အခန်း ၁၅၉
Vol. 14 Ch. 159
အခန်း (၁၅၉) - မန္တန် တစ်သောင်း အမိန့်တော်
လွန်ခဲ့သော နှစ်ပေါင်း များစွာကပင် ချန်းလန် ဘုရင် ရှောင်ယွမ် တိုက်ပွဲ၌ ကျဆုံးခဲ့ပြီး ယူဘုရင် လင်းယွဲ့ အသတ်ခံ ခဲ့ရသော အခါတွင် ဟန်ဟိုင် ဘုရင် ဝူကျင်း၊ ချန်ကျောက် ဘုရင် ချန်ဖုန်း နှင့် ယင်းဖုန်း ဘုရင် လီ တို့သည် ပိုင်ချန် ထံသို့ အတူတကွ သွားရောက်ခဲ့ကြသည်။ ၎င်းတို့သည် ညဇီးကွက် ဘုရင်ကို တန်ပြန်ရန်အတွက် သူနှင့် ပူးပေါင်းလိုကြခြင်း ဖြစ်၏။
ထိုစဉ်က ပိုင်ချန်သည် အချိန်ကောင်း မဟုတ်သေးဟု ယူဆသဖြင့် သဘောမတူခဲ့ပါချေ။ ထိုအချိန်၌ နတ်ဆိုးများမှာလည်း နှောင့်ယှက် နေကြဆဲ ဖြစ်သလို၊ နယ်စား များ၏ ပူးပေါင်းမှု မှာလည်း စစ်မှန်ခြင်း မရှိခဲ့ပါချေ။ သို့ဖြစ်၍ သူသည် စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့လေသည်။
နယ်စပ် စစ်ပွဲ စတင်သည့် အချိန် ရောက်မှသာ သူသည် သူ အကျွမ်းကျင်ဆုံးသော နယ်မြေသို့ ပြန်လည် ရောက်ရှိ လာခဲ့တော့ ၏။ သူသည် သူ၏ စစ်တပ်ကို အလယ်ပိုင်း ဒေသမှ ထုတ်ဆောင်ကာ နယ်စပ် ဒေသသို့ ချီတက် လာခဲ့လေသည်။ အကယ်၍သာ အလယ်ပိုင်း ဒေသ၌ ဆက်လက် ရှိနေမည် ဆိုပါက သူ၏ စစ်အာဏာမှာ တဖြည်းဖြည်း ခွဲဝေခြင်း ခံရမည် ဖြစ်ပြီး ညဇီးကွက် ဘုရင်၏ ဝါးမြိုမှု အောက်တွင် သေဆုံး သွားရမည်ကို သူ ကောင်းစွာ သိရှိနေလေသည်။
စစ်မြေပြင် ထက်၌ပင် ဘဝကို ကုန်ဆုံးခဲ့သူ ပီပီ သူသည် သေလျှင်ပင် သူရဲဘော ကြောင်စွာ မသေလိုပါချေ။ ယုတ်မာသော အမတ် တစ်ဦး၏ အနင်းအချေ ကိုလည်း အလွယ်တကူ မခံနိုင် ပါချေ။ ယခုအခါတွင်မူ ကွန်လွန် နယ်မြေမှ သူ ခေါ်ဆောင် လာခဲ့သော မင်းသားမှာ ရုပ်သေး ရုပ်မျှသာ ဖြစ်ပြီး နန်းတွင်း တစ်ခုလုံးကို ညဇီးကွက် ဘုရင်က ထိန်းချုပ်ထားကြောင်း သူ အတည်ပြုနိုင်ခဲ့၏။ အကယ်၍သာ သူ ပြန်လည် မတိုက်ခိုက်ပါက အရာရာမှာ ပျက်စီးရတော့မည်ပင်။
