အခန်း ၁၅၈
Vol. 14 Ch. 158
အခန်း (၁၅၈) စစ်သူကြီး နယ်စပ်သို့ ဝင်ရောက်လာခြင်း
“ဘယ်လို အရေးကြီးတဲ့ ကိစ္စလဲ”
လောကကြီးတွင် ရှောင်ကျောက်ကို ဤမျှလောက် စိတ်လှုပ်ရှားစေနိုင်သော ကိစ္စများ သိပ်မရှိလှပေ။ ထို့ကြောင့် လီယွမ်သည် အသေအချာ အာရုံစိုက် နားထောင်လိုက်လေ၏။
“နိုင်ငံရေး အခင်းအကျင်းက ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုကို ဖြတ်သန်းနေရပြီ... မုန်တိုင်းကြီး တစ်ခု တိုက်ခတ်တော့မယ်” ဝမ်ကျောက်ကျောက်က ဆိုလိုက်၏။
လီယွမ်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။
“ဘုရင့်နန်းတော်က ဘယ်လိုများ ပြောင်းလဲသွားဦးမှာလဲ”
ညဇီးကွက်ဘုရင်သည် မြေပြင်အနှံ့အပြားတွင် ဖြန့်ကျက်ထားသော ညဇီးကွက် အစောင့်တပ်ကို ကွပ်ကဲနေသည်။ စစ်ရေး ကြီးကြပ်မှု ဟူသော ခေါင်းစဉ်အောက်တွင် သူသည် အခြေအနေ အရပ်ရပ်ကို ထိန်းချုပ်ထားပြီး အလယ်ပိုင်း လွင်ပြင်နှင့် နယ်စပ်ဒေသများရှိ အခြေအနေများ အားလုံးမှာ သူ၏ လက်တစ်ကမ်းတွင်သာ ရှိနေသည်။
အခြားသော အဖွဲ့အစည်းများ အနေဖြင့် ကြီးမားသော အပြောင်းအလဲများကို မဆိုထားနှင့်... ထင်သာမြင်သာရှိသော ဖရိုဖရဲ ဖြစ်မှုမျိုးကိုပင် ဖန်တီးနိုင်စွမ်း မရှိကြချေ။
“နိုင်ငံတော် ကာကွယ်ရေး စစ်သူကြီး ပိုင်ချန်က အလယ်ပိုင်း လွင်ပြင်ကနေ ထွက်ခွာပြီး နယ်စပ်ဒေသထဲကို ဝင်ရောက်လာပြီ”
ဝမ်ကျောက်ကျောက်က ဆက်လက် ရှင်းပြ၏။
“သူတို့က ကိုယ်ရံတော်တပ်တွေနဲ့ အတူတူ လာကြတာပဲ... ကြည့်ရတာ အလယ်ပိုင်း လွင်ပြင်က သူတို့ရဲ့ အခြေစိုက်စခန်းကို စွန့်လွှတ်လိုက်ပြီး နယ်စပ်မှာ ခြေကုပ်ယူဖို့ ပြင်ဆင်နေတဲ့ ပုံပဲ”
“သူက အဲ့ဒီလောက်တောင် ပြတ်သားတာလား”
လီယွမ် အံ့အားသင့်သွားရလေ၏။
ယခု လက်ရှိ တာ့ယန်မင်းဆက်တွင် ညဇီးကွက်ဘုရင်ကို ယှဉ်ပြိုင်နိုင်သူ မည်သူ ရှိသနည်းဟု မေးလာလျှင်... နိုင်ငံတော် ကာကွယ်ရေး စစ်သူကြီး ပိုင်ချန် သာလျှင် ဖြစ်ကြောင်း ယုံမှားဖွယ်ရာ မရှိပေ။
ဘုရင်ခံများ... စစ်သူကြီးများ... ဝန်ကြီးချုပ်များ... ဝန်ကြီးများနှင့် နန်းတွင်း အရာရှိများ အားလုံးသည် စစ်အာဏာကို ချုပ်ကိုင်ထားပြီး စစ်မြေပြင်မှနေ၍ တိုက်ခိုက် ထွက်ပေါ်လာကာ... ငယ်ငယ်ရွယ်ရွယ်နှင့် နာမည်ကျော်ကြားလာပြီး နိုင်ငံတော် ကာကွယ်ရေး စစ်သူကြီး ဘွဲ့ကို ရရှိခဲ့သော ဤရာထူးကြီး အရာရှိကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြချေ။
