အခန်း ၂၈၇
Vol. 20 Ch. 287
အခန်း(၂၈၇)
“ ရှင်းအာ… ဒီအတောအတွင်း ရေကန်က ပိုပြီးပရမ်းပတာဖြစ်လာတယ်… အတိတ်တုန်းကဆိုရင် ရေကန်က နှစ်တစ်ထောင်နေမှ တစ်ကြိမ်ပဲ လှုပ်ရှားတယ်… လွန်ခဲ့တဲ့နှစ်တစ်ထောင်ကစပြီး ရေကန်က နှစ်တစ်ရာပြည့်တိုင်း တစ်ကြိမ်လှုပ်ရှားလာတယ်… အခု ရေကန်က ဆယ်နှစ်ပြည့်တိုင်း လှုပ်ရှားလာတယ်… လက်ရှိအခြေအနေအရဆို မိစ္ဆာဖိနှိပ်ခြင်းထျန်းရှစ်ထောင့်အစီအရင်က ရေကန်ကို အချိန်ကြာကြာ ဖိနှိပ်ထားနိုင်မှာမဟုတ်ဘူး… သမီး ဒီအတောအတွင်း ‘ ထျန်းရှစ်ထောင့်မိစ္ဆာနှိမ်နင်းခြင်းသံစဉ် ’ကို အမြန်ဆုံး သင်ယူပါ… မဟုတ်ရင် ချင်မိသားစုနဲ့ ခရမ်းရွှေကုန်းမြေက အနာဂတ်မှာ ကပ်ဘေးကြီးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ် ”
သက်လတ်ပိုင်းအမျိုးသားသည် ရေကန်ကို အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် လေးဖင့်စွာ သက်ပြင်းချလိုက်ပြီး ပြောသည်။
“ အဖေ… သမီးနားလည်ပါတယ် ”
မိန်းကလေးက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူ၏ အသံက သဘာဝတေးသံပမာ သာယာနာပျော်ဖွယ်ကောင်းသည်။
“ ရှင်းအာ… သမီးရဲ့ အချစ်ရေးကို အဖေ ဘာမှဝင်မပြောချင်ဘူး… ဒါပေမဲ့ မိသားစုရဲ့ တာဝန်နဲ့ ဝတ္တရားကို အရင်ဦးစားပေးရမယ်ဆိုတာ ငါ့သမီး မမေ့လိုက်ပါနဲ့… ပြီးတော့ သမီးနဲ့ သီရှီထျန်က ပေါင်းဖက်ဖို့ ကံပါမလာဘူး… သူ့ကို မေ့ပစ်လိုက်တာ အကောင်းဆုံးပါပဲ ”
“ မဟုတ်ဘူး အဖေ… သမီးစိတ်ဆုံးဖြတ်ပြီးပြီ… အဖေ သမီးကို နောက်ထပ် နားမချပါနဲ့တော့ ”
မိန်းကလေးက သေချာပြတ်သားသော လေသံဖြင့် ပြောသည်။ သူ၏ မျက်လုံးထဲမှာ ခေါင်းမာသော အရိပ်အယောင် ရှိ၏။
ထိုနှစ်ယောက်သည် ချင်မိသားစု၏ မိသားစုခေါင်းဆောင် ချင်ရွှမ်းနှင့် ကိုတိုမီမှလွဲ၍ တခြားမဟုတ်ပေ။
ထိုရေကန်သည် ချင်မိသားစု၏ တားမြစ်ဧရိယာဖြစ်သည်။ ချင်မိသားစု၏ မျိုးဆက်တိုင်းသည် ထိုရေကန်ကို ကာကွယ်စောင့်ကြပ်ရန် တာဝန်ရရှိထားကြသည်။ ရေကန်၏ တည်နေရာက ချင်စံအိမ်နှင့် သိပ်မဝေးပေ။ ရေကန်က ကုချင်းချိုင့်ဝှမ်း၏ အနောက်ဘက်တောင်တန်းထဲမှာ တည်ရှိသည်။ ဤနေရာတွင် ရှေးဟောင်းအစီအရင်တစ်ခုကို ခင်းကျင်းထားသည်။ သို့ဖြစ်၍ သာမန်လူများသည် ဤနေရာဆီသို့ ရောက်လာလျှင်ပင် ရေကန်ကို မြင်နိုင်လိမ့်မည် မဟုတ်ချေ။
