← Chapters

အခန်း ၁၆၂

Vol. 14 Ch. 162

အခန်း ၁၆၂

Vol. 14 Ch. 162

အခန်း (၁၆၂) ပူးပေါင်းတိုက်ကွက်

ကဗျာတစ်ပုဒ်တည်းက လင်းရှောင် ဓားဂိုဏ်းကို နှစ်ပေါင်းများစွာတိုင်တိုင် လှည့်စားထားနိုင်ခဲ့သည်။

နယ်စပ်စစ်ပွဲကြီး၏ အခွင့်အရေးက ဓားဂိုဏ်းကို နောက်တစ်ကြိမ် ပြန်လည် နိုးထလာစေခဲ့လေ၏။

ထိုအခိုက်အတန့်တွင် လီယွမ်၏ လိပ်ပြာသန့်မှုမှာ အနည်းငယ်မျှ အနှောင့်အယှက် ဖြစ်သွားရတော့သည်။

‘ငါသာ ကြိုသိခဲ့မယ်ဆိုရင်...’

‘သူတို့ကို ဒီထက်ပိုပြီး လှည့်စားလိုက်မှာ... အဲ့ဒီတုန်းက အချိန်သိပ်မရလိုက်တာရယ်... အတွေ့အကြုံ မရှိတာရယ်ကြောင့် ပြီးပြည့်စုံတဲ့ လှည့်စားမှုကြီးကို မဖန်တီးနိုင်ခဲ့တာ’

ရလဒ်အနေဖြင့် ယခုအခါ ဓားဂိုဏ်းမှ လူများသည် သူ၏ ဒုတိယအကြိမ် လှည့်စားခြင်းကို ခံနေရပြန်သည်။

“ယွင်ဂိုဏ်းချုပ်... အဲ့ဒီ သီးသန့် လျှို့ဝှက်နည်းစနစ်က ဘာများပါလဲ”

လီယွမ်က မေးလိုက်၏။

“ငါတို့ လင်းရှောင် ဓားဂိုဏ်းမှာ နတ်ဘုရားဓား (၇) လက် ရှိတယ်... ခေတ်တစ်ခုတည်းက ဓားကျင့်ကြံသူ သုံးယောက် ဒါမှမဟုတ် သုံးယောက်ထက် ပိုတဲ့သူတွေက အဲ့ဒီ နတ်ဘုရားဓားတွေကို ကိုင်ဆောင်ပြီး ပူးပေါင်းတိုက်ခိုက်မယ် ဆိုရင်... နတ်ဘုရားဓား ပူးပေါင်းတိုက်ကွက်ကို ဖော်ဆောင်နိုင်တယ်”

“နတ်ဘုရားဓား ပူးပေါင်းတိုက်ကွက်ကို ဖော်ဆောင်လိုက်တဲ့ အခါ.. အခြားသော နတ်ဘုရားဓားတွေနဲ့ ပဲ့တင်ထပ်မှုကို ဖြစ်ပေါ်စေနိုင်တယ်”

“အကယ်၍ နှင်းပွင့်ကြွေဓားရဲ့ ပဲ့တင်ထပ်မှုကိုသာ ငါတို့ ဖန်တီးနိုင်ခဲ့မယ် ဆိုရင်.. ဓားနတ်သမီး ဘိုးဘေးဟာ ပဲ့တင်ထပ်မှု ကနေတစ်ဆင့် တစ်ခုခုကို ခံစားသိရှိသွားပြီး.. တွေဝေနေတဲ့ အခြေအနေကနေ လွတ်မြောက်လာနိုင်ကောင်းပါရဲ့”

ယွင်မိုဝမ်က အကြောင်းရင်းကို ရှင်းပြလိုက်၏။

“ဓားနတ်သမီးက တကယ်ပဲ သေမျိုးလောကထဲကို ပြန်မလာချင်တာများလား... ဒါမှမဟုတ် တခြား အခွင့်အရေး တစ်ခုကို စောင့်နေတာများလား”

