အခန်း ၁၆၀
Vol. 14 Ch. 160
အခန်း (၁၆၀) ကျန်းဟူသိုင်းလောက တစ်ခုလုံး တုန်လှုပ်သွားခြင်း
“တောင်ပိုင်းနယ်စပ်ကို ဝင်ပြီး လင်းအာကို သွားတွေ့မလို့လား”
အန်းထိုယွမ်၏ ဖြူဖျော့နေသော မျက်နှာထက်တွင် သွေးရောင်လွှမ်းသွားသည်။
“တကယ်လား”
“အင်း”
အန်းမူယာက ပြန်လည်ဖြေကြားလိုက်၏။
“အခု ကျန်းဟူသိုင်းလောက တစ်ခုလုံးမှာ သတင်းတစ်ပုဒ် ပျံ့နှံ့နေတယ်.. သိုင်းပညာရှင် အားလုံး ရိုသေလေးစားကြတဲ့ သိုင်းလောကရဲ့ မြင့်မြတ်ရာ နယ်မြေ နတ်ဘုရား သိုင်းနန်းတော် ပွင့်လာပြီတဲ့”
“တော်ဝင်မိသားစုက မန္တန် တစ်သောင်း အမိန့်တော် ထုတ်ပြန်လိုက်ပြီ.. နတ်ဆိုးတွေကို သတ်ဖြတ်ရင် အကျိုးကျေးဇူးတွေ ရနိုင်တယ်လို့ ကြေညာထားပြီး လောကတစ်ခွင်က သူရဲကောင်းတွေ အားလုံးကို နယ်စပ်ထဲ ဝင်ရောက်ဖို့ ဖိတ်ခေါ်ထားတယ်”
“သမီးတို့လည်း ဒီအခွင့်အရေးကို အသုံးချပြီး အနောက်တောင်ပိုင်း နယ်စပ်ကို ကူညီဖို့ သွားရင်း ရှောင်လင်းအာနဲ့ သွားတွေ့လို့ ရပါပြီ”
အန်းထိုယွမ်က စိုးရိမ်တကြီး မေးလိုက်သည်။
“ဒီကိစ္စက လင်းအာကို ထိခိုက်စေနိုင်မလား”
ညဇီးကွက် အစောင့်တပ်သည် မြောက်ပိုင်း ရေခဲပြင်ကြီးမှ မျိုးနွယ်စုများကို အမြဲတစေ စောင့်ကြည့်နေခဲ့သည်။ ပြီးခဲ့သည့်အကြိမ်က အန်းမူယာ တောင်ပိုင်းနယ်စပ်သို့ ဝင်ရောက်ခဲ့စဉ်ကလည်း လျှို့ဝှက်မြို့စား ယွင်ရှန်ယင်း၏ သည်းသည်းမည်းမည်း ခြေရာခံခြင်းကို ခံခဲ့ရလေ၏။
အခွင့်အရေးဆိုသည်မှာ အမြဲတမ်း ရှိနေမည်သာ။
အန်းမူယာက လေးနက်တည်ကြည်စွာ ဆိုလိုက်သည်။
“ညဇီးကွက်ဘုရင်မှာ ပြင်ဆင်မှုတွေ ရှိနေတယ်ဆိုရင်.. သမီးတို့မှာရော မရှိဘဲ ဘယ်လိုနေမလဲ”
“နိုင်ငံတော် ကာကွယ်ရေး စစ်သူကြီး ပိုင်ချန်က ဟန်ဘုရင်.. ချန်ဘုရင်တို့နဲ့ ပူးပေါင်းပြီး ညဇီးကွက်ဘုရင်ကို အပြန်အလှန် ထိန်းချုပ်ထားတယ်.. ဒါကြောင့် သူ သိပ်ပြီး လွန်လွန်ကျူးကျူး မလုပ်ရဲဘူး”