ချင်စံအိမ်က ကုချင်းချိုင့်ဝှမ်းထဲမှာ တည်ရှိနေခြင်းသည် ထိုရေကန်ကို ကာကွယ်စောင့်ကြပ်ရန်အတွက် ဖြစ်သည်။ အစောနက ချိပ်တံဆိပ်ကို မိစ္ဆာနှိမ်နင်းခြင်းထျန်းရှစ်ထောင့်အစီအရင်ဟု ခေါ်သည်။ ယင်းက ရှေးဟောင်းအစီအရင်များအနက် တစ်ခုဖြစ်သည်။ ရှစ်ထောင့်အစီအရင်၏ သဘောတရားအရ ကောင်းကင်ဘုံတိုင်လုံးတစ်ခု ထွက်ပေါ်လာသည့်အခါ မိစ္ဆာနှိမ်နင်းခြင်းထျန်းရှစ်ထောင့်အစီအရင်က မိုးမြေစွမ်းအားနှင့် ပေါင်းစပ်သွားပြီး ကမ္ဘာမြေ၏ နတ်ဘုရားသွေးကြောများနှင့် ဆက်သွယ်သွားလိမ့်မည်။ တစ်စုံတစ်ယောက်သည် မည်မျှအစွမ်းထက်ပါစေ မိစ္ဆာနှိမ်နင်းခြင်းထျန်းရှစ်ထောင့်အစီအရင်ဖြင့် ဖိနှိပ်ခံရမည်ဆိုလျှင် အသက်မသေဆုံးသွားလျှင်ပင် အရေခွံတစ်လွှာပြီးတစ်လွှာ ဆွဲချွတ်ခံရလိမ့်မည်။
ထိုမျှအံ့ဖွယ်ကောင်းသော စည်းချအစီအရင်က ဤနေရာမှာ တည်ရှိနေပြီး ရေကန်တစ်ခုလုံးကို ချိပ်ပိတ်ထားသည်လော။ သို့ဆိုလျှင် ရေကန်ထဲမှာ မည်သို့သော မွန်းစတားတစ်ကောင်က တည်ရှိနေသနည်း။
ချင်မိသားစု၏ ရှေးဟောင်းမှတ်တမ်းများအရ ထိုရေကန်ထဲမှာ ရှေးခေတ်ကတည်းက တည်ရှိနေခဲ့သော မွန်းစတားတစ်ကောင်ကို ချိပ်ပိတ်ထားသည်။ ထို့ပြင် ချင်မိသားစု၏ တည်ထောင်သူဘိုးဘေးသည် ထိုချိပ်တံဆိပ်ကို ဖန်တီးခဲ့သူများအနက် တစ်ဦးအပါအဝင် ဖြစ်သည်။
ထို့ကြောင့် ချင်မိသားစု၏ တည်ထောင်သူဘိုးဘေးသည် ချင်မိသားစု၏ နောင်မျိုးဆက်များကို ရေကန်အား သေသေချာချာ စောင့်ကြပ်ရန် မှာကြားခဲ့သည်။ ယင်းက ချင်မိသားစု၏ ဘိုးဘေးအမိန့်တော်ဖြစ်သကဲ့သို့ သမိုင်းပေးတာဝန်လည်း ဟုတ်၏။ ချိပ်တံဆိပ်ကျိုးပျက်သွားသည့်အခါ လောကတစ်ခုလုံးကို ဗြောင်းဆန်သွားစေမည့် မဟာကပ်ဘေး ထွက်ပေါ်လာလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် ခရမ်းရွှေကုန်းမြေတစ်ခုလုံး ပရမ်းပတာဖြစ်သွားလိမ့်မည်။
