← Chapters

အခန်း ၂၉၄

Vol. 20 Ch. 294

အခန်း ၂၉၄

Vol. 20 Ch. 294

အခန်း(၂၉၄)

သူ၏ စိတ်အခြေအနေက ရွှင်လန်းတတ်ကြွလာသည်။ သူ့တစ်ကိုယ်လုံးက ဖော်မပြနိုင်အောင် အသက်ဝင်နိုးကြားနေသည်။ အရှေ့သို့ သူလျှောက်သွားနေစဉ် သူ၏ စိတ်က သီချင်းနှင့် လိုက်လျောညီထွေဖြစ်သွားသည်။ ခရမ်းရွှေကုန်းမြေထဲတွင် သူမွေးဖွားပြီးနောက် တွေ့ကြုံခဲ့သော အရာအားလုံးက သူ့စိတ်ထဲမှာ ပြန်ထွက်ပေါ်လာသည်။ သူ့စိတ်က သီချင်း၏ သတ်ဖြတ်ခြင်းအနှစ်သာရထဲမှာ နစ်မြုပ်သွားသည်။ သူ့တစ်ကိုယ်လုံးက ယခု သူရှိနေသော လောကနှင့် အပြည့်အဝ တစ်သားတည်း ပေါင်းစည်းသွားသည်။ ကျားဝိညာဉ်ဓားမော့သည် သူ၏ သက်စောင့်နတ်ဘုရားလက်နက် ဖြစ်သည်။ သူ့စိတ်က ထူးခြားသော အခြေအနေတစ်ရပ်သို့ ဝင်ရောက်သွားသည့်အခါ ကျားဟိန်းသံက ဓားမော့ထံမှ မြည်ဟိန်းလာသည်။ ဓားမော့ထဲမှ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက ပိုပြီးအံ့ဖွယ်ကောင်းလာသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသော သီချင်းသံက အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ ပျံ့လွင့်သွားသည်။ ဖော်မပြနိုင်သော အကြောင်းအရင်းတချို့ကြောင့် ထိုသီချင်းက မိုးမြေကိုပင် လှုပ်ရှားသွားစေနိုင်ဟန် ရ၏။ သီရှီထျန်၏ ဦးခေါင်းထက်မှာ သွေးနီရောင်တိမ်တိုက်တစ်ခု ထူးဆန်းစွာ ထွက်ပေါ်လာသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ထိုသွေးနီရောင်တိမ်တိုက်ကို သေချာဂရုတစိုက် စစ်ဆေးလေ့လာမည်ဆိုလျှင် စစ်သည်တော်များ၏ အော်ဟစ်ကြုံးဝါးသံများနှင့် မြင်းဟီးသံများက အဆက်မပြတ် ပဲ့တင်ထပ်နေကြောင်း ကြားရလိမ့်မည်။

ယင်းက သတ်ဖြတ်ခြင်းတေးသွားတစ်ပုဒ် ဖြစ်ဟန် ရ၏။

သီရှီထျန်သည် သီချင်းဆိုနေရင်း လမ်းလျှောက်နေသည်။ သူ၏ သီချင်းသံက တစ္ဆေများနှင့် နတ်ဘုရားများကို တုန်လှုပ်ချောက်ချားသွားစေသည်။ သူ၏ စိတ်က ဖော်မပြနိုင်အောင် ကြည်လင်သန့်စင်လာသည်။ မည်သည့်တုံ့ဆိုင်းမှုမှ သူ့စိတ်ထဲမှာ မရှိတော့ပေ။ ကျားဝိညာဉ်ဓားမော့ဖြင့် ပထမဆုံးအကြိမ် လူသတ်ခြင်းက သီရှီထျန်၏ မြှုပ်ကွယ်နေသော တိုက်ပွဲစိတ်ဆန္ဒကို နိုးကြားစေသည်။ သူသီဆိုနေသော သီချင်းသည် ရှေးခေတ်ကာလမှ နှစ်ဆယ်ရာစုခေတ်တိုင်အောင် အောင်မြင်ကျော်ကြားခဲ့သော သီချင်းဖြစ်သည်။ သီချင်းထဲမှာ ယောင်္ကျားသားများ၏ ရဲစွမ်းသတ္တိနှင့် တိုက်ပွဲစိတ်ဓာတ်ကို ဖော်ကြူးထားသည်။ ထို့ကြောင့် သီချင်းဆိုနေစဉ် သီရှီထျန်၏ စိတ်အခြေအနေက တိုက်ပွဲများနှင့် သတ်ဖြတ်ခြင်းထဲမှာ နစ်မြုပ်သွားသည်။

