အခန်း ၁၆၄
Vol. 14 Ch. 164
အခန်း (၁၆၄) ရစ်ပတ် နတ်ဘုရားကူကောင်
“သန့်စင်တာ ပြီးသွားပြီလား”
ရှောင်ကျောက်နှင့် စကားစမြည် ပြောဆိုနေသော လီယွမ်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး ဆိုလိုက်သည်။
“ရှောင်ကျောက်.. ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်.. နောက်မှ ဆက်ပြောကြတာပေါ့”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူ၏ ပုံရိပ်မှာ အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားလေ၏။
လီယွမ်သည် ဝါးတောငယ်လေး အတွင်းသို့ တိုးဝင်သွားပြီး အိပ်မက်ရောင်စုံ နန်းတော် ကူအိမ်ဆီသို့ ရောက်ရှိသွားသည်။ နေမင်းမီးတောက် မျိုးစေ့များ သိုလှောင်ထားရာ ရေတွင်းဘေးတွင် ဓားနတ်သမီးသည် တင်ပါးကို အပေါ်ထောင်ထားပြီး ရေတွင်းထဲသို့ လက်နှစ်ဖက် ထည့်ကာ တစ်စုံတစ်ခုကို လိုက်လံ စမ်းသပ် ရှာဖွေနေသည်။
အိပ်မက်ရောင်စုံ နန်းတော်မှာ လီယွမ်၏ နေထိုင်ရာ နေရာဖြစ်သဖြင့် ဓားနတ်သမီး အနေဖြင့် မည်သည့် ပျက်စီးမှုကိုမျှ ဖန်တီးမည် မဟုတ်သောကြောင့် သူမ၏ ဦးနှောက်လေးမှာ ချို့ယွင်း နေခြင်းသာ ဖြစ်ရမည်။
“အရင်လိုပဲ ထိုင်းမှိုင်းနေတုန်းပဲကိုး”
လီယွမ်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားရလေ၏။
လွန်ခဲ့သော အခိုက်အတန့်လေးကမှ သူ၏ လူအ ဓားနတ်သမီးလေးသည် နောက်ထပ် နှစ်ပေါင်း သုံးထောင် အကြာတွင် လောကကြီးကို တစ်ဖန် ပြန်လည် လွှမ်းမိုးကာ ဓားလမ်းစဉ်၏ အထွတ်အထိပ်သို့ တက်လှမ်းသွားမည်ဟု စိတ်ကူးယဉ်နေခဲ့သော်လည်း... လက်တွေ့တွင်မူ ဓားနတ်သမီးလေးသည် ရံဖန်ရံခါ ‘သခင်.. သမီး ဗိုက်ဆာတယ်.. အစာ စားချင်တယ်’ ဆိုသည့် အဆင့်တွင်သာ ရှိနေသေးတော့သည်။
“ဓားနတ်သမီး.. အပြင်ကို ထွက်ခဲ့စမ်း”
လီယွမ်က အော်ခေါ်လိုက်၏။
ရေတွင်းထဲတွင် တစ်ဝက်တစ်ပျက် နစ်မြုပ်နေသော ဓားနတ်သမီးသည် ထိုအသံကို ကြားလိုက်ရသည်နှင့် မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး ရေတွင်းထဲမှ ကပျာကယာ ထွက်လာတော့၏။
ထို့နောက် လီယွမ်၏ အနီးသို့ လျှောက်လာကာ ရေတွင်းကို လက်ညှိုးထိုးပြသည်။
‘အဲ့ဒါက မင်း ကစားရမယ့်ဟာ မဟုတ်ဘူး’
လီယွမ်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး ရေတွင်းအနီးသို့ သွားကာ သန့်စင်ပြီးသား နတ်ဘုရား ပုဆိန်လက်နက်ကို ထုတ်ယူလိုက်တော့သည်။
