← Chapters

အခန်း ၁၂၄၁

Vol. 83 Ch. 1241

အခန်း ၁၂၄၁

Vol. 83 Ch. 1241

အခန်း (၁၂၄၁) ချီလင်၏စွမ်းအား

တိုက်ယိလက်ဝါးခုနစ်ချက်တွင် လူသတ်ရိပ်များပါဝင်သည်။ ထို့ပြင် ခုနစ်ချက်မြောက်လက်ဝါးတွင် ရှေ့ခြောက်ချက်၏ စွမ်းအင်အားလုံး စုစည်းနေသည်။ မသေမျိုးများပင် မခံနိုင်ခဲ့သည့် တိုက်ခိုက်မှုမျိုးဖြစ်သည်။

ယခု လက်ဝါးခြောက်ချက် အသုံးပြုပြီးဖြစ်သည်။ ချီလက်မသေမျိုးကို အတိအကျထိခဲ့သည်။ လက်ဝါးခြောက်ချက်ခံရပြီးနောက ပြန်လည်ကုစားမှုစွမ်းရည်ကို ကောင်းကင်ဖန်တီးခြင်းပညာဖြင့် ထိန်းချုပ်ထားသည်။ ချီလင်၏ မသေမျိုးသွေးများ အဆက်ပြတ်စီးကျနေသည်။

"ခုနစ်ချက်မြောက် ထိုက်ယိလက်ဝါး"

လူသတ်စွမ်းအင်အလွှာခုနစ်ခုထပ်သွားသည်။ ချီလင်ခန္ဓာကိုယ်ထဲတွင် အနက်ရောင်စွမ်းအား ပေါက်ကွဲထွက်သည်။ သို့သော် ထင်ထားသလို ဒွာရခုနစ်ပေါက်မှ သွေးယိုလာခြင်းမရှိ။ အနက်ရောင်သွေးနှစ်ခု အန်ထွက်လာရုံမှလွဲ၍ ဘာမှမဖြစ်။ ပထမခြောက်ချက်လောက်ပင် ဒဏ်ရာမပြင်းထန်။

ဘာဖြစ်နေသည်မသိ။ ရှင်သန်မှုအရိရဖလက ခုနစ်ကြိမ်မြောက်လက်ဝါးကို ယဉ်ပါးသွားခြင်းလော..

ထိုသို့မဖြစ်သင့်။ ထိုက်ယိလက်ဝါးသည် အမှန်အားဖြင့် ပညာခုနစ်ခု ပေါင်းစပ်ထားခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင် ထိုလက်ဝါးချက်ကို ချီလင် မယဉ်ပါးသင့်။ ယဉ်ပါးခဲ့သည်ဆိုလျှင် သွေးအန်မည်မဟုတ်။

ဘာကြောင့်လဲ....

ချီလင်သည် သာမန်ရန်သူမဟုတ်ကြောင်း အင်ပါယာသခင် နားလည်လာသည်။ မသေမျိုးရွှေသံချပ်ကာဖြင့် ဒုတိယတစ်ကြိမ် တိုက်စစ်ဆင်သည်။

ချီလင်မသေမျိုးက အရေးနိမ့်နေသလိုရှိသည်။ ဆက်တိုက် တိုက်ခိုက်ခံရသည်။ သို့သော် အင်ပါယာစိတ်ထဲ စိုးရိမ်လာသည်။ တစ်ခုခုကို နားလည်မှုလွဲနေသလို ထင်မိသည်။

လျန်ယိမြူစက်ဝန်းကို ချီလင်က ယဉ်ပါးခဲ့ပြီးဖြစ်၍ ထိုပညာဖြင့် ထိန်းချုပ်မခံရတော့။ သံရှည်ဆွဲအော်ဟစ်၍ အင်ပါယာသခင်ထံ နောက်တစ်ကြိမ် ပြေးဝင်သွားသည်။ အဓိပဓိနတ်ဆိုး၏ ပြင်းထန်သည့် စွမ်းအင်ရောင်က အင်ပါယာသခင်ကို လွှမ်းမိုးထားသည်။

သို့သော် အင်ပါယာသခင်ကလည်း လောကထိပ်သီးအင်ပါယာဟန်ပန်ဖြင့် အပြင်းအထန်တိုက်ခိုက်သည်။

"သေလိုက်စမ်း"