အတိတ်ကာလတွင် တော်ဝင် မိသားစုသည် သွေးချောင်းစီး ကပ်ဘေးနှင့် ကြုံတွေ့ရချိန်၌... စစ်သူကြီး ပိုင်ချန်သည် နယ်စပ်မှနေ၍ မြို့တော်သို့ သူ၏ စစ်တပ်ကို ဦးဆောင်ကာ ဧကရာဇ်ကို ကာကွယ်ရန် ချီတက်လာခဲ့ပြီး ကြီးမားသော အကျိုးပြုမှုများကို စွမ်းဆောင်နိုင်ခဲ့သည်။
သူတို့နှစ်ဦးသည် သဘာဝအလျောက် အပြန်အလှန် ထိန်းချုပ်နေကြခြင်းပင်။
“စစ်သူကြီး ပိုင်ချန်ရဲ့ အဓိက အင်အားက အနောက်ပိုင်း နယ်မြေတွေနဲ့ တောင်ပိုင်း နယ်စပ်ဒေသတွေမှာ ဖြန့်ကျက်ထားတုန်းပဲ... နန်းတွင်းနဲ့ အလယ်ပိုင်း လွင်ပြင်မှာတော့ သူက ညဇီးကွက်ဘုရင်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
“ဒီနှစ်တွေ တစ်လျှောက်လုံး သူက ဘာလှုပ်ရှားမှု ကြီးကြီးမားမားမှ မလုပ်ခဲ့ပေမယ့်... ညဇီးကွက်ဘုရင်က သူ့ကို ပိုပိုပြီး ဖိအားပေးလာတော့ သူလည်း ကြောက်သွားပုံရတယ်”
“ဖြစ်နိုင်တာက...”
ဝမ်ကျောက်ကျောက်က ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြော၏။
“ဘုရင်ခံတွေနဲ့ မှူးမတ်တွေက စစ်သူကြီးကို သိမ်းသွင်းလိုက်တာ ဖြစ်မယ်... ဘာပဲဖြစ်ဖြစ် ဒီလိုပုံစံအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ ညဇီးကွက်ဘုရင်က အကြွင်းမဲ့ အာဏာကို တကယ် ရသွားလိမ့်မယ်လေ”
“အဓိပ္ပာယ် ရှိသားပဲ”
လီယွမ်နှင့် ဝမ်ကျောက်ကျောက်တို့၏ အတွေးများမှာ တူညီနေကြ၏။
ပိုင်ချန်သည် စစ်တပ် နောက်ခံမှ လာသူဖြစ်ပြီး တစ်ချိန်က “သတိလက်လွတ် စစ်သူကြီး” ဟု နောက်ပြောင် ခေါ်ဝေါ်ခံခဲ့ရသော်လည်း... ဤရာထူးတွင် ထိုင်နိုင်သူ မည်သူမဆို သေချာပေါက် အရူး တစ်ယောက် မဟုတ်ကြောင်း ထင်ရှားလှသည်။
“အဆိုးရွားဆုံး အခြေအနေကို စဉ်းစားကြည့်ရအောင်”
ဝမ်ကျောက်ကျောက်က ရယ်လိုက်ပြီး ဆို၏။
“ဖြစ်နိုင်တာက ပိုင်ချန်ဟာ ဒီအခွင့်အရေးကို စောင့်ဆိုင်းနေခဲ့တာ... မြေပိုင်ရှင် ဘုရင်ခံတွေကို စည်းရုံးပြီး ညဇီးကွက်ဘုရင်ကို ယှဉ်ပြိုင်ဖို့ အခွင့်အရေး တစ်ခုပေါ့”
လီယွမ် သဘောပေါက်သွားသည်။
“မင်း ဆိုလိုတာက... ပိုင်ချန်ဟာ ညဇီးကွက်ဘုရင်က မြေပိုင်ရှင် ဘုရင်ခံတွေကို ထောင့်ကျပ်ထဲ ရောက်အောင် မောင်းထုတ်မယ့် အချိန်ကို ချောင်းမြောင်း စောင့်ဆိုင်းနေပြီးမှ... လူတွေရဲ့ နှလုံးသားကို သိမ်းကျုံးဖို့အတွက် ဝင်ရောက် စွက်ဖက်လာတာလား”
“ဟုတ်ပါတယ်”
