← Chapters

အခန်း ၂၈၈

Vol. 20 Ch. 288

အခန်း ၂၈၈

Vol. 20 Ch. 288

အခန်း(၂၈၈)

“ အဲ့ဒါ အရှင်မင်းကြီးရဲ့ ဟိန်းသံပဲ… ဟိန်းသံကို နားထောင်ရတာ အရှင်မင်းကြီး ဒီတစ်ကြိမ် တံခါးပိတ်ကျင့်ကြံနေရင်း အဆင့်တတ်လှမ်းသွားတဲ့ပုံပဲ… အဲ့ဒါ အရမ်းကောင်းတယ်… ဒါပေမဲ့ ငါလည်းပဲ အလုပ်ကြိုးစားရမယ်… မဟုတ်ရင် အနာဂတ်မှာ အရှင်မင်းကြီးရဲ့ ဝန်တွေကို ငါကူထမ်းပေးနိုင်မှာ မဟုတ်ဘူး ”

ချီဟောင်က အလုပ်ပိုကြိုးစားရန် စိတ်ဆုံးဖြတ်လိုက်သည်။ သူက အရှင်မင်းကြီး အားကိုးအားထားရသော လက်အောက်ငယ်သားတစ်ဦး ဖြစ်လာချင်သည်။ သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှာသာ နေထိုင်သော်လည်း သီရှီထျန်ကို မြင်သည့်အခါတိုင်း ဆန္ဒစောမှုကို ခံစားရမိသည်။ ဤသည်မှာ ကိစ္စကြီးတစ်ခုက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မကြာခင် ဖြစ်ပေါ်လာတော့မည့်အလားပင်။

“ ဘန်း… ဘန်း… ဘန်း… ”

ထိုအခိုက်အတန့်မှာ လှိုဏ်ဂူထဲတွင် ဧရာမကျားနက်၏ ခန္ဓာကိုယ်က လှိုဏ်ဂူထဲမှာ ပြည့်ကျပ်သွားသည်။ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက ထွန်းလင်းတောက်ပသော ခရမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ဘုရင်အမှတ်အသားက အလွန်ထူးခြားဆန်းကြယ်သည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က ပေ(၁၅၀)အမြင့်သို့ ရောက်ရှိနေသည်။ သို့သော်လည်း ယင်းက သူ၏ အကန့်အသတ်မဟုတ်ပေ။ နောက်အခိုက်အတန့်မှာ သူ၏ ဧရာမခန္ဓာကိုယ်က ဆက်ပြီး ကြီးမားသွားသည်။

ပေ(၁၆၀)… ပေ(၁၇၀)…

ကျားခန္ဓာကိုယ်က ပိုပြီးကြီးမားလာလေ လှိုဏ်ဂူနံရံက အပြင်ဘက်သို့ ပြန့်ကားသွားလေ ဖြစ်၏။ တစ်ချိန်တည်းမှာ လှိုဏ်ဂူ၏ အကျယ်အဝန်းက အတင်းအကျပ် ကြီးမားသွားသည်။ သူ့ခန္ဓာကိုယ်က လှိုဏ်ဂူနံရံနှင့် ပွတ်တိုက်သွားသည့်အခါ တောင်ကုန်းက အပြင်းအထန် တုန်လှုပ်သွားသည်။ တောင်ကုန်း၏ တုန်လှုပ်မှုသည် ကျားခန္ဓာကိုယ် ပေ(၂၀၀)အမြင့်သို့ ရောက်သွားသည့်အခါမှ ရပ်တန့်သွားသည်။

သီရှီထျန်၏ ကျားခန္ဓာကိုယ်သည် ပေ(၂၀၀)အမြင့်သို့ အမှန်တကယ် ရောက်ရှိသွားသည်။ ဤအခိုက်အတန့်မှာ သူ့ခန္ဓာကိုယ်က တောင်ကုန်းငယ်တစ်ခုပမာ ကြီးမားသွားသည်။

