အခန်း ၂၈၆
Vol. 20 Ch. 286
အခန်း(၂၈၆)
“ ဘယ်လောက်အံ့ဩဖို့ကောင်းတဲ့ ကျားဝိညာဉ်လဲ ”
သီရှီထျန်သည် ချီးမွမ်းရန် ကပ်စေးနှဲမနေပေ။ သူ့လက်ထဲမှ ကျားဝိညာဉ်ဓားမော့၏ အလေးချိန်က ငါးရာကီလိုဂရမ်ထက် မလျော့ပေ။ သာမန်လူသားတစ်ယောက်က ထိုဓားမော့ကို မမြှောက်နိုင်မည် မဟုတ်ချေ။ သို့သော်လည်း သူ့အတွက်တော့ ယင်းက ပြဿနာမဟုတ်ပေ။
သူက ရှေးဟောင်းမိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနိုင်သော မိစ္ဆာတစ်ကောင် ဖြစ်သည်။ သူအဆင့်တတ်သွားသည့်အခါတိုင်း သူ၏ မိစ္ဆာခန္ဓာကိုယ်က ပိုပြီးသန်စွမ်းသွားလိမ့်မည်။
သူ၏ ရုပ်ခွန်အားသည်လည်း အဆက်မပြတ် တိုးမြှင့်သွားလိမ့်မည်။ ယခု သူ၏ ရုပ်ခွန်အားသည် ရှေးဟောင်းသစ်ပင်တစ်ပင်ကို မြေကြီးထဲမှ ဆွဲနုတ်ရန် လုံလောက်သည်။ သူ၏ ရုပ်ခွန်အားက ကျားဝိညာဉ်ဓားမော့၏ အလေးချိန်နှင့် ပြီးပြည့်စုံစွာ လိုက်ဖက်သည်။ ထို့ပြင် ကျားဝိညာဉ်ဓားမော့ ပိုပြီးသန်စွမ်းလာသည့်အခါ ယင်း၏ အလေးချိန်က ထပ်မံ တိုးမြှင့်သွားလိမ့်မည်။
သီရှီထျန် ပျော်ရွှင်သွားသည်။ သို့သော် ကျားဝိညာဉ်ဓားမော့အပေါ် အနည်းငယ် သူသံသယရှိနေဆဲပင်။ သူ၏ ကျားဝိညာဉ်ဓားမော့သည် အထွတ်အထိပ်အဆင့် ဓမ္မလက်နက်တစ်ခု ဖြစ်သည်။ သို့ဖြစ်၍ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ သူတတ်လှမ်းသွားသည့်အခါ ဓမ္မလက်နက်က အဆင့်ချိုးဖြတ်သွားပြီး ဓမ္မရတနာတစ်ခုဖြစ်လာမည်လော။
အဖြေကို သူသေချာမသိပေ။ ကျားဝိညာဉ်ဓားမော့၏ ဖွဲ့စည်းမှုက ကောင်းကင်ဘုံ၏ ဆန္ဒကြောင့် ဖြစ်ပေါ်လာသော အခွင့်အရေးတစ်ခု ဖြစ်သည်။
ဝိညာဉ်ဝါးမျိုကျောက်တုံးနှင့် သွေးနီရောင်ကျောရိုး၏ အပြန်အလှန် ဆန့်ကျင်မှုမှ ဖြစ်ပေါ်သော အဖျက်စွမ်းအားလှိုင်းက သွေးသန့်စင်ခြင်းအစီအရင်ကို ပေါက်ကွဲသွားစေခဲ့သည်။ သွေးသန့်စင်ခြင်းအစီအရင်သည် ဤလောက၏ အံ့ဖွယ်အစီအရင်များအနက် တစ်ခုဖြစ်သည်။ အစီအရင်ပေါက်ကွဲသွားသည့်အခါ ကြီးမားသော အဖျက်စွမ်းအားက ပေါ်လျှိုးလာသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို ဖုန်မှုန့်ဖြစ်စေနိုင်သည်အထိ အလွန်အားကောင်းသည်။