“သမီးတို့ကလည်း ချီလင်နတ်ဘုရားရဲ့ ကာကွယ်စောင့်ရှောက်မှုကို ပင့်ဖိတ်ဖို့အတွက် မြင့်မြတ်တဲ့ ယဇ်ပူဇော်ပွဲကို ပြုလုပ်ခဲ့ပြီးပြီ.. အရေးကြီးတဲ့ အချိန်ကျရင် ရှောင်လင်းအာကို သေချာပေါက် ကူညီပေးနိုင်လိမ့်မယ်”
“ပိုပြီး အရေးကြီးတာက.. ဖေဖေပဲ”
သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သော ချီလင်ဘုရင် အန်းထိုယွမ်သည် ယဇ်ပူဇော်ပွဲကို ဦးစီးကျင်းပပြီးနောက် သေမင်းနှင့် အလွန်နီးကပ်သွားခဲ့ပြီ ဖြစ်ကာ အချိန်အကြာကြီး ဆက်လက် တောင့်ခံထားနိုင်တော့မည် မဟုတ်ချေ။
ရှောင်လင်းအာကို နောက်ဆုံးအနေဖြင့် တစ်ကြိမ်မျှ မတွေ့လိုက်ရပါက သူ သေလျှင်တောင် မျက်စိမှိတ်နိုင်မည် မဟုတ်ပေ။ ယခုအချိန်ကား အကောင်းဆုံး အခွင့်အရေးကြီးပင် ဖြစ်တော့သည်။ တစ်ခုတည်းသော အခွင့်အရေးသာတည်း။
ချီလင်ဘုရင် အန်းထိုယွမ်က သက်ပြင်းရှည်ကြီး ချလိုက်သည်။
“ဒါဆိုရင်လည်း.. သွားကြတာပေါ့”
“အဖေ.. ကောင်းကောင်း အနားယူပါဦး.. ကျွန်မ အခုပဲ လူတွေကို ပြင်ဆင်ခိုင်းလိုက်ပါ့မယ်.. နောက်ရက်အနည်းငယ် အကြာမှာ နယ်စပ်ထဲ ဝင်ကြတာပေါ့”
အန်းမူယာက ချော့မော့ပြောဆိုလိုက်၏။
အန်းထိုယွမ်က ခေါင်းခါပြလိုက်သည်။
“ထပ်ပြီး ပြင်ဆင်နေစရာ မလိုတော့ပါဘူး.. နတ်ဘုရားရဲ့ အပြစ်ပေးမှုကြောင့် ရလာတဲ့ ဒဏ်ရာတွေက ပြန်လည် ကုသလို့ မရနိုင်တော့ဘူးလေ.. ဒါဟာ အဖေ.. ပေးဆပ်ရမယ့် တန်ဖိုးဖြစ်သလို.. ချီလင်နတ်ဘုရား အပေါ်ထားတဲ့ အဖေ့ရဲ့ ရိုသေလေးစားမှုပါပဲ”
“အရေးကြီးတဲ့ အချိန်မှာ လင်းအာကို အမှန်တကယ် ကူညီပေးနိုင်မယ် ဆိုရင်.. ငါ သေရရင်တောင် နောင်တရစရာ မရှိတော့ပါဘူး”
“အခု.. ခရီးစဉ် ပြင်ဆင်လိုက်ပါ.. အတော်ဆုံး လက်ရွေးစင် စစ်သည်တစ်ထောင်ကို ရွေးချယ်ပြီး မနက်ဖြန်ပဲ စတင် ထွက်ခွာကြမယ်”
*
ချန်းလန်နယ်မြေ ဘုရင်ခံစံအိမ်တော်ဝယ်..
