အခန်း ၁၂၄၂
Vol. 83 Ch. 1242
အခန်း (၁၂၄၃) အချိန်မသေမျိုးကို သတ်ခဲ့သူ
"ချီလင်၊ မတွေ့ရတာ ကြာပြီနော်"
နတ်မယ်က လုယန်ကိုယ်ထဲမှ ထွက်လာပြီး ပြုံး၍နှုတ်ဆက်သည်။
နှစ်လေးသိန်းကြာအောင် ခွဲခဲ့ရသည့် မိတ်ဆွေဟောင်းတစ်ယောက် ပြန်ရှင်သန်လာသည်ကို မြင်ရသဖြင့် ချီလင်လည်း အတော်ဝမ်းသာသည်။
သို့သော် နတ်မယ်အခြေအနေကို မြင်ရချိန်တွင် သူတွေးရခက်သွားသည်။
"ထာဝရနတ်မယ်၊ ဘာလို့ မင်းဝိညာဉ်ပဲကျန်တော့တာလဲ"
သူမျှော်လင့်ခဲ့သည်က ထိုအခြေအနေမျိုးမဟုတ်။ နတ်မယ်လည်း သူ့လိုပင် ကမ္ဘာငယ်တစ်ခုခုတွင် ပုန်းအောင်းနေပြီး လုယန်က သယ်ဆောင်ထားသည်ဟု ထင်ခဲ့သည်။
နတ်မယ် ချောင်းနှစ်ချက်ဆိုးသည်။ သူ့မျက်နှာ အတော်ဖြူရော်လာသည်။ သို့သော် သူ့မိတ်ဆွေဟောင်းကို စိတ်မပူစေလိုသဖြင့်
"သိပ်ဆိုးဆိုးဝါးဝါးမဟုတ်ပါဘူး။ အရင်တိုက်ပွဲမှာ နည်းနည်းဒဏ်ရာရခဲ့လို့ ပြန်အားမပြည့်သေးတာပါ"
"အဆင်ပြေရဲ့လား နတ်မယ်"
လုယန်က ချက်ချင်းစိုးရိမ်တကြီးမေးသည်။
နတ်မယ်က လက်တစ်ဘက်ဝှေ့ယမ်းလျက်
"ဘာမှမဖြစ်ပါဘူး။ နည်းနည်းအားနည်းနေရုံပါပဲ။ နောက်ထပ်အနားယူဖို့ပဲလိုတာပါ။ နင်နဲ့တစ်ချိန်လုံးနေတာက သိပ်အဆင်မပြေဘူး။ ငါ့စွမ်းအားမြန်မြန်ပြန်ရမှ ဖြစ်မယ်"
"မဟုတ်ဘူး မဟုတ်ဘူး နတ်မယ်။ ကျုပ်သိစိတ်နယ်မြေမှာ ခင်ဗျားကြိုက်သလောက် နေလို့ရပါတယ်"
ထိုမြင်ကွင်းကြောင့် ချီလင်အံ့အားသင့်သွားသည်။ နတ်မယ်သည် ထိုစကားမျိုးပြောမည့်လူလော...
အင်ပါယာသခင်က နတ်မယ်ကို ဇဝေဇဝါမျက်နှာဖြင့်ကြည့်သည်။ အသဲအသန်စဉ်းစားနေသည်။ ချီလင်က ထိုမိန်းမကို ထာဝရနတ်မယ်ဟု ခေါ်သည်။
ရှေးဟောင်းခေတ်မှစပေါ်ခဲ့သည့် မသေမျိုးများအားလုံးကို ပြန်စဉ်းစားကြည့်သည်။ 'ထာဝရနတ်မယ်'ဆိုသည့် မိန်းကလေးမသေမျိုးရှိခဲ့သည်ဟု သူလုံးဝမကြားဖူး။
ဘယ်သူမှန်းမသိ။ ရှေးဟောင်းခေတ်မသေမျိုးတစ်ယောက်လော...
