← Chapters

အခန်း ၂၈၉

Vol. 20 Ch. 289

အခန်း ၂၈၉

Vol. 20 Ch. 289

အခန်း(၂၈၉)

“ အခု ငါ့ဆီမှာ ကျားဝိညာဉ်ဓားမော့ရှိနေပေမဲ့ ဓားမော့သိုင်းပညာရပ်တွေကို တစ်ခုမှ ငါမတတ်ကျွမ်းထားဘူး… ထျန်းနတ်မိစ္ဆာသုတ်သင်ကျင့်စဉ်ထဲမှာ နတ်ဘုရားသုတ်သင်ဓားမော့သိုင်းပညာတစ်မျိုး ပါရှိတယ်… စိတ်မကောင်းစရာက ထျန်းနတ်မိစ္ဆာသုတ်သင်ကျင့်စဉ်ကို ကျင့်ကြံထားတဲ့ လူတွေပဲ အဲ့ဒီဓားမော့သိုင်းပညာကို အသုံးပြုနိုင်ကြတယ်… အဲ့ဒါက ငါ့အတွက် အသုံးမဝင်ဘူး ”

ကျားဝိညာဉ်ဓားမော့သည် တိုက်ပွဲဝင်ဓားမော့ ဖြစ်သည်။ ယခု သူ့ဆီမှာ နတ်ဘုရားလက်နက်တစ်ခု ရှိနေသော်လည်း ကျားဝိညာဉ်ဓားမော့၏ စွမ်းအားအပြည့်အဝကို ထုတ်လွှတ်ပေးနိုင်မည့် ဓားမော့သိုင်းပညာရပ်က သူ့ဆီမှာ ရှိမနေပေ။ အစွမ်းထက်သော ဓားမော့သိုင်းပညာရပ်တစ်မျိုးကို ရှာဖွေရန်သည် လွယ်ကူသောအလုပ် မဟုတ်ပေ။

သေမျိုးလောကမှ သိုင်းပညာရှင်များ အသုံးပြုသော ဓားမော့သိုင်းပညာရပ်များက သူ့အတွက် အသုံးမဝင်ပေ။ မသေမျိုးကျင့်ကြံခြင်းလောကတွင် အသုံးပြုသော ဓားမော့သိုင်းပညာရပ်များကို တိုက်ခိုက်ရေးပညာရပ်များဟု ခေါ်ကြသည်။

သိုင်းပညာကျင့်ကြံခြင်းကို ဥပမာ ယူနိုင်သည်။ သိုင်းပညာကျင့်ကြံသူများသည် သူတို့၏ ရုပ်ခန္ဓာကိုယ်နှင့် သိုင်းနတ်ဘုရားစွမ်းအားများကို ကျင့်ကြံကြသည်။ သိုင်းနတ်ဘုရားစွမ်းအားများသည် တိုက်ခိုက်ရေးပညာရပ်များသာ ဖြစ်သည်။ တိုက်ခိုက်ရေးပညာရပ်တစ်ခုစီမှာ မိုးမြေတုန်လှုပ်စေနိုင်သော စွမ်းအား ကိန်းအောင်းနေသည်။ လှုပ်ရှားမှုတိုင်းနှင့် တိုက်ခိုက်မှုတိုင်းမှာ အကန့်အသတ်မဲ့သော အင်အားကို သယ်ဆောင်ထားသည်။

သီရှီထျန်သည် တိတ်တဆိတ် တွေးတောနေရင်း ချိုင့်ဝှမ်းထဲမှ ရေတံခွန်၏ အရှေ့သို့ ရောက်ရှိသွားသည်။

ကြည်လင်သော ရေသည် အပေါ်မှ အဆက်မပြတ် ကျဆင်းလာနေပြီး ရေကန်ထဲမှ ကျောက်တန်းတစ်ခုပေါ်သို့ ကျဆင်းသွားသည်။ ရေတံခွန်၏ ဖြစ်တည်မှုကြောင့် ရေကန်ထဲမှာ အဖြူရောင်လှိုင်းတချို့ ပျံ့နှံ့နေသည်။ ယင်းက တစ်စုံတစ်ယောက်၏ စိတ်ကို ကြည်လင်ရှင်းလင်းစေမည့် သဘာဝမြင်ကွင်းတစ်ခု ဖြစ်၏။