“ ဟူး လား လား ”

မကြာမီ အရွယ်အစားကြီးမားသော ကျားခန္ဓာကိုယ်က သာမန်ကျားတစ်ကောင်၏ အရွယ်အစားသို့ ပြန်ကျုံ့သွားသည်။ ထို့နောက် ကျားက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူက လူသားတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်က ဗလာကျင်းနေသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ကြွက်သားများက ကြေးနီရောင်သန်းနေသည်။ မရီဒျန်များက သူ၏ ခန္ဓာကိုယ်ပေါ်မှာ နဂါးများသဖွယ် ရွေ့လျားနေကြသည်။

အနက်ရောင်ဆံနွယ်ရှည်များက သူ၏ ကျောနောက်မှာ ဘယ်ညာယိမ်းနွဲ့နေသည်။ သူ၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်အမှတ်အသားက အံ့ဖွယ်ကောင်းသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ သူ၏ ခန္ဓာကိုယ်က ရိုင်းစိုင်းကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဤအခိုက်အတန့်မှာ သူ့အား မည်သူမှ မော်ကြည့်ဝံ့လိမ့်မည် မဟုတ်ချေ။ ကြောက်မက်ဖွယ်ကောင်းသော သားရဲဘုရင်အရှိန်အဝါက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ အရှိန်အဝါက လှိုဏ်ဂူနံရံနှင့် တွေ့ဆုံသွားသည့်အခါ ကြွပ်ဆပ်သော မြည်သံများ ထွက်ပေါ်လာသည်။

“ ဂလု… ဂလု… ”

ဤအခိုက်အတန့်မှာ သီရှီထျန်၏ မျက်လုံးက သွေးနီရောင်သို့ ပြောင်းလဲသွားသည်။ သူက ညာလက်ကို ထုတ်လိုက်ပြီး သူ၏ ခါးပေါ်မှာ ချိတ်ဆွဲထားသော ဝိုင်ဘူးသီးခြောက်ကို လှမ်းယူလိုက်သည်။ သူက ဝိုင်ဘူးသီးခြောက်ကို ဖွင့်၍ တစ်ကျိုက်ပြီးတစ်ကျိုက် အငမ်းမရ သောက်လိုက်သည်။ သူ၏ လည်ဇလုတ်က နိမ့်ချည်မြင့်ချည် လှုပ်ရှားသွားသည်။

“ အရသာရှိလိုက်တာ ”

သီရှီထျန်က နှစ်ထောင်းအားရစွာ ပြောလိုက်သည်။ ဝိုင်ကို ဗိုက်အပြည့်သောက်ပြီးနောက် သူက ဖော်မပြနိုင်အောင် သက်တောင့်သက်သာရှိသွားသည်။

“ အခုကစပြီး ငါသေရည်ဂျိုး ဖြစ်လာတော့မှာ စိုးရိမ်ရတယ်… စိတ်ခံစားချက်ခုနစ်မျိုးနဲ့ လိုအင်ဆန္ဒခြောက်မျိုး မိစ္ဆာသွေးကြောတွေကို ဖွဲ့စည်းဖို့က မလွယ်ကူဘူး… ဒါပေမဲ့ သေရည်ဂျိုးဖြစ်လာတာက အသိစိတ်ဆုံးရှုံးသွားတာထက် အများကြီး ပိုကောင်းပါတယ်… ငါ့မှာ တခြားဘာမှမရှိပေမဲ့ ဝိုင်ကတော့ အများကြီးပဲ ရှိတယ် ”

သီရှီထျန်က သိမ်မွေ့စွာ သက်ပြင်းချလိုက်သည်။ သူ့အရှေ့မှ ဝိုင်ဘူးသီးခြောက်ကို ကြည့်နေရင်း သူက ဘူးသီးခြောက်ကို အကြိမ်ရေအနည်းငယ် လှုပ်လိုက်သည်။