တောက်လောင်နေသော မီးတောက်ကြီးများဖြင့် သန့်စင်ခံရပြီးနောက်.. နတ်ဘုရား လက်နက်မှာ အချိန်ကာလ၏ အစင်းရာများ လုံးဝ မရှိတော့ဘဲ ၎င်း၏ မူလ တောက်ပမှုများကို ပြန်လည် ရရှိလာကာ... ထွက်ပေါ်လာသော ကြမ်းတမ်း ခက်ထန်သည့် အငွေ့အသက်များက ကောင်းကင်နှင့် မြေကြီးကိုပင် ခွဲဖြာပစ်နိုင်စွမ်း ရှိသည့်အလားပင်။
လီယွမ်၏ စိတ်အာရုံ စွမ်းအားသည် ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်ငြားလည်း.. ထိုကြမ်းတမ်းသော ချီအငွေ့အသက်များ အတွင်းသို့ နစ်ဝင်သွားချိန်တွင် မလုံမခြုံ ဖြစ်မှု တစ်ရပ်ကို မခံစားရဘဲ မနေနိုင်တော့ချေ။
သူ၏ စိတ်အာရုံ မျက်လုံးထဲတွင်.. စစ်နတ်ဘုရား တစ်ပါးက ကောင်းကင် တံခါးပေါက်ကို ဖွင့်ရန် ပုဆိန်ကို အသုံးပြုနေပြီး.. နယ်နိမိတ် ချိုးဖျက်ခြင်း တံတိုင်းကို အင်အားသုံး၍ ဖြိုခွဲကာ လေဟာနယ် နယ်ပယ်များကို တစ်စစီ ရိုက်ချိုးနေသည့် မြင်ကွင်းကို မြင်ယောင်လာလေ၏။
“ဘီလူးဝိညာဉ်.. မင်း ဒါကို ဝါးမျိုနိုင်မလား”
လီယွမ်က မေးလိုက်၏။
ဘီလူးဝိညာဉ်ကူကောင် လေးက တွားသွား၍ ထွက်လာပြီး ၎င်း၏ အာရုံခံ ဦးမှင်နှစ်ခုက လည်ပတ်ကာ မြေကြီးထဲသို့ အပေါက်ကြီး တစ်ပေါက် ဖောက်ဝင်သွားပြီး ၎င်း၏ ခွန်အားနှင့် စွမ်းအားများကို ဖော်ပြနေလေ၏။
“မင်းက လုံးဝကို သားရဲကြီးပဲ.. ကြောက်ရွံ့မှု ဆိုတာကို လုံးဝ နားမလည်ဘူးပဲ”
လီယွမ်က ဘီလူးဝိညာဉ်ကူကောင်၏ ဆန္ဒကို နားလည်သွားသည်။
“ဒါဆိုရင်လည်း ပြင်ဆင်ကြတာပေါ့”
သူသည် အနက်ရောင် အိုးကြီးကို ဖော်ထုတ်လိုက်ပြီး ဘီလူးဝိညာဉ်ကူကောင်ကို အိုးထဲသို့ ထည့်လိုက်၏။
ဓားနတ်သမီးလေးမှာ ဘေးမှနေ၍ လိုလားတောင့်တစွာဖြင့် စိုက်ကြည့်နေသည်။ ဒါက သူမ စားချင်နေသောကြောင့် မဟုတ်ဘဲ သိုင်းပညာရှင် မိသားစုမှ မွေးဖွားလာသူ ပီပီ မွေးရာပါ အသိစိတ်အရ အစွမ်းထက်သော သိုင်းပညာ ချီအငွေ့အသက်များကို တောင့်တနေခြင်းသာ ဖြစ်ပေ၏။
“စိတ်မပူပါနဲ့”
လီယွမ်က သူမကို ချော့မော့ပြောဆိုလိုက်သည်။
“ငါနဲ့ အတူတူ ကြိုးစားကြမယ်.. မင်းကို စစ်နတ်ဘုရား တစ်ပါး ဖြစ်လာအောင် သေချာပေါက် ကူညီပေးပါ့မယ်.. ဟုတ်ပြီလား”
ဓားနတ်သမီး၏ မျက်ဝန်းများထဲတွင် အလင်းတန်းလေး တစ်ခု လက်ကနဲ တောက်ပသွားပြီး ခေါင်းကို အားရပါးရ ညိတ်ပြလိုက်၏။
