အခန်း ၁၂၄၄
Vol. 83 Ch. 1244
အခန်း (၁၂၄၄) ကြိုးကိုင်သူ သို့မဟုတ် ဆဋ္ဌမမသေမျိုး သို့မဟုတ် မြူနက်မသေမျိုး
"နောက်ပိုင်း ကျိုးရှီမသေမျိုး နိမိတ်ဖတ်ခဲ့တဲ့ မဟာကပ်အပြိုင်အဆိုင်ခေတ်မှာ အင်ပါယာချန်ရဲ့ လက်အောက်ခံတွေ ဆက်တိုက်နိုးထလာတယ်။ ငါတို့လေးယောက်ရဲ့ သဲလွန်စကိုဆက်ရှာဖို့ အင်ပါယာက အမိန့်ပေးတယ်။
သူ့လက်အောက်ခံတွေ တစ်ယောက်ချင်း ပျောက်သွားတယ်။ လသံလွင်နန်းတော်ကိုလွှတ်လိုက်တဲ့လူတွေ ပျောက်သွားတယ်။ ဗုဒ္ဓနိုင်ငံကို လွှတ်လိုက်တဲ့လူတွေ ပြောသွားတယ်။ စီလဲ့က တိတ်တဆိတ်ခိုးထွက်ပြီး ပျောက်သွားတယ်။
ထိန်းချုပ်သူသခင်က မြောက်ပိုင်းတိုက်နယ်ကို ခရီးထွက်ပြီး ပျောက်သွားတယ်။ အင်ပါယာသခင်က အမြဲတမ်းထိတ်လန့်နေရလို့ မသေမျိုးနန်းတော်ကိုစွန့်ပြီး နေထဲကနေအပြင်ကို ပြောင်းရွှေ့သွားရတဲ့ အဆင့်ထိရောက်သွားတယ်လေ"
ချီလင်စကားကြောင့် အင်ပါယာသခင် မျက်နှာတင်းသွားသည်။ သူကြောက်သည်ကို အပြစ်ပြော၍ရသလော..သရဲဝိညာဉ်များနှင့် ရင်ဆိုင်နေရသလိုပင်ဖြစ်သည်။ ထိုအဖြစ်မျိုးကို ဘယ်သူမဆို ကြောက်ရွံ့ကြလိမ့်မည်။
"ပြီးတော့ သိပ်မကြာသေးခင်က ကိုးငရဲဂိုဏ်းမှာ လူဝင်စားအရိယဖလပေါ်တော့မယ်လို့ သူကြားတယ်။ ဒါကြောင့် စီဟန်နဲ့စီရှီကို သွားခိုးယူခိုင်းဖို့ သူဆုံးဖြတ်ခဲ့တယ်။
လူဝင်စားအရိယဖလသန္ဓေအကြောင်း သိတဲ့လူအတော်နည်းတယ်။ အဲဒီ့ထဲမှာ အင်ပါယာပြောပြနိုင်ခြေ အများဆုံးလူဟာ နောက်ကွယ်ကကြိုးကိုင်သူပဲ ဖြစ်ရမှာပေါ့။
နောက်ကွယ်ကလူကလည်း ဒီသတင်း သူ့ကိုပြောရလောက်အောင် စေတနာမကောင်းနိုင်ဘူး။ မကောင်းတဲ့ရည်ရွယ်ချက်တစ်ခုတော့ ရှိရမယ်။ မိတ်ဆွေလုနဲ့ နတ်မယ်လည်း ဒီကိုရောက်နေမယ်လို့ ဘယ်သူထင်ထားမှာလဲ"
ချီလင် မချိပြုံးပြုံးသည်။ တစ်သက်လုံး အပြင်လူများနှင့် မတွေ့တော့ဖို့ သူဆုံးဖြတ်ခဲ့သည်။ နတ်မယ်ရှိလျှင် အင်ပါယာသခင် လူဝင်စားအရိယဖလကို ယူသွားနိုင်မည်မဟုတ်။ သူလည်း လူလုံးထွက်ပြစရာ လိုမည်မဟုတ်။
သို့သော် အင်ပါယာသခင်၏အစီအစဉ်က ထူးထူးဆန်းဆန်း ချောမွေ့ခဲ့သည်။ စီရှီက အရိယဖလသန္ဓေကို အင်ပါယာလက်ထဲ လွှဲပေးရမည့်အခြေအနေ ရောက်လာသည်။ ထို့ကြောင့် မတတ်သာသဖြင့် သူထွက်လာပြီး အင်ပါယာနှင့် တိုက်ခိုက်ရသည်။