“ ဟူး ”

သူက မထူးမခြားနား အမူအရာဖြင့် ရပ်နေသည်။ သူ၏ မျက်လုံးက ရုတ်တရက် အာရုံစူးစိုက်သွားသည်။ သူက ဘယ်ခြေထောက်ဖြင့် မြေကြီးကို အကြမ်းပတမ်း ခြေဆောင့်လိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်က ပျံလွှားတစ်ကောင်နှယ် လေပေါ်သို့ ပျံတတ်သွားသည်။ ထို့နောက် သူက ရေတံခွန်အောက်မှ ကျောက်တန်းပေါ်သို့ ပြန်ဆင်းသက်သွားသည်။ ကျောက်တန်းသည် ရေတံခွန်၏ အဆက်မပြတ် တိုက်စားမှုကြောင့် အလွန်ချောမွတ်သည်။ သို့သော်လည်း သူ၏ ခြေထောက်များက ကျောက်တန်းပေါ်မှာ အမြစ်တွယ်ကုပ်ထားသကဲ့သို့ မြဲမြံသည်။

သူ၏ ခန္ဓာကိုယ်က ထင်းရှူးပင်ကဲ့သို့ ဖြောင့်တန်းနေသည်။ သူက ကျောက်တန်းပေါ်မှာ ရပ်နေရင်း မောက်မာထောင်လွှားသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

“ ဘန်း ”

ရေတံခွန်မှ ရေက သူ၏ ခန္ဓာကိုယ်ပေါ်သို့ အကြမ်းပတမ်း ကျဆင်းလာသည်။ တစ်ထောင်ကက်တီခန့်ရှိသော အလေးချိန်က သူ့အပေါ်သို့ ရုတ်တရက် ဖိကျလာဟန် ရ၏။ သို့သော်လည်း သီရှီထျန်၏ ရုပ်ခွန်အားက သာမန်လူများ စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သို့ဖြစ်၍ ရေတံခွန်မှ ရေက မည်မျှပြင်းထန်ပါစေ သီရှီထျန်အပေါ် နည်းနည်းလေးမှ သက်ရောက်မှုမရှိပေ။

သို့တိုင် ရေတံခွန်က သူ့အား ကြီးမားသော ဖိအားကို ဖြစ်ပေါ်စေသည်။ သူက ရုပ်ခွန်အားသီးသန့်ကို အသုံးပြု၍ ရေတံခွန်မှ သက်ရောက်မှုကို ခုခံနေသည်။ သူက မိစ္ဆာချီကို နည်းနည်းမှ ထုတ်မသုံးပေ။

“ ဟူး ”

သီရှီထျန်သည် ရေတံခွန်၏ ဖိအားကို ကြံ့ကြံ့ခံနေရင်း ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်သည်။ သူက ကျားဝိညာဉ်ဓားမော့ကို ညာလက်ထဲမှာ ဆုပ်ကိုင်ထားရင်း ကျောက်တန်းပေါ်မှာ တိတ်ဆိတ်စွာ ရပ်နေသည်။ သူက ရေတံခွန်၏ ဖိအားကို သူ့အပေါ်သို့ အဆက်မပြတ် ကျဆင်းစေရန် ခွင့်ပြုထားသည်။

