အခန်း ၂၉၀
Vol. 20 Ch. 290
အခန်း(၂၉၀)
အချိန်သည် သက်ရှိများအတွက် တန်ဖိုးအကြီးမားဆုံး ရတနာဖြစ်သည်။ သို့သော် တစ်ခါတစ်ရံမှာ အချိန်သည် အလွန်ဈေးပေါသည်။ အချိန်ကို တန်ဖိုးအကြီးမားဆုံး ရတနာဟု ဆိုရခြင်းမှာ သတ္တဝါအားလုံးဆီမှာ သက်တမ်းအကန့်အသတ်ရှိသောကြောင့် ဖြစ်သည်။ မသေမျိုးကျင့်ကြံသူများဆီမှာပင် သက်တမ်းအကန့်အသတ် ရှိ၏။ သို့သော်လည်း တစ်ခါတစ်ရံမှာ အချိန်က ဈေးပေါသည်။ အဘယ့်ကြောင့်ဆိုသော် မသေမျိုးကျင့်ကြံသူများ တံခါးပိတ်ကျင့်ကြံသည့်အခါ အချိန်က မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းများစွာ ကုန်ဆုံးသွားသည်။ သူတို့ တံခါးပိတ်ကျင့်ကြံခြင်းမှ ပြန်ထွက်လာသည့်အခါ သေမျိုးလောက၌ မင်းဆက်အများအပြား ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
တောင်ပိုင်းမြေရိုင်းဒေသထဲတွင် သီရှီထျန် တံခါးပိတ်ကျင့်ကြံခြင်းမှ ပြန်ထွက်လာပြီးနောက် အချိန်ခြောက်လက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။
“ ဘန်း… ဘန်း… ဘန်း… ”
ရေတံခွန်အောက်မှ ကျောက်တန်းပေါ်တွင် သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦးက မတ်တတ်ရပ်နေသည်။ သူ၏ လက်ထဲမှာ ပယင်းရောင်ရှိသော ဓားမော့ရှည်တစ်လက်ကို ဆုပ်ကိုင်ထားသည်။ လွန်ခဲ့သော ခြောက်လတွင် ဓားမော့သည် သူဆန္ဒရှိသည့်အတိုင်း မရွေ့လျားနိုင်ခဲ့ပေ။ မကြာခဏဆိုသလို လမ်းလွဲသွားသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ဓားမော့က သူရည်ရွယ်ထားသော နေရာဆီသို့ တိကျသေချာစွာ ကျဆင်းသွားသည်။ ဓားမော့၏ ရွေ့လျားမှုက မြဲမြံပြီး တည်ငြိမ်သည်။ ရေတံခွန်၏ ဖိအားက ဓားမော့၏ ရွေ့လျားမှုအပေါ် နည်းနည်းမှ သက်ရောက်မှုမရှိတော့ပေ။
ထို့ပြင် အခြေခံဓားမော့ပညာရပ်ထဲမှ နည်းစနစ်အားလုံးက သူ့ခန္ဓာကိုယ်၏ ပင်ကိုယ်ဗီဇ ဖြစ်လာသည်။ သူ၏ ဦးနှောက်မှ အမိန့်မပေးလျှင်ပင် သူ့ခန္ဓာကိုယ်က အခြေခံဓားမော့ပညာရပ်ကို သူ့အလိုအလျောက် ထုတ်လွှတ်ပေးနိုင်သည်။ သူက အခြေခံဓားမော့ပညာရပ်ထဲမှ နည်းစနစ်အားလုံးကို ထုံးလိုမွှေရေလိုနှောက် အကုန်တတ်ကျွမ်းသွားပြီ ဖြစ်၏။ သူတစ်ချက်တွေးလိုက်သည်နှင့် အခြေခံဓားမော့ပညာရပ်ထဲမှ မည်သည့်လှုပ်ရှားမှုကိုမဆို အလွယ်တကူ ထုတ်လွှတ်နိုင်သည်။
အခြေခံဓားမော့ပညာရပ်ကို ပြီးပြည့်စုံစွာ ကျွမ်းကျင်ပိုင်နိုင်သွားပြီးနောက် ကျားဝိညာဉ်ဓားမော့ကို သူလွှဲယမ်းလိုက်သည့်အခါ သူ၏ လှုပ်ရှားမှုတိုင်းနှင့် အကွက်တိုင်းက လွင့်မျောနေသော တိမ်နှင့် စီးဆင်းနေသော ရေကဲ့သို့ အဆင်ချောမွေ့သွားသည်။ သူ၏ ဓားမော့လှုပ်ရှားမှုတိုင်းသည် မြန်ဆန်ရုံသာမက လေးလံပြီး တည်ငြိမ်သည်။ ထို့ပြင် ဓားမော့က လွှမ်းမိုးဖိနှိပ်သော အရှိန်အဟုန်ကိုလည်း သယ်ဆောင်ထားသည်။