ကောင်းကင်တစ်ခုလုံး အပြင်းအထန် တုန်ခါသွားသည်။ ရွှေသံချပ်ကာက အင်ပါယာစိတ်အလိုကျ လှံရှည်တစ်လက်အသွင်ပြောင်း၍ ချီလင်နှင့်ရင်ဆိုင်သည်။

အင်ပါယာနှင့်ထိတွေ့ခါနီးတွင် မမြင်နိုင်သည့် တိုက်ခိုက်မှုတစ်ခုကို ချီလင်ခံလိုက်ရသည်။ ဟန်ချက်ပျက်ပြီး ယိမ်းယိုင်သွားသည်။

ထိုအချိန်ကို အင်ပါယာသခင် ကြိုတွက်ထားဟန်ရှိသည်။ လှံရှည်ကိုဝှေ့ယမ်း၍ ချီလင်၏ဦးချိုကို ရိုက်သည်။ ဦးချိုဒဏ်ကို မခံနိုင်ဘဲ လှံရှည်ချက်ချင်း ကွဲကြေသွားသည်။ သို့သော် သံချပ်ကာအဖြစ် ချက်ချင်းပြန်စုစည်းလာသည်။

"ဒါက ထိန်းချုပ်သူသခင်သုံးတဲ့ နည်းလမ်းမဟုတ်လား"

လုယန် မျက်မှောင်ကျုံ့သွားသည်။ ထိန်းချုပ်သူသခင်၏တိုက်ခိုက်ပုံနှင့် တူနေသည်။ ဝိညာဉ်စွမ်းအားဖြင့် ချီလင်ကို တိုက်ခိုက်သည်။ သံချပ်ကာက စိတ်ဆန္ဒအလျောက် လှံရှည်အသွင်ပြောင်းသည်။ အလိုလိုကာကွယ်နိုင်သည့်စွမ်းရည်မျိုးရှိသည်။

လနန်းတော်တွင် ကြုံခဲ့သည့် နတ်သခင်သုံးယောက်အကြောင်း သူပြန်သတိရလာသည်။ အင်ပါယာသခင်သည် တစ်ခြားအရိယဖလများကို စားသုံးဝါးမျိုနိုင်သည်ဟု ပြောသည်။ သို့သော် ဝိညာဉ်စွမ်းအား တိုးမြှင့်ဖို့ သံလွင်ဘိုးဘေးကို လိုအပ်သည်။

"ဒါဆိုသူက ဉာဏ်အလင်းအရိယဖလသန္ဓေကို ဝါးမျိုထားတာလား။ ဒါမဟုတ် ဒီအရိဖယသန္ဓေရဲ့ စွမ်းအားတစ်ချို့ကို ဝါးမျိုထားတာများလား"

စီရှီကိုယ်ထဲတွင် ပုန်းနေခဲ့သည့် ချီလင်လည်း ထိုသို့ပင် ကောက်ချက်ချသည်။

သို့သော် အချိန်က အရေးကြီးနေသည်။ ရှည်ရှည်ဝေးဝေးတွေးမနေနိုင်။

"ဝိညာဉ်ချုပ်နှောင်စွမ်းအား"

ချီလင်ကို ရုပ်ခန္ဓာစွမ်းအားဖြင့် အနိုင်မယူနိုင်မှန်းသိသဖြင့် အင်ပါယာသခင်က မူလဝိညာဉ်ကို တိုက်ခိုက်သည်။ တားဆီးဖို့မဖြစ်နိုင်သည့် တိုက်ခိုက်မှုဖြစ်သည်။

သို့သော် ချီလင်က ခေါင်းတစ်ချက်သာခါသည်။ ပုံမှန်အတိုင်း ရှိနေသည်။

"မဖြစ်နိုင်ဘူး"

အင်ပါယာသခင် ထိုနည်းလမ်းဖြင့် ထိန်းချုပ်သူသခင်ကို တိုက်ခိုက်ခဲ့ဖူးသည်။ ထိန်းချုပ်သူသခင် သတိထား၍ ခုခံခဲ့ရသည်။ ချီလင် ပုံမှန်ဖြစ်နေစရာ အကြောင်းမရှိ။