သူသည် အတိတ်မှာ ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောကို ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် မိစ္ဆာသွေးကြောဖွဲ့စည်းခြင်းက သူ့အတွက် မခက်ခဲတော့ပေ။ အတိတ်မှာ သူက ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောကို သူ၏ ဦးခေါင်းနှင့် အမြှီးအား ဆက်သွယ်ပေးထားသော မရီဒျန်နေရာမှာ အစားထိုးခဲ့သည်။

ဤတစ်ကြိမ်မှာတော့ သူက ဒုတိယမြောက်မိစ္ဆာသွေးကြောကို သူ၏ ညာဘက်ကျားလက်သည်းထဲမှ မရီဒျန်နေရာမှာ အစားထိုးလိုက်သည်။

မိစ္ဆာသွေးကြောဖွဲ့စည်းခြင်းသည် ယခင်တစ်ခေါက်ကဲ့သို့ မခက်ခဲတော့ပေ။ မိုးမြေကြားမှ လိုအင်ဆန္ဒစွမ်းအင်သည် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ ဆင့်ခေါ်မှုကြောင့် ထွက်ပေါ်လာသည်။ ထို့နောက် “ အရသာခံခြင်းမိစ္ဆာသွေးကြော ”က သူ၏ ညာဘက်ကျားလက်သည်းထဲမှာ ဖွဲ့စည်းသွားသည်။

“ အရသာခံခြင်းမိစ္ဆာသွေးကြော ” ဖွဲ့စည်းသွားသည့်အခိုက် ဤလောကထဲမှ အစားကောင်းအားလုံးကို စားသောက်ချင်သော လိုအင်ဆန္ဒက သူ့စိတ်ထဲမှာ အကန့်အသတ်မဲ့စွာ ထွက်ပေါ်လာသည်။

ကံကောင်းစွာဖြင့် အတိတ်မှာ သူသည် ဝမ်းနည်းခြင်းမိစ္ဆာသွေးကြော၏ နောက်ဆက်တွဲအကျိုးဆက်ကို ကြုံတွေ့ခဲ့ပြီးပြီ ဖြစ်၏။ ထို့ကြောင့် သူက သူ့စိတ်ကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သို့ဖြစ်၍ သူက အသိစိတ်မဆုံးရှုံးသွားပေ။

ဝိုင်ဘူးသီးခြောက်ထဲမှ မျောက်မင်းဝိုင်ကို တစ်ကျိုက်ပြီးတစ်ကျိုက် သူမော့ချလိုက်သည့်အခါ အစားစားချင်သော လိုအင်ဆန္ဒက ယာယီဖိနှိပ်ခံလိုက်ရသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က ဝိညာဉ်ဝိုင်ထဲမှာ ကိန်းအောင်းနေသော စွမ်းအင်အနှစ်သာရကို မြန်မြန်ဆန်ဆန် စုပ်ယူနေသည်။ သူ၏ ခန့်မှန်းမှုအရ ဝိညာဉ်ဝိုင်ထဲမှ စွမ်းအင်အနှစ်သာရ ကုန်ခမ်းသွားသည့်အခါ အစားစားချင်သော လိုအင်ဆန္ဒက နောက်တဖန် ထွက်ပေါ်လာလိမ့်မည်။

“ အရသာခံခြင်းမိစ္ဆာသွေးကြောကို ဖွဲ့စည်းတဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ဝိုင်သောက်ပြီးတော့ ယာယီဖြေရှင်းနိုင်တယ်… ဒါ့အပြင် ဝိုင်သောက်တာက ငါ့ရဲ့ ကျင့်ကြံခြင်းကို တိုးမြှင့်ပေးနိုင်တယ်… ကြည့်ရတာ အရသာခံခြင်းမိစ္ဆာသွေးကြောရဲ့ ဘေးထွက်ဆိုးကျိုးက ငါ့အတွက် ကောင်းမွန်တဲ့အရာဖြစ်တဲ့ပုံပဲ ”