မုရုံစုသည် နောက်တစ်ကြိမ် လာရောက်လည်ပတ်ကာ ပြောဆိုလိုက်သည်။
“မင်းသားရှောင်.. တော်ဝင်မိသားစုက နတ်ဘုရား သိုင်းနန်းတော်ကို ဖွင့်လှစ်လိုက်ပြီး လောကတစ်ခွင်က သူရဲကောင်းတွေ အားလုံးကို နယ်စပ်ထဲ ဝင်ရောက်ဖို့ ဖိတ်ခေါ်လိုက်တဲ့ သတင်းကို ကြားပြီးလောက်ပြီပေါ့”
“အခုဆို ပိုင်ချန်က မြေပိုင်ရှင် ဘုရင်ခံတွေနဲ့ ပူးပေါင်းပြီး ညဇီးကွက် အစောင့်တပ်ကို အပြန်အလှန် ထိန်းချုပ်နေပြီ”
“ဒါက ကျွန်တော်တို့အတွက် အလွန်ကောင်းတဲ့ အခွင့်အရေးကြီးပဲ”
“ခင်ဗျားမှာ ဘယ်လို အကြံဉာဏ် ရှိလို့လဲ”
ရှောင်လျဲ့က မေးလိုက်၏။
ထိုအခါ မုရုံစုက ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်သည်။
“ကျွန်တော်တို့ ထောင်ချောက်တစ်ခု ဆင်ပြီး ကျန်းဟူသိုင်းလောကရဲ့ အင်အားစု အသီးသီးနဲ့ ညဇီးကွက် အစောင့်တပ်ကြားမှာ ပြဿနာတွေ ဖန်တီးပေးလို့ရတယ်.. အခြေအနေ တစ်ခုလုံးကို လုံးဝ ဖရိုဖရဲ ဖြစ်သွားအောင် လုပ်ပစ်ရမယ်”
ရှောင်လျဲ့က မျက်မှောင်ကြုတ်သွားသည်။
“သူတို့ အားလုံးက အရူးတွေလို့ ခင်ဗျား ထင်နေတာလား”
မုရုံစုက အနည်းငယ် ပြုံးလိုက်ပြီး သူ၏ ခေါက်ယပ်တောင်ကို ဖြည်းညင်းစွာ ဖြန့်လိုက်သည်။
“သူတို့က အရူးတွေ မဟုတ်တာတော့ သေချာတာပေါ့.. ဒါပေမဲ့ ကျန်းဟူသိုင်းလောကရဲ့ အဖွဲ့အစည်းတွေနဲ့ ညဇီးကွက် အစောင့်တပ်ကြားမှာ ရန်ငြိုးတွေ ရှိနေခဲ့တာ ကြာလှပြီလေ”
“ကျွန်တော်တို့က ပြဿနာ နည်းနည်း ဖန်တီးပြီး ရေနောက်အောင် လုပ်ပေးလိုက်တာနဲ့.. ညဇီးကွက် အစောင့်တပ်ကို အရင်ကတည်းက မကျေမနပ် ဖြစ်နေတဲ့ အဖွဲ့အစည်းတွေဟာ မှောင်ရိပ်ထဲကနေ သဘာဝကျကျ မီးလောင်ရာ လေပင့် လုပ်ပေးကြလိမ့်မယ်”
“ဒါက လူ့သဘာဝပဲလေ.. ကိစ္စတွေက ကိုယ့်အတွက် အကျိုးရှိမယ့် ဘက်ကို ဦးတည်လာပြီ ဆိုရင် ဉာဏ်ကောင်းတဲ့ သူတောင်မှ အရူးဟန် ဆောင်သွားတတ်ကြတယ်”
အင်ပါယာ မဟာဗျူဟာ၏ အမြင့်မားဆုံး အဆင့်ဆိုသည်မှာ လူတို့၏ နှလုံးသားနှင့် စိတ်အာရုံကို ကျွမ်းကျင်စွာ ကြိုးကိုင် ခြယ်လှယ်နိုင်ခြင်းပင် ဖြစ်သည်။
မုရုံစုသည် ဤပြင်းထန်သော မုန်တိုင်းကြီးကို ပို၍ မြင့်မားသော အထွတ်အထိပ်သို့ ရောက်ရှိအောင် တွန်းပို့နိုင်မည်ဟု အပြည့်အဝ ယုံကြည်နေပြီး.. မာနထောင်လွှားကာ မိမိသဘောအတိုင်း လုပ်တတ်သော ညဇီးကွက်ဘုရင်ကို အကျိုးဆက်များ ခံစားရစေရန် စနစ်တကျ အကွက်ချထားလေ၏။
“ဒါကတော့..”