“လိမ္မာတယ်”
လီယွမ်က သူမ၏ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
“တခြားနေရာ သွားကစားချေ.. ငါ အလုပ်လုပ်စရာ ရှိတာလေး အရင် လုပ်လိုက်ဦးမယ်”
သို့တိုင်အောင် ဓားနတ်သမီးက သူ့ကို စိုက်ကြည့်နေဆဲ ဖြစ်ပြီး နောက်ဆုတ်သွားလိုဟန် မရှိချေ။
“ငါ မင်းကို မလိမ်ပါဘူး”
လီယွမ်က လေးနက်စွာ ရှင်းပြသည်။
“ကြည့်လေ.. ဘီလူးဝိညာဉ်ကူကောင်က နတ်ဘုရား လက်နက်ကို စားလိုက်ရင် ပိုပြီး အစွမ်းထက်လာမှာ မဟုတ်ဘူးလား.. သူ အစွမ်းထက်လာပြီ ဆိုရင် ငါလည်း ပိုပြီး အစွမ်းထက်လာမှာပေါ့”
“ငါ ပိုပြီး အစွမ်းထက်လာပြီ ဆိုရင်.. မင်းလည်း ပိုပြီး အစွမ်းထက်လာမှာ မဟုတ်ဘူးလား”
“ဒါဆို မင်း စစ်နတ်ဘုရား တစ်ပါး ဖြစ်လာဖို့ ပိုနီးစပ်သွားပြီလေ.. ငါ မင်းကို လိမ်နေတာ ဟုတ်ပါ့ မလား”
လီယွမ်သည် အမြဲတမ်း အကြောင်းပြချက် ခိုင်လုံသော လူတစ်ယောက် ဖြစ်သည်။
အထူးသဖြင့် ချစ်ခင်ရသော မိသားစုဝင် ကူကောင် တစ်ကောင်ချင်းစီနှင့် ဆက်ဆံရာတွင် သူသည် သူတို့၏ ခံစားချက်များကို အမြဲတမ်း နားလည်ပေးပြီး အကျိုးသင့် အကြောင်းသင့် ရှင်းပြလေ့ ရှိလေ၏။
ဓားနတ်သမီးက အဓိပ္ပာယ် အလွန် ရှိကြောင်း ပြသသည့် အနေဖြင့် ခေါင်းကို တဆက်တည်း ညိတ်ပြလိုက်တော့သည်။
“ကောင်းပြီ”
လီယွမ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။ “သူတို့ကို လှည့်စားဖို့က တစ်နေ့တခြား ပိုပိုပြီး ခက်လာပြီပဲ”
ဤအရာက ဓားနတ်သမီး ကိုယ်တိုင်၏ လိုအင်ဆန္ဒများ တိုးပွားလာနေပြီး စိတ်ဝိညာဉ် ပြန်လည် နိုးထလာမှု လုပ်ငန်းစဉ်သည် ရှေ့သို့ နောက်တစ်လှမ်း ထပ်မံ တိုးလာကြောင်း သက်သေပြနေသည်။
ဓားနတ်သမီးကို ချော့မော့ပြီးနောက် လီယွမ်သည် သူ၏ စိတ်အာရုံများကို စုစည်းလိုက်လေ၏။
(မူလပစ္စည်းကို ရွေးချယ်ပါ)
(ပင်မကူကောင် ဘီလူးဝိညာဉ်ကူကောင်.. နတ်ဘုရား ပုဆိန်လက်နက်ကြီးနှင့် ပေါင်းစပ်ခြင်း.. နတ်မိမယ် လစမ်းရေနှင့် ပေါင်းစပ်ခြင်း.. ရှားပါး ငရဲသွေးကူကောင်နှင့် ပေါင်းစပ်ခြင်း.. ရှားပါး မျက်လုံးဖြူ ဖုတ်ကောင်ကူကောင်နှင့် ပေါင်းစပ်ခြင်း)
(သန့်စင်ခြင်း စတင်ပါသည်)
ဤတစ်ကြိမ်တွင်မူ လီယွမ်သည် အဖိုးတန် ကုန်ကြမ်းပစ္စည်းများ အားလုံးကို တစ်ထိုင်တည်း အကုန်အစင် အသုံးပြုလိုက်၏။