တိုက်ပွဲရလာဒ်ဖြစ်သည်။ လူဝင်စားအရိယဖလသန္ဓေပါသည့် သစ်ပင်ပေါက်ကို သူအန်ထုတ်လိုက်သည်။
"ဪ ဒါက လူဝင်စားအရိယဖလသန္ဓေလား။ အဲ..ရှောင်ယန်။ သွားယူလိုက်ပါ။ ကြည့်ရအောင်"
ထိုမျှထူးဆန်းသည့် အရိယဖလသန္ဓေမျိုးကို နတ်မယ် ကြည့်ခွင့်မရခဲ့။ ထို့ကြောင့် သိချင်မိသည်။
"ရော့"
ချီလင်က သစ်ပင်ကို လုယန်လက်ထဲ လွှဲပေးလိုက်သည်။ သူဗိုက်ထဲမှ အန်ထုတ်ထားခြင်းဖြစ်၍ စေးပျစ်သည့်အချွဲများ သစ်ပင်ပေါ်တွင် ဖုံးလွှမ်းနေသည်။
"ရှောင်လန်၊ ဒါကို အထင်မသေးနဲ့။ အဲဒါ ချီလင်တံတွေးပဲ။ ရှေးဟောင်းခေတ်တုန်းက နဂါးတံတွေးထက်တောင် ပိုပြီးတန်ဖိုးကြီးတယ်။ တွေ့ဖို့ခဲယဉ်တယ်"
နတ်မယ်က တီးတိုးပြောသည်။
လုယန် "..."
ဒါဆို ခင်ဗျားကိုယ်တိုင် ဘာလို့မကိုင်တာလဲ နတ်မယ်...
လုယန်နှင့်နတ်မယ် လူဝင်စားအရိယဖလသန္ဓေကို အနီးကပ်ကြည့်ကြသည်။ မျက်နှာပြင်တွင် ဖြေးညှင်းစွာလည်ပတ်နေသည့် လေဝဲတစ်ခုရှိသည်။
အချိန်ကြာကြာကြည့်လျှင် ထိုလေဝဲက အလွယ်တကူဆွဲဆောင်ဖမ်းစားနိုင်စွမ်းရှိသည်။
ထို့နောက် ချီလင်က အင်ပါယာသခင်ကို အလေးအနက်မေးသည်။
"နောက်ကွယ်ကလူက မင်းကိုဘာတွေပြောခဲ့လဲ"
အင်ပါယာသခင် ချက်ချင်းပြန်ဖြေသည်။
"လူဝင်စားအရိယဖလသန္ဓေကို သန့်စင်ရင် နောက်ဘဝတစ်ခု ရှင်သန်နိုင်တယ်လို့ ပြောတယ်။ ဒါပေမယ့် အရင်ဆုံး သူ့လက်ထဲလွှဲပေးရမယ်တဲ့။
သူသုံးပြီးရင် ငါ့ကိုပြန်ပေးမယ်လို့ပြောတယ်။ စကားအရ သဘောတူခဲ့ပေမယ့် သူ့ကိုလုံးဝမယုံပါဘူး။ ရတာနဲ့ အရိယဖလသန္ဓေကို သန့်စင်မယ်လို့ ဆုံးဖြတ်ထားတာ"
ချီလင် မျက်မှောင်ကျုံ့သွားသည်။ အင်ပါယာသခင်၏အဖြေက သူထင်ထားသည်ထက် နည်းနည်းလွန်ကဲနေသည်။
"သူက ဒီသန္ဓေနဲ့ ဘာလုပ်ချင်တာလဲ"
အင်ပါယာသခင် ခေါင်းခါသည်။
"သူငါ့ကိုမပြောဘူး"
ထိုသို့ပြောပြီးနောက် သူ့ပါးစပ်သူ အမြန်ပိတ်ပြီး ချီလင်ကို စိုက်ကြည့်သည်။
"မင်းငါ့ကို ဘာလုပ်လိုက်တာလဲ"
သုံ့ပန်းဘဝဖြစ်သော်လည်း အရာအားလုံးကို ထိုမျှလွယ်လွယ် သူထုတ်ပြောမည်မဟုတ်။
ချီလင် နှာခေါင်းရှုံ့သည်။
"မင်းမေ့နေပြီးလား။ ငါ့အရိယဖလက ရှင်သန်မှုအရိယဖလလေ"
ထိုအရိယဖလသည် အနိုင်ယူထားသူအပေါ် လွှမ်းမိုးနိုင်သည့် စွမ်းရည်ရှိသည်။ ကျူးထန်က ထိုစွမ်းရည်ဖြင့် နတ်ဆိုးအင်ပါယာနန်းပလ္လင်ကို ခိုင်မာအောင်လုပ်ခဲ့ခြင်းဖြစ်သည်။
