← Chapters

အခန်း ၂၉၃

Vol. 20 Ch. 293

အခန်း ၂၉၃

Vol. 20 Ch. 293

အခန်း(၂၉၃)

ဓားမော့က နတ်ဆိုးဦးခေါင်းများနှင့် တွေ့ဆုံသွားသည့်အခါ ဝါးမျိုခြင်းစွမ်းအားက ချက်ချင်း ပေါ်လျှိုးလာပြီး နတ်ဆိုးဦးခေါင်းများကို ကျားဝိညာဉ်ဓားမော့ထဲသို့ စုပ်သွင်းလိုက်သည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ နတ်ဆိုးဦးခေါင်းများက ကျားဝိညာဉ်ဓားမော့၏ ဝါးမျိုခံလိုက်ရပြီး လေထဲမှာ ပျောက်ကွယ်သွားကြသည်။ နတ်ဆိုးဦးခေါင်းသုံးလုံးထဲတွင် တစ်လုံးမှ ကျန်မနေခဲ့ပေ။ ၎င်းတို့သည် မည်သည့်စွမ်းရည်မှ မထုတ်ဖော်ရသေးဘဲ ဝါးမျိုခံလိုက်ကြရသည်။

“ ခရက် ”

နတ်ဆိုးဦးခေါင်းများ ပျောက်ကွယ်သွားသည့်အခါ အရိုးဖြူဓားက ကျားဝိညာဉ်ဓားမော့၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ဓားမော့၏ ပြိုင်ဘက်ကင်းထက်ရှမှုကြောင့် အရိုးဖြူဓားက အလယ်မှ နှစ်ခြမ်းပြတ်တောက်သွားသည်။ ထို့နောက် အရိုးဖြူဓားနှစ်ပိုင်းစလုံးက မြေကြီးပေါ်သို့ ပြုတ်ကျသွားကြသည်။ ဓားထဲမှ စွမ်းအင်အနှစ်သာရသည်ပင် ကျားဝိညာဉ်ဓားမော့၏ စုပ်ယူခံလိုက်ရသည်။

ဤအခိုက်အတန့်မှာ ကျားဝိညာဉ်ဓားအတွက် မည်သည့်အတားအဆီးမှ မရှိတော့ပေ။

“ တင်း… တုန် ”

သာယာနာပျော်ဖွယ်ကောင်းသော ကုချင်းအသံက ရုတ်တရက် ပဲ့တင်ထပ်လာသည်။ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက သီရှီထျန်၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာသည်။ ကုချင်းကြိုးများက သူတို့ဘာသာ လှုပ်ခတ်သွားကြပြီး အကန့်အသတ်မဲ့သော အသံလှိုင်းများကို ထုတ်လွှတ်လိုက်သည်။ အသံပိုင်နက်တစ်ခုက သီရှီထျန်ကို ဗဟိုပြု၍ ဖွဲ့စည်းသွားသည်။ မိစ္ဆာခုနစ်ပါးယင်မိုးကြိုးသွားသည် အသံပိုင်နက်ထဲသို့ ဝင်ရောက်ပြီးလျှင် ချက်ချင်း အားနည်းသွားပြီး လွင့်ပြယ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် အသံပိုင်နက်ထဲမှာ အကန့်အသတ်မဲ့သော တုန်ခါမှုလှိုင်းများ တည်ရှိနေသောကြောင့်ပင်။ ယင်းက လေဟာနယ်ပုံပျက်တွန်လိမ့်မှုကိုပင် ဖြစ်ပေါ်စေ၏။

“ ရွှတ် ”

အတားအဆီးမရှိတော့သည့်အခါ ကျားဝိညာဉ်ဓားမော့က ကျင့်ကြံသူနှစ်ယောက်၏ ခန္ဓာကိုယ်ပေါ်သို့ တန်းမတ်စွာ ကျရောက်သွားသည်။ ဓားမော့က အလျားလိုက် ပိုင်းဖြတ်လိုက်လေရာ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်က ခါးမှ တိုက်ရိုက် ပြတ်တောက်သွားသည်။