ဘီလူးဝိညာဉ်ကူကောင်သည် သတိလက်လွတ် ရမ်းကားတတ်သည် ဖြစ်ရာ သူ့ကို တစ်ကြိမ်လောက်တော့ သတိလက်လွတ် လုပ်ခွင့်ပေးလိုက်ပြီး ဘီလူးဝိညာဉ်ကူကောင်၏ အဖြစ်နိုင်ဆုံးသော ဆင့်ကဲပြောင်းလဲမှု ပြီးမြောက်ရန် ကူညီပေးရမည်သာ။
“ဂျုန်း... ဝုန်း... ဝုန်း”
လျှို့ဝှက်နယ်မြေ အတွင်း၌ မိုးခြိမ်းသံကြီးများ တဝုန်းဝုန်း မြည်ဟည်းလာတော့သည်။
ထိုအရာမှာ အိုးကြီးထဲမှ ထွက်ပေါ်လာသော ထူးဆန်းသည့် ဖြစ်စဉ်များပင် ဖြစ်ပြီး... အိုးကြီး တစ်လုံးလုံး ပြင်းထန်စွာ တုန်ခါနေကာ ကြမ်းတမ်း ခက်ထန်လှသော အငွေ့အသက်ကြီး တစ်ရပ်က အတွင်း၌ သောင်းကျန်းနေလေ၏။
“ဘီလူးဝိညာဉ်.. ကျေးဇူးပြုပြီး မင်း ဘာမှ မဖြစ်ပါစေနဲ့”
အိုးကြီးဖြင့် ပေါင်းစပ်ခြင်းက ကျင့်ကြံမှု လုပ်ငန်းစဉ်ကို မြန်ဆန်စေသော်ငြားလည်း ထိုလုပ်ငန်းစဉ်မှာ ပြန်လည် နောက်ဆုတ်၍ မရနိုင်သောကြောင့် လုံးဝ လက်လျှော့ခွင့် မရှိတော့ချေ။
ထိုအခိုက်အတန့်တွင် လီယွမ်၏ သွေးများက တဟုန်ထိုး ဆူပွက်နေတော့သည်။
ဘီလူးဝိညာဉ်ကူကောင်၏ ဆင့်ကဲပြောင်းလဲမှုမှာ ချောမွေ့မှု မရှိဘဲ ၎င်း၏ အခြေအနေမှာ အလွန်တရာ မတည်မငြိမ် ဖြစ်နေသဖြင့် ကံကြမ္မာ ကြိုးမျှင်များဖြင့် ချိတ်ဆက်ထားသော ကူသခင်ဖြစ်သူ သူ့ကိုပါ သက်ရောက်မှု ရှိနေခြင်း ဖြစ်သည်။
“သူက အရမ်းကို ရဲတင်းလွန်းတယ်.. တခြား ရှားပါးကူကောင် နှစ်ကောင်ကိုရော ဝါးမျိုချင်နေပြီး တစ်ချိန်တည်းမှာပဲ နတ်ဘုရား လက်နက်ကိုပါ သန့်စင်ချင်နေတာ... သူ့ကိုသူ မနိုင်မနင်း ဖြစ်ပြီး ပေါက်ကွဲသွားမှာကို မကြောက်ဘူးလား”
လီယွမ်မှာ အနည်းငယ် မလုံမခြုံ ဖြစ်လာရလေ၏။
သူသည် ဘီလူးဝိညာဉ်ကူကောင်ကို ပြန်လည် ပံ့ပိုးပေးနိုင်ရန်အတွက် သူ၏ ခန္ဓာကိုယ် အခြေအနေကို အထွတ်အထိပ်တွင် ထိန်းသိမ်းထားရန် အစွမ်းကုန် ကြိုးစားနေတော့သည်။
“ဂျုန်း... ဂျိန်း... ဂျုန်း”
လျှို့ဝှက်နယ်မြေထဲရှိ မိုးခြိမ်းသံများမှာ တစ်စထက်တစ်စ ပိုမို ကျယ်လောင်လာပြီး နားကွဲမတတ် ဆူညံလာတော့သည်။
အထက်ကောင်းကင်တွင် သွေးရောင် တိမ်တိုက် အလွှာများ လှုပ်ခတ်နေပြီး ကောင်းကင်တွင် ပြောင်းပြန် တွဲလောင်းကျနေသော ဒေါသတကြီး လှိုင်းတံပိုးကြီးများ အလားပင်။