ထို့ပြင် ယွမ်ကျိဆိုသည့် မသေမျိုးမိန်းကလေးလည်းရှိသည်။ သို့သော် အရင်က ယွမ်ကျိအကြောင်း သူမကြားဖူး။
နေလုံးထဲတွင် သူပိတ်မိနေခဲ့သည့် နှစ်တစ်သိန်းအတွင်း ယွမ်ကျိက မသေမျိုးဖြစ်လာသည်။ ထို့ကြောင့်လည်း ယွမ်ကျိအကြောင်း မသိခဲ့ခြင်းဖြစ်မည်ဟု သုံးသပ်သည်။
တာအိုလမ်းစဉ်ဂိုဏ်းမှ အမယွမ်ဆိုသည်မှာ သူ့သရုပ်မှန်ကိုဖုံးကွယ်ဖို့ သုံးထားသည့် နာမည်တုဖြစ်ဖို့များသည်။
"ချီလင်၊ နင်ဘာလို့အခုမှ ပေါ်လာတာလဲ။ ရှောင်လင်းနဲ့ လျန်ယိတို့က နင့်ကိုရှာနေတာကြာပြီ။ လုံးဝမတွေ့ဘူး"
နတ်မယ်က ရှောင်လင်း၊ လျန်ယိနှင့် ကျင်းချိုင်ဝေတို့အကြောင်း ပြောသည်။ ထိုသုံးယောက်က ချီလင်ကို တစ်လောကလုံး ပတ်ရှာခဲ့သည်။ ချီလင်က ပုန်းနေသဖြင့် သူတို့သုံးယောက် အတူပျော်ဖို့အချိန်ပင် သိပ်မရှိခဲ့။
လုယန်လည်း ထိုကိစ္စကို တွေးမရ။ ပဲပြာအရှင်လိုက်သတ်မည်ကိုကြောက်၍ ပုန်းနေသည်ဆိုလျှင် သူလေဟာနယ်သန့်စင်အဆင့်တက်ချိန် ယင်ထန်အရှင်ပေါ်လာသည်။ ထိုအချက်သည် ပဲပြာအရှင်၏ အန္တရာယ်မရှိတော့ကြောင်း အကြောင်းသိသူများကို သတင်းပေးသလိုပင်ဖြစ်သည်။
မြောက်ပိုင်းနယ်မြေက ဝေးလံခေါင်သီသည့်နေရာဖြစ်၍ ကိုးဆမသေမျိုး ထိုသတင်းကိုမသိသည်ဆိုလျှင် နားလည်နိုင်သေးသည်။ ချီလင်က ထိုအခက်အခဲမျိုးမရှိ။
မဟာချန်အဖွဲ့ထဲ သူပုန်းနေသည်။ ယင်ထန်ပေါ်လာသည်ကို ကောင်းကောင်းသိရမည်။
"ဟုတ်ပါတယ်။ လျန်ယိနဲ့ ရှောင်လင်း နိုးထလာတာကို သိတယ်။ သူတို့ငါ့ကို ရှာနေကြမှန်းလည်းသိတယ်။ ယင်ထန်ပေါ်လာတာဟာ အသံတိတ်မသေမျိုး သေသွားလို့ဆိုတာလဲသိတယ်။ မင်းပြန်ရှင်သန်လာပြီဆိုတာတောင် ငါခန့်မှန်းနိုင်ပါတယ်"
"ဒါဆို ဘာကြောင့်လဲ"
လုယန် မေးလိုက်သည်။
ချီလင်မျက်နှာက အခက်တွေ့နေဟန်ဖြင့် အမူအရာအမျိုးမျိုးပြောင်းနေသည်။ နောက်ဆုံးတွင် မျက်လုံးတွင် နာကျင်ရိပ်သန်းလာပြီး သက်ပြင်းချသည်။
"လူဝင်စားအရိယဖလကိစ္စကြောင့်သာမဟုတ်ရင် ငါ့တစ်သက်လုံး ထွက်မလာဖြစ်လောက်ဘူး။ ငါက...ငါက အသုံးမကျတဲ့လူပါ။ မင်းတို့နဲ့ မျက်နှာချင်းဆိုင်ဖို့ သတ္တိမရှိဘူး"
"အဲ...ဘာလို့လဲ"
"ဓာတ်ငါးမျိုးဂိုဏ်းက စွေ့ယွဲ့(အချိန်မသေမျိုး)အလောင်းကို မင်းတို့မြင်ခဲ့ပြီးဖြစ်မှာပေါ့။ မီးနိုင်ငံခေတ်အဆုံးမှာ သူလုပ်ကြံခံခဲ့ရတာလည်း သိပြီးဖြစ်မှာပါ။
စွေ့ယွဲ့ကိုသတ်ခဲ့တဲ့လူက ငါပါပဲ"
"ဘယ်လို"
လုယန်နှင့်နတ်မယ် အကြီးအကျယ် အံ့အားသင့်သွားသည်။ အချိန်မသေမျိုးစကားအရ သူတို့လေးယောက်ဆက်သွယ်ထားသည့် မှော်စက်ဝန်းတစ်ခု တည်ဆောက်ခဲ့သည်ဟုပြောသည်။
နောက်ကွယ်မှလူသည် သူ့ကိုတိုက်ရိုက်သတ်ဖြတ်၍မရနိုင်။ သူတို့ထဲမှတစ်ယောက်ကို ပူးကပ်ပြီး လုပ်ကြံခဲ့ခြင်းဖြစ်မည်ဟု ပြောသည်။
ချီလင်မသေမျိုးကို နောက်ကွယ်မှရန်သူက ဝင်ပူးကပ်ခဲ့ခြင်းလော...
