အခန်း ၁၅၇
Vol. 14 Ch. 157
အခန်း (၁၅၇) ဘီလူးဝိညာဉ်ကူကောင်၏ ဆင့်ကဲပြောင်းလဲရန် အခွင့်အရေး
ရောင်စုံလိပ်ပြာကူကောင်ကို ဂရုတစိုက် နေရာချထားပြီးနောက် လီယွမ်သည် အသစ်စက်စက် ပေါင်းစပ်ရရှိထားသော ကူကောင်တစ်အုပ်ကို ကြည့်ကာ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်လေသည်။
“နောက်တစ်ကြိမ် အစွမ်းကုန် ကြိုးစားရမယ့် အချိန်ရောက်ပြီ... မင်းတို့ရဲ့ အစွမ်းတွေကို ပြသလိုက်စမ်း”
သူသည် အိုးများကို တစ်လုံးချင်း စနစ်တကျ အကွက်ချ စီစဉ်လိုက်၏။
ထိုစဉ် သူ၏ ယုံကြည်မှုနှင့် သက်ဆိုင်သော ခေါ်သံတစ်ခုကို ကြားလိုက်ရပြီး သွေးများ တစ်ဟုန်ထိုး တိုးတက် ဆူပွက်လာတော့၏။
“ဘီလူးဝိညာဉ်လား”
လီယွမ် အံ့အားသင့်သွားရ၏။ ဘီလူးဝိညာဉ်ကူကောင်သည် တိုက်ပွဲဝင်နေချိန် မဟုတ်ပါက ဤမျှ တက်ကြွလန်းဆန်းနေလေ့ မရှိပေ။
“မင်း ဒါကို စားချင်လို့လား”
သာမန်အားဖြင့် လီယွမ်သည် ရှောင်ချိုက်နှင့် ဝူမေ့တို့အပေါ် အရင်းနှီးဆုံး ဖြစ်သော်လည်း... ဘီလူးဝိညာဉ်ကူကောင်အပေါ်တွင်မူ အလွန်တရာ နက်ရှိုင်းလှသော သံယောဇဥ်တွယ်မှုမျိုး ရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ ဤကူကောင်မှာ သူ၏ ပထမဆုံးသော ပင်မကူကောင် ဖြစ်ပြီး... သူ၏ ကူလမ်းစဉ်ခရီး အစောပိုင်း ကာလများကို အတူတကွ ဖြတ်သန်းခဲ့ရုံသာမက အန္တရာယ်အများဆုံးနှင့် အခက်ခဲဆုံး အချိန်များတွင်လည်း သူနှင့်အတူ ရှိနေပေးခဲ့သည် မဟုတ်ပါလော။
ထို့ကြောင့် သူသည် ဘီလူးဝိညာဉ်ကူကောင်ကို ဆင့်ကဲပြောင်းလဲနိုင်ရန် ကူညီပေးလိုသည်။
သို့သော်ငြားလည်း ဘီလူးဝိညာဉ်ကူကောင်သည် ချီသွေးကြော ကူကောင်များအကြားတွင် အလွန် မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်၏။ ဤထက် ပိုမို မြင့်မားသွားမည် ဆိုပါက လုံးဝ အသစ်စက်စက် ရှားပါးကူကောင် တစ်ကောင်အဖြစ် မျိုးဗီဇ ပြောင်းလဲသွားခြင်း သို့မဟုတ် ထူးခြားကူကောင် တစ်ကောင်အဖြစ် တိုက်ရိုက် ဆင့်ကဲပြောင်းလဲသွားခြင်းသာ ရှိတော့သည်။
“မင်း ဘယ်တစ်ခုကို စားချင်တာလဲ”
လီယွမ်က မေးလိုက်၏။
ဘီလူးဝိညာဉ်ကူကောင်မှာ ထိုင်းမှိုင်းနေပြီး မည်သည့် အသံမျှ ထွက်ပေါ်မလာချေ။