“ ဝှစ်… ရွှတ်… ”
ဓားမော့အလင်းရောင်က ပြိုးပြိုးပြက်ပြက် ထွက်ပေါ်လာသည်။ သီရှီထျန်သည် အစတွင် သူ၏ ညာလက်ဖြင့် ကျားဝိညာဉ်ဓားမော့ကို ကိုင်ထားသည်။ နောက်အခိုက်အတန့်မှာ သူက ကျားဝိညာဉ်ဓားမော့၏ ဓားရိုးကို လက်နှစ်ဖက်စလုံးဖြင့် ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ဝုန်းခနဲ ပေါက်ကွဲထွက်လာသည်။ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားသည်။ သူ့အပေါ်သို့ အဆက်မပြတ် ကျဆင်းလာနေသော ရေသည်ပင် ဘေးဘီသို့ လွင့်စင်သွားသည်။
“ ဘန်း ”
သူက ကျားဝိညာဉ်ဓားမော့ကို သူ၏ ဦးခေါင်းထက်သို့ မြှောက်တင်လိုက်သည်။ ငါးအရိုးနှင့်ဆင်တူသော ကျားဝိညာဉ်ဓားမော့၏ ကိုယ်ထည်က ထူးဆန်းသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားမော့အလင်းတန်းတစ်ခုက ကျားဝိညာဉ်ဓားမော့ထံမှ ပျံသန်းထွက်လာသည်။
ထို့နောက် သူက အဆက်မပြတ် စီးဆင်းနေသော ရေတံခွန်ကို သူ၏ ဓားမော့ဖြင့် အကြမ်းပတမ်း ခုတ်ချလိုက်သည်။ ဓားမော့ကို အောက်သို့ ခုတ်ချလိုက်သည့်အခိုက် ရိုင်းစိုင်းကြမ်းကြုတ်သော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ဒလဟော ထွက်ပေါ်လာသည်။ ထို့ပြင် ဓားမော့က အလွန်အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒကိုလည်း သယ်ဆောင်သွားသည်။
ဓားမော့က ရေတံခွန်ကို ဒေါင်လိုက်ခုတ်ပိုင်းလိုက်သည့်အခါ ကျယ်လောင်သော မြည်သံက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းတစ်ခုလုံးဆီသို့ ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ မိုးကြိုးထောင်ပေါင်းများစွာက တစ်ပြိုင်နက် မြည်ဟိန်းသွားသည့်အလားပင်။ ကျားဝိညာဉ်ဓားမော့၏ ခုတ်ပိုင်းမှုကြောင့် အဆုံးမဲ့စွာ စီးဆင်းနေသော ရေကန့်လန့်ကာက အလယ်မှ နှစ်ပိုင်းကွဲထွက်သွားသည်။ ထို့ကြောင့် ရေသည် သီရှီထျန်အပေါ်သို့ နောက်ထပ် မစီးဆင်းတော့ပေ။
ထိုဓားမော့ခုတ်ချက်က အကန့်အသတ်မဲ့ဖိအားကို ထုတ်လွှတ်နေသော ရေတံခွန်ကိုပင် နှစ်ပိုင်းကွဲထွက်စေသည်လော။
“ ရွှီး ”