အချိန်အတန်ကြာပြီးနောက်…

သူ၏ မှိတ်ထားသော မျက်လုံးက ရုတ်တရက် ပွင့်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းနှစ်ခုက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ယင်းက တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေသည်။ သူက ကျားဝိညာဉ်ဓားမော့ကို မြှောက်လိုက်ပြီး သူ့အရှေ့ကို ချိန်ရွယ်လိုက်သည်။ ယင်းက ရိုးရှင်းသော ဓားမြှောက်မှု ဖြစ်သည်။ ဓားမြှောက်မှု ပြီးသွားပြီးနောက် ဓားမော့က ရပ်တန့်မသွားပေ။ သူက ဒေါင်လိုက်ပိုင်းဖြတ်ခြင်း၊ အလျားလိုက်ပိုင်းဖြတ်ခြင်း၊ အပေါ်မှအောက်သို့ ခုတ်ပိုင်းခြင်း၊ အောက်မှအပေါ်သို့ ပင့်ခုတ်ခြင်း အစရှိသည်တို့ကို ဆက်လက် လုပ်ဆောင်လိုက်သည်။ ကျားဝိညာဉ်ဓားမော့ကို အသုံးပြုနေစဉ် သူ၏ မျက်နှာက ဖော်မပြနိုင်အောင် တည်ကြည်လေးနက်နေသည်။

သူက ရေတံခွန်၏ ဖိအားကို တောင့်ခံနေရင်း ဓားမော့ကို ထပ်ခါထပ်ခါ လွှဲယမ်းလိုက်သည်။

“ အခြေခံဓားမော့ပညာရပ် ”

မှန်ပေသည်။ ယင်းက အခြေခံဓားမော့ပညာရပ် ဖြစ်သည်။ သေမျိုးလောကတွင်ဖြစ်စေ သို့မဟုတ် မသေမျိုးလောကတွင်ဖြစ်စေ ယင်းက အခြေခံအကျဆုံး ဓားမော့ပညာရပ် ဖြစ်သည်။ ယင်းက ပြိုင်ဘက်ကင်း အစွမ်းထက်သော ဓားမော့သိုင်းပညာရပ်တစ်ခု မဟုတ်ပေ။

သီရှီထျန်ဆီမှာ ထိုသို့ဓားမော့သိုင်းပညာရပ်များ မရှိပေ။ သူက အခြေခံဓားမော့ပညာရပ်ကိုသာလျှင် သိထားသည်။ သူက ထိုအခြေခံဓားမော့ပညာရပ်ကို ကျားရဲတောင်တန်းဒေသထဲတွင် သူသတ်ဖြတ်ခဲ့သော သိုင်းပညာရှင်များထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းထဲမှာ ဓားမော့၏ အခြေခံလှုပ်ရှားမှုများကို မှတ်တမ်းတင်ထားသည်။

ယင်းတို့က လွှဲယမ်းခြင်း၊ ထိုးသွင်းခြင်း၊ ခုတ်ပိုင်းခြင်း၊ ပင့်မြှောက်ခြင်း အစရှိသည်တို့ ဖြစ်ကြသည်။ မှန်ပေသည်။ ထိုဓားမော့နည်းစနစ်က နက်နဲသိမ်မွေ့သော အစွမ်းထက်ပညာရပ်တစ်ခု မဟုတ်ပေ။ ခရမ်းရွှေကုန်းမြေထဲတွင် သိုင်းပညာရပ်များက အလွန်များပြားသည်။ တစ်စုံတစ်ယောက်သည် ဆန္ဒရှိသည်ဆိုလျှင် မည်သည့်သိုင်းပညာရပ်ကိုမဆို အလွယ်တကူ ရရှိနိုင်ပေသည်။ ယင်းတို့က လမ်းဘေးမှ ဂေါ်ဖီထုပ်များနှင့် မခြားပေ။

“ အခြေခံက အရေးကြီးဆုံးပဲ ”

စက်ကရာက သေချာဂရုတစိုက် တွေးကြည့်လိုက်သည်။ နက်နဲသိမ်မွေ့သော အစွမ်းထက်ဓားမော့သိုင်းပညာရပ်များကို အလွယ်တကူ သူမရရှိနိုင်ပေ။ ထို့ပြင် အကယ်၍ သူ့အရှေ့မှာ အစွမ်းထက်ဓားမော့သိုင်းပညာရပ်များ ရှိနေလျှင်ပင် ယင်းတို့ကို သူကျင့်ကြံနိုင်လိမ့်မည် မဟုတ်ချေ။