ထို့ကြောင့် ချင်မိသားစု၏ အစောင့်အကြပ်တာဝန်သည် ကုန်းမြေတစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ပေးနေခြင်းနှင့် အတူတူပင်။ ချင်မိသားစု၏ နောင်မျိုးဆက်တိုင်းက ထိုတာဝန်ကို ပခုံးပြောင်း၍ လွှဲပြောင်းယူကြရသည်။
ထို့ကြောင့်ပင် ချင်မိသားစု၏ မျိုးဆက်တိုင်းက ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်းကို ရရှိထားကြသည်။ သူတို့ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သူတို့၏ ကျင့်ကြံခြင်းအမြန်နှုန်းက တခြားကျင့်ကြံသူများထက် ပိုပြီးမြန်ဆန်ကြသည်။ ထို့ပြင် သူတို့က ကျင့်ကြံခြင်းတွင် မည်သည့်အခက်အခဲမှ မတွေ့ကြုံကြရချေ။
သို့ဖြစ်၍ ချင်မိသားစု၏ သွေးမျိုးဆက်က အမှန်တကယ် ထူးခြားသည်။
ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းမှာ ခရမ်းရွှေကုန်းမြေအပေါ် ချင်မိသားစု၏ ပေးဆပ်မှုကြောင့် ဖြစ်သည်။ အတိအကျပြောရသော် ချင်မိသားစုသည် သူတို့၏ စတေးခံမှုအတွက် မိုးမြေ၏ ကောင်းချီးပေးမှုကို ရရှိထားကြသည်။ ထို့ကြောင့် ချင်မိသားစုသည် ရှေးခေတ်ကာလမှစ၍ ယနေ့ထိတိုင် ဆက်လက် တည်တံ့နိုင်ခဲ့သည်။
“ ဟူး… ငါ့သမီးနဲ့တော့ ခက်တာပဲ ”
ချင်ရွှမ်းက ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။ အကူအညီမဲ့သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ထားလိုက်ပါတော့… ညည်းက အချစ်နောက်ကို လိုက်သွားမယ်ဆိုလည်း ငါဘာမှမပြောဘူး… ဒါပေမဲ့ အဖေ တစ်ခုသတိပေးမယ်… ညည်းရွေးချယ်တဲ့ လမ်းကြောင်းက အင်မတန် ခက်ခဲလွန်းတယ်… ပြီးတော့ ညည်းက ချင်မိသားစုဝင်တစ်ယောက်ဆိုတာ မမေ့ပါနဲ့… ချင်မိသားစုဝင်က ချင်မိသားစုရဲ့ သမိုင်းပေးတာဝန်ကို မေ့ပစ်လို့ မရဘူး… ဒါ့အပြင် မြစိမ်းကုချင်းက ညည်းကို ရွေးချယ်ခဲ့တယ်… ‘ ထျန်းရှစ်ထောင့်မိစ္ဆာနှိမ်နင်းခြင်းသံစဉ် ’ကို အမြန်ဆုံး သင်ယူနိုင်အောင် လုပ်ပါ… အဲ့ဒါက ဘိုးဘေးချန်ထားခဲ့တဲ့ နတ်ဘုရားသံစဉ်သုံးခုထဲက တစ်ခုပဲ… ဝိညာဉ်ရတနာအဆင့်ကို ရောက်ရှိထားတဲ့ ကုချင်းနဲ့ တီးခတ်မှ ‘ ထျန်းရှစ်ထောင့်မိစ္ဆာနှိမ်နင်းခြင်းသံစဉ် ’ကို အမှန်တကယ် ထုတ်လွှတ်နိုင်လိမ့်မယ်… ဒါကြောင့် ချင်မိသားစုထဲမှာ ညည်းတစ်ယောက်ပဲ အဲ့ဒါကို သင်ယူနိုင်တယ်… အဲ့ဒါကို မသင်ယူခင် ဘာအကြောင်းနဲ့မှ စိတ်မပျံ့လွင့်စေနဲ့… မဟုတ်ရင် ညည်းက ချင်မိသားစုရဲ့ ရာဇဝတ်သားဖြစ်သွားလိမ့်မယ်… အဲ့ဒါကို မြဲမြဲမှတ်ထားပါ ”