အရိုးဖြူစွန့်ပစ်ကုန်းမြေသည် ရှေးဟောင်းစစ်မြေပြင်တစ်ခု ဖြစ်သည်။ အတိတ်တွင် ဤနေရာ၌ ကြီးမားသော သတ်ဖြတ်ပွဲများ ဖြစ်ပေါ်ခဲ့သည်။ မည်မျှများပြားသော သူရဲကောင်းများက ဤနေရာမှာ ကျဆုံးသွားခဲ့ကြောင်း မည်သူက အတိအကျပြောနိုင်မည်နည်း။ သီချင်းသံ ပျံ့လွင့်သွားသည့်အခိုက် မယုံကြည်နိုင်စရာကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ ယင်းက အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ မြှုပ်ကွယ်နေသော သူရဲကောင်းများကို ပြန်နိုးထလာစေသည်။ ဝေဝါးနေသော မထင်မရှားပုံရိပ်များသည် အရိုးဖြူစွန့်ပစ်ကုန်းမြေ၏ နေရာတိုင်းမှာ ထွက်ပေါ်လာကြသည်။ သူတို့က သီရှီထျန်ကို ဝိုင်းရံလိုက်ကြပြီး ကျယ်လောင်စွာ ကြုံးဝါးလိုက်ကြသည်။

ရှေးခေတ်ကာလတွင် ကျဆုံးသွားခဲ့သော အထွတ်အမြတ်ပညာရှင်များ၏ နတ်ဘုရားစိတ်အာရုံအကြွင်းအကျန်များသည်ပင် ဤနေရာမှာ ရှိ၏။ အစတွင် သူတို့က မြေကြီးအောက်ထဲမှာ နှစ်ချိုက်စွာ အိပ်မောကျနေကြသည်။ သို့သော်လည်း သီရှီထျန်၏ သီချင်းသံကို ကြားသွားသောအခါ သီချင်းသံထဲမှ သူရဲကောင်းဆန္ဒက သူတို့ကို ပြန်နိုးထလာစေသည်။

ဤအခိုက်အတန့်မှာ မြေအောက်ထဲမှ မရေမတွက်နိုင်သော အကြွင်းအကျန်ဝိညာဉ်များက အရိုးဖြူစွန့်ပစ်ကုန်းမြေပေါ်မှာ ပြန်ထွက်ပေါ်လာကြသည်။ သူတို့အားလုံးက သီရှီထျန်ကို ဝိုင်းရံလိုက်ကြသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သီရှီထျန်၏ စိတ်က သီချင်းထဲမှာ လုံးဝ နစ်မြုပ်နေသည်။ ထို့ကြောင့် အပြင်လောကမှာ မည်သို့ဖြစ်ပျက်နေကြောင်း သူမသိပေ။ သူက သီချင်းဆိုနေရင်း သူ၏ ပန်းတိုင်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားနေသည်။

ချွင်… ချွင်… ချွင်…

မရေမတွက်နိုင်သော အကြွင်းအကျန်ဝိညာဉ်များသည် သီချင်းထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ရက်စက်မှုထဲမှာ နစ်မြုပ်သွားကြသည်။ ဆီပူအိုးထဲသို့ ရေကျသွားသကဲ့သို့ပင် ကျယ်လောင်သော အော်ဟစ်ကြုံးဝါးသံများက အရိုးဖြူစွန့်ပစ်ကုန်းမြေတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ သူတို့၏ လက်ထဲမှ လက်နက်များသည်လည်း ကျယ်လောင်သော မြည်သံများကို ထုတ်လွှတ်လိုက်သည်။ ရက်စက်ကြမ်းကြုတ်သော လေထုက အရိုးဖြူစွန့်ပစ်ကုန်းမြေပေါ်မှာ ထွက်ပေါ်လာသည်။ ကျောချမ်းဖွယ်ကောင်းသော အေးစက်စက်လေက အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ ပျံ့နှံ့သွားသည်။ ထို့နောက် ပိုပြီးအံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုက ထွက်ပေါ်လာသည်။

အကြွင်းအကျန်ဝိညာဉ်များသည် အရှေ့သို့ လျှောက်သွားကြပြီး သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြသည်။