သို့သော် ၎င်း၏ ရည်ရွယ်ချက်ကတော့ အလွန် ရှင်းလင်းနေ၏။ ၎င်းသည် အသစ် ဖန်တီးထားသော ရှားပါးကူကောင်များထဲမှ သွေးကူကောင် တစ်ကောင်ဆီသို့ တည့်မတ်စွာ ဦးတည်နေခြင်းပင်။
“မင်းရဲ့ လက်ရှိ အခြေအနေအရဆိုရင် သွေးဆာကူကောင် တစ်ကောင်တည်းက မင်းရဲ့ ဆင့်ကဲပြောင်းလဲမှုအတွက် သိပ်ပြီး အထောက်အကူ ဖြစ်လာမှာ မဟုတ်ဘူး”
ယခုအခါ လီယွမ်မှာ အတွေ့အကြုံ ရင့်ကျက်နေပြီ ဖြစ်သည်။
ရှားပါးကူကောင်မှ ထူးခြားကူကောင် အဖြစ်သို့ ဆင့်ကဲပြောင်းလဲရာတွင် အဖိုးတန် ရတနာများစွာနှင့် အချိန်များစွာ လိုအပ်လှရာ... သွေးဆာကူကောင် တစ်ကောင်တည်းနှင့် လုံးဝ လုံလောက်မည် မဟုတ်ချေ။
“ငါ နည်းလမ်းတစ်ခုလောက် စဉ်းစားကြည့်ပါဦးမယ်”
ထိုစဉ် လီယွမ်သည် အခြား ရတနာတစ်ပါးကို သတိရသွားတော့သည်။
“ရှောင်ချိုက်... ရတနာ သိမ်းဆည်းတဲ့ နေရာကို ဖွင့်လိုက်”
ရှောင်ချိုက်၏ အိပ်မက်ရောင်စုံ နန်းတော် ရတနာနယ်မြေ အတွင်း၌ ယခုတိုင် အသုံးမပြုရသေးဘဲ အထူးတလည် ကိုင်တွယ် ဖြေရှင်းရန် စောင့်ဆိုင်းနေသော ထူးခြားသည့် ရတနာနှစ်ပါး ရှိနေသည်။
ပထမ တစ်ခုမှာ ကန္တာရ သံတမန် ချီနျန်ချူ ပေးအပ်ခဲ့သော အဖိုးတန် ဆေးစွမ်းကောင်း ဖြစ်ပြီး... လစမ်းရေ လင်းရွှီမှ ထွက်ရှိသော 'နတ်မိမယ် လစမ်းရေ' ဟု ခေါ်တွင်လေ၏။
ထိုအရာသည် သက်စောင့်စွမ်းအင်များ အပြည့်အဝ ပါဝင်နေပြီး ၎င်း၏ ကုသနိုင်စွမ်းမှာ ကူအိမ်မှ ထုတ်လုပ်သော ပြန်လည် ရှင်သန်ခြင်း ရေစင်ထက်ပင် သာလွန်နေသေးသည်။
မူလက လီယွမ်သည် ၎င်းကို အနာဂတ်တွင် အသုံးပြုရန် သိမ်းဆည်းထားလိုခဲ့သော်လည်း... နောက်ပိုင်းတွင် ဤအရာက ဘီလူးဝိညာဉ်ကူကောင်နှင့် အလိုက်ဖက်ဆုံး ဖြစ်နိုင်ကြောင်း တွေးတောမိသွားသည်။
ရတနာနယ်မြေ အတွင်းရှိ ဒုတိယမြောက် ရတနာမှာ လီယွမ်က အရှေ့ပိုင်း ယူနယ်မြေ၏ ရတနာတိုက်မှ ရရှိခဲ့သော ပျက်စီးနေသည့် နတ်ဘုရား လက်နက်ပင် ဖြစ်သည်။
ရှောင်ချိုက်က နေမင်းမီးတောက်သည် ဤနတ်ဘုရား လက်နက်ကို ပြန်လည် ထုဆစ်ပြီး ပြုပြင်ပေးနိုင်စွမ်း ရှိသည်ဟု ဆိုခဲ့ဖူးသည်။
ထိုနတ်ဘုရား လက်နက်ကား ပုဆိန်တစ်လက် ဖြစ်လေ၏။
ကြည့်ရသည်မှာ အချိန်ကာလ၏ အစင်းရာများသာ ကျန်ရှိတော့ပြီး အသုံးမဝင်တော့သကဲ့သို့ ထင်ရသော်ငြားလည်း... စိတ်အာရုံ စွမ်းအားကို အသုံးပြု၍ နက်ရှိုင်းစွာ ခံစားကြည့်မည် ဆိုပါက ကြမ်းတမ်း ခက်ထန်လှသော စိတ်ဆန္ဒ တစ်ခုကို ခံစားရနိုင်သည်။