သို့သော်လည်း ထူးဆန်းမှုက ထိုနေရာမှစတင်သည်။ အစီအရင်ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အဖျက်စွမ်းအားက အလွန်ကြီးမားသည်။ ဝိညာဉ်ဝါးမျိုကျောက်တုံးဖြစ်စေ သို့မဟုတ် ကျောရိုးဖြစ်စေ ထိုနှစ်ခုစလုံးက တန်ဖိုးကြီးမားသော ရှားပါးရတနာများ ဖြစ်ကြသည်။ ယင်းတို့၏ မူလဇစ်မြစ်က အံ့ဖွယ်ကောင်းသည်။ သို့ဖြစ်၍ ပေါက်ကွဲမှုဒဏ်ကို ခံနိုင်ရည်ရှိခြင်းက ဖြစ်သင့်ပေသည်။ သို့သော် ယင်းတို့က ဖျက်ဆီးမခံရလျှင်ပင် အနည်းဆုံးတော့ အသက်ဓာတ် ထိခိုက်ပျက်စီးသွားနိုင်သည်။
ဖြစ်ပုံအမှန်မှာ ဤသို့ဖြစ်၏။
ဝိညာဉ်ဝါးမျိုကျောက်တုံးသည် အရိုးဝါးမျိုသစ်ပင်၏ နှစ်ပေါင်းတစ်ထောင်ကြာအောင် ပျိုးထောင်ပေးခြင်းခံထားရသော ရတနာဖြစ်သည်။ ကျောရိုးသည်တော့ ကျားမျိုးနွယ်မှ အစွမ်းထက်ပညာရှင်တစ်ယောက်၏ မပျက်စီးနိုင်သော ခန္ဓာကိုယ်မှ ဖွဲ့စည်းသွားသောအရာ ဖြစ်သည်။ ထိုနှစ်ခုစလုံးထဲမှာ သူ၏ သွေးချီအနှစ်သာရ ကိန်းအောင်းနေသည်။ ဝိညာဉ်ဝါးမျိုကျောက်တုံးက သွေးမီးတောက်ကို ဝါးမျိုခဲ့သည်။ သွေးမီးတောက်ထဲမှာ သူ၏ သွေးချီအနှစ်သာရ ပါဝင်နေသည်။ ထို့ကြောင့် အရေးကြီးအခိုက်အတန့်မှာ ယင်းတို့နှစ်ခုစလုံးက အစီအရင်ပေါက်ကွဲမှုကို ခံနိုင်ရည်ရှိရန် သူတို့အချင်းချင်း ပေါင်းစည်းလိုက်ကြသည်။ မည်သို့ဖြစ်ပါစေ ယင်းတို့နှစ်ခုစလုံးဆီမှာ တူညီသော သွေးချီအနှစ်သာရ ကိန်းအောင်းနေသည် မဟုတ်ပါလော။
အန္တရာယ်ကြုံလာသည့်အခါ ဝိညာဉ်ဝါးမျိုကျောက်တုံးနှင့် ကျောရိုးသည် အဝေးရောက်နေကြသော ညီအကိုများသဖွယ် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ဖက်လိုက်ကြသည်။
သို့ဖြစ်၍ ဝိညာဉ်ဝါးမျိုကျောက်တုံးနှင့် ကျောရိုးသည် သီရှီထျန် သတိမေ့မသွားမီ စဉ်းစားခဲ့သော ကျားဝိညာဉ်ဓားမော့၏ အသွင်ပုံသဏ္ဍာန်အတိုင်း အတူတကွ ပေါင်းစည်းသွားကြသည်။ ယင်းတို့က အစီအရင်ပေါက်ကွဲမှုကို ခုခံရန် ယခင်မာနများကို စွန့်လွှတ်၍ အချင်းချင်း ပူးပေါင်းလိုက်ကြသည်။ ထို့ကြောင့် ကျားဝိညာဉ်ဓားမော့ ဖွဲ့စည်းသွားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ကံကောင်းသွားသည့် နောက်တစ်ချက်က သွေးသန့်စင်ခြင်းအစီအရင်က