ရှောင်လျဲ့မှာ အကျပ်ရိုက်ကာ ဝေခွဲမရ ဖြစ်သွားရသည်။
သူသည် ညဇီးကွက်ဘုရင်ကို အလွန် မုန်းတီးသော်ငြားလည်း နယ်စပ်စစ်ပွဲကြီး အမြန်ဆုံး ပြီးဆုံးကာ သူ၏ အစ်မဖြစ်သူ ဘေးကင်းစွာ ပြန်လည် ရောက်ရှိလာမည်ကိုလည်း မျှော်လင့်နေ၏။
“မင်းသားရှောင်.. ခင်ဗျား ဘာကို စိုးရိမ်နေသလဲဆိုတာ ကျွန်တော် သိပါတယ်”
မုရုံစုက ရှောင်လျဲ့၏ မျက်နှာအမူအရာကို အကဲခတ်ကာ အာမခံလိုက်သည်။
“ကျေးဇူးပြုပြီး စိတ်ချပါ.. ကျွန်တော်တို့ရဲ့ ပစ်မှတ်က ညဇီးကွက်ဘုရင် တစ်ယောက်တည်းပါ.. သာမန် ပြည်သူတွေကို ဘယ်တော့မှ အန္တရာယ် မပြုပါဘူး.. ခင်ဗျားရဲ့ အစ်မဖြစ်သူ ဆိုရင် ပိုလို့တောင် မထိခိုက်စေရပါဘူး”
“ချန်းလန် မင်းသမီးဆိုတာ တရားမျှတတဲ့ သူတစ်ယောက် ဖြစ်ပြီး ပြည်သူတွေက နက်နက်ရှိုင်းရှိုင်း ချစ်ခင်ကြတယ်လေ.. ကျွန်တော် ကိုယ်တိုင်လည်း သူ့ကို ရိုးသားစွာ အထင်ကြီး လေးစားမိလို့ သူ့ကို ဘယ်တော့မှ အကွက်ချ ကြံစည်မှာ မဟုတ်ပါဘူး”
“အစကနေ အဆုံးတိုင်အောင် ကျွန်တော်တို့မှာ ရည်မှန်းချက် တစ်ခုတည်းပဲ ရှိတယ်.. အဲ့ဒါက ညဇီးကွက် အစောင့်တပ်ကို ထိုက်တန်တဲ့ တန်ဖိုး ပေးဆပ်ရအောင် လုပ်ဖို့ပဲ”
“သူက လောကကြီးကို စစ်တုရင်ခုံကြီး တစ်ခုလို သဘောထားပြီး လူ့အသက်တွေကို ရွှံ့တွေလို ဆက်ဆံခဲ့တာ.. တော်ဝင်မိသားစုကို ထောက်ခံတယ်.. ပြည်သူတွေအတွက် အကျိုးရှိတယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး လူဘယ်နှစ်ယောက်ကို သတ်ခဲ့ပြီးပြီလဲ”
“အခု ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အခွင့်အရေး အမှန်ကို ပြန်ယူပြီး သေဆုံးသွားခဲ့တဲ့ ချစ်ရသူတွေရဲ့ ဝိညာဉ်တွေကို နှစ်သိမ့်မှု ပေးရုံသက်သက်ပါပဲ”
“ဒီအစီအစဉ်မှာ သွေးထွက်သံယိုမှုတွေ ရှိလာခဲ့မယ် ဆိုရင်တောင် ကျွန်တော်တို့ကို အပြစ်တင်လို့ မရဘူး.. ဒါတွေ အားလုံးက ညဇီးကွက်ဘုရင်ရဲ့ အမှားတွေချည်းပဲ.. သူ့ရဲ့ မာနထောင်လွှားမှုက ဒီအရာတွေ အားလုံးကို ဖြစ်ပေါ်စေခဲ့တာပဲ”
မုရုံစုသည် ရင်ကွဲနာကျနေသည့် အသွင်ဖြင့် ခံစားချက် အပြည့်အဝ ပါဝင်စွာ ပြောဆိုလိုက်၏။
ရှောင်လျဲ့မှာ တိတ်ဆိတ်သွားတော့၏။
သေခါနီး ဆဲဆဲတွင် မြင်တွေ့ခဲ့ရသော ဖခင်ဖြစ်သူ ရှောင်ယွမ်၏ မြင်ကွင်းက သူ၏ စိတ်ထဲတွင် အရိပ်အယောင်သဖွယ် ထင်ဟပ်နေဆဲပင်။
“ကောင်းပြီ”
ရှောင်လျဲ့က လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
“ခင်ဗျားပဲ အစီအစဉ် ဆွဲလိုက်တော့.. ကျွန်တော့် အစ်မကို မထိခိုက်သရွေ့.. ပြည်သူတွေကို အန္တရာယ် မပေးသရွေ့.. ခင်ဗျားကို ကျွန်တော် ထောက်ခံမယ်”