ဝမ်ကျောက်ကျောက်က ခေါင်းညိတ်လိုက်၏။
“အရင်တုန်းက ပိုင်ချန်ဟာ ကျယ်ပြောလှတဲ့ နတ်ဆိုးနယ်မြေထဲမှာတောင် လွတ်လွတ်လပ်လပ် လှည့်လည်သွားလာနိုင်တယ်လို့ ရဲရဲဝံ့ဝံ့ ပြောဆိုရဲလောက်အောင် မာနကြီးတဲ့ လူငယ် သူရဲကောင်း တစ်ယောက်ပဲ”
“ဒီလို အခြေအနေမျိုးမှာ ညဇီးကွက်ဘုရင်ရဲ့ အောက်ကို နာခံပြီး ဘာမှ မလုပ်ဘဲ နေရမယ့် အကြောင်းပြချက် မရှိဘူး”
“ပြီးတော့ အခုအချိန်က သူ့အတွက် အကောင်းဆုံး အခွင့်အရေးပဲ”
“လောကရဲ့ ပြဿနာတွေက အနောက်တောင်ဘက်မှာ စုဆုံနေပြီး နယ်စပ်စစ်ပွဲကြီး ဖြစ်ပွားနေတဲ့ အချိန်မို့လို့... သူ နယ်စပ်ဒေသကို ဝင်ရောက်ပြီး နေရာယူဖို့အတွက် အခိုင်လုံဆုံး အကြောင်းပြချက် ရှိနေတယ်”
“နယ်စပ်စစ်ပွဲသာ အောင်ပွဲခံလိုက်နိုင်ရင် သူဟာ အလွန်တရာ မြင့်မားတဲ့ ဂုဏ်သတင်းကို ရရှိလာမှာဖြစ်ပြီး ညဇီးကွက်ဘုရင် ကိုယ်တိုင်တောင် သူ့ကို အထိခိုက် မခံရဲတော့ဘူး”
“ပိုင်ချန်မှာ ပိုမို ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေသည်ဖြစ်စေ... မရှိသည်ဖြစ်စေ... အနည်းဆုံးတော့ ဒီဆုံးဖြတ်ချက်က သူ့ရဲ့ စစ်အင်အားနဲ့ အသက်ကို ကာကွယ်ပေးနိုင်တယ်... အသုံးဝင်မှု ပြီးဆုံးသွားတဲ့ ကိရိယာ တစ်ခုလို စွန့်ပစ်ခံရမယ့် အစားပေါ့”
ဝမ်ကျောက်ကျောက်က သူမ၏ အတွေးများကို လေးလေးနက်နက် ရှင်းပြလိုက်သည်။
“ဒီလို ဖြစ်ရမယ်”
လီယွမ်က ခေါင်းညိတ်လိုက်၏။
“ငါ မသိတာက... ညဇီးကွက်ဘုရင်က ဘယ်လို တုံ့ပြန်မလဲ ဆိုတာပဲ”
သူနှင့် ရှောင်ကျောက်တို့ တွေးတောနိုင်သမျှ အရာများကို ညဇီးကွက်ဘုရင် ကိုယ်တိုင်လည်း သေချာပေါက် တွေးတောနိုင်မည်သာ ဖြစ်သည်။
ဝမ်ကျောက်ကျောက်က စဉ်းစားလိုက်၏။
“အကယ်၍ ကျွန်မသာ တာ့ယန်ရဲ့ ဧကရာဇ် ဖြစ်ခဲ့မယ်ဆိုရင် ဒီလို အခြေအနေမျိုး ဖြစ်လာဖို့ သေချာပေါက် မျှော်လင့်မိမှာပဲ... ညဇီးကွက်ဘုရင်က တော်ဝင် အမိန့်ပြန်တမ်း အောက်မှာ ရှိနေပြီး သူ ခန့်မှန်းမိသမျှ အရာအားလုံးက သူ လုပ်နိုင်တဲ့ အရာတွေ ဖြစ်ချင်မှ ဖြစ်မှာလေ”
စစ်မှန်သော မဟာဗျူဟာ ကစားပွဲ တစ်ရပ်ကို စကားလုံး အနည်းငယ်ဖြင့် ရှင်းပြ၍ မရနိုင်ချေ။
ဒီနှစ်တွေ တစ်လျှောက်လုံး... နိုင်ငံတော် ကာကွယ်ရေး စစ်သူကြီး ပိုင်ချန်ဟာ ကျားရုပ် ဘယ်နှစ်ရုပ်ကို နေရာချထားခဲ့ပြီးပြီလဲ... နယ်စပ်နဲ့ အလယ်ပိုင်း လွင်ပြင်မှာ သူ့ရဲ့ နောက်လိုက် ဘယ်နှစ်ယောက် ရှိနေပြီလဲ...