ထိုအခါ သူ့နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက တစ်ခါမှမဖြစ်စဖူး သက်ဝင်လှုပ်ရှားလာသည်။ ဘုရင်အမှတ်အသားက လောကတစ်ခွင် ပြည့်နှက်သွားစေမည့် ခရမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ အကြွင်းအကျန်ဝိညာဉ်တစ်ကောင်ပြီးတစ်ကောင်က ဘုရင်အမှတ်အသားထဲသို့ ဝင်ရောက်သွားကြသည်။ သူ့နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက အသက်ဝိညာဉ်ရှိသော မီးတောက်တစ်ခုနှယ် ပြောင်းလဲသွားသည်။ အကြွင်းအကျန်ဝိညာဉ်တစ်ကောင်က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာတိုင်း သူ၏ သတ်ဖြတ်ခြင်းအရှိန်အဝါက အနည်းငယ် တိုးပွားသွားသည်။

“ ယောင်္ကျားတစ်ယောက်က အခြေအနေအချိန်အခါပေါ်မူတည်ပြီး ရက်စက်သင့်တယ်… ကိုယ်ကျင့်သိက္ခာကို အမြဲတမ်း မစောင့်ထိန်းသင့်ဘူး… ယောင်္ကျားတစ်ယောက်က မဖြစ်မနေ သတ်ဖြတ်ရတော့မယ်ဆိုရင် သနားကြင်နာမနေဘဲ သတ်ပစ်ရမယ်… အမတက နှစ်ပေါင်းတစ်ထောင်ကြာအောင် သတ်ဖြတ်နေခဲ့တယ်… ”

အရိုးဖြူစွန့်ပစ်ကုန်းမြေထဲတွင် တစ္ဆေများနှင့် နတ်ဘုရားများကို အော်ဟစ်ညည်းတွားစေမည့် သီချင်းသံက ပျံ့နှံ့နေသည်။ မိုးကောင်းကင်သည်ပင် သွေးနီရောင်သို့ ပြောင်းလဲသွားသည်။

“ ဘာဖြစ်သွားတာလဲ… ဘာလို့ အရိုးဖြူစွန့်ပစ်ကုန်းမြေက အဲ့ဒီလိုပြောင်းလဲသွားတာလဲ… အိုဘုရားရေ… အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ အကြွင်းအကျန်ဝိညာဉ်တွေက အဲ့လောက်တောင် များတယ်လား… သူတို့က မြေအောက်ထဲမှာ အိပ်စက်နေကြတာ မဟုတ်ဘူးလား… ဘာလို့ အပြင်ပြန်ထွက်လာကြတာလဲ… မဟုတ်မှလွဲရော မဟာကပ်ဘေးတစ်ခုက ဒီနေရာမှာ ဖြစ်ပေါ်လာတော့မှာလား ”

“ အားလုံးပဲ… သေချာနားထောင်ကြည့်ကြ… သီချင်းသံကို ငါကြားနေရတယ်… အဲ့ဒီသီချင်းသံက အရမ်းဗိုလ်ကျတာပဲ… ဘယ်သူက သီချင်းဆိုနေတာလဲ ”

“ မဟုတ်မှလွဲရော အဲ့ဒီအကြွင်းအကျန်ဝိညာဉ်တွေက သီချင်းသံကြောင့် ပြန်နိုးထလာကြတာလား… ဘယ်သူက အဲ့ဒီသီချင်းကို ရေးဖွဲ့ခဲ့တာလဲ… အဲ့ဒီသီချင်းကို ကြားလိုက်တဲ့အခါ ငါ့ရဲ့ သွေးက ပွက်ပွက်ဆူလာတယ်… ”

ဤအခိုက်အတန့်မှာ အရိုးဖြူစွန့်ပစ်ကုန်းမြေထဲတွင် သီရှီထျန်တစ်ယောက်တည်း ရှိနေခြင်းမဟုတ်ပေ။ ကျင့်ကြံသူအုပ်စုတစ်စုလည်း ရှိနေသည်။ သီချင်းသံက အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ ပျံ့နှံ့နေသည်။ ထို့ပြင် အချိန်ကြာလာသည်နှင့်အမျှ သီချင်းသံက ပိုပိုပြီး ကျယ်လောင်လာသည်။ သီချင်းသံသည် အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာသာမက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ ထိုသီချင်းကို ကြားလိုက်သောအခါ တောင်ပိုင်းမြေရိုင်းဒေသထဲမှ ဝိညာဉ်အသိဉာဏ်နိုးထပြီးသော သားရဲတိရိစ္ဆာန်အားလုံးက ရဲစွမ်းသတ္တိကို ခံစားမိသွားကြသည်။