အပြည့်အဝ မပေါက်ကွဲသွားဘဲ ယင်း၏ တစ်စိတ်တစ်ပိုင်းက အစီအရင်အတွင်းမှ သွေးမီးတောက်ထဲသို့ ဝင်ရောက်သွားသည်။ ထိုအခိုက်အတန့်မှာ သွေးမီးတောက်က ယခင်ကထက် ပိုပြီးကြမ်းကြုတ်စွာ တောက်လောင်လာသည်။ သွေးမီးတောက်က ဝိညာဉ်ဝါးမျိုကျောက်တုံးနှင့် ကျောရိုးကို ဖုံးလွှမ်းလိုက်ပြီး ယင်းတို့၏ ပေါင်းစည်းမှုကို ပံ့ပိုးကူညီပေးလိုက်သည်။
နောက်ဆုံးတွင် သွေးမီးတောက် ငြိမ်းသတ်သွားသည်နှင့် ကျားဝိညာဉ်ဓားမော့က အပြည့်အဝ ဖွဲ့စည်းသွားသည်။ အမှန်မှာ ကျားဝိညာဉ်ဓားမော့၏ ဖွဲ့စည်းမှုက မကြာသေးခင်ကမှ ပြီးမြောက်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် သီရှီထျန် နိုးလာသည့်အခါ ကျားဝိညာဉ်ဓားမော့ကို မြင်တွေ့သွားသည်။
စိတ်မကောင်းစရာမှာ ထိုအဖြစ်အပျက်က သီရှီထျန် သတိမေ့မြောသွားပြီးနောက် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ကျားဝိညာဉ်ဓားမော့ မည်သို့ဖွဲ့စည်းသွားကြောင်းကို သီရှီထျန် မမြင်တွေ့နိုင်ခဲ့ပေ။ ယင်းက သူ၏ နှလုံးသားထဲမှာ အဖြေမရှိသော မေးခွန်းအဖြစ် ထာဝရရှိနေသွားလိမ့်မည်။
“ ထန် ”
သူက ကျားဝိညာဉ်ဓားမော့ကို မြေကြီးထဲသို့ ထိုးစိုက်လိုက်သည်။ သီရှီထျန်၏ ပုံရိပ်က လှုပ်ခါသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ လူသားအသွင်သဏ္ဍာန်က ပျောက်ကွယ်သွားပြီး မူလခန္ဓာကိုယ်က ပြန်ထွက်ပေါ်လာသည်။ ဧရာမကျားနက်တစ်ကောင်က ကျားဝိညာဉ်ဓားမော့၏ အရှေ့မှာ ရပ်လိုက်သည်။ ကျားနက်သည် မြေကြီးပေါ်မှာ လဲလျောင်း၍ မျက်လုံးမှိတ်လိုက်သည်။ သူက ဝိညာဉ်ဝိုင်ကို တစ်ကျိုက်ပြီးတစ်ကျိုက် သောက်လိုက်သည်။ သူက ကျင့်စဉ်ကို လှည့်ပတ်၍ မိစ္ဆာချီကို သူ၏ မရီဒျန်များထဲမှာ ဖြတ်သန်းစီးဆင်းစေသည်။ မိစ္ဆာချီတစ်စိတ်တစ်ပိုင်းက မရီဒျန်များထဲမှ ခွဲထွက်သွားပြီး သူ၏ အသွေးအသားထဲသို့ ဝင်ရောက်သွားကာ အားဖြည့်ပေးသည်။ ယင်းက သူ၏ မိစ္ဆာခန္ဓာကိုယ်ကို ပိုပြီးသန်မာစေသည်။
ကျားဝိညာဉ်ဓားမော့ ဖွဲ့စည်းပြီးပြီဆိုတော့ ယခုအချိန်က မိစ္ဆာသွေးကြော ဖွဲ့စည်းရမည့်အချိန် ဖြစ်သည်။