ဤအခြေအနေမှာ သုံးရက်နှင့် သုံးညတိုင်တိုင် ကြာမြင့်ခဲ့ပြီးနောက်မှသာ လျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင် ပျံ့နှံ့နေသော သွေးဆာသည့် အငွေ့အသက်များ တဖြည်းဖြည်း ငြိမ်သက်သွားကာ အနက်ရောင် အိုးကြီးထဲသို့ ပြန်လည် ဝင်ရောက်သွားလေ၏။
လီယွမ်၏ နှလုံးသားမှာ ပြင်းထန် အားကောင်းစွာ ခုန်ပေါက်လာတော့သည်။
(သင်၏ ပင်မကူကောင် ဘီလူးဝိညာဉ်ကူကောင်သည် အသွင်ပြောင်းမှု တစ်ရပ်ကို ဖြတ်သန်းခဲ့ပြီး ထူးခြားကူကောင် ရစ်ပတ် နတ်ဘုရားကူကောင် အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပါပြီ)
(ရစ်ပတ် နတ်ဘုရားကူကောင် - ခန္ဓာကိုယ် သန်မာခြင်း အမျိုးအစား ကူကောင်များ၏ အထွတ်အထိပ်.. ချီသွေးကြော ကူကောင်များထဲတွင် အစွမ်းအထက်ဆုံး ဖြစ်ပြီး ကူသခင်အား ယုံကြည်နိုင်ဖွယ် မရှိလောက်အောင် ကြီးမားလှသော ခန္ဓာကိုယ် ခွန်အားကို ပေးစွမ်းနိုင်သည်)
(ရစ်ပတ် နတ်ဘုရားကူကောင်ကို သာမန် အခြေအနေ အောက်တွင် ပြုစုပျိုးထောင်ခြင်းဖြင့် ကူသခင်၏ ခန္ဓာကိုယ်နှင့် ချီသွေးကြောကို နေ့စဉ် သန့်စင်ပေးနိုင်သည်)
(တိုက်ပွဲဝင်ရာတွင် ရစ်ပတ် နတ်ဘုရားကူကောင်သည် ကူသခင်အား သူ၏ မူလ စွမ်းအားထက် အဆပေါင်းများစွာ ပိုမို အားကောင်းသော ခွန်အားကို ပေးစွမ်းနိုင်၏။ ဒဏ်ရာရပြီး သွေးထွက်လေ ပိုမို အစွမ်းထက်လာလေ ဖြစ်ပြီး နတ်ဆိုးများ၏ အသားများကို လောဘတကြီး ဝါးမျိုကာ အခြားသူများ၏ သွေးများကို အငမ်းမရ တောင့်တတတ်၏။ တိုက်ပွဲဖြင့် မိမိကိုယ်ကို ထိန်းသိမ်းထားနိုင်ပြီး လုံးဝ ယိမ်းယိုင် ပြိုလဲသွားခြင်း မရှိပေ)
(ရစ်ပတ် နတ်ဘုရားကူကောင်သည် အခြားသော အရန်ကူကောင်များကိုပါ သန်စွမ်းလာစေနိုင်ပြီး ၎င်းတို့အား 'သွေးလွှမ်းခြုံခြင်း' အကာအကွယ်ကို ပေးစွမ်းနိုင်သည်)
“အောင်မြင်သွားပြီပဲ”
လီယွမ်၏ မျက်လုံးများ အရောင်လက်သွားလေတော့၏။
ထူးခြားကူကောင်၏ စွမ်းရည်များက အမှန်တကယ်ပင် အစွမ်းထက်လှ၏။ ရစ်ပတ် နတ်ဘုရားကူကောင်က ခန္ဓာကိုယ်နှင့် ချီသွေးကြောကို နေ့စဉ် သန့်စင်ပေးခြင်းဖြင့် ကူသခင်များ အနေဖြင့် သိုင်းပညာရှင်များနှင့် နှိုင်းယှဉ်ပါက ခန္ဓာကိုယ် အားနည်းခြင်းနှင့် ကာကွယ်ရေး ကင်းမဲ့ခြင်း ဆိုသည့် အားနည်းချက်ကို များစွာ ပြန်လည် ဖြည့်ဆည်းပေးနိုင်လေ၏။
တိုက်ပွဲ ဖြစ်ပွားလာချိန်တွင်ကား ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေသေးသည်။