ထို့ပြင် သူတို့၏ ခန္ဓာကိုယ်ထဲမှ သွေးချီအနှစ်သာရနှင့် စွမ်းအင်အနှစ်သာရက ကျားဝိညာဉ်ဓားမော့၏ စုပ်ယူခံလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သက်မဲ့အလောင်းနှစ်လောင်းက ခြောက်သွေ့နေသော အရိုးစုများအဖြစ် ပြောင်းလဲသွားကြသည်။ တစ်စုံတစ်ယောက်သည် ထိုသို့မြင်ကွင်းကို ကိုယ်တိုင်မမြင်လျှင် ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။

ဓားတစ်ချက်က အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူနှစ်ယောက်ကို အရိုးစုအဖြစ် ချက်ချင်း ပြောင်းလဲစေနိုင်သည်လော။ ယင်းက မည်မျှထိတ်လန့်ဖွယ်ကောင်းလိုက်သနည်း။

“ ငါ့ကို တားဆီးတဲ့ လူတိုင်း သေရမယ်… ဒီအရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ ရှိနေကြတဲ့ ကျင့်ကြံသူအားလုံးက ငါ့ရဲ့ ရန်သူတွေပဲ ”

သီရှီထျန်၏ အမူအရာက ဖော်မပြနိုင်အောင်‌ အေးစက်နေသည်။ သူက သူ့အရှေ့မှ အရိုးစုနှစ်ခုကို ကြည့်လိုက်သည်။ သူက လေထဲတွင် လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သက်လတ်ပိုင်းအမျိုးသား အသုံးပြုခဲ့သော “ မိစ္ဆာခုနစ်ပါးဝိညာဉ်ဖမ်းလက်နက်တစ်စုံ ”က သူ၏ လက်ထဲသို့ ချက်ချင်း ကျရောက်လာသည်။ ကံမကောင်းသည်မှာ ယင်းက သက်စောင့်ဓမ္မလက်နက် ဖြစ်သည်။ သို့ဖြစ်၍ သူ့ပိုင်ရှင် သေဆုံးသွားသည့်အခါ သက်စောင့်ဓမ္မလက်နက်သည်လည်း အပြင်းအထန် ထိခိုက်ပျက်စီးသွားသည်။ ဤအခိုက်အတန့်မှာ ယင်း၏ ဓမ္မအလင်းရောင်က သိသိသာသာ မှေးမှိန်နေသည်။ ယင်းက မကြာခင် အက်ကွဲသွားတော့မည့် လက္ခဏာများကိုပင် ဖော်ပြနေသည်။

သက်စောင့်ဓမ္မလက်နက်သည် ပိုင်ရှင်၏ အနောက်သို့ သူတို့တစ်ဘဝလုံး လိုက်ရလိမ့်မည်။ ပိုင်ရှင်သေဆုံးသွားသည့်အခါ သူတို့သည်လည်း ထိခိုက်ပျက်စီးသွားလိမ့်မည်။ သူတို့က ချက်ချင်း မပျက်စီးသွားလျှင်ပင် ကြီးကြီးမားမား အားနည်းသွားလိမ့်မည်။ ယေဘုယျအားဖြင့် ဓမ္မလက်နက်၏ ဝိညာဉ်စွမ်းအားတစ်ဝက်ခန့်က ချက်ချင်း လျော့နည်းသွားလိမ့်မည်။ ထိုသို့ပျက်စီးသွားသော ဓမ္မလက်နက်များသည် တခြားဓမ္မလက်နက်များ၏ ဝါးမျိုခြင်းခံရရန် ကံပါလာသည်။