မိစ္ဆာသွေးကြောဖွဲ့စည်းခြင်းက အလွန်အရေးကြီးသည်။ နည်းနည်းမှ သတိမပေါ့ဆနိုင်ပေ။ သို့ဖြစ်၍ မိစ္ဆာသွေးကြောမဖွဲ့စည်းခင် သူ၏ စွမ်းအင်အနှစ်သာရ၊ သွေးချီနှင့် စိတ်ဝိညာဉ်ကို အထွတ်အထိပ်သို့ ရောက်ရန် အရင်ဦးစွာ မြှင့်တင်ရလိမ့်မည်။ သို့မှသာ မိစ္ဆာသွေးကြောဖွဲ့စည်းသည့်အခါ ပြဿနာနည်းပါးလိမ့်မည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ သီရှီထျန်၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီသည် တဖြည်းဖြည်း တိုးပွားလာသည်။ ရက်အနည်းငယ် ကြာပြီးနောက် လှိုဏ်ဂူအတွင်းပိုင်းထဲမှာ အနက်ရောင်မြူခိုးထု ဖြစ်ပေါ်လာသည်။ အပြင်လူများသည် မြူခိုးထု၏ အတွင်းပိုင်းကို ထွင်းဖောက်မြင်နိုင်လိမ့်မည် မဟုတ်ချေ။ ယင်းက အလွန်ထူးဆန်းသည်။
သီရှီထျန်သည် မိစ္ဆာသွေးကြောဖွဲ့စည်းခြင်းကို အတိတ်မှာ တစ်ခါလုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်၏။ သို့ဖြစ်၍ နောက်တစ်ကြိမ် လုပ်ဆောင်ရသည့်အခါ သူ့အတွက် အခက်အခဲ နည်းပါးသွားသည်။ သူက ဤတစ်ကြိမ် ဖွဲ့စည်းမည့် မိစ္ဆာသွေးကြောကိုလည်း ရွေးချယ်ပြီးသွားပြီ ဖြစ်၏။
သူက ပထမဆုံး မိစ္ဆာသွေးကြောကို ဝမ်းနည်းမှုအား ရွေးချယ်ခဲ့သည်။ အကယ်၍ သူက စိတ်ခံစားချက်ခုနစ်မျိုးထဲမှ တစ်မျိုးကို သူ၏ ဒုတိယမြောက် မိစ္ဆာသွေးကြောအဖြစ် ဖွဲ့စည်းမည်ဆိုလျှင် ပျော်ရွှင်မှုက သူ့အတွက် အသင့်တော်ဆုံး ဖြစ်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဝမ်းနည်းနှင့် ပျော်ရွှင်မှုက ဆန့်ကျင်ဘက်ဖြစ်သော စိတ်ခံစားမှုနှစ်မျိုး ဖြစ်ကြသည်။
ထို့ပြင် ပျော်ရွှင်မှုမိစ္ဆာသွေးကြောက ဝမ်းနည်းမှုမိစ္ဆာသွေးကြောဖြင့်လည်း ပေါင်းစည်းနိုင်သည်။ အကယ်၍ သူ့အထင်မမှားလျှင် ပျော်ရွှင်မှုမိစ္ဆာသွေးကြောမှ ဖြစ်ပေါ်လာမည့် အကန့်အသတ်မဲ့သော ဝမ်းသာပျော်ရွှင်စိတ်ကို ဝမ်းနည်းခြင်းမိစ္ဆာသွေးကြော၏ အကူအညီဖြင့် ဖိနှိပ်နိုင်လိမ့်မည်။ ထိုနည်းဖြင့်ဆိုလျှင် ပျော်ရွှင်မှုမိစ္ဆာသွေးကြာမှ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက်ကို အလွယ်တကူ သူဖြေရှင်းနိုင်လိမ့်မည်။