ရက်အနည်းငယ် ကုန်လွန် သွားခဲ့လေပြီ။ အလယ်ပိုင်း ဒေသ၊ အင်ပါယာ မြို့တော်။
ညဇီးကွက် ဘုရင်သည် နယ်စပ်မှ ပေးပို့သော စာတစ်စောင်ကို လက်ခံ ရရှိလိုက်သည်။ သူ၏ ဘေးနား တွင်မူ ဓားတစ်စင်းကို ရင်ခွင် ပိုက်ထားသော လူငယ် တစ်ဦးသည် ဘာကိုမျှ ဂရုမစိုက်ဟန်ဖြင့် စာအိတ်ကို အရင်ဦးဆုံး ဖွင့်ဖတ်လိုက်၏။
“ဟာ... အရှင်... ဘေးဒုက္ခ ကြီးစွာ ဆိုက်ရောက်ပြီ... အရှင် ခန့်မှန်း ထားတဲ့ အတိုင်းပဲ.. ပိုင်ချန်က နယ်စပ်ကို ပြန်သွားရုံ တင်မကဘဲ ဟန်မင်းသားနဲ့ ချန်မင်းသား တို့နဲ့ ပူးပေါင်းပြီး ညဇီးကွက် အစောင့်တပ်ကို ဖိအား ပေးနေတယ် တဲ့”
ထိုလူငယ်သည် မျက်လုံး ပြူးလျက် ဆိုလိုက်သည်။
“နယ်စပ်က အောင်ပွဲခံ စားပွဲမှာတောင် ညဇီးကွက် အစောင့်တပ်က လူတွေကို လှောင်ပြောင် ခဲ့ကြ သေးတယ် တဲ့... ကျွန်တော့်ကို လွှတ်လိုက်ရင် ဘယ်လိုလဲ... သူ့ကို သွားသတ် ပေးရမလား”
စကား ပြောပြော ဆိုဆိုပင် ယင်းဟော့ ယူရှန်းယင်း သည် နောက်ပြန် ဂျွမ်းတစ်ပတ် ပစ်လျက် အဝေးရှိ တံတိုင်းပေါ်သို့ ခုန်တက်သွားလေသည်။
“ဝှစ်”
သူသည် ဓားချက် တစ်ချက် ထုတ်ဖော် လိုက်ရာ သူ၏ ပုံရိပ်မှာ ကမ္ဘာမြေ ပေါ်မှ ပျောက်ကွယ် သွားတော့ ၏။ သူ ပြန်လည် ပေါ်ထွက် လာသော အခါတွင်မူ ညဇီးကွက် ဘုရင်၏ ရှေ့မှောက်သို့ ရောက်ရှိ နေပြီ ဖြစ်ပြီး သူ၏ ဓားဦးမှာ ညဇီးကွက် ဘုရင်၏ မျက်နှာဖုံး ဆီသို့ တည့်တည့်မတ်မတ် ဦးတည် နေချေ ပြီ။
“ချွင်”
နောက်တစ် ခဏချင်း ၌ပင် ဓားရှည်ကြီးမှာ တုန်ခါ သွားလေသည်။ ညဇီးကွက် ဘုရင်၏ လက်ချောင်း နှစ်ချောင်းသည် သုံးပေ ရှည်သော ဓားသွားကို တင်းကြပ်စွာ ညှပ်ထား သည်။ ညဇီးကွက် ဘုရင်က လက်ချောင်းကို အသာအယာ လှုပ်ရှား လိုက်ရုံဖြင့် ယူရှန်းယင်း မှာ လွင့်ထွက် သွားရတော့ ၏။
“ဟေး...”