ဘယ် အင်အားစုတွေနဲ့ နိုင်ငံရေး ပါတီတွေက သူ့ကို တိတ်တဆိတ် ထောက်ခံနေကြသလဲ...
ညဇီးကွက်ဘုရင်ဟာ သူနဲ့ လျှို့ဝှက် တိုက်ပွဲပေါင်း များစွာကို ဆင်နွှဲခဲ့ပြီးမှ... ဒီကနေ့မှာ စစ်တုရင်ခုံကြီးက ရေပြင်ပေါ် ပေါ်လာပြီး လောကကြီးကို မြင်တွေ့ခွင့် ပေးလိုက်တာများလား...
ဤအရာများကား လီယွမ်နှင့် ဝမ်ကျောက်ကျောက်တို့ မသိရှိနိုင်သော ကိစ္စရပ်များပင် ဖြစ်သည်။
သူတို့သည် အကန့်အသတ် ရှိသော သတင်းအချက်အလက်များ အပေါ် အခြေခံ၍သာ အနာဂတ် အခြေအနေကို ခန့်မှန်း တွက်ဆနိုင်ကြလေ၏။
“သူတို့ အချင်းချင်း တိုက်ခိုက်ခိုင်းလိုက်ပါ... ဒါက ပိုကောင်းပါတယ်”
လီယွမ်သည် ဤကဲ့သို့ ဖြစ်လာရန် ရိုးသားစွာ မျှော်လင့်နေပြီး... ဤအရာက သူ့ကို အသက်ရှူချောင်ရန် အချိန်ပို ရရှိစေလေမည်။
“ဟုတ်တယ်... မှန်ပါတယ်”
ဝမ်ကျောက်ကျောက်က ရယ်လိုက်၏။
“ညဇီးကွက်ဘုရင်က ကျွန်မတို့ ကူသခင် လမ်းစဉ်ကို အခွင့်အရေး ရတိုင်း ပစ်မှတ်ထားနေတာ... သူသာ အင်ပါယာ အာဏာကို စည်းလုံးလိုက်နိုင်ရင် အရမ်းကို ဆိုးရွားသွားလိမ့်မယ်”
“ကျွန်မတို့ သေချာပေါက် အချိန်ကောင်း မရတော့ဘူး”
“အဆင့်မြင့် ရာထူးတွေမှာ ရှိနေတဲ့ ပုဂ္ဂိုလ်ကြီးတွေ အချင်းချင်း တိုက်ခိုက်နေကြလို့သာ ကျွန်မတို့ ကောင်းကောင်းမွန်မွန် နေနိုင်ကြတာပါ”
...
နယ်စပ်ဒေသ..
ယခုလေးတင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သော ကျွီးယန်တံခါးဝတွင် ကြီးကျယ်ခမ်းနားလှသည့် အောင်ပွဲခံ ပွဲတော်ကြီးကို ကျင်းပနေသည်။
တောင်ပိုင်းနယ်စပ် ကြည့်ရှုစစ်ဆေးရေးမှူး ရှောင်ချင်အာ... စစ်သူကြီး ပိုင်ချန်... ညဇီးကွက် အစောင့်တပ်၏ တောင်ပိုင်း တပ်မှူး ဇီနုန်... တောင်ပိုင်း တောရိုင်းနယ်မြေ စစ်သူကြီး ကျီးကန်း... ချန်ဖုန်းနယ်မြေမှ ချန်ဘုရင်... ဟန်ဟိုင်နယ်မြေမှ ဟန်ဘုရင်နှင့် အခြားသော အရေးပါသည့် ပုဂ္ဂိုလ်ကြီးများ အားလုံး တက်ရောက်လာကြ၏။
“သခင်မလေး ရှောင်... ဒီတိုက်ပွဲမှာ ခင်ဗျားက ကြီးမားတဲ့ အကျိုးပြုမှုတွေကို စွမ်းဆောင်နိုင်ခဲ့တယ်... လေးစားပါတယ်”
စစ်သူကြီး ပိုင်ချန်က အရိုအသေ ပြုသည့်အနေဖြင့် သူ၏ အရက်ခွက်ကို မြှောက်လိုက်၏။
ဒါက စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သော ဝါရင့် စစ်သားကြီး တစ်ဦးထံမှ လာသည့် ရိုးသားစွာ အသိအမှတ်ပြု လေးစားမှု တစ်ရပ်ပင် ဖြစ်လေ၏။
အခြား သူများကလည်း သူတို့၏ အရက်ခွက်များကို မြှောက်လိုက်ကြ၏။