ပုဆိန်၏ ယခင် ပိုင်ရှင်ဟောင်းမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်ခဲ့မည်မှာ ယုံမှားဖွယ်ရာ မရှိချေ။
လီယွမ်သည် ရတနာနှစ်ပါးစလုံးကို ထုတ်ယူလိုက်၏။
ပုဆိန်ကို နေမင်းမီးတောက်ဖြင့် သန့်စင်ရန် သောင်းအဆင့် ကူအိမ်၏ 'အိပ်မက်နန်းတော်' အတွင်းသို့ ထည့်သွင်းတော့မည့် ဆဲဆဲတွင်... ဘီလူးဝိညာဉ်ကူကောင်၏ ဆန္ဒများက နောက်တစ်ကြိမ် တဟုန်ထိုး ဆူပွက်လာပြန်တော့၏။
“ဟင်”
လီယွမ် အံ့အားသင့်သွားရသည်။
“တကယ်ကြီးလား... မင်း ဒါကိုပါ စားချင်နေတာလား... တကယ်ပဲ အဲ့ဒီလောက်တောင် ဗိုက်ဆာနေတာလား”
ဘီလူးဝိညာဉ်ကူကောင်မှာ လောဘတကြီး သွားရည်ကျနေပြီး ပျက်စီးနေသော နတ်ဘုရား လက်နက်ကိုပင် ဝါးမျိုချင်နေလေ၏။ အမှန်တကယ်ပင် လောဘသားကောင် ဖြစ်နေ၏။
“အဲ့ဒါကို ပြင်ပြီးမှ စားရင်ကော ဘယ်လိုလဲ”
နတ်ဘုရား လက်နက် တစ်ခုမျှသာ ဖြစ်ပြီး လီယွမ်၏ စိတ်အာရုံများက သိုင်းပညာအပေါ်တွင် အပြည့်အဝ ရှိမနေပေ။ သူသည် ဓားနတ်သမီး၏ လမ်းညွှန်မှုအောက်တွင် ဓားသိုင်းပညာကို ရံဖန်ရံခါမျှသာ လေ့ကျင့်လေ့ ရှိသည်။
အကယ်၍ ပြီးပြည့်စုံသော နတ်ဘုရား လက်နက်ကြီး ဖြစ်နေမည် ဆိုလျှင်တောင် သူ ဂရုစိုက်မည် မဟုတ်ပေ။ ဘီလူးဝိညာဉ်ကူကောင်သာ ဧရာမ ပုဆိန်ကြီးကို အမှန်တကယ် ဝါးမျိုနိုင်မည် ဆိုပါက သူ ဝမ်းသာကျေနပ်မိမည်သာ ဖြစ်လေ၏။
ဘီလူးဝိညာဉ်ကူကောင်ကလည်း သဘောတူသည်။
“နောက်တစ်ခေါက်ကျရင် တခြား ကုန်ကြမ်းပစ္စည်းတွေ အားလုံးကိုပါ အတူတူ ထည့်ပေးမယ်... အဲ့ဒါတွေက မင်းကို တစ်ထိုင်တည်းနဲ့ အဆင့်ချိုးဖြတ်နိုင်အောင် ကူညီပေးနိုင်လိမ့်မယ်”
လီယွမ်သည် တစ်စုံတစ်ခုကို မျှော်လင့်နေမိ၏။
သူ၏ မှတ်ဉာဏ်များအရ ချီသွေးကြော ကူကောင်များထဲတွင် အမြင့်ဆုံး အဆင့်မှာ ထူးခြားကူကောင် ဖြစ်သော 'ရစ်ပတ် နတ်ဘုရားကူကောင်' ပင်။ သို့သော် ၎င်းကို ပြုစုပျိုးထောင်ရမည့် နည်းလမ်းများမှာ ကြာမြင့်စွာ ကတည်းက ပျောက်ဆုံးနေခဲ့ပြီ ဖြစ်ကာ ၎င်း၏ မူလ ဇာစ်မြစ်ကိုလည်း မည်သူမျှ မသိရှိကြချေ။