တိုက်ပွဲဖြင့် မိမိကိုယ်ကို ထိန်းသိမ်းထားနိုင်ပြီး အကန့်အသတ်မရှိ ကြီးထွားလာနိုင်ကာ အခြားသူများ၏ သွေးများဖြင့် အင်အား ပြန်လည် ဖြည့်တင်းနိုင်၏။ သွေးများ စွန်းထင်းလေလေ ပိုမို အစွမ်းထက်လာလေလေပင်။ သီအိုရီအရ ဆိုရလျှင် လူတစ်သိန်း အင်အားရှိသော စစ်တပ်ကြီး တစ်ခုကိုပင် တစ်ယောက်တည်းဖြင့် ထိုးဖောက် ဖြတ်တောက်နိုင်စွမ်း ရှိလေ၏။
ထို့အပြင် အခြားသော အရန်ကူကောင်များအား 'သွေးလွှမ်းခြုံခြင်း' စွမ်းရည်ကို ပေးစွမ်းနိုင်ခြင်းက ကူသခင်များ အနေဖြင့် အရန်ကူကောင်များကို ပိုမို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပြီး ပူးပေါင်း လုပ်ဆောင်နိုင်စေကာ အဆင့်မြင့် နယ်ပယ် တိုက်ပွဲများတွင် ၎င်းတို့၏ အသုံးဝင်မှုကို များစွာ တိုးတက်လာစေလေမည်။
ဤစွမ်းရည်များထဲမှ မည်သည့် တစ်ခုမဆို ကူသခင် တစ်ဦးအတွက် ကြီးမားလှသော အထောက်အပံ့ကြီး တစ်ခုပင် ဖြစ်လေ၏။
“မင်းက အရမ်းကို ယှဉ်ပြိုင်ချင်စိတ် ပြင်းထန်တာပဲ ဘီလူးဝိညာဉ်”
“အာ.. မဟုတ်သေးဘူး... အခုဆို မင်းကို ရစ်ပတ် နတ်ဘုရား လို့ ခေါ်ရတော့မှာပေါ့”
အနက်ရောင် အိုးကြီး ပွင့်လာပြီးနောက် လက်ဝါးအရွယ်အစားရှိ ပိုးတောင်မာကဲ့သို့သော ကူကောင်လေး တစ်ကောင် တွားသွား၍ ထွက်လာတော့သည်။ အရွယ်အစားအားဖြင့် ကြည့်မည် ဆိုပါက ဘီလူးဝိညာဉ်ကူကောင်နှင့် ရစ်ပတ် နတ်ဘုရားကူကောင်တို့မှာ များစွာ ဆင်တူနေသည်။
သို့သော် ရစ်ပတ် နတ်ဘုရားကူကောင်မှာ တစ်ကိုယ်လုံး သွေးရောင် ရဲရဲနီနေပြီး ၎င်း၏ ခန္ဓာကိုယ် ပေါ်တွင် လက်မဝက်ခန့် ရှည်လျားကာ အမြဲတမ်း အငွေ့ပျံနေသော ချီစွမ်းအင် စီးကြောင်းတစ်ခု ရစ်ပတ် လွှမ်းခြုံနေလေ၏။
ဤအရာက ရစ်ပတ် နတ်ဘုရားကူကောင်ကို ပိုမို နက်နဲပြီး ဆန်းကြယ်သော အသွင်အပြင်ကို ရရှိစေတော့သည်။
ရစ်ပတ် နတ်ဘုရားကူကောင်၏ ကျောပြင် အတောင်ပံခွံပေါ်တွင် စက်ဝိုင်းပုံစံ တစ်ခုကို ရိုက်နှိပ်ထားလေ၏။ အတောင်ပံများကို ဖြန့်ကျက်လိုက်ချိန်တွင် ထိုစက်ဝိုင်းမှာ ဖရိုဖရဲ ဖြစ်စဉ်များ ခွဲထွက်သွားသကဲ့သို့ နှစ်ပိုင်း ကွဲသွားလေသည်။
“လာစမ်း.. ဘယ်လို အလုပ်လုပ်လဲဆိုတာ ကြည့်ကြတာပေါ့”
လီယွမ်က လက်ယပ်ခေါ်ကာ ရစ်ပတ် နတ်ဘုရားကူကောင်ကို ဆင့်ခေါ်လိုက်ပြီး အသံအုပ်အုပ်ဖြင့် အော်ဟစ်လိုက်သည်။
“ရစ်ပတ် နတ်ဘုရား ဝင်ပူးခြင်း... စတင်လိုက်ဟေ့”