အလယ်ပိုင်း လွင်ပြင် လင်းရှောင် ဓားဂိုဏ်း.. အစည်းအဝေး ခန်းမဆောင်
“နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် တော်ဝင်မိသားစုက နတ်ဘုရား သိုင်းနန်းတော်ကို ပြန်ဖွင့်လိုက်ပြီ.. ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ဘယ်လို ထင်မြင်ချက် ရှိကြလဲ”
ဂိုဏ်းချုပ် ယွင်မိုဝမ်က မေးလိုက်၏။
“ဂိုဏ်းချုပ်ကြီး.. နတ်ဘုရား သိုင်းနန်းတော်ထဲမှာ ကျွန်တော်တို့ ဂိုဏ်းက အမြဲတမ်း လိုလားတောင့်တနေတဲ့ ဓားသိုင်းစာအုပ် တချို့ ရှိနေတယ်.. ဒါက တကယ်ကို ရှားပါးတဲ့ အခွင့်အရေးပါပဲ”
အကြီးအကဲ တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်၏။
လင်းရှောင် ဓားဂိုဏ်း၏ ဓားစံအိမ်တွင် မရေမတွက်နိုင်သော ဓားသိုင်းစာအုပ်များ ရှိနေသော်ငြားလည်း.. လမ်းကြောင်း သစ်ဖွင့်ပေးနိုင်မည့် ထိပ်တန်း ဓားသိုင်းပညာရပ်များကား လိုအပ်နေဆဲပင် ဖြစ်သည်။
ယခင်က တစ်ကြိမ်တစ်ခါမျှ မတွေ့ကြုံဖူးသော ထိပ်တန်း ဓားသိုင်း ကျင့်စဉ် စာအုပ် တစ်အုပ်သည် ဂိုဏ်းအတွက် လမ်းကြောင်းသစ်များကို ဖွင့်လှစ်ပေးနိုင်ပြီး.. အဆင့်တက်ရန် ပိတ်ဆို့နေသော အကြီးအကဲ များစွာသည်လည်း ၎င်းမှတစ်ဆင့် ဉာဏ်အလင်း ပွင့်ကာ အဆင့်ချိုးဖြတ်သွားနိုင်သည်။
“ဂိုဏ်းချုပ်ကြီး.. ကျွန်တော်တို့ လင်းရှောင် ဓားဂိုဏ်း အနေနဲ့ ဒီတိုက်ပွဲမှာ မဖြစ်မနေ ပါဝင်သင့်တယ်လို့ ကျွန်တော်လည်း ထင်ပါတယ်”
“ဟုတ်တယ်.. ဓားနတ်သမီး ဘိုးဘေးကို တောင်ပိုင်းနယ်စပ်မှာ တွေ့ခဲ့ရတယ်လို့ သတင်းထွက်နေပြီး စစ်မြေပြင်ထဲ ရောက်နေတာတောင် ဖြစ်နိုင်တယ်.. ဒါက ဓားနတ်သမီး ဘိုးဘေးနဲ့ အဆက်အသွယ် ရဖို့ ကျွန်တော်တို့အတွက် နောက်ထပ် အခွင့်အရေး တစ်ခုပဲ”
“ဒါ့အပြင် ကျွန်တော်တို့က နဝမကူနန်းတော်နဲ့ ဆက်ဆံရေး အခြေအနေ ကောင်းမွန်နေတယ်ဆိုတော့.. ကူညီပေးဖို့က အမှန်တကယ်ကို သင့်တော်ပါတယ်”
“ပြီးတော့ အခြား ဂိုဏ်းတွေ အားလုံးကလည်း သွားကြပြီလေ.. ကျွန်တော်တို့သာ မသွားဘူးဆိုရင် ကျန်းဟူသိုင်းလောကက လူတွေရဲ့ လှောင်ပြောင်တာကို ခံရလိမ့်မယ်”
အကြီးအကဲ များစွာက တောင်းဆိုလိုက်ကြလေ၏။
အမှန်တကယ်တွင်မူ ယွင်မိုဝမ် ကိုယ်တိုင်လည်း ဓားနတ်သမီး ဘိုးဘေးကို ပြန်လည် အသက်ဝင်လာစေရန် မျှော်လင့်ချက်များ ထားရှိခဲ့သည်။
‘ငါဟာ သေမျိုး လောကက လူတစ်ယောက် မဟုတ်သလို.. သေမျိုး လောကထဲကိုလည်း ပြန်မဝင်တော့ဘူး’
‘ဘိုးဘေး..’