တက်ရောက်လာသူ အားလုံးသည် ရှောင်ချင်အာကို ရိုးသားစွာ အထင်ကြီး လေးစားကြပြီး ဤအမျိုးသမီး သူရဲကောင်းငယ်လေးအား ချီးကျူး ထောပနာ ပြုကြတော့သည်။
“ကြီးမားတဲ့ အကျိုးပြုမှု ဆိုတဲ့ စကားကို ကျွန်မ လက်မခံဝံ့ပါဘူး... တောင်ပိုင်း နယ်စပ်စစ်ပွဲရဲ့ အစောပိုင်း အောင်ပွဲဟာ အားလုံးရဲ့ ကြိုးပမ်း အားထုတ်မှု ရလဒ်ပါပဲ”
ရှောင်ချင်အာက နှိမ့်ချစွာဖြင့် သူမ၏ အရက်ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်လေ၏။
ချန်ဖုန်းနယ်မြေမှ ချန်ဘုရင် ကျောက်ချန်ဖုန်းက အသာ ရယ်လိုက်ပြီး ဆို၏။
“တောင်ပိုင်း နယ်စပ်ဒေသမှာ တန်ပြန် ထိုးစစ်တွေ စတင်နေပြီ ဖြစ်တဲ့အတွက် အနောက်ပိုင်း နယ်စပ်မှာ ဖိအားတွေ အများကြီး လျော့ကျသွားပြီး ကျွန်တော့် ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကို တကယ်ပဲ ပေါ့ပါးသွားစေတယ်”
“ဟုတ်ပါတယ်”
ဟန်ဟိုင်နယ်မြေမှ ဟန်ဘုရင် ဟိုင်ဝူကျင်းကလည်း ဝင်ရောက် ထောက်ခံလိုက်သည်။
“စစ်သူကြီးရဲ့ ဆိုက်ရောက်လာမှုက အချိန်ကိုက်ပါပဲ... နယ်စပ် အစောင့်တပ်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးရုံသာမက နတ်ဆိုးနယ်မြေကိုလည်း အဟန့်အတား တစ်ခု ဖြစ်စေပါတယ်”
ကျောက်ချန်ဖုန်းက ဆက်ပြော၏။
“ငယ်ရွယ်စဉ် ကတည်းက စစ်တပ်ထဲ ဝင်ရောက်ခဲ့တဲ့ အချိန်ကစပြီး... စစ်သူကြီးဟာ နယ်စပ်မှာ နတ်ဆိုးတွေကို တိုက်ခိုက်ခဲ့ပြီး မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေကို ဖြတ်သန်းကာ အောင်ပွဲပေါင်း များစွာကို ရရှိခဲ့ပါတယ်... စစ်သူကြီးကသာ တပ်ဖွဲ့ အမျိုးမျိုးကို ဦးဆောင်ပြီး နယ်စပ်ကို ကာကွယ်ရင်း အနောက်ပိုင်း နယ်မြေတွေနဲ့ တောင်ပိုင်း နယ်စပ်တွေကို ကူညီပေးမယ် ဆိုရင်... နယ်စပ်ဒေသဟာ သေချာပေါက် ငြိမ်းချမ်းသွားမှာပါ”
ဟိုင်ဝူကျင်းကမူ ပို၍ပင် ဖားယား မြှောက်ပင့်နေပြီး တော်ဝင်မျိုးဆက် တစ်ဦး၏ အမူအရာမျိုး လုံးဝ မရှိတော့ချေ။
“စစ်သူကြီး... ဒါက နတ်ဆိုးနယ်မြေနဲ့ တိုက်ပွဲမှာ အရေးအကြီးဆုံး အချိန်ပါပဲ... ဒီ နှစ်ရှည်လများ ဖရိုဖရဲ ဖြစ်နေမှုတွေကို နှိမ်နင်းနိုင်မယ့် အခွင့်အရေးက ဒီနေ့မှာပဲ ရှိပါတယ်”
“ကျွန်တော့်ဆီကနေ လိုအပ်တာ ရှိရင် တုံ့ဆိုင်းမနေဘဲ အကူအညီ တောင်းပါ”
“ကျွန်တော်တို့ ကျယ်ပြောလှတဲ့ ပင်လယ်နယ်မြေက စစ်သားတွေဟာ စစ်သူကြီးရဲ့ အမိန့်ကို အချိန်မရွေး နာခံဖို့ အသင့်ရှိနေပါတယ်... တာ့ယန် အတွက်ဆိုရင် ကျွန်တော်တို့မှာ တာဝန်ကို ထမ်းဆောင်ဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိပါဘူး”