လက်ရှိချီလင်အမူအရာအရ ထိုသို့လည်းမဟုတ်လောက်..
အပြစ်စိတ်ဖြင့် ချီလင် ခေါင်းငုံ့သွားသည်။ နတ်မယ်မျက်နှာကို မကြည့်ရဲတော့။
"အဲဒီတုန်းက နောက်ကွယ်ကလူက ရှောင်းလင်း၊လျန်ယိတို့နှစ်ယောက်ရဲ့အသက်နဲ့ ငါ့ကိုချိန်းခြောက်တယ်။ စွေ့ယွဲ့ကို ငါမသတ်ရင် သူတို့ကိုသတ်ပစ်မယ်တဲ့"
ချီလင် အတော်နာကျင်နေဟန်ရှိသည်။ သို့သော် ခေါင်းငုံ့ထားသဖြင့် သူ့မျက်နှာကို မမြင်ရ။
"စွေ့ယွဲ့ကိုသတ်ရုံကလွဲလို့ ငါ့မှာတစ်ခြားရွေးချယ်စရာမရှိဘူး"
အောင်းလင်းနှင့်ကျန်းလျန်ယိသည် ထိုအချိန်က သေဟန်ဆောင်အခြေအနေဖြစ်သော်လည်း နောက်ကွယ်မှလူသည် မသေမျိုးများကိုပင် ရှင်းပစ်နိုင်သူဖြစ်သည်။ သူ့နည်းလမ်းများက ခန့်မှန်းမရ။
သူသာ တကယ်လှုပ်ရှားလျှင် ချီလင်၏ဇနီးနှစ်ယောက် အသက်ရှင်နိုင်မည်မဟုတ်။
အချိန်မသေမျိုးကိုသတ်ပြီးနောက် ချီလင် နောင်တရပြီး မြေပေါ်တွင်ဒူးထောက်၍ ငိုကျွေးခဲ့သည်။ သူဘာလုပ်ခဲ့မိသည်မသိ။ ဘယ်သူ့အတွက် အသက်ရှင်ခဲ့သည်မသိ။ ဘယ်သူ့ကို မျက်နှာချင်းဆိုင်ရမည်မသိတော့။
အနီးတွင်ရပ်နေသည့် အင်ပါယာသခင် လုံးဝနားမလည်နိုင်အောင် ဖြစ်နေသည်။ သူဝင်မမေးသင့်သော်လည်း မေးမိသည်။
"မီးနိုင်ငံလား၊ အဲဒါဘာလဲ။ ငါတစ်ခါမှမကြားဖူးပါလား"
..ငါခက်ခက်ခဲခဲတည်ထောင်ခဲ့တဲ့ မဟာချန်က ပထမဆုံးနိုင်ငံမဟုတ်ဘူးဆိုတဲ့ သဘောလား...နှစ်သုံးသိန်းကြာေအောင် ဒီကိစ္စကို ငါဂုဏ်ယူနေခဲ့တာ..
ငါတစ်လွဲတွေးပြီး ဂုဏ်ယူခဲ့တာလား...
"အချိန်မသေမျိုးက သေသွားပြီပေါ့။ ဒါဆို အချိန်နောက်ပြန်လှည့်နေခဲ့တာက ဘယ်သူလဲ"
ချီလင် နောက်တစ်ကြိမ် သက်ပြင်းချသည်။
"စွေ့ယွဲ့အတွက် ငါနည်းနည်းစိတ်မကောင်းဖြစ်ပေမယ့် ရှေးဟောင်းမသေမျိုးလေးယောက်မှာ အကျော်ကြားဆုံးဖြစ်တဲ့ ငါ့စွမ်းအားကို ငါယုံကြည်မှုရှိတယ်။
ငါလှုပ်ရှားပြီဆိုတာနဲ့ သူအသက်ရှင်နိုင်တော့မှာမဟုတ်ဘူး။ အချိန်နှောက်ပြန်လှည့်နေတာက အချိန်အရိယဖလရထားပြီး အချိန်နှောက်ပြန်လည်ရင်း အဆက်မပြတ်လေ့လာနေတဲ့လူတစ်ယောက် ဖြစ်မှာပေါ့"
လုယန် "..."
ခင်ဗျားတို့အကြောင်း ကျုပ်နားလည်သွားပြီထင်တယ်။ ရှေးဟောင်းမသေမျိုးလေးယောက်လုံးက ကိုယ့်ကိုယ်ကို စွမ်းအားအကြီးဆုံးလို့ ကြေညာတတ်ကြပုံပဲ..