‘ဘိုးဘေး တကယ်ပဲ.. သေမျိုးလောကထဲကို ပြန်မဝင်လာတော့ဘူးလား’
ယွင်မိုဝမ်တွင် အမြဲတမ်း ကြိုတင် ခံစားသိရှိမှု တစ်ခု ရှိနေခဲ့သည်။ ဓားနတ်သမီး ဘိုးဘေးသည် တစ်နေ့နေ့တွင် ပြန်လည် ရောက်ရှိလာမည် ဖြစ်သော်လည်း အချိန်မကျသေးခြင်းသာ ဖြစ်ကြောင်းကိုပင်။
လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က နယ်စပ်စစ်ပွဲသည်လည်း ကျန်းဟူသိုင်းလောကမှ အင်အားစု အများအပြား ပါဝင်ခဲ့သော တိုက်ပွဲကြီး တစ်ခု ဖြစ်သည်။ ကျောင်းတော် အသီးသီးက နယ်စပ်သို့ အကူအညီပေးရန် ချီတက်သွားခဲ့ကြပြီး.. ဓားနတ်သမီး ဘိုးဘေး ကိုယ်တိုင် တောင်ပိုင်းနယ်စပ်တွင် သွေးချောင်းစီး တိုက်ပွဲဝင်ခဲ့ရသည် မဟုတ်ပါလော။ ထိုအချိန်ကာလနှင့် ယခု အခိုက်အတန့်ကား မည်မျှတောင် ဆင်တူနေပါသနည်း။
ယခုအခါ ဘိုးဘေး ပြန်လည် ရောက်ရှိလာပြီ ဖြစ်ရာ ထိုမြင်ကွင်းမျိုး ထပ်မံ ထပ်တူကျလာမည်လား.. လုံးဝ ခြားနားသော ဇာတ်သိမ်း တစ်ခုဆီသို့များ ဦးတည်သွားမည်လား။
“လင်းရှောင် ဓားဂိုဏ်းသား အားလုံး..အမိန့်ကို နာခံကြ”
ယွင်မိုဝမ်က ရုတ်တရက် မတ်တတ်ရပ်လိုက်၏။
“နားလည်ပါပြီ”
အကြီးအကဲများနှင့် တပည့်များ အားလုံးသည် ဓားများကို ကိုင်ဆောင်ကာ အရိုအသေ ပြုသည့်အနေဖြင့် လက်ယှက်လိုက်ကြလေ၏။
“နတ်ဘုရားဓားကို ပင့်ဆောင်ကြ.. တောင်ပိုင်းနယ်စပ်ကို ဝင်ရောက်မယ်”
အမှတ် (၁၂) ဂူစံအိမ်.. ဝါးတောငယ်လေး အတွင်း၌
အဝေးကြီးမှ ပျံ့နှံ့လာသော ထိုသတင်းကို လီယွမ်နှင့် ဝမ်ကျောက်ကျောက်တို့လည်း ရရှိခဲ့ကြ၏။
“ဟင်”
ဝမ်ကျောက်ကျောက်မှာ မှင်တက်သွားရသည်။
“ညဇီးကွက်ဘုရင်က မန္တန်တစ်သောင်း အမိန့်တော် ကို ထုတ်ပြန်ဖို့ ဒီလိုအချိန်ကို တမင် ရွေးချယ်ပြီး.. နတ်ဘုရား သိုင်းနန်းတော်ကို ဖွင့်ကာ လောကတစ်ခွင်က သူရဲကောင်းတွေကို နယ်စပ်ဆီ ဖိတ်ခေါ်လိုက်တယ်တဲ့လား.. ဒါက သူ့အတွက် လုံးဝ အကျိုးယုတ်စေတဲ့ ကိစ္စကြီးပဲ”