သီရှီထျန်က မျက်လုံးဝင်းလက်သွားသည်။ ဝိညာဉ်ဝိုင်ထဲမှာ ပမာဏများပြားသော စွမ်းအင်အနှစ်သာရ ပါဝင်သည်။ ယင်းက အရသာခံခြင်းမိစ္ဆာသွေးကြော၏ နောက်ဆက်တွဲအကျိုးဆက်ကို ဖြေရှင်းပေးနိုင်သည့်အပြင် သူ၏ ကျင့်ကြံခြင်းကိုလည်း တိုးမြှင့်ပေးနိုင်သည်။ ထို့ပြင် အရသာခံခြင်းမိစ္ဆာသွေးကြော၏ လှုံ့ဆော်ပေးမှုကြောင့် သူ၏ မိစ္ဆာခန္ဓာကိုယ်က ဝိညာဉ်ဝိုင်ထဲမှ စွမ်းအင်အနှစ်သာရကို ယခင်ကထက် ပိုမိုမြန်ဆန်စွာ စုပ်ယူနိုင်သွားသည်။

ပြဿနာက အကျိုးအမြတ်အဖြစ် ပြောင်းလဲသွားခြင်းသည် ကောင်းမွန်သောအရာဖြစ်သည်။ ဝိညာဉ်ဝိုင်အများအပြားကို လိုအပ်ခြင်းက တခြားလူများအတွက် မလွယ်ကူသော်လည်း သူ့အတွက်တော့ ပြဿနာမဟုတ်ပေ။ ယင်းက အသေးအမွှားကိစ္စ ဖြစ်သည်။

ယွမ်ထျန်းသည် မျောက်မင်းဝိုင်ရေကန်တစ်ကန်ကို ချက်လုပ်ရန် နှစ်လသုံးလခန့်သာ အချိန်ယူရသည်။ ဝိုင်ရေကန်တစ်ကန်က သူ့အား နှစ်ဝက် သို့မဟုတ် တစ်နှစ်ခန့် ထောက်ပံ့ပေးနိုင်သည်။

ယခု သူ၏ ဝိုင်နတ်ဘုရားဘူးသီးခြောက်ထဲတွင် မျောက်မင်းဝိုင်က ဝိုင်ရေကန်နှစ်ကန်စာခန့် ရှိသည်။ သို့ဖြစ်၍ “ အစားစားချင်သော လိုအင်ဆန္ဒ ”က သူ့အတွက် ကြီးမားသော အန္တရာယ်မဟုတ်ပေ။ အချိန်ကာလတစ်ခုကြာသွားပြီးနောက် သူ၏ ခန္ဓာကိုယ်နှင့် အသိစိတ်က အရသာခံခြင်းမိစ္ဆာသွေးကြောနှင့် အပြည့်အဝ လိုက်လျောညီထွေသွားလျှင် အရသာခံခြင်းမိစ္ဆာသွေးကြော၏ ဘေးထွက်ဆိုးကျိုးကို နောက်ထပ် သူကြောက်စရာလိုတော့မည် မဟုတ်ချေ။

သူက စိတ်ထဲမှာ တွေးတောလိုက်ပြီး လှိုဏ်ဂူထဲမှ အခြေအနေကို ကြည့်လိုက်သည်။ လှိုဏ်ဂူသည် ပရမ်းပတာဖြစ်နေပြီး ရှုပ်ပွနေသည်။ သူက အဝတ်အစားဝတ်ပြီးနောက် လှိုဏ်ဂူကို ရှင်းလင်းသန့်စင်လိုက်သည်။

ထို့နောက် သူက ကျောက်တုံးခုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူ၏ စိတ်အာရုံက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