သို့သော်လည်း သီရှီထျန်က သူ၏ ဒုတိယမြောက်မိစ္ဆာသွေးကြောကို ပျော်ရွှင်မှုအား မရွေးချယ်ချင်ပေ။ အဘယ့်ကြောင့်ဆိုသော် ဒုတိယမြောက်မိစ္ဆာသွေးကြောကို ဖွဲ့စည်းသွားပြီးလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်က တိုးတတ်သွားလိမ့်မည်။ သူက အဆင့်မြင့်အဆင့် မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာလိမ့်မည်။ အဆင့်မြင့်အဆင့်သို့ ရောက်သွားသည့်အခါ သူက တတိယမြောက်မိစ္ဆာသွေးကြော ဖွဲ့စည်းခြင်းနှင့် အမြူတေဓာတ်လုံးဖွဲ့စည်းခြင်းကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ရလိမ့်မည်။
ယင်းက အလွန်အန္တရာယ်များသော စိန်ခေါ်မှု ဖြစ်သည်။ နည်းနည်းလေးမှ အမှားပါသွား၍ မရပေ။ ထို့ကြောင့် သူက တတိယမြောက်မိစ္ဆာသွေးကြောအဖြစ် ပျော်ရွှင်မှုကို ရွေးချယ်ရန် ဆုံးဖြတ်ထားသည်။ ပျော်ရွှင်မှုမိစ္ဆာသွေးကြောက ထိန်းချုပ်ရမခက်ခဲပေ။ သို့ဖြစ်၍ အမြူတေဓာတ်လုံးဖွဲ့စည်းရန် သူ့အတွက် ပိုပြီးလွယ်ကူသွားလိမ့်မည်။
ထို့ပြင် အမြူတေဓာတ်လုံးဖွဲ့စည်းသည့်အခါ သူက အသွင်သဏ္ဍာန်ပြောင်းလဲခြင်း ကပ်ဘေးဒုက္ခကိုလည်း ရင်ဆိုင်ရလိမ့်မည်။
ယင်းက အလွန်အန္တရာယ်များသော စိန်ခေါ်မှု ဖြစ်သည်။ ရှေးဟောင်းမိစ္ဆာလမ်းစဉ် ကျင့်ကြံသူများအတွက် ယင်းက ဖြတ်ကျော်ရန် အလွန်ခက်ခဲသော အတားအဆီးများအနက် တစ်ခုဖြစ်သည်။ သို့ဖြစ်၍ သီရှီထျန်သည် အနာဂတ်ကို သေချာထည့်သွင်းစဉ်းစားခဲ့သည်။ အနာဂတ်မှာ ပိုပြီးလွယ်ကူစေရန် ယခု သူက ဒုက္ခအနည်းငယ် ကြုံတွေ့ရမည်ဆိုလျှင်ပင် တုံ့ဆိုင်းနေလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူက ဒုတိယမြောက်မိစ္ဆာသွေးကြောအဖြစ် အရသာခံခြင်းမိစ္ဆာသွေးကြောအား ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်သည်။
နေ့နှင့်ညက တစ်လှည့်စီ ပြောင်းလဲသွားသည်။ အချိန်သည် မိုးမြေကြားမှာ တိတ်တဆိတ် ကုန်ဆုံးသွားသည်။ လှိုဏ်ဂူသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ လှိုဏ်ဂူအပြင်ဘက်တွင် ချီဟောင်က လဲလျောင်းနေပြီး သစ္စာရှိစွာ ကာကွယ်စောင့်ကြပ်ပေးနေသည်။ သူက လှိုဏ်ဂူအနားသို့ မည်သည့်သတ္တဝါကိုမှ ချဉ်းကပ်ခွင့်မပြုပေ။
…..