မြေပြင် ပေါ်သို့ လွင့်ကျ သွားသော ယူရှန်းယင်းသည် ချက်ချင်းပင် ခုန်ထ လိုက်ပြီးနောက် စိတ်လှုပ်ရှား စွာဖြင့် အော်ဟစ် လိုက်လေသည်။
“အရှင်... ကျွန်တော် တတ်မြောက် သွားပြီ”
“အရှိန် ကောင်းတယ်”
ညဇီးကွက် ဘုရင်က ခေါင်းညိတ် လိုက်လေသည်။
“အရှင်က တကယ့်ကို ကပ်စေးနှဲ တာပဲ... ကျွန်တော်.. ဒီ ဓားကွက်ကို ကျင့်နေရတာ တော်တော် ကြာနေပြီ... ဒါက ကိုးဆင့်မြောက် နယ်ပယ် အောက်မှာတော့ အမြန်ဆုံး ဓားကွက်ပဲ... ဘယ်သူမှ ရှောင်နိုင်မှာ မဟုတ်ဘူး”
ယူရှန်းယင်းက ကြွားဝါ လိုက်လေသည်။ ညဇီးကွက် ဘုရင်ကမူ အေးစက်စွာ တုံ့ပြန် လိုက်၏။
“မြန်နေရုံနဲ့ ဘာလုပ်မှာလဲ”
“သိုင်းပညာ အားလုံး ထဲမှာ အရှိန် ဆိုတာ တစ်ခုတည်းသော ဖောက်ထွက်လို့ မရတဲ့ အရာပဲလေ... အရှိန်သာ လုံလောက်မယ် ဆိုရင် နတ်ဘုရား တောင် တားနိုင်မှာ မဟုတ်ဘူး”
ညဇီးကွက် ဘုရင်က ခေါင်းခါယမ်း လိုက်လေသည်။
“မလုံလောက် သေးဘူး... အများကြီး လိုသေးတယ်”
“အရှင်...လှောင်အိမ်ထဲက ငှက် ပေါ်လာ ကတည်းက အရှင်က ပြောင်းလဲ သွားတယ်... ကျွန်တော် လုပ်သမျှ အရာရာကို အားမရ ဖြစ်နေတော့တာပဲ”
ယူရှန်းယင်း၏ အသံမှာ ယခင်ကဲ့သို့ ရွှင်မြူးခြင်း မရှိတော့ပါချေ။
ညဇီးကွက် ဘုရင်သည် နှုတ်ဆိတ် နေလေသည်။ ထိုသို့ နှုတ်ဆိတ် နေခြင်းမှာ ယူရှန်းယင်း၏ စိတ်ကို ပိုမို လောင်မြိုက် စေခဲ့တော့၏။
“အဲဒီ လှောင်အိမ်ထဲက ငှက်ကို ထွက်လာ ခိုင်းလိုက် လေ... ကျွန်တော်နဲ့ ယှဉ်ကြည့် ရအောင်... ဘာလို့ သူကပဲ အရှင့်ရဲ့ မျက်နှာသာ ပေးမှုကို ခံနေရ တာလဲ... သူ လုပ်နိုင်တာ မှန်သမျှ ကျွန်တော်လည်း လုပ်နိုင် တာပဲ... သူ့ထက်တောင် ပိုကောင်းအောင် လုပ်နိုင် သေးတယ်”
“ဝေါင်း”
စကား ဆုံးသည်နှင့် နဂါး ဟိန်းသံ တစ်ခု ပဲ့တင်ထပ် သွားလေသည်။
“မင်းက ငါ့ကို မေးခွန်း ထုတ်နေ တာလား”
ညဇီးကွက် ဘုရင်သည် တစ္ဆေ တစ်ကောင်နှယ် လှုပ်ရှား လိုက်ပြီး ယူရှန်းယင်း၏ လည်ပင်းကို ရုတ်တရက် ဖမ်းဆုပ် လိုက်လေသည်။
“မင်းရဲ့ နေရာကို မင်း မှတ်ထား စမ်း... မင်း မပြောသင့်တဲ့ စကားတွေ ရှိတယ်... ငါက မင်းအပေါ် အလိုလိုက် ထားလို့ အထက်နဲ့ အောက်ကို မေ့နေပြီ လား”
“ကျွန်... ကျွန်တော် တောင်းပန်ပါတယ် အရှင်... နောက်တစ်ခါ လုံးဝ မလုပ်တော့ ပါဘူး”