ချင်ရွှမ်းသည် ဖခင်တစ်ယောက်အနေနှင့် သူ့သမီး၏ အကျင့်စရိုက်ကို မည်သို့ကြောင့် မသိဘဲနေမည်နည်း။ ဤအခိုက်အတန့်မှာ သူ့သမီးကို နားမချနိုင်တော့ကြောင်း သူသိသည်။ သို့ဆိုမှတော့ သူ့သမီး၏ စိတ်ကို ပြောင်းလဲစေရန် အချိန်ကိုသာ သူအသုံးချရတော့မည်။
“ အဖေ… ရှင်းအာ အားလုံးကို နားလည်ပါတယ်… သမီး အခုပဲ အခန်းထဲပြန်ပြီး သွားလေ့ကျင့်ပါတော့မယ် ”
ကိုတိုမီသည် ဉာဏ်ကောင်းသော မိန်းကလေး ဖြစ်သည်။ သူက ခေါင်းညိတ်လိုက်ပြီး ချင်ရွှမ်းကို ဦးညွတ်လိုက်သည်။ ထို့နောက် သူက အနောက်လှည့်၍ ကုချင်းချိုင့်ဝှမ်းဆီသို့ ပြန်သွားသည်။
ကိုတိုမီ၏ နောက်ကျောကို ကြည့်နေရင်း ချင်ရွှမ်းက သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး အဝေးတစ်နေရာကို ကြည့်လိုက်သည်။ သူ၏ အကြည့်က နန်းမြို့တော်ပေါ်မှာ စွဲမြဲသွားသည်။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
“ သီရှီထျန်… မင်းက တကယ်ပဲ ဘယ်လိုလူလဲ… မင်းက မိစ္ဆာတစ်ကောင်ဖြစ်တာတောင် ဝူတိုင်းပြည်ထဲမှာ တိုတမ်တစ်ခု ချန်ထားခဲ့တယ်… အခု ဝူတိုင်းပြည်ထဲက ပြည်သူအားလုံးနီးပါးက တိုတမ်အပေါ်မှာ သက်ဝင်ယုံကြည်သွားကြတယ်… မဟုတ်မှလွဲရော မင်းက ယုံကြည်မှုစွမ်းအားရဲ့ အသုံးပြုနည်းကို သိထားတာလား… ထူးဆန်းတယ်… အရမ်းထူးဆန်းတယ် ”
ချင်ရွှမ်းက နက်နဲစွာ တွေးတောလိုက်သည်။ သီရှီထျန်၏ ပုံရိပ်က သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သီရှီထျန်က ကုချင်းချိုင့်ဝှမ်းထဲမှ ထွက်ခွာသွားပြီဖြစ်သော်လည်း ကိုတိုမီ၏ စွဲလန်းမှုကြောင့် ချင်ရွှမ်းသည် သီရှီထျန်ကို မမေ့နိုင်ခဲ့ပေ။ ထို့ပြင် ဝူတိုင်းပြည်ထဲမှ အပြောင်းအလဲများကြောင့် ချင်ရွှမ်းက သီရှိထျန်ကို ပိုပြီးစူးစမ်းသိချင်လာသည်။ သူက တိုတမ်ကိစ္စနှင့်ပတ်သက်၍ စုံစမ်းကြည့်ခဲ့သော်လည်း မည်သည့်အချက်အလက်မှ ရှာမတွေ့ခဲ့ပေ။ ကြည့်ရသည်မှာ တိုတမ်ဆောက်လုပ်သော ကိစ္စက အလွန်ရှုပ်ထွေးဟန် ရ၏။