ချီလင်က ကောင်းကင်ဖန်တီးခြင်းပညာကို ရင်းနှီးပြီးဖြစ်၍ ဒဏ်ရာများ အလိုလိုပျောက်ကင်းလာသည်။ မသေမျိုးသွေးများ သူ့သွေးကြောမထဲတွင် အားအင်အပြည် အော်မြည်လည်ပတ်နေသည်။ မိုးမြေနှင့် ထပ်တူကျနေသည်။ တကယ်ကြောက်စရာကောင်းသည့် မြင်ကွင်းဖြစ်သည်။

ခြေလေးချောင်းကို စုံခုတ်၍ ပြေးလာသည်။ လှုပ်ရှားမှုတိုင်းက လောကကိုလွမ်းမိုးတော့မည့် ဟန်ပန်မျိုးရှိသည်။ အင်ပါယာသခင်၏ ဝိညာဉ်တိုက်ခိုက်မှုက သူ့ခြေလှမ်းအရှိန်ကို ဟန့်တားနိုင်စွမ်းမရှိ။ ထွက်လာသည့်စွမ်းအင်ရောင်က မြေပြင်နှင့်တောင်တန်းများကို ကြိတ်ချေ၍ အက်ကြောင်းဖြစ်အောင် လုပ်နိုင်စွမ်းရှိသည်။

မသေမျိုးရွှေသံချပ်ကာက အန္တရာယ်ကို အာရုံခံမိသဖြင့် ဒိုင်းအဖြစ်အသွင်ပြောင်းပြီး အင်ပါယာသခင်ရှေ့တွင် အပြည့်ကာထားသည်။

သို့သော် ဘာမှအကျိုးမထူး။ ရွှေဒိုင်းကာက ချီလင်ခြေလှမ်းကို နည်းနည်းနှေးအောင်သာလုပ်နိုင်ခဲ့သည်။ ချက်ချင်းကြေမွပျက်စီးသွားသည်။ ချီလင်ဦးချိုက ရေပြင်ညီအတိုင်း ဝင်လာသည်။ အင်ပါယာသခင်ရင်ဘတ်တွင် အပေါက်ကြီးနှစ်ပေါက် ပေါ်လာသည်။

အင်ပါယာသခင် မျက်လုံးပြူးပြီး မယုံနိုင်အောင်ဖြစ်နေသည်။ တိုက်ပွဲအစပိုင်းတွင် ချီလင်သည် ထိုမျှစွမ်းအားမကြီးခဲ့။

စွမ်းအားအမှန်ကို ဖုံးကွယ်ခဲ့ခြင်းလော။

မဟုတ်သေး။ တိုက်ခိုက်ရင်း ပိုစွမ်းအားကြီးလာခြင်းဖြစ်သည်။

"အရူးကောင်။ ချီလင်နဲ့များ အချိန်ဆွဲပြီး တိုက်ခိုက်နေတယ်။ တိုက်ပွဲအချိန်ကြာလေ သူကပိုစွမ်းအားကြီးလာလေပဲ"

သိစိတ်နယ်မြေမှနတ်မယ် ဟားတိုက်ရယ်နေသည်။ အင်ပါယာသခင် တိုက်ပွဲကို ထိုမျှအချိန်ဆွဲမည်ဟု သူမထင်ခဲ့။

"ရှောင်ယန်၊ အကြောင်းရင်းကို နင်ခန့်မှန်းမိလား"

"အင်ပါယာသခင်က အရိယဖလနာမည်ကို နားလည်မှုလွဲခဲ့တာပဲ"

လုယန် အကြမ်းဖျင်းခန့်မှန်းနိုင်သည်။

"ရှင်သန်မှုအရိယဖလဆိုတာ ရှင်သန်မှုအရိယဖလသန္ဓေ၊ သန်မာမှုအရိယဖလသန္ဓေ၊ သဘာဝရွေးချယ်မှုအရိယဖလတွေရဲ့ အဆင့်မြင့်တာအိုပဲ။ တစ်နည်းပြောရင် အရိယဖလသန္ဓေစွမ်းရည်သုံးမျိုး ပိုင်ဆိုင်ထားတယ်။ အဲဒါတွေရဲ့ အမြင့်ဆုံး အရိယဖလပဲ။