နှစ်များစွာ တစ်လျှောက်လုံး လီယွမ်သည် ဘီလူးဝိညာဉ်ကူကောင်ကို 'ရစ်ပတ် နတ်ဘုရားကူကောင်' အဖြစ်သို့ ဆင့်ကဲပြောင်းလဲနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု သိပ်မရရှိခဲ့ပေ။
“ကူစာအုပ် စွယ်စုံကျမ်းထဲမှာတော့ ရစ်ပတ် နတ်ဘုရားကူကောင်က ထူးခြားကူကောင် စာရင်းရဲ့ နံပါတ် (၄) နေရာမှာ ရှိတယ်... ဒါက အရမ်းကို မြင့်မားတဲ့ နေရာတစ်ခုပဲ”
သန့်စင်သော တိုက်ခိုက်ရေး သီးသန့် ကူကောင် တစ်ကောင် ဖြစ်သော်လည်း... စွမ်းရည် မျိုးစုံနှင့် အမြဲတမ်း ပြောင်းလဲနေသော စည်းမျဉ်းများကို ပိုင်ဆိုင်ထားသည့် ထူးခြားကူကောင် စာရင်းတွင် နံပါတ် (၄) နေရာ၌ ရပ်တည်နေခြင်းပင်။
ထိုနာမည်တွင် 'နတ်ဘုရား' ဟူသော စကားလုံး ပါဝင်နေလေ၏။
ဒါက ၎င်း၏ အလားအလာ မည်မျှ ကြီးမားကြောင်းကို သက်သေပြရန် လုံလောက်နေပေပြီ။
သို့သော်ငြားလည်း ရစ်ပတ် နတ်ဘုရားကူကောင်၏ စွမ်းရည်များနှင့် ပတ်သက်သော သတင်းအချက်အလက်များမှာ အလွန်တရာ ရှားပါးလှပြီး... 'အကန့်အသတ်မရှိသော ဖြစ်နိုင်ခြေများ' ဟူသည့် ထင်ရှားသော စကားလုံးများကိုသာ ဖော်ပြထားသည်။
“မင်း ငါနဲ့အတူ ရှိနေခဲ့တာ အရမ်း ကြာခဲ့ပြီပဲ... အခု မင်းရဲ့ အစွမ်းတွေကို ထုတ်ပြရမယ့် အချိန် ရောက်ပြီ”
လီယွမ်သည် ပျက်စီးနေသော ပုဆိန်လက်နက်ကို သောင်းအဆင့် ကူအိမ် အတွင်းသို့ ထည့်သွင်းလိုက်ပြီး... နှစ်များစွာ တစ်လျှောက်လုံး သူ စုဆောင်းထားသမျှ 'နေမင်းမီးတောက်' များ အားလုံးကို အပေါ်မှ စုပုံထည့်ကာ စတင် သန့်စင်လိုက်တော့သည်။
...
အချိန်ကာလတို့က လျင်မြန်စွာ ကုန်လွန်သွားလေ၏။
တောင်တန်းများပေါ်ရှိ အချိန်များက ရေစီးကြောင်းပမာ စီးဆင်းနေပြီး... တစ်ရက်ပြီးတစ်ရက်... တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်သွားပါ၏။
လီယွမ်သည် ဝါးတောငယ်လေး အတွင်း၌သာ နေထိုင်ရင်း သူ၏ မူလဘဝ အတိုင်းသာ ဖြတ်သန်းနေကာ... နေ့စဉ်နေ့တိုင်း ကူလမ်းစဉ်ကို လေ့ကျင့်ပြီး အားလပ်ချိန်များတွင်မူ အရသာရှိသော အစားအစာများကို ချက်ပြုတ်ကာ ရှောင်ကျောက်နှင့်အတူ အရက် အနည်းငယ်မျှ သောက်သုံးလေ့ ရှိသည်။
သူသည် စီနီယာအစ်မကြီး နင်ဟုန်ယွီ၏ သတင်းများကို ရံဖန်ရံခါ စုံစမ်းမေးမြန်းတတ်လေ၏။