ယူရှန်းယင်းသည် ထိတ်လန့် တုန်လှုပ် သွားရလေသည်။ သူသည် ညဇီးကွက် ဘုရင်၏ လက်အောက်၌ ကြီးပြင်း ခဲ့သူ ဖြစ်ပြီး သူ၏ သိုင်းပညာ အားလုံးမှာလည်း ညဇီးကွက် ဘုရင် ကိုယ်တိုင် သင်ကြား ပေးခဲ့ခြင်း ဖြစ်၏။ သူ၏ စိတ်ထဲတွင် ညဇီးကွက် ဘုရင်မှာ သူ၏ ဖခင် တစ်ဦး ကဲ့သို့ပင် ဖြစ်ချေသည်။ သူသည် သူ၏ အစွမ်းများကို ထုတ်ပြကာ အသိအမှတ် ပြုခံ လိုသော်လည်း ညဇီးကွက် ဘုရင်၏ မျက်ဝန်း ထဲတွင်မူ သူသည် အမြဲတမ်း မလုံလောက် ခဲ့ပါချေ။
သူသည် မြေပြင် ပေါ်သို့ အရက်စက်ဆုံး ပစ်ချခြင်း ခံလိုက်ရသည်။ သူသည် ခက်ခဲစွာ ပြန်လည် မတ်တတ် ရပ်လိုက်ပြီး ခေါင်းငုံ့လျက် နှုတ်ဆိတ် နေတော့၏။
“လုပ်သင့်တာ သွားလုပ်”
ညဇီးကွက် ဘုရင်က အေးစက်စွာ အမိန့် ပေးလိုက်သည်။
“ပိုင်ချန်က နယ်စပ်ကို ငြိမ်းချမ်းအောင် လုပ်ချင် နေတာ မဟုတ်လား... ဒါဆိုရင် ငါတို့က သူ့ကို ကူညီ ပေးလိုက်ကြ တာပေါ့”
ညဇီးကွက် ဘုရင်သည် တံဆိပ်ပြား တစ်ခုကို ပစ်ပေးလိုက်လေသည်။
ယူရှန်းယင်းသည် ထိုအရာကို ဖမ်းယူ လိုက်ပြီးနောက် တုန်လှုပ်သွားရ၏။
“ဒါက နတ်ဘုရား သိုင်းနန်းတော် ရဲ့ အမှတ်အသား လား”
နတ်ဘုရား သိုင်းနန်းတော် ဆိုသည်မှာ တာ့ယန် အင်ပါယာ၏ အရေးအကြီးဆုံး နေရာများ ထဲမှ တစ်ခု ဖြစ်လေသည်။ ထိုနေရာ တွင် တာ့ယန် နန်းတွင်းမှ ထောင်စုနှစ် ပေါင်းများစွာ သိမ်းဆည်း ထားသော ကျင့်စဉ်များနှင့် လျှို့ဝှက် နည်းစနစ်များ အမြောက်အမြား ရှိနေလေသည်။ ၎င်းမှာ သိုင်းလောက သားများ အားလုံး တောင့်တ ကြသော မြင့်မြတ်ရာ နယ်မြေ ပင် ဖြစ်တော့ ၏။
“အရှင်... အရှင့် ရည်ရွယ်ချက်က...”
“ဟုတ်တယ်... နတ်ဘုရား သိုင်းနန်းတော် ကို ဖွင့်လှစ်ပြီး လောကမှာ ရှိတဲ့ သူရဲကောင်း တွေကို နယ်စပ် ဒေသဆီ ဖိတ်ခေါ် လိုက်”
ညဇီးကွက် ဘုရင်က ခေါင်းညိတ်လိုက်လေသည်။
ယူရှန်းယင်းသည် အမိန့်ကို နာခံလျက် ထွက်ခွာ သွားတော့ ၏။ ညဇီးကွက် ဘုရင်သည် လက်ကို နောက်ပစ် ထားလျက် ကောင်းကင်ယံကို မော့ကြည့်နေလေသည်။
အားလုံးက သူသည် အာဏာကို လုယူပြီး ဧကရာဇ်ကို ထိန်းချုပ် လိုသည်ဟု ထင်မှတ်နေကြသော်လည်း သူ အမှန်တကယ် လိုလားသည်မှာ ဧကရာဇ် အသစ် တစ်ပါးကို ကြိုဆိုရန် အတွက် အင်ပါယာ တစ်ခုလုံးကို စုစည်း လိုခြင်းသာ ဖြစ်ချေ၏။