အဘယ့်ကြောင့်ဆိုသော် သူ့ဆီမှာ ဓားမော့နှင့်ပတ်သက်သော မည်သည့်အခြေခံမှ မရှိသောကြောင့် ယင်းတို့၏ နက်နဲသိမ်မွေ့မှုများကို သူဖမ်းဆုပ်နိုင်လိမ့်မည် မဟုတ်ချေ။

သို့ဖြစ်၍ အခြေခံက အလွန်အရေးကြီးသည်။ ယင်းက ဓားမော့သိုင်းပညာရပ်မှာသာ မဟုတ်ပေ။ မည်သည့်သိုင်းပညာရပ်တွင်မဆို အခြေခံက အဓိကဖြစ်သည်။ အခြေခံမပိုင်နိုင်လျှင် ပိုပြီးအဆင့်မြင့်သော နယ်ပယ်များကို သူထိတွေ့နိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် သီရှီထျန်သည် အခြေခံဓားမော့ပညာရပ်ကို လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။ အခြေခံဓားမော့ပညာရပ်က ရိုးရှင်းပြီး နားလည်ရလွယ်ကူသော်လည်း ယင်းထဲမှာ ပါဝင်သော ဓားမော့လှုပ်ရှားမှုများက လွန်စွာ တိုက်ရိုက်ကျသည်။ ယင်းတို့က ဓားမော့၏ စွမ်းအားကို အလွယ်ကူဆုံးနှင့် အမြန်ဆုံး ထုတ်လွှတ်ပေးနိုင်သည်။

အကယ်၍ တစ်စုံတစ်ယောက်က အခြေခံဓားမော့ပညာရပ်ကို ပြီးပြည့်စုံစွာ တတ်ကျွမ်းသွားမည်ဆိုလျှင် သူ၏ စွမ်းအားက ဖော်မပြနိုင်အောင် အလွန်ကြီးမားသွားလိမ့်မည်။ ထို့နောက် သူတို့၏ အဓိကအနှစ်သာရကို တဖြည်းဖြည်း နားလည်သွားလိမ့်မည်။

ဓားမော့သည် လက်နက်များ၏ ဘုရင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဓားမော့သည် ထူထဲပြီး အလွန်ထက်ရှသည်။ ယင်းက ရန်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာတွင် အထူးအသုံးဝင်သော လက်နက်ဖြစ်သည်။ ယင်းက ခုတ်ပိုင်းခြင်းကို အဓိကကိုယ်စားပြုသည်။

တစ်စုံတစ်ယောက်က ဓားမော့ကို ကိုင်မြှောက်၍ ခုတ်ပိုင်းလိုက်သည့်အခါ မိုးခြိမ်းသံနှင့်ဆင်တူသော မြည်သံက ထွက်ပေါ်လာလိမ့်မည်။ ဓားမော့ကို မြှောက်တင်လိုက်သည့်အခါတိုင်း ရိုင်းစိုင်းကြမ်းကြုတ်သော အရှိန်အဝါက အလိုအလျောက် ဖွဲ့စည်းသွားလိမ့်မည်။

ထို့ကြောင့် ရာဇဝတ်သားများကို ကွပ်မျက်သည့်အခါ ဓားမော့ကိုသာ အသုံးပြုကြသည်။

သီရှီထျန်သည် ရေတံခွန်အောက်မှ ကျောက်တန်းပေါ်မှာ မြဲမြံစွာ ရပ်နေရင်း ဓားမော့ကို အဆက်မပြတ် ဝှေ့ယမ်းနေသည်။ သူက အခြေခံဓားမော့ပညာရပ်ထဲမှ နည်းစနစ်များအတိုင်း ထပ်ခါတလဲလဲ လုပ်ဆောင်သည်။ သူက ဓားမော့ကို လွှဲယမ်းနေရင်း ဓားမော့၏ ရွေ့လျားမှုတိုင်းကို သူ့နှလုံးသားဖြင့် ခံစားကြည့်လိုက်သည်။ သူက ဓားမော့၏ အပြောင်းအလဲများကို တွေ့ကြုံခံစားလိုက်သည်။