သို့သော်လည်း သီရှီထျန်က ထိုသို့မလုပ်ဆောင်ပေ။

ပထမတစ်ချက်မှာ သူ၏ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက အထွတ်အထိပ်အဆင့် ဓမ္မလက်နက် ဖြစ်သည်။ ယင်းက ဓမ္မရတနာအဆင့်သို့ အချိန်မရွေး တတ်လှမ်းနိုင်ပေသည်။ ယင်းကို စုပ်ယူခြင်းက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းအတွက် ကြီးကြီးမားမား အကျိုးမရှိပေ။ ဒုတိယအချက်မှာ သူ၏ ကျားဝိညာဉ်ဓားမော့ပေါ်တွင် အန္တိမကောင်းကင်ဘုံကိုးခုမူလပြန်အစီအရင်ကို မရေးထွင်းနိုင်ခဲ့ပေ။ ထို့ကြောင့် ကျားဝိညာဉ်ဓားမော့သည် တခြားဓမ္မလက်နက်များ၏ စွမ်းအင်အနှစ်သာရကို မစုပ်ယူနိုင်ပေ။

အစွမ်းထက် ဓမ္မလက်နက်တစ်ခု ထိုသို့ပျက်စီးသွားမည်ကို သူကြည့်မနေနိုင်ပေ။ ထို့ကြောင့် သီရှီထျန်က နောက်ထပ် တုံ့ဆိုင်းမနေဘဲ သူ၏ မိစ္ဆာချီကို ထုတ်လွှတ်လိုက်ပြီး ဓမ္မလက်နက်ကို ချိပ်တံဆိပ်ခတ်လိုက်သည်။ ချိပ်တံဆိပ်ခတ်မှုကြောင့် ဓမ္မလက်နက်က ဆက်ပြီး မပျက်စီးသွားတော့ပေ။ ထို့နောက် သီရှီထျန်က ဓမ္မလက်နက်ကို သူ၏ သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းလိုက်သည်။

ယင်းက သူ့အတွက် အသုံးမဝင်သော်လည်း သူ၏ လက်အောက်ငယ်သားများကို ဆုလာဘ်အဖြစ် ချီးမြှောက်နိုင်ပေသည်။ သို့မဟုတ် ရှောင်ပိုင်ကို လက်ဆောင်အဖြစ် သူပေးနိုင်သည်။

“ ဟမ် ”

သီရှီထျန်သည် မိစ္ဆာသန့်စင်ခြင်းမီးဖိုကို အသုံးပြု၍ သူ့အရှေ့မှ ကျင့်ကြံသူနှစ်ယောက်၏ အလောင်းခြောက်များကို ဝါးမျိုတော့မည့်အချိန် အတွေးတစ်ခုက သူ့စိတ်ထဲမှာ ဖျတ်ခနဲ ထွက်ပေါ်လာသည်။ အတိတ်တွင် သူရင်ဆိုင်ခဲ့ရသော မြေပုံအစီအရင်ကို ပြန်အမှတ်ရသွားသည်။ ထိုနှစ်ယောက်ဆီမှာ ထိုသို့မြေပုံအစီအရင်တစ်ခု ရှိနေမည်လော သူစူးစမ်းသိချင်သည်။

ထိုသို့တွေးမိသောအခါ စိတ်အားထက်သန်မှုက သူ့နှလုံးသားထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။ သူက အရှေ့သို့ လျှောက်သွားပြီး ထိုကျင့်ကြံသူနှစ်ယောက်၏ အဝတ်အစားများကို ရှာဖွေလိုက်သည်။ သူမျှော်လင့်ထားသကဲ့သို့ပင် သက်လတ်ပိုင်းအမျိုးသား၏ အဝတ်အစားထဲ၌ တြိဂံပုံသဏ္ဍာန် မြေပုံအပိုင်းအစတစ်ခုရှိနေကြောင်း ရှာတွေ့သွားသည်။ မြေပုံအပိုင်းအစပေါ်တွင် ထူးဆန်းသော မျဉ်းကြောင်းများ ရှိသည်။ ယင်းက အလွန်ထူးခြားဆန်းကြယ်ပုံပေါ်သည်။

“ ဒီဟာက အတိတ်မှာ ငါတွေ့ခဲ့တဲ့ဟာ မဟုတ်ဘူး… တခြားမြေပုံအပိုင်းအစပဲ ”

အတိတ်မှာ သူကြုံတွေ့ခဲ့ရသော အဖြစ်အပျက်က သူ၏ စိတ်ထဲမှာ ကွက်ကွက်ရှင်းရှင်း ရှိနေဆဲပင်။ ထို့ကြောင့် ယခု သူရှာတွေ့ခဲ့သော မြေပုံအပိုင်းအစက အတိတ်မှာ သူမြင်တွေ့ခဲ့သော မြေပုံအပိုင်းအစမဟုတ်ကြောင်း ချက်ချင်း နားလည်သွားသည်။ ယင်းက တခြားတစ်ခုဖြစ်နိုင်၏။

သူက မိစ္ဆာအာရုံကို စေလွှတ်၍ မြေပုံကို စူးစမ်းကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မြေပုံထဲမှ မြင်ကွင်းက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ နေရာသည် အတိတ်မှာ သူရောက်ရှိသွားခဲ့သော ထူးခြားနယ်မြေလွတ်နှင့် တစ်ပုံစံတည်း တူညီသည်။ ထိုနယ်မြေထဲမှာ မရေမတွက်နိုင်သော အရိုးစုများ ရှိသည်။ ထို့ပြင် အရွယ်အစားကြီးမားသော အရိုးစုအပုံတစ်ခုပေါ်တွင် အရိုးများဖြင့် ဖွဲ့စည်းထားသော ပလ္လင်တစ်ခု ရှိသည်။ အရိုးခြောက်ဘုရင်က ပလ္လင်ပေါ်မှာ ထိုင်နေသည်။

ထိုအရိုးခြောက်ဘုရင်သည် အတိတ်မှာ သူမြင်တွေ့ခဲ့သော အရိုးခြောက်ဘုရင်နှင့် တစ်ပုံစံတည်း ဆင်တူသည်။ သို့သော်လည်း ခြားနားချက်တစ်ခုမှာ ဤအရိုးခြောက်ဘုရင်သည် ဓားအစား ဧရာမပုဆိန်ကို ကိုင်ထားသည်။ ကြည့်ရသည်မှာ အတိတ်၌ သူတွေ့ခဲ့သော အရိုးခြောက်ဘုရင်နှင့် ဤအရိုးခြောက်ဘုရင်က တစ်ခုတည်းမဟုတ်ဟန် ရ၏။

သူက တုံ့ဆိုင်းမနေဘဲ မြေပုံကို အမြန်သိမ်းဆည်းလိုက်သည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်လေရာ အစောနက မရဏကျီးကန်းကို မြင်တွေ့သွားသည်။ ၎င်းက သူ့အား တခြားတစ်နေရာသို့ လမ်းညွှန်ပေးနေသည်။

“ အရိုးဖြူစွန့်ပစ်ကုန်းမြေတစ်ခုလုံးကို မြေလှန်ရမယ်ဆိုရင်တောင် အဲ့ဒီခွေးစုံတွဲကို မတွေ့တွေ့အောင် ငါရှာမယ် ”

သီရှီထျန်၏ အရှိန်အဝါက ပိုပြီးကြောက်မက်ဖွယ်ကောင်းလာသည်။ သူက ကျားဝိညာဉ်ဓားမော့ကို တရွတ်တိုက်ဆွဲ၍ အရှေ့သို့ လျှောက်သွားသည်။ ကျားဝိညာဉ်ဓားမော့သည် လူနှစ်ယောက်ကို သတ်ပြီးပြီဖြစ်သော်လည်း ယင်းပေါ်မှာ မည်သည့်သွေးစက်မှ မရှိပေ။ ဓားမော့က သွေးကိုပင် ဝါးမျိုလိုက်သည်။

သို့သော် ကျားဝိညာဉ်ဓားမော့သည် သွေးသောက်ပြီးနောက် သတ်ဖြတ်ခြင်းအရှိန်အဝါကို စတင်ပိုင်ဆိုင်သွားသည်။ ယခင်ကနှင့် နှိုင်းယှဉ်လျှင် ဓားမော့၏ ခြိမ်းခြောက်မှုအရှိန်အဝါက ပိုပြီးအားကောင်းလာသည်။