ယေဘုယျအားဖြင့် လူသားများသည် တခြားလူများထက် သာလွန်ရသည်ကို နှစ်ချိုက်ကြသည်။ ထို့ပြင် လူအမျိုးမျိုးဆီမှာ မတူညီသော အမြင်အမျိုးမျိုး ရှိ၏။ ဝူတိုင်းပြည်၏ ဧကရာဇ်အသစ်ဖြစ်သော ဟွာဝမ့်ဝူသည် သူက မြင့်မြတ်သားရဲဖြစ်သော ကျားနက်၏ မျိုးဆက်ဖြစ်သည်ဟု ပြောသည်။ ထို့ပြင် သူက မြင့်မြတ်သားရဲ၏ သွေးမျိုးဆက်ကိုလည်း ပိုင်ဆိုင်ထားသည်။ သူက ကံကြမ္မာသားတော် ဖြစ်သည်။
ဝူတိုင်းပြည်ကို အုပ်ချုပ်သော ဧကရာဇ်က မြင့်မြတ်သားရဲ၏ မျိုးဆက်ဖြစ်သည်ဆိုလျှင် ဝူတိုင်းသူပြည်သားအားလုံးက မြင့်မြတ်သားရဲ၏ မျိုးဆက်များ အလိုအလျောက် ဖြစ်သွားကြလိမ့်မည် မဟုတ်ပါလော။ မြင့်မြတ်သားရဲ၏ မျိုးဆက်ဟူသော ဂုဏ်ပုဒ်က လူအများအပြားကို ဘဝင်မြင့်သွားစေသည်။ လူသားများသည် နဂိုကတည်းက တခြားလူများထက် သာလွန်ရသည်ကို နှစ်ချိုက်ကြသည်။
သို့ဖြစ်၍ သူတို့က ဟွာဝမ့်ဝူ၏ အမိန့်ထုတ်ပြန်မှုအပေါ် နှစ်ထောင်းအားရကြသည်။ ငြင်းဆန်သူများ အများကြီး မရှိပေ။ ထို့နောက် ဟွာဝမ့်ဝူသည် သူ၏ ဘိုးဘေးဖြစ်သော မြင့်မြတ်သားရဲအား ကိုးကွယ်ပူဇော်ရန် တိုတမ်တစ်ခု ဆောက်လုပ်လိုက်သည်။ ဟွာဝမ့်ဝူ၏ ထက်မြက်သော အကြံဉာဏ်ကြောင့် တိုတမ်အပေါ် ကိုးကွယ်ပူဇော်သူများ ရှိလာသည်။ အချိန်ကြာလာသည်နှင့်အမျှ ကိုးကွယ်ပူဇော်သူများက တဖြည်းဖြည်း ပိုများပြားလာသည်။ မကြာမီ ဝူတိုင်းပြည်၏ ပြည်သူပြည်သားအားလုံးက တိုတမ်အပေါ် ယုံကြည်ကိုးကွယ်သွားကြလိမ့်မည်။
လူပုဂ္ဂိုလ်တစ်ဦးထံမှ ထုတ်လွှတ်သော ယုံကြည်မှုစွမ်းအားက မထင်ရှားသော်လည်း လူပေါင်းထောင်သောင်းချီ၏ ယုံကြည်မှုစွမ်းအားက အံ့ဩဖွယ်ကောင်းသည်။ ဤအခိုက်အတန့်မှာ ဝူတိုင်းပြည်အတွင်းမှ ပြည်သူပြည်သားများ၏ ယုံကြည်မှုစွမ်းအားက နန်းမြို့တော်အလယ်ခေါင်မှာ ဆောက်လုပ်ထားသော ကျားနက်တိုတမ်ဆီသို့ ဦးတည်သွားနေသည်။
ယုံကြည်မှုစွမ်းအားသည် ဤလောက၏ လျှို့ဝှက်ဆန်းကြယ်ဆုံးနှင့် အံ့ဖွယ်အကောင်းဆုံး စွမ်းအားများအနက် တစ်မျိုးဖြစ်သည်။