လီယွမ်က စမ်းသပ်မေးမြန်းလိုက်လေ၏။

“အင်း”

ယွင်မိုဝမ်က သက်ပြင်း ဖွဖွလေး ချလိုက်သည်။

“ဒီနည်းလမ်းကမှ အလုပ်မဖြစ်ဘူး ဆိုရင်တော့.. ဓားနတ်သမီး ဘိုးဘေးဟာ တကယ်ပဲ သတိလည်နေပြီ ဖြစ်ပေမယ့်.. ငါတို့ကို လုံးဝ တွေ့ချင်စိတ် မရှိတာ သေချာသွားပြီ”

“ဒါဆိုရင် အခုကစပြီး ငါတို့ မျိုးဆက်သစ်တွေ အနေနဲ့ ဘိုးဘေးကို နောက်တစ်ကြိမ် ထပ်ပြီး အနှောင့်အယှက် မပေးဝံ့တော့ပါဘူး”

“ဒါပေမဲ့ ဒီအခွင့်အရေးကြီးကိုတော့ ဓားဂိုဏ်း အနေနဲ့ တကယ်ပဲ လက်လွတ်မခံချင်ဘူး”

“ကျွန်တော့်ကို နတ်ဘုရားဓား တစ်လက် ကိုင်ခိုင်းပြီး ပူးပေါင်းတိုက်ကွက်မှာ ပါဝင်ခိုင်းမလို့လား”

လီယွမ်က ခေါင်းကို တရစပ် ခါယမ်းပြလိုက်သည်။

“မဖြစ်ဘူး... လုံးဝ မဖြစ်ဘူး... ကျွန်တော်က စည်းကမ်းကို လိုက်နာတဲ့ လူတစ်ယောက်ပါ”

“ဒါက ခင်ဗျားတို့ လင်းရှောင် ဓားဂိုဏ်းရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက်လေ... ကျွန်တော့်လို ပြင်ပလူ တစ်ယောက်က ဘယ်လိုလုပ်ပြီး ဝင်စွက်ဖက်လို့ ရမှာလဲ”

“လုံးဝ မရဘူး”

လီယွမ်က တရားမျှတသော လေသံဖြင့် ပြတ်ပြတ်သားသား ငြင်းဆန်လိုက်လေ၏။

“ငါ တကယ်ကို ရှက်မိပါတယ်”

ယွင်မိုဝမ်က ခါးသီးစွာ ပြုံးလိုက်သည်။

“ဒီခေတ်မှာ ငါတို့ ဓားဂိုဏ်းထဲက နတ်ဘုရားဓားကို ကိုင်ဆောင်နိုင်စွမ်း ရှိတာက ငါရယ်... ဝူပင်းရယ် နှစ်ယောက်တည်းပဲ ရှိတယ်... တစ်ယောက် လိုနေသေးတာပေါ့”

“ဒါကြောင့်မို့လို့ပဲ မင်းဆီကနေ အကူအညီ လာတောင်းရတာပါ.. ပူးပေါင်းတိုက်ကွက်ရဲ့ လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်ရင်တော့ ဖြေရှင်းဖို့ လွယ်ပါတယ်... မင်း အနေနဲ့ ဓားဂိုဏ်းကို အမည်ခံ ဝင်ရောက်ပြီး... ငါတို့ ဂိုဏ်းရဲ့ ဧည့်သည်တော် အကြီးအကဲ တစ်ယောက် အဖြစ် ခံယူလိုက်ရုံပါပဲ... ပြီးရင် ဒီလျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှ မပြောပြဘူးဆိုပြီး မင်းရဲ့ ဓားနှလုံးသားနဲ့ ကတိသစ္စာ ပြုလိုက်ပေါ့”

လင်းရှောင် ဓားဂိုဏ်းက ဤအဆင့်အထိ ရောက်လာပြီ ဆိုသည်က သူတို့ အပြည့်အဝ ကြိုတင် ပြင်ဆင်လာခဲ့ကြောင်း သက်သေပြနေသည်။

လီယွမ်က စိတ်ထဲတွင် သက်ပြင်းချလိုက်၏။

‘နှစ်ထောင်ချီပြီး အလယ်ပိုင်း လွင်ပြင်မှာ ရပ်တည်လာခဲ့တဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဧရာမ အင်အားစုကြီး တစ်ခုပီပီ.. သူတို့ရဲ့ အခြေခံ အုတ်မြစ်က တကယ်ကို နက်ရှိုင်းပြီး နည်းလမ်းပေါင်းစုံ ရှိနေတာပဲ’

“စီနီယာအစ်ကို လီယွမ်”

ဝူချင်းယင်းက ပြုံးလိုက်ပြီး ဝင်ပြောသည်။

“နတ်ဘုရားဓား ပူးပေါင်းတိုက်ကွက်ဆိုတာ ကျွန်မတို့ လင်းရှောင် ဓားဂိုဏ်းရဲ့ အဓိက လျှို့ဝှက်ချက်တွေထဲက တစ်ခုပါ... အထွတ်အထိပ် ခေတ်တုန်းကဆိုရင် ဓားသူတော်စင် ခုနစ်ပါးဟာ နတ်ဘုရားဓား (၇) လက် ပူးပေါင်းတိုက်ကွက်ကို အသုံးပြုပြီး နတ်ဆိုးမျိုးနွယ်စုရဲ့ ဧကရာဇ်ဖြစ်တဲ့ အနက်ရောင် ကျားနတ်ဆိုးကြီးကို သတ်ဖြတ်ခဲ့ဖူးပါတယ်... ဒီအရောင်းအဝယ်မှာ စီနီယာအစ်ကို သေချာပေါက် အရှုံးပေါ်မှာ မဟုတ်ပါဘူး”

“ဒါပေမဲ့ ကျွန်တော်က ကူသခင်လေ”

လီယွမ်က ပခုံးတွန့်ပြလိုက်လေ၏။

“မင်း သဘောတူမယ် ဆိုရင်တော့... ငါတို့ ဓားဂိုဏ်းက အပိုဆုကြေးတွေ အများကြီး ပေးဖို့ အသင့်ရှိပါတယ်... မင်း ဘာပဲ လိုချင်လိုချင် တောင်းဆိုနိုင်ပါတယ်”

ယွင်မိုဝမ်က ရိုးသားစွာ ပြောဆိုလိုက်၏။

လီယွမ်မှာ တွေသွားတော့၏။

ဓားနတ်သမီး၏ လျှို့ဝှက်ချက် ပေါ်ပေါက်သွားမည်ကို သူ စိုးရိမ်သော်ငြားလည်း... လင်းရှောင် ဓားဂိုဏ်းက ကမ်းလှမ်းလာသော အခြေအနေများမှာ အမှန်တကယ်ပင် ကောင်းမွန်လွန်းလှသည်။

အပိုဆုကြေးများကို ဘေးဖယ်ထားလျှင်ပင်.. ‘ပူးပေါင်းတိုက်ကွက်’ ဖြင့် ဓားနတ်သမီး၏ ပဲ့တင်ထပ်မှုကို ဖြစ်ပေါ်စေနိုင်သည် ဆိုသည့် အချက်တစ်ခုတည်းကပင် သူ့ကို ဆွဲဆောင်နိုင်ရန် လုံလောက်နေ၏။

ဒါက ဓားနတ်သမီး၏ စိတ်ဝိညာဉ်ကို ပိုမို တိုးတက်လာစေရန် ကူညီပေးနိုင်ကောင်းပါရဲ့။

ကူအင်မော်တယ်၏ ‘နှစ်သုံးရာ’ ဟူသော ကြိုတင် ဟောကိန်းမှာ တစ်ကြိမ်ပြီး တစ်ကြိမ် အချိန်တိုတောင်းလာခဲ့ပြီး... လွန်ခဲ့သော နှစ်ပေါင်း သုံးရာက ပုဂ္ဂိုလ်ကြီး ပြန်လည် ရှင်သန်လာမည့် အံ့ဖွယ် ဖြစ်ရပ်ကြီးမှာ လက်တစ်ကမ်းတွင်သာ ရှိနေတော့သကဲ့သို့ပင်။

သို့သော်လည်း..သူ၏ လျှို့ဝှက်ချက်များ ပေါ်ပေါက်သွားမည့် အန္တရာယ်ကို ပေးဆပ်ရမည် ဆိုပါက... သူသည် စောင့်ဆိုင်းကာ အခြား အခွင့်အရေးများကိုသာ ရှာဖွေချင်သည်။

လင်းရှောင် ဓားဂိုဏ်းမှ လူများသည် စီနီယာအစ်မကြီးကဲ့သို့ အရူးအမူး ချစ်တတ်သူများ မဟုတ်ကြပေ။ သူတို့သည် လီယွမ်၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားပေးမည် မဟုတ်သလို... သူ၏ အဓိပ္ပာယ်မရှိသော စကားများကိုလည်း နားထောင်ပေးမည် မဟုတ်ချေ။ နောက်ဆုံးတွင် အဆင်မပြေသော အခြေအနေ တစ်ခုဆီသို့သာ သေချာပေါက် ဦးတည်သွားမည် ဖြစ်လေ၏။

“ယွင်ဂိုဏ်းချုပ်... ကျွန်တော့်ကို သေချာ စဉ်းစားခွင့် ပြုပါဦး”

လီယွမ်က လက်ယှက်ကာ အရိုအသေ ပြုလိုက်သည်။ လုံခြုံရေးကို အပြည့်အဝ အာမမခံနိုင်ဘဲနှင့် ဤအခွင့်အရေးကို အရမ်းကာရော လက်မခံဝံ့ပေ။

“ကောင်းပြီလေ”

ထိုသို့ ပြောဆိုပြီးသည်နှင့် ယွင်မိုဝမ်က ဆက်လက် ဖိအားမပေးတော့ချေ။

“နယ်စပ်စစ်ပွဲက အချိန်တိုအတွင်း ပြီးဆုံးမှာ မဟုတ်ဘူး... နယ်စပ် ငြိမ်းချမ်းသွားတဲ့ အချိန်အထိ ငါတို့ တောင်ပိုင်းနယ်စပ်မှာပဲ နေပြီး သတင်းကောင်းကို စောင့်နေပါ့မယ်”

ထိုသို့ ပြောပြီးနောက် ဓားဂိုဏ်း အဖွဲ့သားများ ထွက်ခွာသွားကြတော့သည်။

ကျိုးဝူပင်းသည် အမှတ် (၁၂) ဂူစံအိမ်မှ အပြင်သို့ ထွက်လိုက်သည်နှင့်... ကျိုးပဲ့နေသော ဓားငယ်လေး၏ အသံက သူ၏ ခေါင်းထဲတွင် ပဲ့တင်ထပ်လာလေ၏။

‘သခင်... အဲ့ဒီလူရဲ့ ဓားသိုင်း ပါရမီက ပိုပြီး အားကောင်းလာသလိုပဲ... သူက သေချာပေါက် ကူသခင် တစ်ယောက် ဖြစ်နေပေမယ့် ဓားနတ်ဘုရား တစ်ပါးရဲ့ အသွင်အပြင်မျိုး ရှိနေတယ်’

‘သိပြီ’ ဟု ကျိုးဝူပင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။

‘သခင်... သူက သေချာပေါက် တိတ်တဆိတ် ဓားသိုင်း လေ့ကျင့်နေတာပဲ... ဖြစ်နိုင်တာက သူက လမ်းစဉ် နှစ်ခုစလုံးကို ပြိုင်တူ လေ့ကျင့်ချင်နေပေမယ့် လူသိမခံချင်လို့ နေမှာ’

ကျိုးပဲ့နေသော ဓားငယ်လေးက ဆက်ပြောသည်။

‘ဓားသမားတွေနဲ့ ပတ်သက်လာရင် ကျွန်တော့်ရဲ့ အာရုံခံနိုင်စွမ်းက ဘယ်တော့မှ မမှားဘူး’

‘ကောင်းပါပြီ... နားလည်ပါပြီ’

ကျိုးဝူပင်းက နောက်တစ်ကြိမ် လေးကန်စွာဖြင့် ပြန်ဖြေလိုက်ပြန်၏။

‘သခင်.. ခင်ဗျား စိတ်မဝင်စားဘူးလား’

ကျိုးပဲ့နေသော ဓားငယ်လေးမှာ စိတ်လှုပ်ရှားလာ၏။

‘မင်း အဲ့ဒီလောက်တောင် သိချင်နေရင်... သူနဲ့ အတူတူ သွားလိုက်ပါလား’ ဟု ကျိုးဝူပင်းက နောက်ပြောင်လိုက်သည်။

‘သခင်.. ခင်ဗျားက ဒီလို လုပ်ပြန်ပြီ’

ဓားငယ်လေးက ညည်းညူလိုက်၏။

“သိချင်စိတ်က ကြောင်ကို သတ်တယ်ဆိုတဲ့ စကား ရှိတယ်”

ကျိုးဝူပင်းက ဆက်ပြောသည်။

“အရင်တုန်းက အဖြစ်အပျက်ကို မင်း မှတ်မိသေးလား... မင်းကို ငါ ပထမဆုံး အကြိမ် ထုတ်သုံးမိတုန်းက လူဘယ်နှစ်ယောက်လောက် ငါ့ကို လိုက်သတ်ပြီး ဒုက္ခပေးခဲ့ကြလဲ... ငါ တကယ် သေတော့မလို့ပဲ”

“နောက်ဆုံးတော့ ငါတို့ ပူးပေါင်းပြီး သူတို့ အားလုံးကို သတ်ပစ်လိုက်တယ်... သက်သေ အထောက်အထားတွေ အကုန် ဖျက်ဆီးပစ်ပြီး ဘယ်သူ့ကိုမှ အသက်ရှင်ခွင့် မပေးခဲ့ဘူးလေ”

“သူများရဲ့ လျှို့ဝှက်ချက်တွေကို သွားစပ်စုရင် အဲ့ဒီလိုမျိုး အဖြစ်ခံရမှာပဲ... မင်းရဲ့ သခင်ကို နှုတ်ပိတ်ဖို့ အသတ်ခံရတာမျိုး မင်း မလိုချင်ဘူး မဟုတ်လား”

‘သခင် ပြောတာ မှန်တယ်’

ကျိုးပဲ့နေသော ဓားငယ်လေးက ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။

စီနီယာအစ်ကို လီယွမ်သည် ကြည့်ရသည်မှာ ချဉ်းကပ်ရ လွယ်ကူပြီး... အထီးကျန်နေသော အဘိုးအို တစ်ဦးကဲ့သို့ တောင်တန်းများပေါ်တွင်သာ အချိန်ဖြုန်းနေသူဟု ထင်ရသော်ငြားလည်း...

“အဲ့ဒီလို လူမျိုးတွေက သတ်ဖြတ်တဲ့ နေရာမှာ အကြမ်းတမ်းဆုံးပဲ... မင်းကို ပြန်ခုခံဖို့တောင် အခွင့်အရေး ပေးမှာ မဟုတ်ဘူး”

“ငါ.. သူတို့ကို သွားမစဝံ့ဘူး”

ကျိုးဝူပင်းသည် အရာရာကို အေးအေးဆေးဆေး သဘောထားတတ်ပြီး မိမိကိစ္စကိုသာ မိမိ အာရုံစိုက်ကာ အခြားသူများ၏ အကောင်းအဆိုး ကိစ္စများတွင် မည်သည့်အခါမျှ ဝင်ရောက် စွက်ဖက်လေ့ မရှိပေ။

အလွန်တရာ ချမ်းသာကြွယ်ဝသူများကိုလည်း မနာလို မဖြစ်သလို... ဒုက္ခတွင်းထဲ ကျရောက်နေသူများကိုလည်း ခဲနှင့် ပေါက်လေ့ မရှိချေ။

...

ဝါးတောငယ်လေး အတွင်း၌

လီယွမ်သည် နှစ်ဖက်စလုံး ကျေနပ်နိုင်မည့် အဖြေတစ်ခုကို စဉ်းစား၍ မရသောကြောင့်... နောက်ဆုံးတွင် လက်လျှော့လိုက်ရတော့သည်။

အကယ်၍ အဆင်မပြေခဲ့ပါက... နောက်တစ်ကြိမ် လာသည့်အခါ ထပ်ပြီး ငြင်းလိုက်ရုံသာ။

သို့သော် လင်းရှောင် ဓားဂိုဏ်းက နတ်ဘုရားဓား (၇) လက်ထဲမှ တစ်လက်ကို ကိုင်ဆောင်ပြီး ပူးပေါင်းတိုက်ကွက်ကို ဖော်ဆောင်နိုင်မည့် အခြား တစ်ယောက်ယောက်ကို ရှာတွေ့သွားမည်ကိုလည်း သူ အနည်းငယ် စိုးရိမ်နေမိလေ၏။

“ထားလိုက်ပါတော့... ဘာလို့ ဒီလောက်တောင် တွေးနေရတာလဲ”

လီယွမ်သည် အနှောင့်အယှက် ဖြစ်စေသော အတွေးများ အားလုံးကို ဖယ်ရှားလိုက်တော့သည်။

ဘဝဆိုသည်မှာ ကြိုတင် မခန့်မှန်းနိုင်သော အရာများဖြင့် ပြည့်နှက်နေသည် မဟုတ်ပါလော။

ဓားဂိုဏ်းမှ လာရောက် လည်ပတ်ခြင်းမှာ သေးငယ်သော အဖြစ်အပျက်လေး တစ်ခုသာ ဖြစ်သည်။ သူသည် ကူသန့်စင်ခြင်း ဘဝသို့ ပြန်လည် ဝင်ရောက်သွားပြီး... အစားစားချိန် သို့မဟုတ် အားလပ်ချိန်များတွင် ရှောင်ကျောက် ယူဆောင်လာသော သတင်းများကို နားထောင်ရင်း အချိန်ဖြုန်းနေလေ၏။

တစ်ခါတစ်ရံတွင် ကျန်းဟူသိုင်းလောကမှ စိတ်ဝင်စားဖွယ် ဇာတ်လမ်းလေးများ ထွက်ပေါ်လာတတ်သည်။

ဥပမာအားဖြင့် ဆူရှင်း အဆောက်အအုံမှ ပညာရှင်များသည် တောင်ပိုင်း နယ်စပ်ဒေသသို့ ရောက်ရှိလာပြီးနောက် ပထမဆုံး လုပ်ဆောင်ခဲ့သည့် အရာမှာ... အဖွဲ့လိုက် ရင်းနှီးမှု တည်ဆောက်ရေး ဟူသော ခေါင်းစဉ်ဖြင့် ပြည့်တန်ဆာရုံ တစ်ရုံသို့ သွားရောက်ခဲ့ကြခြင်း ဖြစ်ပြီး... ထိုနေရာတွင် သူတို့၏ ဗဟုသုတ ကြွယ်ဝမှုနှင့် ပါရမီများကို အသုံးချကာ အလှဆုံး ပြည့်တန်ဆာမလေး၏ မျက်နှာသာပေးမှုကို ရယူနိုင်ခဲ့ကြ၏။