ကန္တာရမှာ အလွန်တရာ ဝေးကွာလွန်းလှပြီး ကျန်းဟူသိုင်းလောကထဲတွင် ကန္တာရ သူတော်စင်မလေးနှင့် ပတ်သက်သည့် မည်သည့် သတင်းမျှ ပျံ့နှံ့နေခြင်း မရှိကြောင်း ရှောင်ကျောက်က ပြောပြခဲ့သည်။
လီယွမ်သည် ရင်ထဲမှနေ၍သာ သူမအတွက် ဆုတောင်းပေးနိုင်တော့သည်။
စီနီယာအစ်မကြီး၏ စိတ်နေသဘောထားအရ ကန္တာရထဲတွင် မည်သည့် ဆုံးရှုံးမှုကိုမျှ ခံစားရမည် မဟုတ်ကြောင်းနှင့် တစ်နေ့နေ့တွင် သူတို့ ပြန်လည် ဆုံတွေ့ရဦးမည် ဖြစ်ကြောင်း သူ အခိုင်အမာ ယုံကြည်ထား၏။
ဤအချိန်အတောအတွင်း လီယွမ်သည် စစ်နတ်ဘုရား ထိုက်ဇူဧကရာဇ် သင်ကြားပေးခဲ့သော တတိယမြောက် နတ်ဘုရားအဆင့် ကျင့်စဉ် ဖြစ်သည့် 'ကောင်းကင်နဂါး ချီကျင့်စဉ်' ကို စတင် လေ့ကျင့်ခဲ့သည်။
ကန့်သတ်ချက် အမျိုးမျိုးကြောင့် တိုးတက်မှုမှာ သိပ်ပြီး ချောမွေ့ခြင်း မရှိလှပေ။
တစ်ခုတည်းသော အကျိုးကျေးဇူးမှာ 'ကောင်းကင်နဂါး ချီကျင့်စဉ်' ကို အသုံးပြုပြီးနောက်... သတ္တမမြောက် ပင်မကူကောင် ဖြစ်သည့် 'ရှစ်ခွင်လွှမ်း ကံကြမ္မာ ကူ' ရတနာလေး နှင့် သူ၏ ရင်းနှီးကျွမ်းဝင်မှုမှာ အဆမတန် မြန်ဆန်စွာ တိုးတက်လာခြင်းပင် ဖြစ်လေ၏။
သူသည် ရှစ်ခွင်လွှမ်း ကံကြမ္မာ စနစ်အပေါ်တွင် တစ်နေ့တခြား ပိုမို ထိန်းချုပ်နိုင်စွမ်း ရှိလာ၏။
အကယ်၍ မုရုံစုနှင့် နောက်တစ်ကြိမ် ထပ်မံ ဆုံတွေ့ခဲ့မည် ဆိုပါက... ကံကြမ္မာများ အချင်းချင်း ပွတ်တိုက်မှု သို့မဟုတ် အကြောင်းပြချက်မဲ့ ရန်လိုမှုမျိုး ဖြစ်ပေါ်လာတော့မည် မဟုတ်ချေ။
...
နောက်ထပ် လအနည်းငယ် ကုန်လွန်သွားပြန်လေ၏။
တောင်ပိုင်းနယ်စပ် ကြည့်ရှုစစ်ဆေးရေးမှူး ရှောင်ချင်အာ စတင် ဆင်နွှဲခဲ့သော ပထမဆုံး နယ်စပ် တန်ပြန်ထိုးစစ်ကြီး တရားဝင် ပြီးဆုံးသွားပြီ ဖြစ်ကြောင်း လီယွမ် သတင်းရရှိခဲ့သည်။
တောင်ပိုင်းနယ်စပ်ရှိ စစ်တပ်သည် နယ်စပ်မြို့ သုံးမြို့ကို ဆက်တိုက် ထိုးဖောက်ဝင်ရောက် နိုင်ခဲ့ပြီး ပထမဆုံး တိုက်ပွဲတွင် ကြီးကျယ်ခမ်းနားသော အောင်ပွဲကြီး တစ်ရပ်ကို ကြေညာနိုင်ခဲ့သည်။
သို့သော် ဤမြို့များသည် ဖရိုဖရဲ ဖြစ်စဉ်များ အတွင်း၌ ဆုံးရှုံးခဲ့ရပြီး နတ်ဆိုးများ သိမ်းပိုက်ထားသော မြို့များ ဖြစ်ကာ... ယခုအခါ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းမျှသာ ဖြစ်၏။