ထို့ကြောင့် သာမန်ရုပ်တုဖြစ်သော ကျားနက်တိုတမ်က ယုံကြည်မှုစွမ်းအားကို ပမာဏများပြားစွာ စုပ်ယူပြီးနောက် တဖြည်းဖြည်း လျှို့ဝှက်ဆန်းကြယ်လာသည်။
ထိုမျှသာ မဟုတ်ပေ။ တိုတမ်သည် ပိုပြီးကြီးကျယ်မြင့်မြတ်လာသည်။ ထို့ပြင် တိုတမ်ပေါ်မှာ တည်ရှိနေသော မြင့်မြတ်ထည်ဝါမှုကြောင့် မည်သူမှ ယင်းကို မစော်ကားဝံ့ကြချေ။ ညအချိန်တွင် တိုတမ်ပေါ်မှာ နတ်ဘုရားအလင်းက ရံဖန်ရံခါ လင်းလက်သွားလေ့ ရှိသည်။ လူအများအပြားသည် အလုပ်ပင်ပန်းပြီးနောက် တိုတမ်နားသို့ ရောက်လာသည့်အခါ ထိုနတ်ဘုရားအလင်းဖြင့် လွှမ်းခြုံခံလိုက်ရပြီး ချက်ချင်း ရွှင်လန်းတတ်ကြွသွားကြသည်။ သူတို့၏ ပင်ပန်းနွမ်းလျမှုက ပျောက်ကွယ်သွားသည်။ ရောဂါဝေဒနာခံစားနေရသော လူမမာများသည်ပင် ထိုနတ်ဘုရားအလင်းဖြင့် လွှမ်းခြုံခံလိုက်ရသည့်အခါ ပြန်သက်သက်သွားကြသည်။
ထိုသို့အံ့ဖွယ်ကောင်းမှုကြောင့် တိုတမ်အပေါ် ယုံကြည်သက်ဝင်သူများက တဖြည်းဖြည်း တိုးပွားလာသည်။ ယုံကြည်သက်ဝင်သူများ ပိုမိုများပြားလာသည်နှင့်အမျှ တိုတမ်က ပိုပြီးအံ့ဖွယ်ထူးခြားလာသည်။ ဤအခိုက်အတန့်မှာ ဝူတိုင်းပြည်ထဲမှ ပြည်သူပြည်သားများက သူတို့ကိုယ်သူတို့ မြင့်မြတ်သားရဲ၏ မျိုးဆက်များအဖြစ် သတ်မှတ်လိုက်ကြသည်။ ထို့ကြောင့် သူတို့သည် တခြားပြည်ထောင်များမှ လူများနှင့် တွေ့ဆုံသည့်အခါ သာလွန်မြင့်မြတ်မှုကို အလိုအလျောက် ခံစားမိသွားကြသည်။ တစ်ချိန်တည်းမှာ သူတို့၏ စိတ်ဝိညာဉ်နှင့် အသွင်သဏ္ဍာန်က ယခင်ကနှင့် မတူညီတော့ပေ။ ဤသည်မှာ သူတို့က စိတ်သစ်လူသစ် ဖြစ်သွားကြသည့်အလားပင်။
လူတိုင်းသည် မည်သို့အလုပ်ကြိုးစားရမည်ဖြစ်ကြောင်း သိကြသည်။ တိုင်းပြည်တစ်ခု၏ အင်အားက နေ့စဉ်နှင့်အမျှ ပြောင်းလဲသွားနေသည်။ ထိုသို့အပြောင်းအလဲက အလွန်ကြီးမားသောအရာ ဖြစ်သည်။
သို့ဖြစ်လေရာ မသေမျိုးကျင့်ကြံသူဖြစ်သော ချင်ရွှမ်းက ယင်းကို သတိမထားမိဘဲ မည်သို့နေမည်နည်း။ အပြောင်းအလဲက အလွန်ကြီးမားလေရာ သူသတိမထားမိရန် မည်သို့မှ မဖြစ်နိုင်ပေ။