အင်ပါယာသခင်နှင့် ချီတို့နှစ်ယောက်လုံး မသေမျိုးများဖြစ်၍ အပြည့်အဝလွှမ်းမိုးထိန်းချုပ်နိုင်စွမ်းတော့မရှိ။ သို့သော် စကားအမှန်ပြောခိုင်းဖို့တော့ မခက်လှ။
လုယန်လည်း ထိုမေးခွန်းကို ဘေးမှစဉ်းစားနေသည်။ နောက်ကွယ်မှလူက လူဝင်စားအရိယဖလနှင့် ဘာလုပ်ချင်သည်မသိ။
သူလည်း နောက်ဘဝတစ်ခု လိုချင်၍လော။
'အင်ပါယာသခင်ပြောပုံက သိပ်မဟုတ်သေးဘူး။ နောက်ကွယ်ကရန်သူက နောက်ဘဝတစ်ခု တကယ်လိုချင်ရင် အရိယဖလသန္ဓေကိူ ဘယ်ပြန်ပေးပါ့မလဲ။
ဒါပေမယ့် အင်ပါယာသခင် လိမ်နေတာဆိုရင်လည်း ငါတို့ရိပ်မိမှာပဲ။ ပြီးတော့ ဒီလောက်သတိထားတတ်တဲ့ရန်သူက အင်ပါယာသခင် အရိယဖလသန္ဓေကို လောဘမတက်ဘူးဆိုတာ ဘယ်လိုသေချာအောင်လုပ်မှာလဲ'
ထိုသို့တွေးမိပြီးနောက် လုယန် မျက်နှာအကြီးအကျယ်ပျက်သွားသည်။
"အခြေအနေမကောင်းဘူး။ နောက်ကွယ်ကလူက ဒီနားတစ်ဝိုက်မှာ ပုန်းနေတာပဲ"
ထိုလူ၏စွမ်းအားဖြင့် အရိယဖလသန္ဓေ ချီလင်ရသွားမည်ကို လုံးဝစိုးရိမ်မည်မဟုတ်။
"ဟားဟား..မင်းတို့လူငယ်တွေက တကယ်အတွေးမြန်တာပဲ"
အနက်ရောင်လက်တစ်ဘက် လုယန်ဘေးတွင် ရုတ်တရက်ပေါ်လာသည်။ အရိယဖလသန္ဓေကို လုယူသွားရန်ပြင်သည်။
"အတင့်ရဲလှချည်လားကွ"
ချီလင်က အနက်ရောင်လက်ကို သူ့လက်ဖြင့် ချက်ချင်းတိုက်ခိုက်သည်။ လက်ဝါးနှစ်ခုရိုက်ခတ်သည့် အားလှိုင်းကြောင့် လုယန်နှင့် အင်ပါယာသခင်တို့ လွင့်ထွက်သွားသည်။ သို့သော် တစ်ယောက်က အဝေးထိလွင့်သည်။ တစ်ယောက်က နီးနီးလွင့်သည်။
ချီလင်လည်း သိပ်မသက်သာ။ အနက်ရောင်လက်၏စွမ်းအားကြောင့် သူလည်းလွင့်ထွက်သွားသည်။
မြူနက်များဖုံးလွှမ်းနေသည့် လူတစ်ယောက် ဖြေးညှင်းစွာ ပေါ်လာသည်။ သူတစ်ချိန်လုံးရှိနေခဲ့သည်ကို ဘယ်သူမှသတိမထားမိကြ။
"ချီလင်၊ နှစ်သုံးသိန်းအတွင်း မင်းစွမ်းရည်တွေ နည်းနည်းတိုးတက်လာတာပဲ။ အရင်ကဆို ငါတစ်ချက်ရိုက်လိုက်တာနဲ့ ဒီထက်ဝေးဝေး မင်းလွင့်သွားမှာ"
ထိုလူရယ်သံကြောင့် ဘေးပတ်လည်မြူနက်များ နေရာပြောင်းနေသည်။
ချီလင် အပျက်အစီးပုံကြားမှ ခုန်ထွက်လာသည်။ အမှိုက်သရိုက်များခါထုတ်သည်။ မြူနက်မသေမျိုးကို စိုက်ကြည့်ပြီး အော်ဟစ်လိုက်သည်။
"နောက်ကွယ်ကကြိုးကိုင်နေတဲ့...ခြောက်ယောက်မြောက်မသေမျိုး..."