နတ်ဆိုးများ၏ ထိန်းချုပ်မှု အောက်တွင် ဆုံးရှုံးနေရဆဲ ဖြစ်သော နယ်မြေများစွာ ကျန်ရှိနေသေးသည်။
“ဒါက ရေရှည်တိုက်ရမယ့် စစ်ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်... အချိန်တိုအတွင်း နယ်မြေအားလုံးကို ပြန်လည် သိမ်းယူဖို့ဆိုတာ ခက်ခဲလွန်းတယ်”
လီယွမ်က သူ၏ စိတ်ထဲတွင် အခြေအနေကို ခွဲခြမ်းစိတ်ဖြာလိုက်၏။
နယ်စပ်စစ်ပွဲက ရှေ့သို့ တိုးလာလေလေ... နတ်ဆိုးနယ်မြေနှင့် နီးကပ်လာလေလေ ဖြစ်ပြီး... နတ်ဆိုးများ၏ အရေအတွက်မှာ ပိုမို များပြားလာကာ ပို၍လည်း ရက်စက် ကြမ်းကြုတ်လာမည်သာ ဖြစ်သည်။
ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် ရယူရန်အတွက် အချိန်ကြာမြင့်မည့် စစ်ပွဲတစ်ပွဲကို ဆင်နွှဲရမည် ဖြစ်ပြီး သွေးချောင်းစီးမည့် အခြေအနေများအတွက် ကြိုတင် ပြင်ဆင်ထားရမည် ဖြစ်ပေ၏။
လီယွမ်၏ စိတ်ထဲတွင် လွန်စွာ ရှုပ်ထွေးနေတော့သည်။
ချင်အာ အနေဖြင့် ကြီးကျယ်သော အောင်ပွဲကြီးကို ရရှိကာ တောင်ပိုင်းနယ်စပ်တွင် ငြိမ်းချမ်းသော ခေတ်သစ် တစ်ခုကို ခေါ်ဆောင်လာနိုင်မည်ဟု သူတို့ မျှော်လင့်နေကြသော်လည်း... တစ်ဖက်တွင် ညဇီးကွက်ဘုရင်၏ အစီအစဉ်များ အလွန် ချောမွေ့လွယ်ကူသွားမည်ကိုလည်း သူတို့ မလိုလားကြပေ။
ဘုရင်ခံများ အားလုံးကို အမြစ်ပြတ် နှိမ်နင်း လိုက်နိုင်သည်နှင့်...
ညဇီးကွက်ဘုရင်၏ နောက်ထပ် ပစ်မှတ်မှာ လီယွမ်ကို သည်းသည်းမည်းမည်း ခြေရာခံ ကာ မည်သည့် နည်းလမ်းဖြင့်မဆို ရှာဖွေဖော်ထုတ်ရန် သေချာပေါက် ဖြစ်လာပေမည်။
ထိုအချိန်ကျလျှင် သူ ဆက်လက်၍ ပုန်းကွယ်နေနိုင်တော့မည် မဟုတ်ချေ။
သို့သော်ငြားလည်း လောကကြီး၏ အနာဂတ်မှာ တောင်တန်းများ၏ အနက်ရှိုင်းဆုံး နေရာတွင် ပုန်းအောင်းနေသော လီယွမ်၏ ထိန်းချုပ်နိုင်စွမ်းထက် များစွာ ကျော်လွန်နေသည်။ သူ လုပ်နိုင်သမျှ အရာအားလုံးမှာ ရောက်ရှိလာမည့် ပြဿနာများကို ရင်ဆိုင်နိုင်ရန် မိမိကိုယ်ကို ပိုမို အင်အားကြီးမားလာအောင် တည်ဆောက်ရန်သာ ဖြစ်တော့၏။
ပထမဆုံး နယ်စပ်စစ်ပွဲ ပြီးဆုံးသွားပြီးနောက် တစ်နေ့တွင်...
ဝမ်ကျောက်ကျောက်သည် ဝါးတောငယ်လေးဆီသို့ ကပျာကယာ ပြေးဝင်လာတော့သည်။
“အစ်ကိုယွမ်... ဒုက္ခပဲ... ဆိုးရွားတဲ့ ကိစ္စကြီး တစ်ခု ဖြစ်နေပြီ”