယမ်းပြသည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါ့ကို အကြီးအကဲလို့ မခေါ်နဲ့။ မင်းကသာ အကြီးအကဲပါ"
အစောပိုင်းက စီဟန်ကိုတိုက်ခိုက်ခဲ့သည့် လုယန်၏တိုက်ကွက်များကိုကြည့်၍ သူသတိလစ်လုမတတ် ထိတ်လန့်ခဲ့ရသည်။ စီဟန်ကို တစ်ချိန်လုံး ထိန်းထားနိုင်ပါစေဟု သူဆုတောင်းနေခဲ့သည်။
စီဟန်ကလည်း နာမည်ဂုဏ်သတင်းနှင့် လိုက်ဖက်သည်။
သို့သော် လက်ရှိအခြေအနေအရ သိပ်တော့လည်း ထူးခြားဟန်မရ။
သူတို့စကားပြောနေချိန်တွင် အင်ပါယာသခင်၏ အနက်ရောင်လေဝဲတစ်ခု လွင့်ပျံလာသည်။ သူတို့အနီးမှ ဖြတ်သန်းသွားသော်လည်း ဘယ်သူမှအထိအခိုက်မရှိ။
သို့သော် လေးယောက်လုံး ကြက်သီးတော့ထသွားသည်။
လေဝဲကျသည့်နေရာတွင် ကျင်းကြီးတစ်ခုသာ ကျန်ခဲ့သည်။ အဆောက်အဦးမြေနေရာများ လုံးဝပျောက်ကွယ်သွားသည်။
ဝါးမျိုခြင်းအရိယဖလသန္ဓေ...အရာအားလုံးကို ဝါးမျိုနိုင်သည်။
"ဆရာပြောတာမှန်တယ်။ မိတ်ဆွေလုနားမှာနေတာ တကယ်ဘေးကင်းတာပဲ"
စီရှီက ပြုံး၍မှတ်ချက်ပေးသည်။ သူတစ်ယောက်တည်းသာဆိုလျှင် အစောကြီးကတည်းက ဒဏ်ရာအပြင်းအထန်ရပြီးဖြစ်မည်။
"မင်းက လုယန်လား"
သူခိုးဘုရင် တအံ့တဩမေးသည်။
"ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ"
လုယန် မျက်နှာကို တစ်ချက်ပွတ်လိုက်သည်။ မူလရုပ်သွင် ပြန်ပေါ်လာသည်။ ဖုန်ဒူနယ်မြေသို့ဝင်ကတည်းက ဂိုဏ်းသခင်လုရုပ်သွင်ကိုသာ သုံးခဲ့သည်။ ကင်းလှည့်တပ်သားဖြစ်စဉ်က တစ်ခြားမျက်နှာတစ်ခု သုံးခဲ့သည်။
သူခိုးဘုရင်မမှတ်မိသည်မှာ မဆန်းလှ။
သူခိုးဘုရင်အမူအရာ တဖြေးဖြေး ထူးဆန်းလာသည်။
"ငါ့ဆရာက သူခိုးဘိုးဘေးပါ"
သူခိုးဘုရင်အဖမ်းခံရပြီးနောက် သူခိုးဘိုးဘေး၏ တပည့်ဖြစ်လာသည်။ သူခိုးဘိုးဘေးထံမှ အမြန်နှုန်းအရိယဖလသန္ဓေတည်ဆောက်သည့် အဓိကအချက်များကို သူသင်ယူခဲ့သည်။
သို့သော် သူခိုးဘိုးဘေးက နောက်ဆုံးအဆင့်ရောက်ချိန်တွင် ဆက်မသင်တော့။ ကိုယ့်ဘာသာနားလည်အောင် ကြိုးစားခိုင်းသည်။
"ခင်ဗျားဆရာက သူခိုးဘိုးဘေးပေါ့"
သူခိုးဘုရင်စကားအဓိပ္ပါယ်ကို လုယန် နားလည်သည်။ သူခိုးဘိုးဘေးနှင့် တာအိုရှင်ဝစီပိတ်တို့သည် သွေးသောက်မိတ်ဆွေများဖြစ်သည်။
ထို့ကြောင့် သူနှင့်သူခိုးဘုရင်သည် အဆင့်တူဖြစ်သည်။
သူခိုးဘုရင် ခေါင်းငြိမ့်သည်။ ထို့နောက် သတင်းစူးစမ်းသလိုဟန်ဆောင်၍ ဆက်မေးသည်။
"ဒါနဲ့ သခင်အရိုးရိုင်းက ကျုန်းရှန်ပြည်နယ်အတွက် အာမခံဝယ်ထားတယ်လို့ကြားတယ်။ အဲဒီကိစ္စ မင်းသိလား"
"သိတာပေါ့။ အဲဒါဝယ်ဖို့ ညီလေးအရိုးရိုင်းကို ကျုပ်အကြံပေးခဲ့တာပါ"
ရွှေစီးပွားကုန်သည်အသင်းတွင် လက်မှတ်ထိုးခဲ့သည့် အကြီးစားအာမခံစာချုပ်များအားလုံး သူခိုးဘုရင်ပြန်စဉ်းစားသည်။ သူသိသလောက် ကျုန်းရှန်ပြည်နယ်သည် အရင်က အာမခံစာချုပ် တစ်ခါမှမဝယ်ခဲ့ဖူး။
"မင်းတို့ ဘယ်တုန်းကဝယ်တာလဲ"
"လွန်ခဲ့တဲ့ ခုနစ်ရက်ကပါ"
သူခိုးဘုရင် "..."
သို့ဆိုလျှင် သူ့ကိုဖမ်းပြီးသည်နှင့် ချက်ချင်းအာမခံဝယ်လိုက်ကြခြင်းဖြစ်မည်။
လုယန်သည် ကောင်းကင်အင်ပင်ယာနှင့်ချီလင်မသေမျိုးကို သိကျွမ်းသူမဟုတ်။ အကယ်၍ သိကျွမ်းခဲ့လျှင် လုယန်က ဤမသေမျိုးနှစ်ယောက်နှင့် ပူးပေါင်းကြံစည်သည်ဟု သူသံသယဖြစ်မိပေလိမ့်မည်။
မဟုတ်သေး...မဟာချန်နတ်သခင်တစ်ယောက်က လုယန် 'မိတ်ဆွေ'ဟု ခေါ်ခဲ့သည်။ လုယန်နှင့် မဟာချန်အဖွဲ့ ဘယ်လိုပတ်သက်နေသည်မသိ။
"ခင်ဗျားပြောတဲ့ ဆရာဆိုတာက ဘယ်သူလဲ"
လုယန် စီရှီကို လှည့်မေးသည်။
"ချီလင်မသေမျိုးလေ။ သူ့ကိုမင်းသိတယ်လို့ ဆရာပြောတယ်"
လုယန် ခေါင်းငြိမ့်သည်။ ချီလင်မသေမျိုးကို သူသိပါသည်။ မျက်နှာချင်းဆိုင် တစ်ခါမှမဆုံဖူးသော်လည်း ထိုမသေမျိုးက သူနှင့်အတော်ရင်းနှီးနေသည်။
"ချီလင်အရှင်က တစ်ခြားဘာတွေပြောသေးလဲ"
"မင်းက မသေမျိုးမိန်းမလှတွေနဲ့ အတော်ရင်းနှီးလောက်တယ်လို့ ပြောတယ်"
လုယန်မျက်နှာ သွေးဆုတ်ဖြူရော်သွားသည်။
ဘေးမှနားထောင်နေသည့် သူခိုးဘုရင်စိတ်တွင် လုယန်တစ်ခုခုထူးခြားမှုရှိနေသည်ဟု ပိုခံစားလာရသည်။
*******************************