ဒါကြောင့်လည်း ချီလင်အရှင်က အစပိုင်းမှာ ခံစစ်ပဲနေပြီး တိုက်စစ်မဖွင့်ခဲ့တာ။ တိုက်ခိုက်ရင်းနဲ့မှ ပိုပြီးစွမ်းအားကြီးလာတာ"

အောင်းလင်းသည် မသေမျိုးတစ်ဝက်များထဲတွင် စွမ်းအားအကြီးဆုံးအဖြစ် ကျော်ကြားခြင်းမှာ ရှင်သန်မှုအရိယဖလသန္ဓေကို ပိုင်ဆိုင်သောကြောင့်ဖြစ်သည်။ တိုက်ခိုက်ခံရလေ၊ စွမ်းအားကြီးလာလေဖြစ်သည်။

(**ဇီဝဗေဒ(သတ္တဗေဒ)အယူအဆကို ရည်ညွှန်းပါသည်။ အတိုချုပ်ပြောရလျှင်

သဘာဝရွေးချယ်မှု(natural selection) - နေရာတစ်ခု၏ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီတွေနေနိုင်သည့် သတ္တဝါမျာသာ ရေရှည်ရှင်သန်သည်။

သန်မာမှု (fittest) - လွှမ်းမိုးနိုင်သည့် အားအကြီးဆုံးသတ္တဝါများသာ ရှင်သန်နိုင်သည်။

ရှင်သန်မှု (survival) - ရှင်သန်နိုင်သည့်စွမ်းရည် အမြင့်ဆုံးသတ္တဝါများသာ ရှင်သန်နိုင်သည်။

အယူအဆသုံးခုက ခပ်ဆင်ဆင်ဖြစ်သည်။ ချီလင်သည် သဘာဝတာအိုမှ မွေးဖွားသည့် တစ်ကောင်တည်းသော သတ္တဝါဖြစ်သည်။ ထို့ကြောင့် ထိုစွမ်းရည်သုံးမျိုးပိုင်ဆိုင်သည်။

အောင်းလင်းက တိုက်ခိုက်မှုပိုင်း(ရှင်သန်မှု)ကို အလေးသာသည်။ ကျန်းလျန်ယိနှင့် ကျူးထန်က (ထိန်းချုပ်လွှမ်းမိုးမှု)ပိုင်းကို အလေးသာသည်။

ချီလင်၏အရိယဖလနာမည်အမှန်က လွမ်းမိုးရှင်သန်မှုသဘာဝအရိယဖလဖြစ်သည်။ ရှည်သဖြင့် တိုအောင်ရေးခဲ့ပါသည်။ အဓိပ္ပါယ်လည်း ခြုံငုံမိမည်ဟု ယူဆသောကြောင့်ဖြစ်သည်။)

မသေမျိုးတိုက်ပွဲများသည် အရိယဖလစွမ်းရည်ကို အလေးပေးသည်။ သို့သော် စွမ်းအားကွာဟမှု ကြီးမားနေသလို အင်ပါယာသခင်၏ တိုက်မှုအများစုက လက်ရှိချီလင်အပေါ် မထိရောက်တော့သဖြင့် တိုက်ပွဲအနိုင်အရှုံးက အဖြေပေါ်လာသည်။

ချီလင်မသေမျိုးက လူသားအသွင်ပြန်ပြောင်း၍ အင်ပါယာ၏လည်ပင်းကို ချုပ်ကိုင်လိုက်သည်။

"ငါမင်းကို ထပ်မေးမယ်။ လူဝင်စားအရိယဖလသန္ဓေအကြောင်း မင်းကိုဘယ်သူပြောတာလဲ"

အခြေအနေမှန်ကို နားလည်သဖြင့် အင်ပါယာသခင် ခုခံဖို့စိတ်ကူးမရှိတော့။

"မင်းတို့ ရှေးဟောင်းမသေမျိုးလေးယောက်နဲ့ တိုက်ခိုက်ဖူးတဲ့လူပါ။ လူဝင်စားအရိယဖလသန္ဓေကိုသန့်စင်နိုင်မယ်ဆို သေသွားရင်တောင် နောက်ထပ်ဘဝတစ်ခု ထပ်ရှင်သန်နိုင်တယ်လို့ ငါ့ကိုပြောခဲ့တယ်"