ကျားဝိညာဉ်ဓားမော့က ဓားအိမ်ထဲသို့ ပြန်ဝင်သွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို ဝှစ်ခနဲ လှုပ်ရှားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက ရေတံခွန်အောက်မှ ပျောက်ကွယ်သွားပြီး ရေကန်ဘေးမှာ ပြန်ပေါ်လာသည်။ ဤနှစ်ဝက်အတွင်းမှာ သီရှီထျန်က ကျားဝိညာဉ်ဓားမော့အတွက် ဓားအိမ်တစ်ခုကို သန့်စင်ခဲ့သည်။ သူက ကျားဝိညာဉ်ဓားမော့ကို ဓားအိမ်ထဲသို့ ပြန်ထည့်သွင်းလိုက်ပြီး သူ၏ ကျောနောက်မှာ လွယ်လိုက်သည်။
“ နှစ်ဝက်ကြာသွားခဲ့ပြီ… အခု ဟိုခွေးစုံတွဲကို သွားရှာပြီး အတိတ်က ရန်ကြွေးကို ပြန်ဆပ်ဖို့ အချိန်ကျပြီ… ဒီဘုရင်က မင်းတို့ရဲ့ သွေးကို အသုံးပြုပြီး ကျားဝိညာဉ်ဓားမော့ကို ယဇ်ပူဇော်မယ် ”
ရေကန်ဘေးမှာ ရပ်နေစဉ် သီရှီထျန်၏ မျက်နှာက ဖော်မပြနိုင်အောင် အေးစက်နေသည်။ သူ၏ နဖူးပေါ်မှ ဘုရင်အမှတ်အသားက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ လေပြေတိုးဝှေ့လာသည့်အခါ အနက်ရောင်ဆံပင်ရှည်က သူ့အနောက်မှာ ဘယ်ညာယိမ်းနွဲ့သွားသည်။ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါက လွန်စွာ ရိုင်းစိုင်းကြမ်းကြုတ်သည်။ ထိုအရှိန်အဝါကြောင့် မည်သည့်သတ္တဝါမှ သူ့အား မော်ကြည့်ဝံ့ကြမည် မဟုတ်ချေ။ သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အရှင်သခင်ဖြစ်ပြီး မိစ္ဆာသားရဲဘုရင်တစ်ပါးဖြစ်လေရာ အထွတ်အမြတ်အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ပေါ်မှာ သဘာဝအလျောက် ဖွဲ့စည်းနေသည်။
အရသာခံခြင်းမိစ္ဆာသွေးကြောကို ဖွဲ့စည်းပြီးနောက် ဤခြောက်လမှာ သူက သေရည်ဂျိုးဖြစ်လာသည်။ ဝိုင်မသောက်ရသည့်အခါ သူက စိတ်မပျော်ရွှင်တော့ပေ။ သူက နေ့စဉ်နေ့တိုင်း ဝိုင်ကို အငမ်းမရ သောက်သုံးသည်။ ဤနှစ်ဝက်အတွင်းမှာ သူသုံးသောက်ခဲ့သော ဝိုင်ပမာဏက ယွမ်ထျန်းချက်လုပ်သော ဝိုင်ပမာဏ၏ တစ်ဝက်ခန့် ရှိသွားသည်။ သို့သော်လည်း အရသာခံခြင်းမိစ္ဆာသွေးကြော၏ လှုံ့ဆော်ပေးမှုအောက်မှာ သူ၏ ခန္ဓာကိုယ်က ဝိုင်ထဲမှ စွမ်းအင်အနှစ်သာရကို အမြန်စုပ်ယူလိုက်သည်။
ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီပမာဏက အရှိန်အဟုန်ဖြင့် တိုးပွားလာသည်။ ထို့ပြင် သူ့ဆီမှာ ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ် ရှိသည်။ မိစ္ဆာသန့်စင်ခြင်းမီးဖို၏ အံ့ဖွယ်စွမ်းအားကြောင့် စွမ်းအင်အနှစ်သာရအားလုံးက မိစ္ဆာချီအဖြစ် မြန်ဆန်စွာ သန့်စင်ခံလိုက်ရသည်။ အတိတ်တွင် သူဝါးမျိုခဲ့သော ကျင့်ကြံသူအလောင်းများထံမှ စွမ်းအင်အနှစ်သာရသည်လည်း အတင်းအကျပ် ဆွဲထုတ်ခံလိုက်ရသည်။ သူတို့ထံမှ စွမ်းအင်အနှစ်သာရသည် မိစ္ဆာသန့်စင်ခြင်းမီးဖို၏ သန့်စင်ပေးမှုအောက်မှာ မိစ္ဆာချီအဖြစ် ပြောင်းလဲသွားသည်။