ဤအခိုက်အတန့်မှာ သီရှီထျန်၏ အရှေ့တွင် ဝတ်စုံနက်ဝတ် ကျင့်ကြံသူအုပ်စုတစ်စုက တုန်လှုပ်ချောက်ချားသွားကြသည်။ သီချင်းသံကို ကြားလိုက်ရသောအခါ ကြောက်လန့်မှုနှင့် စိုးရိမ်မှုက သူတို့၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ ထိုကျင့်ကြံသူအုပ်စုထဲမှာ အတိတ်တွင် သီရှီထျန်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့ဖူးသော စုံတွဲလည်း ပါဝင်သည်။ အရိုးဖြူစွန့်ပစ်ကုန်းမြေထဲသို့ ဝင်ရောက်လာကြသော အပြင်လောကမှ ကျင့်ကြံသူအားလုံးနီးပါးက ထိုနေရာမှာ ရှိနေကြသည်။

“ ရှပ်… ရှပ်… ”

ခြေလှမ်းသံများက စည်းဝါးကိုက်စွာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သီချင်းသံက ပိုပြီးကျယ်လောင်လာသည်။

“ ကိုယ့်လူတွေ မကြောက်ကြနဲ့… မင်းတို့နားဆင်ဖို့ သီချင်းတစ်ပုဒ်ရှိတယ်… လူတစ်ယောက်သတ်တာက ရာဇဝတ်မှု ဖြစ်တယ်… ရန်သူတစ်သောင်းကို သတ်တာက သူရဲကောင်းမည်တယ်… ရန်သူတစ်သန်းကို သတ်တာက သူရဲကောင်းတွေထဲက အမြင့်မြတ်ဆုံး သူရဲကောင်းဖြစ်တယ်… နှစ်ပေါင်းထောင်ချီ စောင့်ထိန်းလာတဲ့ ကျင့်ဝတ်တွေနဲ့ သိက္ခာတရားက ဒီနေရာမှာ အရေးမပါဘူး… သတ်ဖြတ်ခြင်းကပဲ သူရဲကောင်းဖြစ်လာစေလိမ့်မယ်… သူရဲကောင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ဒီနေ့ အရယူမယ်… လူတစ်သန်းမသတ်နိုင်ရင်တောင် အံကိုကြိတ်ပြီး ရန်သူတစ်သောင်းကို သတ်ဖြတ်မယ်… ဒီနေ့ ဘယ်သူမှ ငါ့ကို မတားနိုင်ဘူး… လောကကြီးကို ငါမေးချင်တယ်… သွေးမစွန်းဖူးတဲ့ သူရဲကောင်းဆိုတာ ရှိလားလို့… ”

“ သတ်… သတ်… သတ်… ”

သီရှီထျန်က အရှေ့သို့ မြဲမြံစွာ လျှောက်သွားသည်။ သူက လက်ထဲမှ ကျားဝိညာဉ်ဓားမော့ကို မြေကြီးပေါ်မှာ တရွတ်တိုက် ဆွဲသွားသည်။

အရှေ့သို့ သူလျှောက်သွားနေစဉ် မရေမတွက်နိုင်သော အကြွင်းအကျန်ဝိညာဉ်များက သူ၏ ခန္ဓာကိုယ်ထဲသို့ တစ်ကောင်ပြီးတစ်ကောင် တိုးဝင်သွားကြသည်။ ထိုမြင်ကွင်းက အလွန်ထူးဆန်းသည်။ တစ်စုံတစ်ယောက်သည် မည်မျှသတ္တိကောင်းပါစေ ထိုသို့မြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကျောချမ်းသွားပြီး ကြက်သီးမွေးညင်းထသွားလိမ့်မည်။ မယုံကြည်နိုင်မှုကြောင့် သူတို့၏ မျက်လုံးများသည်ပင် အပြင်သို့ ပြူးထွက်သွားလိမ့်မည်။

“ သတ် ”ဟူသော စကားလုံးကို သုံးကြိမ်ဆက်တိုက် ပြောလိုက်သည့်အခါ သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်ခြင်းအရှိန်အဝါက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။ အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက မိုးမြေသာမက နေနှင့်လကိုလည်း ဖုံးအုပ်သွားသည်။ ဤအခိုက်အတန့်မှာ အရိုးဖြူစွန့်ပစ်ကုန်းမြေက အပြင်းအထန် တုန်ယင်သွားသည်။

အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှ မရေမတွက်နိုင်သော အရိုးဝါးမျိုသစ်ပင်များသည် ထူးဆန်းသော အော်ဟစ်ညည်းတွားသံများကို ထုတ်လွှတ်လိုက်သည်။ ယင်းက လေထုကို ပိုပြီးချောက်ချားစေသည်။

သတ်ဖြတ်ခြင်းသီချင်းတစ်ပုဒ်က အရိုးဖြူစွန့်ပစ်ကုန်းမြေတစ်ခုလုံးကို ဗြောင်းဆန်သွားစေသည်။ တစ္ဆေများနှင့် နတ်ဘုရားများကို ငိုကြွေးစေမည့် သီချင်းသံက ကမ္ဘာမြေတုန်ဟီးစေနိုင်သော အပြောင်းအလဲကို ဖြစ်ပေါ်စေသည်။

ထိုအရာအားလုံး၏ အဓိကတရားခံဖြစ်သော သီရှီထျန်သည်တော့ သီချင်းထဲမှာ အသိစိတ်နစ်မြုပ်နေဆဲပင်။ အပြင်လောကမှာ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေကြောင်း လုံးဝ သူမသိပေ။ ထိုအပြောင်းအလဲက အနာဂတ်မှာ သူ့အပေါ် မည်သို့သော သက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း သူမသိပေ။

“ အဲ့ဒီသီချင်း… သီရှီထျန်ဆီကလား… ”

ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲတွင် ချန်းရှီ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ သူက ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး အရိုးဖြူစွန့်ပစ်ကုန်းမြေ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။

ချန်းရှီသည် သီရှီထျန်ကို တစ်ကြိမ်သာ တွေ့ဆုံဖူးသည်။ သို့သော်လည်း သီရှီထျန်အပေါ် သူ့အမြင်က သာလွန်ထူးခြားသည်။ သူ့အသံကို မမှတ်မိစရာ မည်သည့်အကြောင်းမှ မရှိပေ။

တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးတွင် ပဲ့တင်ထပ်နေသော သီချင်းသံထဲမှာ အဆုံးမဲ့သော ရဲစွမ်းသတ္တိ၊ တိုက်ခိုက်ချင်စိတ်နှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ အစရှိသည်တို့ ကိန်းအောင်းနေသည်။ ယင်းက အကန့်အသတ်မဲ့သော တိုက်ပွဲဆန္ဒကို ဖြစ်ပေါ်စေသည်။

ဝိညာဉ်အသိဉာဏ်မဖွင့်ဖြိုးသေးသော တိရိစ္ဆာန်များသည်ပင် ထိုသီချင်းသံကို ကြားပြီးနောက် ရဲစွမ်းသတ္တိရှိလာကြသည်။ သူတို့၏ ခန္ဓာကိုယ်ထဲတွင် သွေးပွက်ပွက်ဆူလာသည်။ ဤအခိုက်အတန့်မှာ သူတို့က ခေါင်းမော့လိုက်ကြပြီး ကျယ်လောင်စွာ အော်ဟစ်မြည်ဟိန်းလိုက်ကြသည်။ တိရိစ္ဆာန်အများစုက မျက်လုံးနီရဲသွားကြသည်။ ရိုင်းစိုင်းကြမ်းကြုတ်သော အရှိန်အဝါက သူတို့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

အမြဲတမ်း စိတ်နှလုံးအေးချမ်းတည်ငြိမ်ခဲ့သော ချန်းရှီသည်ပင် ထိုသီချင်းသံကို ကြားပြီးနောက် အားမာန်ရှိလာသည်။ သူ၏ တစ်ကိုယ်လုံးက သက်ဝင်နိုးကြားလာသည်။ သီချင်းသံကို ကြားပြီးနောက် သူက ရန်သူများကို အမြစ်ဖြတ်ချေမှုန်းရန် ဆန္ဒပြင်းပြလာသည်။ သူက ထိုခံစားချက်ကို မျိုသိပ်ထားခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာမြင့်သွားပြီ ဖြစ်၏။ ယခု သူခံစားချက်က ပေါက်ကွဲထွက်လာသည်။

ဤသည်မှာ တည်ငြိမ်နေသော ရေကန်ပေါ်သို့ ကျောက်ခဲတစ်လုံး ရုတ်တရက် ပြုတ်ကျသွားသည့်အလားပင်။ ယင်းက မရေမတွက်နိုင်သော လှိုင်းဂယက်များကို ