← Chapters

အခန်း ၁၆၃

Vol. 14 Ch. 163

အခန်း ၁၆၃

Vol. 14 Ch. 163

အခန်း (၁၆၃) ဓားသူတော်စင် လေးပါး

“မြောက်ပိုင်း ရေခဲပြင်ကြီးက မျိုးနွယ်စုတွေတောင် ရောက်လာကြပြီလား”

လီယွမ်က သက်ပြင်းရှည်ကြီးကို ရှူသွင်းလိုက်လေ၏။

အဒေါ်ဖြစ်သူ အန်းမူယာ ပြောခဲ့ဖူးသော စကားများကို သူ ပြန်လည် သတိရမိ၏။ ချီလင်ဘုရင် အန်းထိုယွမ် ဆိုသည်မှာ သူ၏ မိခင်ဘက်မှ အဘိုးတော်စပ်သူ ဖြစ်ပြီး ယခုအခါ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော်လည်း သူ့ကို တွေ့မြင်လိုစိတ် အမြဲရှိနေခဲ့ကြောင်းပင်။

သို့သော် သင့်တော်သော အခွင့်အရေးကား တစ်ကြိမ်တစ်ခါမျှ ပေါ်ထွက်မလာခဲ့ချေ။

အချိန်ကာလကို တွက်ဆကြည့်မည် ဆိုပါက မိခင်ဘက်မှ အဘိုးတော်စပ်သူ ချီလင် ဘုရင် အန်းထိုယွမ်သည်လည်း သက်တမ်း ကုန်ဆုံးလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

‘တောင်ပိုင်းနယ်စပ်ကို လာတဲ့ ဒီခရီးစဉ်က ငါ့ကို နောက်ဆုံးအနေနဲ့ တစ်ခေါက်လောက် လာတွေ့ချင်တဲ့ အခွင့်အရေးများလား’

‘ပြီးခဲ့တဲ့အကြိမ်က အဒေါ် ..ငါ့ကို လာရှာတုန်းက လျှို့ဝှက်မြို့စား ယွင်ရှန်ယင်းရဲ့ ခြေရာခံတာကို ခံလိုက်ရပြီးကတည်းက နောက်ထပ် တစ်ခါမှ မလာတော့ဘူး’

‘ဒီတစ်ခေါက် အခြေအနေက အရမ်းကို အထိမခံတဲ့ အနေအထားမှာ ရှိနေတာ... အဒေါ်သာ လုံးဝ သေချာမှု မရှိဘူး ဆိုရင် သတိလက်လွတ်နဲ့ ဘာမှ လုပ်မှာ မဟုတ်ဘူး မလား’

လီယွမ်မှာ အတွေးများနေတော့၏။ သူ တစ်ခါမှ မမြင်ဖူးခဲ့သော မိခင်ဘက်မှ အဘိုးဖြစ်သူကို သူလည်း တွေ့ဆုံချင်၏။ သို့သော် အရာအားလုံးက လုံးဝ ဘေးကင်းလုံခြုံမှု ရှိသည့် အခြေအနေ အောက်တွင်သာ ဖြစ်ရမည်လေ။

“နယ်စပ်စစ်ပွဲက အချိန်အကြာကြီး ဆက်ဖြစ်နေဦးမှာပဲ... အခွင့်အရေး ဆိုတာကတော့ အမြဲတမ်း ရှိနေမှာပါ”

လီယွမ်သည် ဆက်လက် တွေးတောမနေတော့ဘဲ ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ကာ တိတ်တဆိတ် အစီအစဉ်ချရင်း သင့်တော်သော အခွင့်အရေးကိုသာ စောင့်ဆိုင်းနေလိုက်တော့သည်။

...

နယ်စပ်ဒေသမှာ တစ်နေ့တခြား ပိုမို စည်ကားလာ၏။

ကျန်းဟူသိုင်းလောကမှ လူများ စုစည်းမိကြချိန်တွင် ပွတ်တိုက်မှုများ ဖြစ်ပေါ်လာရန်မှာ ရှောင်လွှဲ၍ မရနိုင်သော ကိစ္စပင်... ကြီးငယ်မရွေး အချင်းများမှုများ မကြာခဏ ဆိုသလို ဖြစ်ပွားတတ်လေ၏။

လူအများကြားတွင် ခေါင်းစဉ်ပေါင်းစုံကို ဆွေးနွေးပြောဆိုကာ ပျော်ရွှင်နေကြ၏။

ဥပမာအားဖြင့် ယခင် မျိုးဆက်၏ အလယ်ပိုင်း လွင်ပြင် သူရဲကောင်း လေးဦးနှင့် လက်ရှိ မျိုးဆက်၏ အလယ်ပိုင်း လွင်ပြင် သူရဲကောင်း လေးဦးတို့ အဆင့်တူ အခြေအနေတွင် ရင်ဆိုင်ရပါက မည်သူက ပို၍ အားကောင်းမည်နည်း ဆိုသည့် အငြင်းပွားမှုမှာ ကြီးမားသော ဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

လီယွမ်သည် ရှောင်ကျောက်ထံမှ ထိုကဲ့သို့သော သတင်းများကို မကြာခဏ ကြားသိရလေ့ ရှိသည်။

“အစ်ကိုယွမ်... သိပ်မကြာသေးခင်က အလယ်ပိုင်း လွင်ပြင် သူရဲကောင်း လေးဦးဟာ နယ်စပ် လွင်ပြင်ကြီးထဲကို အတူတကွ ဝင်ရောက်ပြီး နတ်ဆိုးတွေကို သတ်ဖြတ်ရာမှာ ဘယ်သူက အတော်ဆုံးလဲ ဆိုတာကို ဆုံးဖြတ်ဖို့ ယှဉ်ပြိုင်ခဲ့ကြတယ်... ဘယ်သူ နိုင်သွားလဲ ခန့်မှန်းကြည့်ပါဦး”

ဝမ်ကျောက်ကျောက်က ပြုံးရွှင်စွာ မေးလိုက်၏။

လီယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး..

“နေပါဦး... အလယ်ပိုင်း လွင်ပြင် သူရဲကောင်း လေးဦး ဆိုတာ ဘယ်သူတွေလဲ”

ဝမ်ကျောက်ကျောက်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားရလေ၏။

‘လောကတစ်ခွင်က အင်အားစု အသီးသီးက စောင့်ကြည့်နေကြရတဲ့ ဒီလို ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးတွေကို အစ်ကိုယွမ်က လုံးဝ ဂရုမစိုက်တဲ့ ပုံစံမျိုး ဖြစ်နေတာကိုး’

“ရှူတောင်က မဟာသခင် ညီအစ်ကို ရွှီရှောင်ယောင်”

“လက်နက်တစ်ရာဂိုဏ်းက မြန်ဆန်တဲ့ ဓားသမား ယဲ့ကျင်းဟုန်” (သန့်စင်ခြင်း တစ်ရာဂိုဏ်း)

“ထျန်းဝေ့ထျန်းက ကျောက်စိမ်း မျက်နှာနဲ့ အသူရာ ချင်ချန်”

“ဆူရှင်း စံအိမ်က ဆရာမ လျူချင်း”

“ဒီလူတွေ အားလုံးက သတ္တမအဆင့် မဟာသခင် နယ်ပယ်မှာ ထိပ်တန်း ပါရမီရှင်တွေ ဖြစ်ပြီး အဋ္ဌမအဆင့် သိုင်းသူတော်စင် အဆင့်နဲ့ အလွန် နီးကပ်နေကြပြီ... နောက်နှစ်အနည်းငယ် ကြာရင် သူတို့ဟာ ကျန်းဟူသိုင်းလောကရဲ့ မျိုးဆက်သစ်တွေထဲမှာ အဓိက မဏ္ဍိုင်တွေ ဖြစ်လာကြမှာပါ”

ဝမ်ကျောက်ကျောက်သည် အဖွဲ့အစည်း အသီးသီးမှ အရေးပါသော ပုဂ္ဂိုလ်များ၏ အခြေခံ သတင်းအချက်အလက်များကို အလွန် ကျွမ်းကျင်စွာ သိရှိထားပြီး အလွတ်ပင် ရွတ်ဆိုပြနိုင်သည်။

လီယွမ်က ရယ်လိုက်သည်။

“နာမည်နဲ့ ဂုဏ်ပုဒ်တွေကို ကြည့်ရသလောက်တော့ ယဲ့ကျင်းဟုန်က ပိုပြီး အထင်ကြီးစရာ ကောင်းမယ် ထင်တယ်”

“မှားတယ်”

ဝမ်ကျောက်ကျောက်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ဆိုသည်။

“အဲ့ဒီ ပြိုင်ပွဲမှာ နတ်ဆိုးတွေကို အများဆုံး သတ်နိုင်ခဲ့တာက ဆူရှင်း စံအိမ်က ဆရာမ လျူချင်းပါ”

“ပညာရှင်တွေ အားလုံးက ဒီလောက်တောင် ကြမ်းကြတာလား”

လီယွမ်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။

“အင်း”

ဝမ်ကျောက်ကျောက်က ခေါင်းညိတ်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

“ဒါပေမဲ့လေ... ကျန်းဟူသိုင်းလောကရဲ့ လူငယ်မျိုးဆက်သစ်တွေထဲမှာ တကယ်ပဲ နှိုင်းယှဉ်ရမယ် ဆိုရင် ရှောင်ကျောက်ကတော့ အစ်ကိုယွမ်က အသန်မာဆုံးလို့ ထင်တယ်”

“မင်း တစ်ခါမှ တိုက်ပွဲဝင်တာ မမြင်ဖူးဘဲနဲ့ ဘယ်သူက သိမှာလဲ”

လီယွမ်က ရယ်လိုက်၏။

“ဒါက ခံစားချက်ပါ”

ဝမ်ကျောက်ကျောက်က ပြုံးလိုက်ပြီး ဆက်ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မမှာ အမြဲတမ်း ကောင်းမွန်တဲ့ ခံစားချက်မျိုး ရှိနေတယ်... အစ်ကိုယွမ်က သူတို့ထက် အများကြီး ပိုစွမ်းဆောင်နိုင်မှာ သေချာတယ်... လောကီ ဂုဏ်သတင်းတွေကို ဂရုမစိုက်လို့သာ နေမှာပါ”

“ဒါတင် မကသေးဘူး...”

“သူရဲကောင်း လေးဦးထဲက တစ်ယောက်ဖြစ်တဲ့ ရွှီရှောင်ယောင်ကို အနိုင်ယူခဲ့ဖူးတဲ့ ကျိုးဝူပင်းတောင်မှ အစ်ကိုယွမ်ကို ထိတ်လန့် ကြောက်ရွံ့နေတုန်းပဲလေ... ပါရမီရှင်တွေ ဆိုတာ မာနကြီးပြီး ထောင်လွှားတတ်ကြတာချည်းပဲ... ပါရမီရှင် တစ်ယောက်ဆီကနေ ရိုသေလေးစားမှုကို ရနိုင်တယ် ဆိုတဲ့ အချက်က အစ်ကိုယွမ်ဟာ သူ့ထက် အများကြီး သာလွန်နေတယ် ဆိုတာကို သက်သေပြနေတာပဲ”

“မင်းရဲ့ အမြင်က တော်တော် ထက်မြက်တာပဲ”

လီယွမ်က ချီးကျူးလိုက်လေ၏။

“ကျွန်မရဲ့ ရုပ်ခန္ဓာ မျက်လုံးတွေက ကွယ်နေပေမယ့် စိတ်ပိုင်းဆိုင်ရာ မျက်လုံးတွေကတော့ အရာအားလုံးကို မြင်နိုင်တယ်လေ”

ဝမ်ကျောက်ကျောက်မှာ အနည်းငယ် ဂုဏ်ယူနေတော့သည်။

လီယွမ်က ရယ်လိုက်ပြီး ဆိုသည်။

“ဒါဆို အရင် မျိုးဆက်တွေထဲမှာ ဘယ်သူက အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့လဲ”

သူ၏ ပစ်မှတ်မှာ လူငယ် မျိုးဆက်သစ်များ မဟုတ်ပေ။ သူ၏ အာရုံစိုက်မှုက အဋ္ဌမအဆင့် သိုင်းသူတော်စင် အပေါ်တွင်သာ ရှိနေသည်။ ဤနယ်ပယ်တွင် အဆင့် ကြီးကြီးမားမား ကွာဟမှု (၃) ခု ရှိပြီး တိုက်ခိုက်ရေး စွမ်းအားမှာလည်း အဆမတန် ကွာခြားလှသည်။

အလယ်အလတ် မျိုးဆက်နှင့် အသက်အကြီးဆုံး မျိုးဆက်များ အားလုံးသည် စင်မြင့် တစ်ခုတည်းပေါ်တွင် ယှဉ်ပြိုင်နေကြရသဖြင့် အခြေအနေမှာ ဖရိုဖရဲ ဖြစ်နေလေ၏။

“အဲ့ဒါဆိုရင်တော့ ဇာတ်လမ်းတွေက ပိုပြီး များသွားပြီပေါ့”

ဝမ်ကျောက်ကျောက်က စိတ်အားထက်သန်စွာဖြင့် ဆက်ပြောသည်။ “ပထမဆုံး အနေနဲ့ လောကကြီးက စိတ်ဝင်တစား ပြောဆိုနေကြတဲ့ ဓားသူတော်စင် လေးပါး အကြောင်း ရှိတယ်”

ကျန်းဟူသိုင်းလောကတွင် ထိုတောက်ပလှသော သူရဲကောင်းများနှင့် အင်အားကြီးမားသော သူရဲကောင်းများ.. ထို့ပြင် အလှဆုံးသော အမျိုးသမီးများကိုပင် အလွန် မိုက်မဲသော ဂုဏ်ပုဒ်များ ပေးလေ့ရှိကြ၏။

ဓားသူတော်စင်များကို သုံးသပ်ခြင်းမှာ ကျန်းဟူသိုင်းလောကမှ လူများအတွက် မရှိမဖြစ် လိုအပ်သော လှုပ်ရှားမှု တစ်ခုပင် ဖြစ်လေ၏။

‘ဓားသူတော်စင်’ ဟူသော ဝေါဟာရသည် စစ်မှန်သော နတ်ဘုရား တစ်ပါးကို ရည်ညွှန်းခြင်း မဟုတ်ဘဲ တိကျသော အမူအရာနှင့် ပါရမီကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဤဘွဲ့နာမကို ဓားသမား တစ်ဦး၏ ခွန်အားနှင့် လောကကို ကျော်လွန်ကာ ပိုမို မြင့်မားသော နယ်ပယ်သို့ တက်လှမ်းနိုင်မည့် အလားအလာကို ချီးကျူးရန် အသုံးပြုကြခြင်း ဖြစ်သည်။

သမိုင်း တစ်လျှောက်လုံး မည်သည့် ခေတ်ကာလတွင်မဆို ‘ဓားသူတော်စင်’ ဟူသော ဘွဲ့နာမသည် ဓားသမားများ အတွက် အမြင့်ဆုံးသော အသိအမှတ်ပြုမှု တစ်ရပ်ပင် ဖြစ်လေ၏။

“ဓားသူတော်စင် လေးပါးရဲ့ ခေါင်းဆောင်က စစ်သူကြီး ပိုင်ချန် ဖြစ်ပြီး သူ့ကို စစ်သားတွေရဲ့ ဓားသူတော်စင် လို့ လူသိများတယ်... သူက အဝါရောင် သဲပြင်တွေပေါ်မှာ မြင်းကို စီးနင်းပြီး တိုက်ပွဲဝင်တဲ့အခါ သူ့ရဲ့ ဓားက သွေးတွေနဲ့ တောက်ပနေတတ်တယ်... တစ်ဝက်လောက် လိပ်ထားတဲ့ စုတ်ပြဲနေတဲ့ အလံက လောကကြီးရဲ့ ကျယ်ပြောလှမှုကို သက်သေပြနေတာပေါ့”

“စစ်မြေပြင်မှာ သူက ပြိုင်ဘက်ကင်းပဲ... ဓားသူတော်စင် လေးပါးထဲမှာ သတ်ဖြတ်လိုစိတ် အပြင်းထန်ဆုံးနဲ့ မကောင်းဆိုးဝါး အငွေ့အသက် အားအကောင်းဆုံး ပုဂ္ဂိုလ်ပဲ”

“တချို့က စစ်တပ်ရဲ့ ပံ့ပိုးမှုသာ ပါမယ်ဆိုရင် ဒီဓားသူတော်စင်ဟာ ညဇီးကွက်ဘုရင်ကိုတောင် ရင်ဆိုင်နိုင်စွမ်း ရှိတယ်လို့ ပြောကြတယ်”

ဝမ်ကျောက်ကျောက်က ရှင်းပြလိုက်၏။

“မင်း ယုံလား” လီယွမ်က ပြုံး၍ မေးလိုက်၏။

“မယုံပါဘူး”

ဝမ်ကျောက်ကျောက်က ဘင်ခရာလေး တစ်ခုလို ခေါင်းကို တရစပ် ခါယမ်းပြလိုက်သည်။

“ကျန်းဟူသိုင်းလောကထဲက သီအိုရီ မျိုးစုံကတော့ ပြိုင်ဘက်ကင်းတယ်ချည်း ပြောကြတာပဲ... လူတိုင်းက ညဇီးကွက်ဘုရင်ကို ရင်ဆိုင်ရဲတဲ့ သတ္တိတွေ ရှိနေကြပေမယ့် အဆုံးကျတော့ နည်းနည်းလေး ထိလိုက်တာနဲ့ အားလုံး ပြိုလဲသွားကြတာပါပဲ”

“အရင်တုန်းက လင်းယွဲ့ ယူဘုရင်က အကောင်းဆုံး ဥပမာ တစ်ခုပဲလေ”

နိုင်ငံရေး အခင်းအကျင်းက မည်မျှပင် ဖရိုဖရဲ ဖြစ်နေပါစေ.. ကျန်းဟူသိုင်းလောက၏ နန်းတွင်းထဲတွင် နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများ မည်မျှပင် ထွက်ပေါ်လာပါစေ... ညဇီးကွက်ဘုရင်ကတော့ ယနေ့ခေတ်၏ အကြီးမြတ်ဆုံးသော သိုင်းပညာရှင် အဖြစ် အများက အသိအမှတ်ပြုထားဆဲ ဖြစ်ပြီး.. သူ၏ အထွတ်အထိပ် နေရာမှာ လုံးဝ မတုန်လှုပ်ချေ။

သူ့ထံမှ ထွက်ပေါ်လာသော ဖိနှိပ်မှု ခံစားချက် တစ်ခုတည်းကပင် ‘ဓားသူတော်စင်’ ဟူသော ဘွဲ့နာမက မယှဉ်သာအောင် ကြီးမားလွန်းလှသည်။

“ဆက်ပြောပါဦး”

လီယွမ်က တိတ်ဆိတ်စွာ နားထောင်နေလေ၏။

“ဒုတိယ တစ်ယောက်ကတော့ လျှို့ဝှက် ဓားသူတော်စင်.. လျှို့ဝှက်မြို့စား ယွင်ရှန်ယင်းပဲ... ထင်းရှူးပင်တွေ ကြားက သူ့ရဲ့ အော်ဟစ်သံက တိမ်တွေကိုတောင် လွင့်သွားစေနိုင်ပြီး လေပြေလေညင်းတွေကို ဖြတ်တောက်ရင်း သူက ရယ်နေတတ်တယ်”

“သူက သူ့ခေတ်သူ့အခါမှာ အမြန်ဆုံး ဓားသမား အဖြစ် ချီးကျူးခံခဲ့ရတယ်... အမြန်နှုန်း တစ်ခုတည်းကို ပြောရရင် သူ့ကို ဘယ်သူမှ မကျော်လွန်နိုင်ဘူး”

“သူက ညဇီးကွက် အစောင့်တပ်မှာ ဒုတိယ အင်အား အကြီးဆုံး ပုဂ္ဂိုလ် ဖြစ်ပြီး အနာဂတ်မှာ ညဇီးကွက်ဘုရင် ဆိုတဲ့ ဘွဲ့ကို ဆက်ခံဖို့ အလားအလာ အများဆုံး သူပဲ”

ဝမ်ကျောက်ကျောက်သည် ညဇီးကွက် အစောင့်တပ်ကို မနှစ်သက်သောကြောင့် လျှို့ဝှက်မြို့စား ယွင်ရှန်ယင်းနှင့် ပတ်သက်၍ များများစားစား မှတ်ချက် မပေးချင်ပေ။

“တတိယ တစ်ယောက်ကတော့ စာအုပ်နှင့် ဓား သူတော်စင်.. ဆူရှင်း အဆောက်အအုံရဲ့ အရှင်သခင် မုန့်ချင်းချီ ပဲ... သူက ဆီမီးရောင်အောက်မှာ နှစ်ထောင်ချီ သက်တမ်းရှိတဲ့ စာလိပ်တွေကို ဖတ်ရှုခဲ့ပြီး စာရွက်ပေါ်က အေးစက်တဲ့ အလင်းရောင်က လူတစ်ယောက်ရဲ့ ဝိညာဉ်ကိုတောင် ချိုးဖျက်ပစ်နိုင်တယ်”

“ဓားမပါဘဲ ပိုပြီး စွမ်းဆောင်နိုင်တယ်လို့ ပြောကြတဲ့ ဒီလူဟာ ဓားဆန္ဒကို ပိုင်နိုင်စွာ အသုံးချတဲ့ နေရာမှာ အထွတ်အထိပ် အဆင့်ကို ရောက်နေပြီ”

“ကဗျာတွေက အဓိပ္ပာယ်တွေကို စုစည်းပေးပြီး အဆိပ်တွေ ထွေးထုတ်လိုက်တာက လူသေစေနိုင်တယ်... ဒါက ထူးဆန်းတာထက်ကို ပိုပြီး နက်နဲလွန်းတယ်”

“နောက်ထပ် ပညာရှင် တစ်ယောက်လား”

လီယွမ်က ရယ်လိုက်သည်။ ထျန်းယွမ် တိုက်ကြီးမှ ပညာရှင်များသည် အမှန်တကယ်ပင် ကြီးကျယ်ခမ်းနားသော လမ်းကြောင်း တစ်ခုကို ဖန်တီးထားပြီး ကျန်းဟူသိုင်းလောက၏ ပြိုင်ဆိုင်မှုများ ကြားတွင်ပင် သူတို့၏ ကိုယ်ပိုင် နေရာ တစ်ခုကို အခိုင်အမာ ရပ်တည်ထားနိုင်ကြ၏။

“နောက်ဆုံး တစ်ယောက်ကတော့ ပန်းဓား သူတော်စင်ပဲ... လိပ်ပြာတွေက ဓားအရိပ်တွေ ကြားမှာ ပျံသန်းနေပြီး နွေဦးတောင်တန်းတွေရဲ့ အလှမှာ ယစ်မူးနေတတ်တယ်... ပန်းတွေ ကြွေကျလာတဲ့ အခါမှာ သက်တံ့တစ်ခု ဖြစ်ပေါ်လာတယ်”

“ပန်းဓား သူတော်စင်က လေးပါးထဲမှာ တစ်ဦးတည်းသော အမျိုးသမီး ဓားသူတော်စင်ပဲ... သူက ကျန်းနန်က ထင်ရှားတဲ့ မိသားစု တစ်ခုကနေ ဆင်းသက်လာပြီး ယဉ်ကျေးသိမ်မွေ့တဲ့ အမျိုးသမီး တစ်ယောက် ဖြစ်သင့်ပေမယ့် ထုံးစံတွေကို ဆန့်ကျင်ပြီး ဓားနဲ့ပဲ သူမရဲ့ နာမည်ကို ထင်ရှားစေခဲ့တယ်”

“ဓားသမားရဲ့ ဓားကွက်တွေက အလှဆုံး ဖြစ်ပြီး သူ့ရဲ့ ဓားသိုင်း ပညာရပ်တွေကတော့ အနုစိတ်ဆုံးပဲ”

“သူက ခင်ပွန်းရှာဖို့အတွက် သိုင်းပြိုင်ပွဲ တချို့ကို လူသိရှင်ကြား ကျင်းပခဲ့တယ်... ဓားသိုင်းမှာ သူ့ကို အနိုင်ယူနိုင်တဲ့ သူကို လက်ထပ်ချင်လို့တဲ့... ဒါပေမဲ့...”

ရလဒ်ကတော့ ထင်ရှားနေသည်။

လောကကြီးတွင် ဤသတ်မှတ်ချက်များနှင့် ကိုက်ညီသူ အလွန် နည်းပါးလွန်းလှ၏။ အခြားသော ဓားသူတော်စင် သုံးပါးတွင်လည်း သူတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များ အသီးသီး ရှိကြ၏။ တချို့က မိသားစုတွေ တည်ထောင်ပြီး ဘဝကို အခြေချနေကြပြီ ဖြစ်ကာ... တချို့က ရှေးဟောင်း စာပေတွေကို လေ့လာဖို့လောက်ပဲ အာရုံစိုက်နေကြပြီး... တချို့ကတော့ အချစ်ရေးကို လုံးဝ စိတ်ဝင်စားမှု မရှိကြချေ။

ဝမ်ကျောက်ကျောက်က ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။

“အစ်ကိုယွမ်... ကျန်းဟူသိုင်းလောကရဲ့ သမိုင်း တစ်လျှောက်လုံးမှာ တာအိုလမ်းစဉ်နဲ့ တူညီတဲ့ အဆင့်တစ်ခုကို ရောက်အောင် တက်လှမ်းနိုင်သူ အရမ်း ရှားတယ်... အကယ်၍ နဝမအဆင့်ကို ဝင်ရောက်နိုင်တဲ့ သူက တစ်ယောက်တည်းပဲ ရှိမယ်ဆိုရင် ဓားသူတော်စင် လေးပါးထဲက ဘယ်သူ ဖြစ်မယ်လို့ ထင်လဲ”

“တစ်ယောက်တည်းပဲလား”

လီယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ခေါင်းခါပြလိုက်သည်။

“သူတို့ထဲက ဘယ်သူမှ သိပ်ပြီး သင့်တော်မယ် မထင်ဘူး”

'အကယ်၍ တစ်ယောက်တည်းပဲ ဖြစ်ရမယ် ဆိုရင်...

'စစ်သားဓား သူတော်စင်.. လျှို့ဝှက် ဓားသူတော်စင်.. စာအုပ်ဓား သူတော်စင်နဲ့ ပန်းဓား သူတော်စင်တို့ကို မေ့လိုက်ပါတော့’

ဓားလမ်းစဉ်ရဲ့ အဆုံးသတ်မှာ ဘယ်သူက အထွတ်အထိပ်မှာ ရပ်တည်နေသလဲ.. ရပ်နေတာကို တွေဝေစွာ ကြည့်နေကြတဲ့ အရာအားလုံးက အချည်းနှီးပါပဲ။

ဒီလောကမှာ ပြိုင်ဘက်ကင်း အဖြစ်ဆုံး လူဆိုတာ တခြားသူ မဟုတ်ဘူး.. အဲ့ဒါက လူအ ဓားနတ်သမီးပဲ’

...

လျှို့ဝှက် ဝါးတောငယ်လေး အတွင်း၌

ခန္ဓာကိုယ် အရှေ့ပိုင်းကို ရေတွင်းထဲသို့ ထည့်ထားပြီး ခန္ဓာကိုယ် ဇောက်ထိုး လုပ်လျက်... ဓားနတ်သမီးသည် သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ရေတွင်းထဲရှိ မြင်ကွင်းကို ဉာဏ်ပညာ အလင်းတန်းများ တောက်ပနေသော အကြည့်များဖြင့် စူးစိုက်ကြည့်နေလေ၏။

ရေတွင်းထဲတွင်မူ နေမင်းမီးတောက်ဖြင့် ရက်ပေါင်းများစွာ သန့်စင်ထားသော နတ်ဘုရား ပုဆိန်သည် အဆုံးအစမရှိသော အလင်းရောင်များကို ထုတ်လွှတ်နေတော့သည်။

All Chapters