မိစ္ဆာသန့်စင်ခြင်းမီးဖိုသည် နေ့စဉ်နေ့တိုင်း အရှိန်အဟုန်ပြင်းစွာ လှည့်ပတ်နေသည်။
ထို့ပြင် သူ၏ မိစ္ဆာခန္ဓာကိုယ်သည် အလွန်အားကောင်းသော စုပ်ယူနိုင်စွမ်းကို ပိုင်ဆိုင်သွားသည်။ ဝိုင်ထဲမှ စွမ်းအင်အနှစ်သာရက မည်မျှပေါများပါစေ သူ၏ မိစ္ဆာခန္ဓာကိုယ်က ယင်းကို စုပ်ယူနိုင်သည်။ မိစ္ဆာသွေးကြောနှစ်ခုကို ဖွဲ့စည်းပြီးနောက် သူက မိုးမြေကြားမှ လိုအင်ဆန္ဒစွမ်းအင်ကို ယခင်ကထက် ပိုမိုမြန်ဆန်စွာ စုပ်ယူနိုင်သွားသည်။
ထိုအချက်များကြောင့် သီရှီထျန်သည် လွန်ခဲ့သော ခြောက်လလုံးလုံးတွင် ဓားမော့လေ့ကျင့်ခြင်းမှာသာ အာရုံစိုက်ထားခဲ့သော်လည်း သူ၏ ကျင့်ကြံခြင်းက မနှေးကွေးသွားပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ ကျင့်ကြံခြင်းက အံ့ဖွယ်ကောင်းစွာ အလွန်မြန်ဆန်သည်။
ထို့ကြောင့် အတိတ်၌ သူဝါးမျိုခဲ့သော ကျင့်ကြံသူအလောင်းများက မိစ္ဆာသန့်စင်ခြင်းမီးဖို၏ အဆက်မပြတ် စုပ်ယူမှုအောက်မှာ အားလုံးကုန်ဆုံးသွားသည်။ ယခု မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှာ မည်သည့်အလောင်းမှ မကျန်ရှိတော့ပေ။ ထို့ကြောင့်ပင် သူ၏ ကျင့်ကြံခြင်းအဆင့်က မိစ္ဆာသားရဲနယ်ပယ်၏ နှောင်းပိုင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ယခု သူ၏ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှာ မိစ္ဆာချီဖြင့် ပြည့်နှက်နေသည်။ မိစ္ဆာချီသည် အပြင်ဘက်သို့ လျှံကျလုနီးပါးပင်။ လိုအင်ဆန္ဒစွမ်းအင်မှ ဖွဲ့စည်းသွားသော အနက်ရောင်တိမ်တိုက်သည်ပင် မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှ မောင်းထုတ်ခံလိုက်ရပြီး မိစ္ဆာစံအိမ်ထဲမှာ လွင့်မျောနေသည်။
ယခုအချိန်မှာ သီရှီထျန်သည် တတိယမြောက်မိစ္ဆာသွေးကြောနှင့် သူ့ကိုယ်ပိုင် မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းရန် အရည်အချင်းပြည့်မီသွားပြီ ဖြစ်သည်။
သို့သော်လည်း သီရှီထျန်က အဆင့်ချိုးဖြတ်ရန် ဆန္ဒမရှိပေ။ အဘယ့်ကြောင့်ဆိုသော် နှောင်းပိုင်းအဆင့် မိစ္ဆာသားရဲနယ်ပယ်၏ အထက်မှာ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲနယ်ပယ်ဟူသော နောက်တစ်ဆင့် ရှိသေးသည်။ အမှန်မှာ ထိုအဆင့်သို့ တတ်လှမ်းရန် မလိုပေ။ သို့သော်လည်း အကယ်၍ တစ်စုံတစ်ယောက်က အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲနယ်ပယ်သို့ တတ်လှမ်းသွားမည်ဆိုလျှင် မိစ္ဆာအမြူတေဓာတ်လုံး သူဖွဲ့စည်းသည့်အခါ တခြားမိစ္ဆာသားရဲများထက် အများကြီး ပိုလွယ်ကူသွားလိမ့်မည်။
အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲနယ်ပယ်သို့ တတ်လှမ်းရန် တစ်ခုတည်းသော နည်းလမ်းက မိစ္ဆာချီကို ဖိသိပ်ရန် ဖြစ်သည်။ မိစ္ဆာချီကို အရည်အခြေအနေမှ ဒြပ်ထည်ရှိလာသည်အထိ အဆက်မပြတ် ဖိသိပ်ရမည်။
မှန်ပေသည်။ မိစ္ဆာချီကို ဒြပ်ထည်ရှိလာသည်အထိ ဖိနှိပ်ရန် မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် မိစ္ဆာချီ၏ ဒြပ်ထည်ပုံစံက အမြူတေဓာတ်လုံးဖွဲ့စည်းခြင်း ဖြစ်သည်။ သို့ဖြစ်၍ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲနယ်ပယ်သည် မိစ္ဆာချီ ဒြပ်ထည်မရှိလာမီ အဆက်မပြတ် ဖိသိပ်ပေးရသောအဆင့် ဖြစ်သည်။
သို့မှသာလျှင် မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှာ နောက်ထပ် မိစ္ဆာချီကို ထပ်ဖြည့်သွင်းနိုင်လိမ့်မည်။ မိစ္ဆာချီ၏ သိပ်သည်းမှုက ပိုပြီးမြင့်မားလေ အနာဂတ်တွင် ဖွဲ့စည်းသွားမည့် သူ၏ အမြူတေဓာတ်လုံးက အရည်အသွေး ပိုကောင်းမွန်လေ ဖြစ်သည်။ မိစ္ဆာအမြူတေဓာတ်လုံးသည် မိစ္ဆာကျင့်ကြံသူများအတွက် အခြေခံအုတ်မြစ် ဖြစ်သည်။ မိစ္ဆာအမြူဓာတ်လုံး၏ အရည်အသွေးက မိစ္ဆာကျင့်ကြံသူများ၏ အနာဂတ် အလားအလာကို အဆုံးအဖြတ်ပေးနိုင်သည်။
မိစ္ဆာချီက နောက်ထပ် မဖိသိပ်နိုင်တော့သည်အထိ သိပ်သည်းသွားမည်ဆိုလျှင် သူက အမြူတေဓာတ်လုံးဖွဲ့စည်းရန် အကောင်းဆုံး အချိန်အခါကို ပိုင်ဆိုင်သွားလိမ့်မည်။ ထိုအကြောင်းကြောင့် သီရှီထျန်က အလျင်စလို အဆင့်ချိုးဖြတ်ရန် မဆောင်ရွက်ပေ။ ယင်းက သူ၏ အခြေခံအုတ်မြစ်ကို ထိခိုက်ပျက်စီးစေလိမ့်မည်။
မိစ္ဆာသန့်စင်ခြင်းမီးဖိုက အဆက်မပြတ် လှည့်ပတ်နေသည်။ ကျောက်စိမ်းဆေးမီးဖို လှည့်ပတ်သွားသည့်အခါတိုင်း ယင်းက မိစ္ဆာစံအိမ်ထဲမှ စွမ်းအင်အနှစ်သာရများကို စုပ်ယူပြီး မိစ္ဆာချီအဖြစ် သန့်စင်လိမ့်မည်။ ယခု မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှာ မိစ္ဆာချီဖြင့် ပြည့်နှက်နေသည်။ အကယ်၍ သူက နောက်ထပ် မိစ္ဆာချီကို ဆေးမီးဖိုထဲသို့ ဖြည့်သွင်းချင်သည်ဆိုလျှင် ဆေးမီးဖိုထဲမှာ နဂိုရှိနေသော မိစ္ဆာချီ၏ မသန့်စင်မှုများကို သန့်စင်ပေးပြီး မိစ္ဆာချီကို ထပ်ခါထပ်ခါ ဖိသိပ်ရမည်။ အကယ်၍ နေရာလွတ်မရှိတော့လျှင် သူက အတင်းအဓမ္မ ဖိသိပ်ပြီး ထိုးထည့်ရမည်။
တစ်ခုကံကောင်းသည်မှာ သီရှီထျန်က ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်ကို ပိုင်ဆိုင်ထားသည်။ သို့ဖြစ်၍ သူက မိစ္ဆာချီဖိသိပ်ခြင်းကို ကိုယ်တိုင်လုပ်ဆောင်ရန် မလိုအပ်ပေ။ မိစ္ဆာသန့်စင်ခြင်းမီးဖိုသည် အဆက်မပြတ် လှည့်ပတ်နေရင်း ဆေးမီးဖိုထဲမှ မိစ္ဆာချီကို သူ့ဘာသာ ဖိသိပ်ပေးနေသည်။ ယင်းက ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်ကို ပိုင်ဆိုင်ထားသော အားသာချက်တစ်ခု ဖြစ်သည်။
မိစ္ဆာသားရဲအများစုသည် အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲနယ်ပယ်သို့ တတ်လှမ်းရန် ခက်ခက်ခဲခဲ ကြိုးစားကြရသည်။ သို့သော်လည်း သီရှီထျန်အတွက်တော့ ယင်းက ကိစ္စကြီးမဟုတ်ပေ။
စက်ကရာသည် စိတ်ထဲမှာ အကြမ်းဖျဉ်း ခန့်မှန်းလိုက်သည်။ ဤအတိုင်း ဝိညာဉ်ဝိုင်ကို နေ့စဉ် သူသောက်သုံးသွားမည်ဆိုလျှင် အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲနယ်ပယ်သို့ သူရောက်ရှိရန် အချိန်သိပ်ကြာမြင့်လိမ့်မည် မဟုတ်ချေ။ ထိုအချိန်ကျလျှင် သူက မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းပြီး ကပ်ဘေးဒုက္ခကို ကျော်လွှားရန် အရည်အချင်းပြည့်မီသွားလိမ့်မည်။
“ ဝူး ”
အနက်ရောင်မိစ္ဆာလေက သူ့ဘေးနားမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ မိစ္ဆာလေသည် သီရှီထျန်ကို သယ်ဆောင်၍ တောင်ပိုင်းမြေရိုင်းဒေသ၏ မြောက်ပိုင်းအရပ်မှာ တည်ရှိသော အရိုးဖြူစွန့်ပစ်ကုန်းမြေဆီသို့ ဦးတည်သွားသည်။
“ အကိုကြီး ဘယ်သွားမလို့လဲ… ရှောင်ပိုင်ကိုလည်း အတူခေါ်သွားပါ ”
ရေတံခွန်ထံမှ ကြောက်မက်ဖွယ်ကောင်းသော မြည်သံကို ကြားသောအခါ ကျားဖြူလေးက ထိုနေရာမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ သူက ခေါင်းမော့လိုက်ပြီး လေထဲမှာ ပျံသန်းသွားနေသော ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။ သူက အော်ပြောလိုက်သည်။
“ အကိုကြီး အပြင်ခဏသွားမလို့… သိပ်မကြာဘူး… ခဏနေ ပြန်လာခဲ့မယ် ”
သီရှီထျန်က အဝေးမှ လှမ်းအော်ပြောလိုက်သည်။ သူ၏ ပုံရိပ်က မရပ်တန့်သွားပေ။ မကြာမီ သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ ထွက်သွားသည်။ လေထဲမှာ သူပျံသန်းနေစဉ် လွန်ခဲ့သော ခြောက်လခန့်တွင် တွေ့ကြုံခဲ့သော အဖြစ်အပျက်က သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူ၏ မထူးမခြားနား မျက်နှာက အေးစက်သွားသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည်ပင် သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ခြောက်လကြာအောင် လေပြေတိုက်ခတ်ပြီးနောက် မုန်တိုင်းထန်တော့မည် ဖြစ်၏။
မှန်ပေသည်။ သီရှီထျန်သည် လွန်ခဲ့သော ခြောက်လတွင် သူတွေ့ကြုံခဲ့သော အစော်ကားခံရမှုကို ပြန်လက်စားချေတော့မည်။