ဓားမော့ကို အဆက်မပြတ် လွှဲယမ်းနေစဉ် သူ့စိတ်က ဓားမော့နှင့် ဆက်သွယ်သွားဟန် ရ၏။ သူက ဓားမော့၏ နက်နဲသိမ်မွေ့မှုကို ခံစားကြည့်လိုက်သည်။

ဒဏ္ဍာရီထဲ၌ ဖော်ပြထားသည်မှာ ဓားမော့အကြောင်း ဘာမှမသိနားမလည်သော ပုဂ္ဂိုလ်တစ်ဦးသည် ရိုးရှင်းသော ဓားမော့ခုတ်ခြင်းကို နေ့စဉ်နေ့တိုင်း အကြိမ်ရေထောင်ပေါင်းများစွာ လေ့ကျင့်သည်။ ထိုပုဂ္ဂိုလ်၏ ဇွဲကောင်းမှုက အတုယူဖွယ်ကောင်းပြီး အမှန်တကယ် ချီးမွမ်းထိုက်သည်။

သူက ဓားမော့ခုတ်ခြင်းတစ်ကွက်တည်းကို နှစ်ပေါင်းများစွာကြာအောင် အဆက်မပြတ် လေ့ကျင့်သည်။ ထိုသို့ဖြင့် နောက်ဆုံးမှာ သူ၏ ဓားမော့ခုတ်ချက်က ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားသည်။ သူ၏ ဓားမော့ခုတ်ချက်က ပင်လယ်ကိုပင် နှစ်ပိုင်းပြတ်စေနိုင်သည်။ သူက ပြိုင်ဘက်ကင်းသော ဓားမော့ပညာရှင်တစ်ဦး ဖြစ်လာသည်။

တချို့ပုဂ္ဂိုလ်များက လျှင်မြန်သော ဓားမော့ပညာရပ်များကို လေ့ကျင့်ကြသည်။ သူတို့က ဓားမော့၏ လျှင်မြန်မှုမှလွဲ၍ တခြားအရာများကို ဂရုမစိုက်ကြချေ။ သူတို့က စက္ကန့်ပိုင်းလေးအတွင်းမှာ ဓားမော့ကို အကြိမ်ရေများစွာ ခုတ်ပိုင်းနိုင်ကြသည်။ သူတို့၏ ဓားမော့လှုပ်ရှားမှုများက အလွန်မြန်ဆန်လေရာ ရန်သူများသည် ယင်းတို့ကို ခုခံကာကွယ်ရန် အခက်တွေ့ကြရသည်။ လျှင်မြန်မှုသည်လည်း အစွမ်းတစ်မျိုးဖြစ်သည်။

အစွမ်းထက်သော ဓားမော့ပညာရှင်များသည် ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေနိုင်ခဲ့သူများ ဖြစ်ကြသည်။ သူတို့၏ လမ်းစဉ်က တစ်ယောက်နှင့်တစ်ယောက် မတူကွဲပြားသော်လည်း တူညီသော အချက်တစ်ချက်မှာ သူတို့က ထိုအဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းမြောက်များစွာ လေ့ကျင့်ခဲ့ကြရသည်။ နှစ်ပေါင်းများစွာကြာအောင် လေ့ကျင့်ပြီးမှသာလျှင် သူတို့က ဓားမော့၏ ထူးခြားမှုများကို နားလည်သဘောပေါက်သွားကြလိမ့်မည်။