“ ဝီး ”
ထူးဆန်းသော ရေကန်ထဲတွင် ရေက ပရမ်းပတာ လှုပ်ခတ်နေသည်။ ကြီးမားသော ရေလှိုင်းလုံးများက အပေါ်သို့ တလိပ်လိပ် မြှောက်တတ်လာသည်။ ရေကန်ဧရိယာက အလွန်မကြီးမားပေ။ သို့တိုင် ရေလှိုင်းလုံးများ မြှောက်တတ်လာစဉ် ရေကန်က သမုဒ္ဒရာနှင့်ဆင်တူသော ကျယ်ပြောမှုကို ပေးသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ရေကန်ထဲမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။
ပိုပြီးထူးဆန်းဖွယ်ကောင်းသည်မှာ ရေကန်က ကြည်လင်သန့်ရှင်းမှုမရှိပေ။ ယင်းအစား မင်ရည်ကဲ့သို့ မည်းနက်နေသည်။
ရေကန်၏ မျက်နှာပြင်ပေါ်တွင် အနက်ရောင်ချီက ပေသုံးဆယ်ခန့်အထိ မြှောက်တတ်သွားသည်။ သို့သော် အနက်ရောင်ချီ ပေါ်ထွက်လာသည်နှင့်ချက်ချင်း ရှစ်ထောင့်အစီအရင်တစ်ခုက ရေကန်ပေါ်မှ လေထဲမှာ ထွက်ပေါ်လာသည်။ ရှစ်ထောင့်အစီအရင်က အဆက်မပြတ် လှည့်ပတ်နေပြီး ရွှေရောင်အလင်းကို ထုတ်လွှတ်နေသည်။ ရွှေရောင်အလင်းနှင့် ထိတွေ့သွားသည့်အခါ အနက်ရောင်ချီက တရှဲရှဲမြည်သံကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ မီးနှင့်ရေ တွေ့ဆုံသွားသည့်အလားပင်။
မျက်စိတစ်မှိတ်အတွင်းမှာ ရွှေရောင်အလင်းက အနက်ရောင်ချီကို အမြစ်ဖြတ်သုတ်သင်ပစ်လိုက်သည်။
“ ဘန်း… ဘန်း… ဘန်း… ”
ရေကန်က ပိုပြီးပရမ်းပတာဖြစ်လာသည့်အခါ ရှေးဟောင်းကြေးနီတိုင်လုံးရှစ်ခုက ရေကန်၏ ဘေးပတ်ဝန်းကျင်မှ မြေကြီးထဲမှ ရုတ်တရက် ပေါ်လျှိုးလာကြသည်။ ကြေးနီတိုင်လုံးတစ်လုံးစီက ပေကိုးဆယ်ရှည်လျားကြသည်။ မရေမတွက်နိုင်သော မှော်သင်္ကေတများကို ကြေးနီတိုင်လုံးများပေါ်မှာ ရေးထွင်းထားသည်။
ဤအခိုက်အတန့်မှာ ထိုမှော်သင်္ကေတများက ထွန်းလင်းတောက်ပသော နတ်ဘုရားအလင်းကို ထုတ်လွှတ်လိုက်ကြသည်။ မရေမတွက်နိုင်သော နတ်ဘုရားအလင်းတန်းများ၏ ဖိနှိပ်မှုအောက်မှာ ရေကန်က တဖန် ချိပ်ပိတ်ခံလိုက်ရသည်။
ကြေးနီတိုင်လုံးများ ထွက်ပေါ်လာသည့်အခါ လေထဲမှ ရှစ်ထောင့်အစီအရင်က ပိုပြီးကြည်လင်ထင်ရှားလာသည်။ ယင်းက အစစ်အမှန် ဒြပ်ထည်ရှိနေသည့်အလား အောက်မေ့ရသည်။ ထိုရှစ်ထောင့်အစီအရင်ထဲမှာ မိုးမြေကြားမှ လျှို့ဝှက်နက်နဲမှုများ ပါဝင်နေဟန် ရ၏။ ယင်းက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။