သူ၏ မိစ္ဆာအာရုံက မိစ္ဆာစံအိမ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။ ဒုတိယမြောက်မိစ္ဆာသွေးကြော ဖွဲ့စည်းသွားပြီးနောက် သူ့နှလုံးထဲမှ မိစ္ဆာစံအိမ်က ပိုပြီးမြဲမြံလာကြောင်း ရှာတွေ့သွားသည်။ မိစ္ဆာစံအိမ်၏ အလယ်ဗဟိုတွင် သေးငယ်သော ကျောက်စိမ်းဆေးမီးဖိုတစ်လုံးက မရပ်မနား လှည့်ပတ်နေသည်။ အဆင့်ချိုးဖြတ်သွားပြီးနောက် ဆေးမီးဖို၏ လှည့်ပတ်မှုက ယခင်ကထက် နှစ်ဆပိုမြန်လာသည်။ ဆေးမီးဖိုက မြန်ဆန်စွာ လှည့်ပတ်နေစဉ် မီးဖို၏ ဘေးပတ်ပတ်လည်မှာ ကျောက်စိမ်းအလင်းရောင်စက်ဝန်းတစ်ခု ထွက်ပေါ်လာသည်။ ယင်းက မိစ္ဆာသန့်စင်ခြင်းမီးဖိုမှလွဲ၍ တခြားမဟုတ်ပေ။

မိစ္ဆာစံအိမ်ထဲတွင် အမျိုးမျိုးသော စွမ်းအင်အနှစ်သာရများနှင့် မိုးမြေဝိညာဉ်စွမ်းအားက စုဝေးရှိနေသည်။ မိစ္ဆာသန့်စင်ခြင်းမီးဖိုက မြန်ဆန်စွာ လှည့်ပတ်နေရင်း မိစ္ဆာစံအိမ်ထဲမှ စွမ်းအင်အနှစ်သာရများကို စုပ်ယူလိုက်သည်။ မိစ္ဆာသန့်စင်ခြင်းမီးဖို ကိုးကြိမ်လှည့်ပတ်သွားသည့်အခါတိုင်း အနက်ရောင်အရည်တစ်စက်က ဆေးမီးဖိုထဲသို့ ကျဆင်းသွားလိမ့်မည်။ ယင်းက မိစ္ဆာချီဖြစ်သည်။

ထို့ပြင် ထူးဆန်းသော အနက်ရောင်အခိုးအငွေ့က မိစ္ဆာသွေးကြောကို ဖြတ်သန်း၍ မိစ္ဆာစံအိမ်ထဲသို့ ရွေ့လျားလာသည်။ ထိုအနက်ရောင်အခိုးအငွေ့သည် တခြားစွမ်းအင်အနှစ်သာရများကဲ့သို့ မိစ္ဆာသန့်စင်ခြင်းမီးဖို၏ စုပ်ယူသန့်စင်ခြင်းမခံရပေ။ ယင်းက ဆေးမီးဖို၏ အပေါ်မှာ အနက်ရောင်တိမ်တိုက်တစ်ခုပမာ စုဝေးရှိနေသည်။ ထူးဆန်းသည်မှာ ထိုအနက်ရောင်တိမ်တိုက်က သီရှီထျန်၏ ထိန်းချုပ်မှုအောက်မှာ မရှိပေ။

အနက်ရောင်တိမ်တိုက်သည် သူဖွဲ့စည်းခဲ့သော မိစ္ဆာသွေးကြောနှစ်ခုကို အမှီပြု၍ အပြင်လောကထံမှ သူစုပ်ယူလိုက်သော လိုအင်ဆန္ဒစွမ်းအင်မှ ဖွဲ့စည်းသွားသောအရာ ဖြစ်သည်။ သို့သော်လည်း ထိုလိုအင်ဆန္ဒစွမ်းအင်ကို သူမထိန်းချုပ်နိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ လိုအင်ဆန္ဒစွမ်းအင်ပမာဏက တိုးပွားသွားသည်။ တစ်နှစ်ကြာအောင် စုပ်ယူပြီးနောက် အနက်ရောင်မိုးတိမ်ထဲမှာ စုဝေးနေသော လိုအင်ဆန္ဒစွမ်းအင်က အလွန်များပြားသွားသည်။