သီရှီထျန်သည် လျှင်မြန်မှုဓားမော့ကို မလေ့ကျင့်ချင်ပေ။ ထို့အတူပင် ဓားမော့ခုတ်ပိုင်းခြင်းတစ်မျိုးတည်းကိုလည်း သူမလေ့ကျင့်ချင်ပေ။ သူက အခြေခံဓားမော့ပညာရပ်ကိုသာ အဆက်မပြတ် လေ့ကျင့်ချင်သည်။ သူက အခြေခံဓားမော့ပညာရပ်ကို ပြီးပြည့်စုံစွာ တတ်မြောက်ချင်သည်။ သူ၏ ခန္ဓာကိုယ်မှ ကြွက်သားများက အခြေခံဓားမော့ပညာရပ်ကို အလိုအလျောက် ထုတ်လွှတ်ပေးနိုင်သည်အထိ သူလေ့ကျင့်ချင်သည်။

သို့မှသာ ကျားဝိညာဉ်ဓားမော့၏ စွမ်းအားကို သူထုတ်လွှတ်နိုင်လိမ့်မည်ဟု သီရှီထျန် ယူဆထားသည်။

သူက ကျားဝိညာဉ်ဓားမော့နှင့် ဖြည်းဖြည်းချင်း ရင်းနှီးကျွမ်းဝင်လာရန် လေ့ကျင့်ချင်သည်။ ကျားဝိညာဉ်ဓားမော့၏ ဝိသေသလက္ခဏာများကို သူရင်းနှီးသွားမှသာ ကျားဝိညာဉ်ဓားမော့၏ အသန်မာဆုံး စွမ်းအားကို သူထုတ်လွှတ်နိုင်လိမ့်မည်။

အခြေခံဓားမော့ပညာရပ်…

မည်သူက အခြေခံဓားမော့ပညာရပ်ကို အထင်သေးဝံ့သနည်း။

ရေတံခွန်မှ အဆက်မပြတ် စီးဆင်းလာနေသော ရေအောက်တွင် လေ့ကျင့်နေခြင်းသည် ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော ဖိအားကို ဆက်တိုက် ခံယူနေရခြင်း ဖြစ်သည်။ အလွန်သန်မာသော နွားတစ်ကောင်သည်ပင် ထိုသို့ဖိအားကို အကြာကြီး ခံယူရသည့်အခါ ဒွါရခုနစ်ပေါက်မှ သွေးယိုစီးလာလိမ့်မည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်က ပြိုကွဲပျက်စီးသွားလိမ့်မည်။ ယင်းက သဘာဝစွမ်းအား ဖြစ်သည်။

စက်ကရာ၏ မိစ္ဆာခန္ဓာကိုယ်က အလွန်သန်မာသည်။ ရေတံခွန်၏ ဖိအားကို တောင့်ခံရန် သူ့အတွက် မည်သည့်ပြဿနာမှ မရှိပေ။ သို့သော် ကြီးမားသော ဖိအားကို တောင့်ခံနေရင်း ဓားမော့ကို လွှဲယမ်းနေခြင်းက သူ့အတွက် အခက်အခဲရှိသည်။ ဥပမာ သူက အရှေ့သို့ လွှဲခုတ်လိုက်သော်လည်း ဓားမော့က ဘေးဘက်သို့ လမ်းလွဲသွားသည်။ ရေတံခွန်အောက်မှာ ဓားမော့ကို လေ့ကျင့်နေခြင်းက သူ့အတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်သည်။ ထို့ပြင် သူက မိစ္ဆာချီကို လုံးဝ အသုံးမပြုပေ။ သူက ရေတံခွန်၏ ဖိအားကို သူ၏ ရုပ်ခွန်အားသက်သက်ဖြင့်သာ တောင့်ခံထားသည်။