“ ဖတ်… ဖတ်… ”

ကျင့်ကြံသူနှစ်ယောက်ကို သတ်ပြီးနောက် သူ့ခြေလှမ်းက မရပ်တန့်သွားပေ။ သူက မရဏကျီးကန်း လမ်းညွှန်ပေးသော ဦးတည်ရာဆီသို့ ဆက်လျှောက်သွားသည်။ သူ့စိတ်ထဲမှာ အစောနက ကျင့်ကြံသူနှစ်ယောက်ကို သတ်ဖြတ်ခဲ့သော ပုံရိပ်က ပြန်ပေါ်လာသည်။ သူက အလွန်စိတ်လှုပ်ရှားသွားသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်ခြင်းအရှိန်အဝါက ပိုပြီးအားကောင်းလာသည်။ အရှေ့သို့ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ အရှိန်အဝါက မြင့်တတ်သွားသည်။

စိတ်ပျော်ရွှင်တယ်… ။

ကျားဝိညာဉ်ဓားမော့နှင့် တိုက်ခိုက်လိုက်သည့်အခါ သူ၏ တစ်ကိုယ်လုံးမှ အသွေးအသားများနှင့် ဆဲလ်များက အဆက်မပြတ် ရွေ့လျားနေကြောင်း သီရှီထျန် ခံစားမိသွားသည်။ ယင်းက သူ့ကို ဖော်မပြနိုင်အောင် စိတ်ပျော်ရွှင်စေသည်။ သူ၏ သွေးက မြင်းရိုင်းတစ်ကောင်နှယ် ဒုန်းစိုင်းစီးဆင်းနေသည်။ ကြည့်ရသည်မှာ သူ့နှလုံးသားထဲ၌ တိုက်ပွဲဆာလောင်စိတ် ဖြစ်ပေါ်နေဟန် ရ၏။

ဓားမော့သည် သွေးမြင်သည်နှင့် ဖော်မပြနိုင်အောင် စိတ်လှုပ်ရှားလာသည်။

တိုက်ပွဲတွေ… နောက်ထပ် တိုက်ပွဲတွေ ငါလိုချင်တယ်… ။

တိုက်ပွဲဆာလောင်မှုက သားရဲဘုရင်များ၏ ခန္ဓာကိုယ်ထဲမှာ သဘာဝအ‌လျောက် သန္ဓေတည်နေသည်။ အထူးသဖြင့် ရှေးဟောင်းမိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းသူများသည် တိုက်ပွဲများဆင်နွှဲရန် အလွန်စိတ်အားထက်သန်ကြသည်။ သူတို့၏ အာရုံကြောများထဲမှာ တိုက်ပွဲစိန်ခေါ်သံက အမြဲမပြတ် ပဲ့တင်ထပ်နေသည်။ စိတ်ခံစားချက်မျိုးစုံက သူတို့၏ နှလုံးသားထဲမှာ ရောပြွန်နေသည်။

ရှေးခေတ်ကာလတွင် ရှေးဟောင်းမိစ္ဆာကျင့်ကြံသူအားလုံးနီးပါးက သိုင်းပညာရပ်များနှင့် တိုက်ခိုက်ရေးနည်းလမ်းများကို ကျွမ်းကျင်စွာ တတ်မြောက်ထားကြသည်။ သူတို့တိုက်ခိုက်သည့်အခါတိုင်း သွေးပွက်ပွက်ဆူလာပြီး စိတ်လှုပ်ရှားမှုက သူတို့၏ နှလုံးသားထဲမှာ ဖြစ်ပေါ်လာသည်။ ယင်းက ခွန်အားချင်းယှဉ်ပြိုင်မှု သို့မဟုတ် တိုက်ခိုက်စွမ်းရည်ချင်း အားပြိုင်မှု ဖြစ်သည်။ ထိုသို့တိုက်ပွဲဆာလောင်မှုကြောင့် ရှေးဟောင်းမိစ္ဆာကျင့်ကြံသူများက အတိတ်မှာ အလွန်အစွမ်းထက်သော မျိုးနွယ်စုတစ်ခု ဖြစ်ခဲ့သည်။