မည်သို့ဖြစ်ပါစေ ဤလောကတွင် သီရှီထျန်မှလွဲ၍ လိုအင်ဆန္ဒစွမ်းအင်ကို စုပ်ယူနိုင်သော တခြားတစ်ယောက်မရှိပေ။ သို့ဖြစ်၍ သီရှီထျန်သည် သမုဒ္ဒရာထဲမှ ရေကို တစ်ယောက်တည်း သောက်သုံးနေရသူနှင့် ဆင်တူသွားသည်။

ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲမှာ လိုအင်ဆန္ဒစွမ်းအင် အများကြီး ရှိနေခြင်းက မထူးဆန်းပေ။ အပြင်လောကမှာပင် လိုအင်ဆန္ဒစွမ်းအင်က မိုးမြေဝိညာဉ်စွမ်းအင်ထက် အဆပေါင်းများစွာ ပိုများပြားသည်။ မည်သို့ဖြစ်ပါစေ လိုအင်ဆန္ဒစွမ်းအင်၏ ဇစ်မြစ်က သက်ရှိများ မဟုတ်ပါလော။ ထို့ကြောင့် မြစ်အစင်းတစ်ရာက ပင်လယ်ထဲသို့ စီးဆင်းသွားသည့်အလား မိုးမြေကြားထဲမှ လိုအင်ဆန္ဒစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်လာသည်။

ထို့ပြင် သူက သေချာသော ကျင့်စဉ်တစ်ခုမရှိဘဲ မိစ္ဆာသွေးကြောများကို အားကိုး၍သာ လိုအင်ဆန္ဒစွမ်းအင်ကို စုပ်ယူနေရသည်။ အကယ်၍ သူ့မှာသာ လိုအင်ဆန္ဒစွမ်းအင်ကို စုပ်ယူနိုင်သော ကျင့်စဉ်တစ်ခု ရှိမည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းက ယခင်ကထက် အဆပေါင်းများစွာ ပိုမြန်သွားလိမ့်မည်။ ထိုအကြောင်းကြောင့် သီရှီထျန်က စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးကို ကျင့်ကြံရန် လွန်စွာ စိတ်အားထက်သန်နေခြင်းပင်။

အထူးကျင့်စဉ်တစ်ခုကို သူဖန်တီးနိုင်သွားသည့်အခါ သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းက တစ်ဟုန်ထိုး မြင့်တတ်သွားလိမ့်မည်။ ထိုအခါကျလျှင် လိုအင်ဆန္ဒစွမ်းအင်၏ စစ်မှန်သော စွမ်းအားက ပေါ်လျှိုးလာလိမ့်မည်။

ဤအခိုက်အတန့်မှာ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲတွင် မိစ္ဆာချီက ဆေးမီးဖို၏ သုံးပုံနှစ်ပုံခန့်အထိ ရှိထားပြီးပြီ ဖြစ်၏။ ထို့ပြင် နောက်ထပ် အနက်ရောင်အရည်စက်များက ဆေးမီးဖိုထဲမှာ အလျှင်အမြန် တိုးပွားလာနေသည်။ သူက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ မိစ္ဆာချီက မိစ္ဆာသန့်စင်ခြင်းမီးဖိုတစ်ခုလုံး ပြည့်နှက်သွားတဲ့အခါ နောက်ထပ် နယ်ပယ်ကြီးတစ်ခုကို ငါချိုးဖြတ်ရလိမ့်မယ်… အဲ့ဒီအခါကျရင် တတိယမြောက်မိစ္ဆာသွေးကြောနဲ့ မိစ္ဆာအမြူတေဓာတ်လုံးကို ငါဖွဲ့စည်းရလိမ့်မယ် ”