ထို့ကြောင့် ရေတံခွန်အောက်တွင် သူက ဓားမော့ပညာရပ်ကိုသာ လေ့ကျင့်နေခြင်းမဟုတ်ဘဲ လျှင်မြန်မှု၊ တည်ငြိမ်မှုနှင့် တိကျမှု အစရှိသည်တို့ကိုလည်း လေ့ကျင့်နေသည်။ အစပိုင်းတွင် ဓားမော့သည် သူလိုချင်သော ဦးတည်ရာဆီသို့ တန်းတန်းမတ်မတ် မရောက်သွားပေ။ သို့သော်လည်း သူက စိတ်ဓာတ်မကျပေ။ တစ်ကြိမ်လွှဲယမ်းခြင်းက မလုံလောက်လျှင် အကြိမ်တစ်ရာလွှဲယမ်းမည်။ အကြိမ်တစ်ရာလွှဲယမ်းခြင်းက မလုံလောက်လျှင် အကြိမ်တစ်ထောင်လွှဲယမ်းမည်။ သူက ဓားမော့ကို တိကျပိုင်နိုင်စွာ ထိန်းချုပ်နိုင်သည်အထိ လေ့ကျင့်မည်။

ဓားမော့ကို လေ့ကျင့်နေစဉ် သီရှီထျန်က အသစ်တိုးပွားလာသော ခွန်အားနှင့် ရင်းနှီးကျွမ်းဝင်ရန်လည်း ဆောင်ရွက်လိုက်သည်။ ဓားမော့လေ့ကျင့်ခြင်းက သူ၏ ရုပ်ခန္ဓာကိုယ်ကို ပိုပြီးသန်စွမ်းလာစေသည်။

အတိတ်တွင် ကျားရဲတောင်တန်းဒေသထဲမှာ သူနေထိုင်ခဲ့စဉ်က သီရှီထျန်သည် သူ၏ ခန္ဓာကိုယ်ကို လေ့ကျင့်ရန် တစ်ရက်မှ မပျက်ကွက်ခဲ့ပေ။ သူက ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ကို နေ့စဉ်မပြတ် ဝင်ဆောင့်ကာ ခန္ဓာကိုယ်ကို ထုဆစ်ပုံသွင်းခဲ့သည်။ ယင်းက အပြင်ပိုင်းမှ လေ့ကျင့်ပေးခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် သူက မိစ္ဆာချီကို ပိုင်ဆိုင်သွားပြီး ရှေးဟောင်းမိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ရောက်ရှိသွားသည်။ ထိုအချိန်မှစ၍ သူက ရုပ်ခန္ဓာကိုယ်ကို အတွင်းပိုင်းမှတဆင့် လေ့ကျင့်ပျိုးထောင်ပေးသည်။ မိစ္ဆာချီကို သူလှည့်ပတ်နေစဉ် မိစ္ဆာချီတစ်စိတ်တစ်ပိုင်းက သူ၏ အသွေးအသားထဲသို့ ပေါင်းစပ်သွားသည်။ ယင်းက သူ၏ ရုပ်ခန္ဓာကိုယ်ကို ပိုပြီးသန်စွမ်းလာစေသည်။

ယခု ဓားမော့ကို အဆက်မပြတ် သူလွှဲယမ်းနေခြင်းက ခန္ဓာကိုယ်ကို အပြင်ပိုင်းမှ လေ့ကျင့်ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် နည်းနည်းမှ သူသတိမပေါ့ဆနိုင်ပေ။ သို့မဟုတ်လျှင် သူက ဓားကြီးကိုင်ထားသော ကလေးငယ်တစ်ယောက်နှင့် ဆင်တူသွားလိမ့်မည်။ ယင်းက ကျားဝိညာဉ်ဓားမော့၏ အစစ်အမှန်စွမ်းရည်ကို ဖုန်တတ်သွားစေလိမ့်မည်။ သီရှီထျန်က ဉာဏ်ကောင်းသူဖြစ်လေရာ ကျားဝိညာဉ်ဓားမော့ကို ထိုသို့အဖြစ်ခံလိမ့်မည် မဟုတ်ချေ။ သူက ကျားဝိညာဉ်ဓားမော့ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သော အဆင့်သို့ မရောက်မချင်း မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ မထွက်သွားရန် စိတ်ဆုံးဖြတ်ထားသည်။

All Chapters