ထိုမြင်ကွင်းကြောင့် စီဟန် ထိတ်လန့်သွားသည်။ သူ့အင်ပါယာ အဖမ်းခံရသည်။ မသေမျိုးတစ်ဝက်သုံးယောက်လည်း သူ့ဘေးတွင်ရှိနေသည်။ တစ်ယောက်က အမြန်နှုန်းကြောင့် နာမည်ကျော်သည်။ ထွက်ပြေးလွတ်မြောက်ဖို့ လုံးဝမဖြစ်နိုင်။

ဒါကြောင့်...ဒါဟာထောင်ချောက်ပါလို့ ပြောသားပဲ..

"အခုချိန် အညံ့ခံရင် အထူးအခွင့်အရေးလေးများ ရနိုင်မလား"

စီဟန် လုယန်ကိုမေးလိုက်သည်။

လုယန်အလေးအနက်စဉ်းစား၍ ပြန်မေးသည်။

"ခင်ဗျားက အင်ပါယာသခင်လက်အောက်ကလား ထိန်းချုပ်သူသခင်လက်အောက်ကလား"

"အင်ပါယာသခင်လက်အောက်ကာပါ"

"ဒါဆို ခင်ဗျားတို့နှစ်ယောက်ကို ကပ်လျက်အကျဉ်းခန်းတွေမှာ ထားပေးပါ့မယ်"

စီဟန်စဉ်းစားသည်။ ကျေးဇူးတင်ပါသည်ဟုပြောရမလား။ ထိုကိစ္စသည် အထူးအခွင့်အရေးမဟုတ်ဟု ပြောရမလား သူမသိတော့။

ထိုစဉ် ချီလင်မသေမျိုးက သူတို့ဆီ ပျံသန်းလာသည်ကို မြင်ရသဖြင့် သူတို့နည်းနည်းတော့ စိုးရိမ်သွားသည်။

"ဆရာ"

စီရှီကတော့ စိုးရိမ်မှုအကင်းဆုံးလူ ဖြစ်နေသည်။

နတ်ဆိုးမျိုးနွယ်အဓိပဓိ ဒဏ္ဍာရီမသေမျိုးနှင့် ရင်ဆိုင်ရသဖြင့် သူခိုးဘုရင် အလိုလို စိုးရိမ်နေသည်။

လုယန်ကလည်း စိုးရိမ်စရာ အကြောင်းရင်းများစွာရှိသည်။

"မင်းကလုယန်လား"

"ချီလင်အရှင်ကို လုယန် ဂါရဝပြုပါတယ်"

လုယန် လေးလေးစားစားအရိုအသေပေးသည်။

"လုယန်၊ မင်းနေခဲ့။ ကျန်တဲ့မင်းတို့သုံးယောက် ဝေးဝေးသွားနေပါ"

မသေမျိုးတစ်ဝက်သုံးယောက် အပိုးကျိုးကျိုးထွက်သွားသည်။ စီဟန်က အလိုက်တသိဖြင့် ခြေလက်များကို ကြိုးတုပ်၍ပင် အညံ့ခံကြောင်းပြသည်။

အမှန်တော့ ကောင်းကင်အင်ပါယာကိုလည်း ချီလင် ထွက်သွားဖို့ပြောချင်သည်။ သို့သော် ထွက်ပြေးသွားမည်စိုးသည်။

အရေး‌‌တော့မကြီး။ လျှို့ဝှက်ကိစ္စလည်း မဟုတ်။ အင်ပါယာသခင်ကြားသွားလည်း အန္တရာယ်မရှိနိုင်။

"ငါတို့ ပထမဆုံးဆုံဖူးတာပဲ လုယန်။ ငါ့အထင်မမှားရင် ထာဝရနတ်မယ်ကို အသက်သွင်းခဲ့တာ မင်းပဲဖြစ်မယ်"

"ဟုတ်ပါတယ်"

ချီလင် သက်ပြင်းလေးပင်စွာချသည်။ ထို့နောက် ခံစားချက်အပြည့်ဖြင့်ပြုံး၍

"မှန်တာပေါ့လေ။ မင်းက နတ်မယ်နဲ့ ကံရေစက်ရှိတဲ့လူပဲ"

***************************

All Chapters