မကြာမီ မှာပင် သတင်း တစ်ခုသည် နိုင်ငံ တစ်ဝန်း ပျံ့နှံ့သွားခဲ့ပြီး သိုင်းလောက တစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့သည်။ နန်းတွင်းမှ ‘မန္တန် တစ်သောင်း အမိန့်တော်’ ကို ထုတ်ပြန်ကာ နတ်ဘုရား သိုင်းနန်းတော် ကို ပြန်လည် ဖွင့်လှစ် လိုက်လေ၏။
သိုင်းလောက သားများ အနေဖြင့် နယ်စပ်သို့ သွားရောက်ကာ နတ်ဆိုးများကို သတ်ဖြတ် ရမည် ဖြစ်ပြီး အောင်မြင်မှု ရရှိ ပါက မိမိ လိုလားသော မည်သည့် ကျင့်စဉ်ကိုမဆို လဲလှယ်ယူနိုင်မည် ဖြစ်ချေသည်။ ထိုကဲ့သို့သော ဆွဲဆောင်မှုမှာ အလွန်ပင် ကြီးမားလှသဖြင့် နှစ်ပေါင်းများစွာ အောင်းအောင်း အောင်းနေခဲ့သော နတ်ဆိုးအိုကြီးများနှင့် သိုင်းပညာရှင်များမှာ နယ်စပ်သို့ ချီတက် ရန် ပြင်ဆင်ကြတော့၏။
မြောက်ဘက် ဒေသ ရေခဲလွင်ပြင် ရှိ မျိုးနွယ်စု တစ်ခု။
ချီလင် ဘုရင်၏ သမီးတော် အန်းမူယောင် သည် ထိုသတင်းကို ချက်ချင်း လက်ခံ ရရှိလိုက်သည်။
‘နန်းတွင်းက မန္တန် တစ်သောင်း အမိန့်တော် ကို ထုတ်ပြန် လိုက်တာ လား... ညဇီးကွက် ဘုရင်က ဘာတွေ ကြံစည် နေတာလဲ... နယ်စပ် စစ်ပွဲကို တစ်ဦးတည်း တွန်းအား ပေးချင် နေတာလား’
အန်းမူယောင်သည် အိမ်ထဲသို့ အပြေးအလွှား ဝင်ရောက် သွားလေသည်။
“ဖေဖေ... အရေးကြီးတဲ့ သတင်း ရထားတယ်”
နန်းတော်တွင်းရှိ ကုတင်ကြီး ပေါ်တွင်မူ ချီလင် ဘုရင် အန်းထိုယွမ်သည် မျက်နှာ ဖြူလျော် လျက် သွေးများကို အဆက်မပြတ် အန်ထုတ် နေလေသည်။
“မုယောင်... ဘာတွေ ဒီလောက်တောင် အလောတကြီး ဖြစ်နေ ရတာလဲ... ရှောင်လင်းအာ အကြောင်း လား”
ပူဇော်ပွဲ ပြီးကတည်းက အန်းထိုယွမ်၏ ကျန်းမာရေးမှာ ဆိုးရွား လာခဲ့ပြီး သူ၏ ဘဝ နေဝင်ချိန်သို့ ရောက်ရှိနေချေပြီ။ သူ၏ ဘဝတွင် ဖြည့်ဆည်းရန် ကျန်ရှိနေသော ဆန္ဒမှာ သူ၏ တစ်ဦးတည်းသော မြေးလေးကို တွေ့မြင်လိုခြင်းသာ ဖြစ်လေသည်။
အန်းမူယောင်သည် သူမ၏ ဖခင်ကို ကြည့်ကာ ရင်ထဲ၌ နာကျင်သွားရသော်လည်း အတွေး တစ်ခုမှာ လျှပ်တစ်ပြက် ပေါ်လာခဲ့ သည်။
“ဖေဖေ... အခွင့်အရေး ရောက်လာပြီ... ဒီတစ်ခါတော့ ကျွန်မတို့ တောင်ပိုင်း နယ်စပ်ကို တရားဝင် သွားပြီး ရှောင်လင်းအာ နဲ့ တွေ့နိုင်လိမ့်မယ်”