သီရှီထျန်က မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ့အကြည့်က သူ့အရှေ့မှ ကျားဝိညာဉ်ဓားမော့ပေါ်သို့ ကျရောက်သွားသည်။ သူက လက်ဆန့်ထုတ်လိုက်ပြီး ကျားဝိညာဉ်ဓားမော့၏ လက်ကိုင်ကို ဖမ်းဆုပ်လိုက်သည်။ ဓားရိုးသည် သေးသွယ်ပြီး အလွန်ရှည်လျားသည်။ သို့ဖြစ်၍ ဓားရိုးကို လက်တစ်ဖက်ဖြင့်သော်လည်းကောင်း နှစ်ဖက်ဖြင့်သော်လည်းကောင်း ကိုင်နိုင်သည်။ ဓားမော့သည် ရိုင်းစိုင်းကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းသည်။

“ ရွှတ် ”ဟူသော မြည်သံနှင့်အတူ ကျားဝိညာဉ်ဓားမော့က မြေကြီးထဲမှ ဆွဲနုတ်ခံလိုက်ရသည်။ ကျားဝိညာဉ်ဓားမော့က စူးရှကျယ်လောင်သော ဓားဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူက ဓားမော့၏ ထိပ်ဖျားကို မြေကြီးပေါ်မှာ ထားလိုက်သည်။

စက်ကရာသည် ဓားမော့ကို တရွတ်တိုက်ဆွဲလျက် အရှေ့သို့ လျှောက်သွားသည်။

သူလက်ဝှေ့ယမ်းလိုက်သည့်အခါ သူ့အရှေ့မှ လှိုဏ်ဂူဝင်ပေါက်ကို ပိတ်ထားသော ကျောက်တုံးကြီးက ဘေးသို့ ရွှေ့ပြောင်းခံလိုက်ရသည်။

“ အရှင်မင်းကြီး တံခါးပိတ်ကျင့်ကြံခြင်းကနေ ပြန်ထွက်လာပြီ ”

လှိုဏ်ဂူအပြင်ဘက်မှာ စောင့်ကြပ်ပေးနေသော ချီဟောင်သည် သီရှီထျန်ကို မြင်သွားသောအခါ ဝမ်းသာပျော်ရွှင်သွားသည်။ သူက ချက်ချင်း ဒူးထောက်ချလိုက်သည်။ သို့သော်လည်း သီရှီထျန်က လက်ဝှေ့ယမ်းလိုက်ပြီး သူ့ကို မတ်တတ်ပြန်ရပ်စေသည်။

ထို့နောက် သူက အရှေ့သို့ ဆက်လျှောက်သွားသည်။ သူ၏ အသံသည်သာ လေထဲမှာ ပျံ့လွင့်သွားသည်။

“ ယဉ်ကျေးနေဖို့ မလိုပါဘူး… မင်းရဲ့ နေရာဆီ ပြန်ပြီး ကောင်းကောင်းအနားယူလိုက်ပါ… ငါပြန်လာတဲ့အခါမှ တခြားကိစ္စတွေကို ဆွေးနွေးမယ် ”

“ ဖတ်… ဖတ်… ”

သီရှီထျန်က တစ်လှမ်းချင်း ဆက်လျှောက်သွားသည်။ သူလမ်းလျှောက်လိုက်သည့်အခါ မြေကြီးက တုန်လှုပ်သွားသည်။ ရှင်းလင်းစွာပင် အဆင့်ချိုးဖြတ်သွားပြီးနောက် သူ၏ ခွန်အားက သိသိသာသာ တိုးပွားသွားသည်။ သူက အသစ်တိုးပွားလာသော ခွန်အားကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်သေးပေ။ ထို့ကြောင့် မြေကြီးပေါ်မှာ သူ၏ ခြေရာများက နက်နက်ရှိုင်းရှိုင်း ကျန်နေခဲ့သည်။

All Chapters