ဒဏ္ဍာရီများထဲ၌ ဖော်ပြထားသည်မှာ ရှေးခေတ်ကာလတွင် အစွမ်းထက် မိစ္ဆာကျင့်ကြံသူများသည် တိုက်ခိုက်ရေးနည်းလမ်းများကို အသုံးပြု၍ လေဟာနယ်နှင့် ကြယ်များကိုပင် ဖျက်ဆီးပစ်နိုင်ကြသည်။ သူတို့က လက်မြှောက်လိုက်ရုံဖြင့် နေနှင့်လကို ခူးဆွတ်နိုင်ကြသည်။ ထိုသို့စွမ်းရည်က အလွန်ကြောက်စရာကောင်းသည်။ တစ်နည်းဆိုရသော် ရှေးဟောင်းမိစ္ဆာများသည် ပြိုင်ဘက်ကင်းလုနီးပါး အလွန်သန်စွမ်းကြသည်။

စက်ကရာသည် အတိတ်တွင် သူတိုက်ခိုက်ခဲ့သည့်အခါတိုင်း ကျားဟိန်းသံအတတ်နှင့် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကိုသာ မှီခိုအားထားခဲ့သည်။ သူက အလွန်သန်မာသော်လည်း သူ့မှာ ရှေးဟောင်းမိစ္ဆာကျင့်ကြံသူများ တတ်ကျွမ်းကြသော တိုက်ခိုက်ပညာရပ်များ မရှိသေးပေ။ ထို့ပြင် သူက အနီးကပ်တိုက်ပွဲများကိုလည်း မတွေ့ကြုံဖူးချေ။

တိုက်ပွဲများ၏ စစ်မှန်သော အနှစ်သာရနှင့် သွေးပွက်ပွက်ဆူမှုကို တစ်ခါမှ သူမခံစားဖူးပေ။ ယင်းက ယနေ့မတိုင်ခင်အထိ ဖြစ်သည်။

ယနေ့ သူက ဓားမော့ပိုင်းဖြတ်မှုတစ်ချက်ဖြင့် ကျင့်ကြံသူနှစ်ယောက်ကို သတ်ပစ်လိုက်သည်။ တစ်စုံတစ်ယောက်၏ အသွေးအသားကို ဓားမော့ဖြင့် ဖြတ်တောက်လိုက်ရသော ခံစားမှုက သူ့အား ဖော်မပြနိုင်အောင် စိတ်ပျော်ရွှင်စေသည်။ ယင်းက ယောင်္ကျားတစ်ယောက် ပိုင်ဆိုင်သင့်သော ရဲစွမ်းသတ္တိဖြစ်သည်။ ယင်းက အံ့ဖွယ်ထူးခြားသော တိုက်ပွဲစိတ်ဆန္ဒတစ်မျိုး ဖြစ်သည်။ ထိုခံစားမှုက သူ့နှလုံးသားထဲမှာ အဆက်မပြတ် ပေါ်လျှိုးနေသည်။ သူက ယင်းကို အန်ထုတ်ချင်သော်လည်း ထိုသို့မလုပ်နိုင်ပေ။

သီရှီထျန်က မျက်ခုံးပင့်တင်လိုက်သည်။ သတ်ဖြတ်ခြင်းအရှိန်အဝါက သူ၏ မျက်ခုံးနှစ်ခုကြားမှာ စုဝေးသွားသည်။ ယင်းက နဂိုကတည်းက အေးတိအေးစက်ရှိနေသော သူ့မျက်နှာကို ပိုပြီးနတ်ဆိုးဆန်သွားစေသည်။ အရှေ့သို့ သူလျှောက်သွားနေစဉ် ယခင်ဘဝမှာ သူနားထောင်ခဲ့ဖူးသော သီချင်းတစ်ပုဒ်က သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။