“ ဂရား ”
ကမ္ဘာမြေ တုန်ဟီးသွားစေမည့် ဟိန်းသံက ရေကန်ထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ ရေကန်ထဲမှ အနက်ရောင်ချီက အနက်ရောင်နတ်နဂါးတစ်ကောင်အဖြစ် ရုတ်တရက် ဖွဲ့စည်းသွားသည်။ နတ်နဂါးသည် လွန်စွာ ရိုင်းစိုင်းကြမ်းကြုတ်သည်။ ၎င်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး လေထဲမှ ရှစ်ထောင့်အစီအရင်ကို အကြမ်းပတမ်း ဝင်ဆောင့်လိုက်သည်။ ထိုအခါ ရှစ်ထောင့်အစီအရင်ပေါ်မှ နတ်ဘုရားအလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ရေကန်၏ ဘေးပတ်ဝန်းကျင်မှ ကြေးနီတိုင်လုံးများသည်လည်း အဆက်မပြတ် တုန်လှုပ်သွားကြသည်။
ရေကန်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။ ဤသည်မှာ ရေကန်တစ်ခုလုံးက အပေါ်သို့ မြှောက်တတ်သွားတော့မည့်အလားပင်။ ကောင်းကင်ယံတွင် အနက်ရောင်မိုးတိမ်များ စုဝေးသွားကြသည်။ မရေမတွက်နိုင်သော လျှပ်စီးတန်းများက တိမ်တိုက်များထဲမှာ ရွေ့လျားကခုန်နေကြသည်။ ဤသည်မှာ ကမ္ဘာဖျက်ကပ်ဘေးက မကြာခင် ကျရောက်လာတော့မည့်အလားပင်။
သို့သော် ထိုပရမ်းပတာဖြစ်မှုက ငါးမိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။
မကြာမီ ရေကန်က တဖြည်းဖြည်း ပြန်ငြိမ်သက်သွားသည်။ ရေကန်ငြိမ်သက်သွားသည်နှင့်ချက်ချင်း ရှစ်ထောင့်အစီအရင်က ပျောက်ကွယ်သွားပြီး ကြေးနီတိုင်လုံးရှစ်လုံးသည်လည်း မြေကြီးထဲသို့ ပြန်ဝင်သွားကြသည်။
ရေကန်နှင့် မနီးမဝေးမှ တောင်ကုန်းတစ်ခုပေါ်တွင် လူတစ်အုပ်စုက မတ်တတ်ရပ်နေကြသည်။ သူတို့က ရေကန်၏ အပြောင်းအလဲကို စိုးရိမ်ကြောင့်ကြစွာ ကြည့်နေကြသည်။ သူတို့က သက်ကြီးရွယ်အိုများနှင့် လူငယ်များဖြစ်ကြသည်။ စုစုပေါင်း လူဒါဇင်ခန့် ရှိသည်။ ရေကန်၏ အပြောင်းအလဲများကို ကြည့်နေစဉ် သူတို့၏ မျက်နှာက အရုပ်ဆိုးသွားသည်။ ရေကန် ပြန်ငြိမ်သက်သွားသည်ကို မြင်သောအခါ သူတို့ထဲမှ အများစုက ပြန်ထွက်သွားကြသည်။ နောက်ဆုံးတွင် လူနှစ်ယောက်တည်းသာ တောင်ကုန်းပေါ်မှာ ကျန်နေခဲ့ကြသည်။
တစ်ယောက်က သက်လတ်ပိုင်းအမျိုးသားဖြစ်ပြီး အခြားတစ်ယောက်က မျက်နှာကို ဇာပဝါဖြင့် ဖုံးအုပ်ထားသော မိန်းကလေး ဖြစ်သည်။ မိန်းကလေး၏ လက်ထဲမှာ အစိမ်းရောင်ကုချင်းကို ကိုင်ထားသည်။