“အစ်ကိုယွမ်.. ကြည့်ရတာ ကျွန်မတို့ရဲ့ အမြင်နဲ့ ခန့်မှန်းချက်တွေက ညဇီးကွက်ဘုရင်ရဲ့ အဆင့်အတန်းနဲ့ တစ်ပြေးညီ မရှိသေးဘူး ထင်တယ်”
အကြောင်းပြချက် ဆိုတာ လုံးဝ မရှိပေ။ ဝမ်ကျောက်ကျောက် အလွန်တရာ ဇဝေဇဝါ ဖြစ်သွားရလေ၏။
ညဇီးကွက်ဘုရင်၏ လုပ်ရပ်များမှာ နယ်စပ်စစ်ပွဲကို အရှိန်မြှင့်ရန် ရည်ရွယ်သည် ဆိုသည်မှာ ယုံမှားဖွယ်ရာ မရှိသော်လည်း.. တစ်ဖက်တွင်လည်း နယ်စပ်မှ ထွက်ပေါ်လာသော စစ်သူကြီး ပိုင်ချန်၏ အဆင့်အတန်းကို ပိုမို မြင့်မားသွားစေလေမည်။
နယ်စပ်ကို ပြန်လည် သိမ်းယူခြင်းမှ ရရှိလာသော ဂုဏ်သတင်းများနှင့်အတူ ဟန်ဘုရင်နှင့် ချန်ဘုရင်တို့၏ ထောက်ခံမှု ပေါင်းစပ်လိုက်ပါက.. အနာဂတ်တွင် ပိုင်ချန် အနေဖြင့် ညဇီးကွက်ဘုရင်ကို ယှဉ်ပြိုင် တန်ပြန်နိုင်မည်မှာ သေချာလှသည်။
ညဇီးကွက်ဘုရင်က အရှက်မရှိဘဲ ပိုင်ချန်ကို ဇွတ်တရွတ် သတ်ဖြတ်ပစ်မည် ဆိုပါကတော့ တစ်မျိုးပင်။
သို့သော် ထိုသို့ လုပ်ဆောင်ခြင်းက အကျိုးပြု အရာရှိများကို လုပ်ကြံသတ်ဖြတ်ကာ နန်းတွင်းကို ဖရိုဖရဲ ဖြစ်စေခြင်းပင် ဖြစ်ပြီး.. ယခင်က အလုပ်ကြိုးစားခဲ့သမျှ အရာအားလုံးကို ရယ်စရာတစ်ခု အဖြစ်သို့ ပြောင်းလဲပစ်လိုက်ခြင်းပင် ဖြစ်သည်။ ညဇီးကွက်ဘုရင် အနေဖြင့် ထိုကဲ့သို့သော ကိစ္စမျိုးကို မည်သည့်အခါမျှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။
ဝမ်ကျောက်ကျောက်က ခါးသီးစွာ ပြုံးလိုက်သည်။
“ညဇီးကွက်ဘုရင်က တာ့ယန်အတွက် အရာအားလုံး လုပ်ပေးနေတဲ့ သစ္စာရှိ ကျေးကျွန် တစ်ယောက်များ တကယ် ဖြစ်နေမလား.. ဒါကတော့ သိပ်ကို စိတ်ကူးယဉ်ဆန်လွန်းနေပြီ”