“ ယောင်္ကျားတစ်ယောက်က အခြေအနေအချိန်အခါပေါ်မူတည်ပြီး ရက်စက်သင့်တယ်… ကိုယ်ကျင့်သိက္ခာကို အမြဲတမ်း မစောင့်ထိန်းသင့်ဘူး… ယောင်္ကျားတစ်ယောက်က မဖြစ်မနေ သတ်ဖြတ်ရတော့မယ်ဆိုရင် သနားကြင်နာမနေဘဲ သတ်ပစ်ရမယ်… အမတက နှစ်ပေါင်းတစ်ထောင်ကြာအောင် သတ်ဖြတ်နေခဲ့တယ်… ”

သီရှီထျန်က သီချင်းဆိုလိုက်သည်။ ထိုသီချင်းသည် ယောင်္ကျားတစ်ယောက်နှင့် သတ်ဖြတ်ပွဲများအကြောင်း ဖော်ကြူးထားသော သီချင်းဖြစ်သည်။ ယခင်ဘဝတွင် ထိုသီချင်းကို သူကြားခဲ့စဉ်က သူ၏ သွေးက ပွက်ပွက်ဆူလာသည်။ သူက စစ်ပွဲအတွင်းမှာ ရန်သူများစွာနှင့် ရင်ဆိုင်နေရသော စစ်သည်တော်တစ်ဦးပမာ ခံစားရလာသည်။ သူက သတ်ဖြတ်ခြင်းမှလွဲ၍ တခြားဘာမှမသိတော့ပေ။ ထိုအခိုက်အတန့်မှာ သူက စစ်မှန်သော ယောင်္ကျားတစ်ယောက်ဟု ခံစားမိသွားသည်။

သီချင်းဆိုလိုက်သည်နှင့်ချက်ချင်း သူ့နှလုံးသားထဲမှာ ပိတ်ဆို့နေသော တိုက်ပွဲစိတ်ဆန္ဒက အပြင်သို့ တိုးထွက်လာရန် ထွက်ပေါက်တစ်ခု ရှာတွေ့သွားသည်။ တိုက်ပွဲစိတ်ဆန္ဒက သူ့ခန္ဓာကိုယ်၏ အပြင်ဘက်သို့ တိုက်ရိုက် တိုးထွက်လာသည်။ ထိုအခါ ဖော်မပြနိုင်သော စိတ်လှုပ်ရှားမှုနှင့် သက်တောင့်သက်သာရှိမှုကို သူခံစားမိသွားသည်။ သူ၏ စိတ်အခြေအနေက ယခုအချိန်မှာ နက်နဲသိမ်မွေ့သွားသည်။ သီချင်းဆိုနေစဉ် သူ၏ တိုက်ပွဲစိတ်ဆန္ဒက တဖြည်းဖြည်း ပိုပြီးအားကောင်းလာသည်။ သူ၏ ခြေလှမ်းများက သီချင်းနှင့် စည်းဝါးကိုက်သွားသည်။

“ ကတိကို တန်ဖိုးထားတဲ့ သူရဲကောင်းတွေ အများကြီး အတိတ်မှာ ရှိခဲ့ပါတယ်… သူ့ခန္ဓာကိုယ်က ငှက်မွှေးလေးလိုပဲ ပေါ့ပါးပါတယ်… သူရဲကောင်းတွေအများကြီးနဲ့ လူရိုင်းတွေအများကြီးကြားမှာ သတ်ဖြတ်ရတာ ပျော်စရာကောင်းပါတယ်… ဓားနဲ့ လှံကို ပျော်ပျော်ရွှင်ရွှင် မြှောက်လိုက်ပါ… ဒီနေ့ ငါက တိုက်ပွဲရဲ့ အနှစ်သာရကို ရှာဖွေတော့မယ်… ”

“ ဂရား ”

All Chapters