အမှန်တကယ်တွင်မူ ထိုပြည့်တန်ဆာမလေးမှာ ရုပ်ဖျက်ထားသော နတ်ဆိုးမလေး တစ်ကောင် ဖြစ်နေပြီး... ပညာရှင်လေးမှာ ထောင်ချောက်ထဲသို့ သက်ဆင်းသွားကာ နတ်ဆိုးမလေးနှင့် တစ်ညလုံး သဲသဲမဲမဲ တိုက်ပွဲဝင်ခဲ့ရလေ၏။

နောက်ဆုံးတွင် ပညာရှင်လေးသည် သူ၏ တောင့်တင်း ခိုင်မာလှသော ကြွက်သားများကို အသုံးချကာ နတ်ဆိုးမလေးကို သေသည်အထိ ရိုက်နှက် သတ်ဖြတ်နိုင်ခဲ့သည်။

နဂါးကျားတောင်မှ တာအို ဘုန်းကြီး တစ်ယောက်က မုဆိုးမ တစ်ဦးနှင့် အတူ အိပ်စက်ခဲ့ရာ... ထိုမုဆိုးမ၏ သားဖြစ်သူက မိမိ၏ မိခင်မှာ သူ၏ ပထမဆုံး အချစ်ဦး ဖြစ်သည်ဟု အော်ဟစ်ကာ ရပ်ကွက် (၁၈) ခုတိုင်တိုင် ဓားဖြင့် လိုက်ခုတ်ခြင်း ခံခဲ့ရသည့် ဇာတ်လမ်းလည်း ရှိသေးသည်။ ထိုသနားစရာ တာအိုဘုန်းကြီးမှာ အချစ်အတွက်ကြောင့် သူ၏ ခံစားချက်များကို မခုခံနိုင်တော့ဘဲ လူဝတ်ကြောင်ဘဝသို့ ပြန်လည် ရောက်ရှိသွားခဲ့လေ၏။

ရွှီတောင်မှ ဂျူနီယာမောင်လေးနှင့် နတ်ဆိုးမလေးတို့ အတူတကွ ကမ္ဘာမြေ၏ အဆုံးစွန်ထိတိုင် ထွက်ပြေးသွားကြသည့် ဇာတ်လမ်းလည်း ပါဝင်သေးသည်။

ထိုအံ့သြ တုန်လှုပ်ဖွယ် သတင်းများကြောင့် လီယွမ်မှာ မှင်တက်သွားရတော့သည်။

‘လောကီ သံယောဇဉ်တွေကို ဖြတ်တောက်ဖို့ တောင်သုံးလုံးက လူတွေ သေမျိုး လောကထဲ ဝင်လာမယ်’ ဆိုတဲ့ ကတိကကော ဘယ်ရောက်သွားပြီလဲ..

ကျန်းဟူသိုင်းလောကရဲ့ ကောလဟာလတွေကပဲ ယုံကြည်ရခက်နေတာလား... ဒါမှမဟုတ် ဒါကပဲ တောင်သုံးလုံးက လူတွေရဲ့ စစ်မှန်တဲ့ သဘာဝများလား..

ကိုယ်ကျင့်တရားတွေ ပျက်စီးသွားတာလား... လူ့သဘာဝတွေ ယိုယွင်းသွားတာလား..

ထိုသတင်းများ အားလုံးထဲတွင် လီယွမ်၏ ရင်ထဲ၌ တစ်စုံတစ်ခုကို လှုပ်ခတ်သွားစေသည့် သတင်းတစ်ပုဒ်သာ ရှိသည်။

မြောက်ပိုင်း ရေခဲပြင်ကြီးမှ ချီလင်ဘုရင် အန်းထိုယွမ်နှင့် နတ်ဆရာမ အန်းမူယာတို့သည် ရေခဲပြင်မှ စစ်သည် တစ်ထောင်ကို ဦးဆောင်ကာ တောင်ပိုင်းနယ်စပ်သို့ ရောက်ရှိလာပြီ ဆိုသည့် သတင်းပင်။

All Chapters