သေမျိုးလောက၏ အပြောင်းအလဲများကို သူစိတ်မဝင်စားပေ။ သူစိတ်ဝင်စားသော တစ်ခုတည်းသောအရာက ယုံကြည်မှုစွမ်းအား ဖြစ်သည်။ ယုံကြည်မှုစွမ်းအားက အလွန်အံ့ဩဖွယ်ကောင်းသည်။ ဒဏ္ဍာရီများထဲမှာ ဖော်ပြထားသည်မှာ ယုံကြည်မှုစွမ်းအားက သေမျိုးတစ်ယောက်ကို ချက်ချင်း နတ်ဘုရားတစ်ပါးဖြစ်လာစေနိုင်သည်။
စိတ်မကောင်းစရာမှာ ယုံကြည်မှုစွမ်းအား၏ အသုံးပြုနည်းများက အချိန်မြစ်ထဲမှာ ပျောက်ဆုံးသွားပြီ ဖြစ်၏။ မျက်မှောက်ခေတ်တွင် ယုံကြည်မှုစွမ်းအား၏ အသုံးပြုနည်းများကို သိထားသူများက နဂါးဦးချိုနှင့် ဖီးနစ်ငှက်မွှေးကဲ့သို့ ရှားပါးသွားချေ၏။
ချင်ရွှမ်းသည် တောင်ကုန်းပေါ်မှာ အချိန်တစ်ခဏကြာ ရပ်နေပြီးနောက် ထွက်သွားသည်။ တောင်အောက်ခြေတွင် ရေကန်က တိတ်တဆိတ် ကျန်နေခဲ့သည်။ သို့သော်လည်း ရေကန်က အနက်ရောင်ချီကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဤသည်မှာ အစောနက ပေါက်ကွဲမှုက ရေကန်ပေါ်မှာ တစ်ခါမှ မဖြစ်ပျက်ခဲ့သည့်အလားပင်။ ယင်းက အလွန်ထူးဆန်းသည်။
“ ဝုန်း ”
အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ သီရှီထျန်သည် ကျားဝိညာဉ်ဓားမော့ကို သန့်စင်ပြီးနောက် တံခါးပိတ်ကျင့်ကြံခြင်းကို ထပ်မံ စတင်လိုက်သည်။ အချိန်အားဖြင့် ကိုးရက်ကြာမြင့်သွားသည်။ သူတံခါးပိတ်ကျင့်ကြံနေသော လှိုဏ်ဂူထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ကျားဟိန်းသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ ဟိန်းသံက အလွန်အားကောင်းလေရာ လှိုဏ်ဂူတည်ရှိနေသော တောင်ကုန်းသည်ပင် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ကြီးမားသော ကျောက်တုံးကျောက်ခဲများက တောင်ကုန်းပေါ်မှ လိမ့်ကျလာကြသည်။
“ ဝေါင်း ”
လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံက လှိုဏ်ဂူထဲမှ ပဲ့တင်ထပ်လာသည်။ ယင်းက တောင်ကုန်းကို တုန်ခါသွားစေသည်။
“ အရှင်မင်းကြီး ”
လှိုဏ်ဂူအပြင်ဘက်မှာ စောင့်ကြပ်ပေးနေသော ချီဟောင်က လှိုဏ်ဂူကို စိုးရိမ်ကြောင့်ကြစွာ စိုက်ကြည့်လိုက်သည်။ အလွန်အားကောင်းသော ဖိအားတစ်ခုက လှိုဏ်ဂူထဲမှ ထွက်ပေါ်နေကြောင်း သူခံစားမိသည်။ မျှော်လင့်မှုက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။