တောင်ပိုင်း တပ်မှူး ဇီနုန်၏ ရှေ့တွင် ဤမျှ ပွင့်ပွင့်လင်းလင်း ပြောဆိုနေသော စကားများမှာ အရိပ်အမြွက် ပြောဆိုခြင်း မဟုတ်တော့ဘဲ ပြတ်သားစွာ ကြေညာလိုက်ခြင်းပင် ဖြစ်တော့သည်။
“ကောင်းပြီ”
သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသော ပိုင်ချန်သည် အစွမ်းထက်သည့် အငွေ့အသက်များကို ထုတ်လွှတ်နေပြီး ဉာဏ်ပညာနှင့် သိုင်းစွမ်းရည်တို့ကို ပြသနေလေ၏။ သူက ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်၏။
“မင်းသား နှစ်ပါးမှာ ဒီလို ရည်ရွယ်ချက်တွေ ရှိနေတာကို သိရလို့ ကျွန်တော် အရမ်း ကျေနပ်ပါတယ်”
“စိတ်ချပါ... နယ်စပ် တိုက်ပွဲက သေချာပေါက် ကြီးကျယ်တဲ့ အောင်ပွဲ တစ်ခု ဖြစ်လာမှာပါ”
ပိုင်ချန်သည် သူ၏ အရက်ခွက်ကို ထပ်မံ မြှောက်လိုက်ပြီး... သူ၏ အကြည့်များက လူတိုင်းအပေါ် ဖြတ်သန်းသွားပြီးနောက်... နောက်ဆုံးတွင် တောင်ပိုင်းမှ တပ်မှူး ဇီနုန်ထံသို့ ရောက်ရှိသွားသည်။
သူတို့၏ မျက်လုံးများ အချင်းချင်း ဆုံတွေ့သွားကြ၏။
ထိုအခိုက်အတန့်တွင် မျက်မြင်မရသော ဖိအားကြီး တစ်ရပ် သိပ်သည်းလာတော့သည်။
ပိုင်ချန်၏ နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွားပြီး နောက်တစ်ကြိမ် စကားဆိုလိုက်၏။
“ရှေ့ဆက်ရမယ့် တိုက်ပွဲကြီးတွေမှာ... စစ်ဆင်ရေးတွေ ကွပ်ကဲဖို့နဲ့ သတင်းအချက်အလက် စုဆောင်းဖို့အတွက် တပ်မှူးရဲ့ အကူအညီကို ကျွန်တော်တို့ လိုအပ်နေဦးမှာပါ... ဒီတစ်ခွက်က ခင်ဗျားအတွက်ပါ”
ခန္ဓာကိုယ် သေးငယ်သော ဇီနုန်က ပြုံးလိုက်ပြီး ဆို၏။
“ဒါက ညဇီးကွက် အစောင့်တပ်ရဲ့ တာဝန်ပါပဲ”
အရက်ကို သောက်သုံးပြီးနောက်...
“ခွမ်း”
ပိုင်ချန်၏ လက်ထဲရှိ အရက်ခွက်မှာ အသံကျယ်ကြီးမြည်ကာ ကွဲအက်သွားတော့သည်။
“နတ်ဆိုးတွေနဲ့ မကောင်းဆိုးဝါးတွေက တာ့ယန်ကို ဖရိုဖရဲ ဖြစ်အောင် လုပ်ပြီး ပြည်သူတွေကို ဒုက္ခပေးနေတယ်... အပြစ်ပေး ခံရဖို့ ထိုက်တန်တယ်”
ဇီနုန်ကို တည့်တည့် စိုက်ကြည့်နေစဉ် သူ၏ အပြုံးက ပိုမို ကြမ်းတမ်းလာလေ၏။
“အားလုံးပဲ စိတ်ချကြပါ... အခုကစပြီး ကျွန်တော် ပိုင်ချန်က နယ်စပ်ကို ကာကွယ်နေသရွေ့... ဘယ်သူမှ တာ့ယန်ကြီးကို ဖရိုဖရဲ ဖြစ်အောင် လုပ်လို့ မရစေရဘူး”
“ဘယ်သူပဲ ဖြစ်နေပါစေ... လုံးဝ အလုပ်ဖြစ်မှာ မဟုတ်ဘူး”