"ဒါပေမယ့် စွေ့ယွဲ့က မသေသေးပါဘူး။ အချိန်နောက်ပြန်လှည့်နေတာက သူလုပ်တာပဲလေ"
နတ်မယ်ကပြောသည်။
"ဘာရယ်။ သူအသက်ရှင်နေတုန်းလား"
ချီလင် ချက်ချင်းခေါင်းမော့လာပြီး လူသားအသွင်ထိန်းမထားနိုင်လောက်အောင် ဖြစ်လာသည်။ သူ့ဦးခေါင်းပိုင်းက ချီလင်အသွင်ပြန်ပြောင်းသွားသဖြင့် လုယန်အတော်လန့်သွားသည်။
ချီလင်မျက်လုံးများ နည်းနည်းမျက်ရည်စို့နေသည်ကို လုယန်သတိထားမိသည်။
"ဟုတ်တယ်။ အဲဒီတုန်းက သူ့ရုပ်ခန္ဓာကို စွန့်လွှတ်ခဲ့တယ်။ သူ့ဝိညာဉ်က အနောက်ဘက်ကို ထွက်ပြေးပြီး ဗုဒ္ဓနိုင်ငံ တည်ထောင်ခဲ့တယ်။ ယုံကြည်မှုစွမ်းအားနဲ့ သူ့အတွက် မသေမျိုးခန္ဓာတစ်ခု တည်ဆောက်ခဲ့တယ်"
"ဒီကောင်မသေသေးဘူးပေါ့။ ဒီကောင်အသက်ရှင်နေသေးတယ်ပေါ့"
ချီလင် စိတ်လှုပ်ရှားလာသဖြင့် လုယန်ပုခုံးနှစ်ဘက်ကို ဆွဲကိုင်၍မေးသည်။
"စွေ့ယွဲ့ တကယ်အသက်ရှင်နေသေးတာလား"
ချီလင်လက်ညှစ်အားက နာလွန်းသဖြင့် လုယန် အရိုးများကြေမွသွားသလို ခံစားရသည်။ ချီလင်ကို ခေါင်းငြိမ့်ပြရုံသာ တတ်နိုင်သည်။
ချီလင် အတိုင်းဆမရှိ ပျော်ရွှင်နေသည်။ အပြစ်စိတ်ဖြင့် နှစ်သုံးသိန်းကြာအောင်နေခဲ့ရသည်။ ရှင်လျက်သေနေသည့်ဘဝကို ဖြတ်သန်းခဲ့ရသည်။ ကိုယ်ကိုယ်ကိုသတ်သေဖို့ အကြိမ်ကြိမ်တွေးခဲ့သည်။
"သိသားပဲ။ ဒီကောင်အသက်ရှင်နေမယ်ဆိုတာ ငါသိသားပဲ။ ဟားဟားဟား..."
အပျော်စိတ်ကြောင့် မူလအသွင်သို့ သူပြန်ပြောင်းပြီး ကောင်းကင်တွင် ခုန်ပျံပြေးလွှားသည်။ အင်ပါယာသခင်ကို ချီလင်ဦးချိုဖြင့် တိုက်ချသည်။
"ဒီသစ်သားတုံးက တကယ်သတ်ဖို့ခက်တာပဲ"
အတော်ကြာအောင် ပျော်မြူးနေပြီးနောက် သူ့အပြုအမူက မသင့်တော်မှန်း ပြန်သတိထားမိသွားသည်။ လူသားအသွင် ချက်ချင်းပြန်ပြောင်းပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်သည်။
"အဟမ်း...ငါနည်းနည်း စိတ်လွတ်သွားတယ်"
စိတ်လှုပ်ရှားမှုကြောင့် ပြုံးရွှင်နေသော်လည်း ချီလင် မနေနိုင်ဘဲ ပြန်မေးလိုက်သည်။
"သူတကယ်အသက်ရှင်နေသေးတယ်နော်"
လုယန်ခေါင်းငြိမ့်သည်။
"ခုနက ငါပြောတာ ဘယ်ရောက်သွားလဲ"
လုယန် တုံ့ဆိုင်းဆိုင်းဖြစ်သွားသည်။ ခုနက အချိန်မသေမျိုးကိုသတ်သည့်အပိုင်းကို ရောက်နေပြီဖြစ်သည်။ သို့သော် ချီလင်အမူအရာကိုကြည့်၍ ထိုအပိုင်းကို ဆက်မပြောသည်က အကောင်းဆုံးဖြစ်မည်ဟု တွေးမိသည်။
လုယန်် စကားလမ်းကြောင်းပြောင်းလိုက်သည်။
"ကျုပ်ကိုစတွေ့တော့ ချီလင်အရှင်က နတ်မယ်နဲ့ကံရေစက်ရှိတဲ့လူလို့ပြောတယ်။ ကျုပ်ကိုတွေ့တာ အံ့ဩပုံမပေါ်ဘူးနော်"
******************************