ချီလင်၏လက်ဝါးတွင် ခပ်စူးစူးနာကျင်နေသည်။ ကျိုးသွားသည့်အရိုးများ ချက်ချင်းပြန်ဆက်သွားသည်။
ရှင်သန်မှုအရိယဖလ၏ နောက်ထပ်စွမ်းရည်တစ်ခုဖြစ်သည်။ ရန်သူကို ရှုံးနိမ့်ပြီးနောက် ပို၍စွမ်းအားတိုးလာသည်။ ယခု သူ့ဘဝတွင် စွမ်းအားအကြီးဆုံးအခြေအနေသို့ ရောက်လာသည်။ အင်ပါယာသခင်နှင့် တိုက်ခိုက်စဉ်ကထက်ပင် ပိုစွမ်းအားကြီးသည်။
သို့သော် နောက်ကွယ်မှလူ၏ လက်ဝါးတစ်ချက်ကို မယှဉ်နိုင်သေး။
နောက်ကွယ်မှလူက ခပ်အေးအေးရယ်မောနေသည်။
"ထာဝရနတ်မယ်က ဒဏ်ရာအပြင်းအထန်ရထားလို့ အားပြန်မပြည့်သေးဘူး။ မင်းတစ်ယောက်တည်းနဲ့ လူဝင်စားအရိယဖလကို ကာကွယ်နိုင်မယ်ထင်နေလား"
"စမ်းကြည့်ကြတာပေါ့"
ခန္ဓာကိုယ် တစ်ချက်လှုပ်ခါ၍ ချီလင် မူလအသွင်သို့ပြန်ပြောင်းသည်။ မာန်သွင်းအော်ဟစ်၍ ကောင်းကင်သို့တက်သွားသည်။ သူ့မျက်လုံးများက ဒေါသကြောင့် နီရဲနေသည်။
လွန်ခဲ့သည့်နှစ်လေးသိန်းက ကိုယ့်အဖြစ်ကိုယ် ပိုမုန်းလေ နောက်ကွယ်မှလူကို ပိုသတ်ချင်လေဖြစ်သည်။
"နင်ကဘယ်သူလဲ"
နတ်မယ်လည်း ပုံမှန်ခပ်ပျော်ပျော်နေသည့်ဟန်ပန်မှ ပြောင်းလဲသွားသည်။ မသေမျိုးဝိညာဉ်အာရုံဖြင့် မြူနက်များကို ထိုးဖောက်ရန် ကြိုးစားသော်လည်း ပြန်ကန်ထွက်လာသည်။
မြူနက်မသေမျိုးက ပြန်မဖြေ။ မြူနက်ကြားမှမျက်လုံးများက နတ်မယ်ကို အေးစက်စက်စိုက်ကြည့်နေသည်။ အဆုံးစမဲ့နာကျည်းရိပ်များပြည့်နေသည်။
"နတ်မယ်၊ မင်းက တကယ်သတ်ရခက်တာပဲ"
"နင်ဘယ်သူလဲလို့ ငါမေးနေတယ်လေ"
နတ်မယ် ဒေါသထွက်နေသည်။ ပြင်းထန်သည့် သူ့မသေမျိုးဝိညာဉ်စွမ်းအင်ကြောင့် လေဟာနယ်တစ်ခုလုံး တုန်ခါနေသည်။
"မင်းမသေရင် ငါပြောမယ်လေ"
မြူနက်မသေမျိုးက လုယန်ရှေ့သို့ ချက်ချင်းတိုးသွားပြီး အရိယဖလသန္ဓေကို လုယူသည်။ သို့သော် ချီလင်ကလည်း ကြိုတွက်ထားပြီးဖြစ်၍ လေဟာနယ်မှော်ပညာဖြင့် လုယန်ဘေးသို့ ရောက်လာသည်။
"ငါ့ကို အရင်ကျော်မှရမယ်"
ချီလင် ကြီးမားသည့်ပါးစပ်ကိုဟ၍ ခုန်ကိုက်သည်။
မြူနက်မသေမျိုးလည်း မျက်နှာတင်းသွားသည်။ ချီလင်၏သွားများကို လက်ဝါးဖြင့်ရိုက်ချသည်။
"သေတယ်ဆိုတာ နားမလည်တဲ့ကောင်။ မင်းကများ ငါ့ကိုလနှောက်ယှက်ရဲတယ်ပေါ့။ အဖေအမေမရှိဘဲမွေးလာတဲ့ မကောင်းဆိုးဝါး အရိုင်းအစိုင်း"
**********************************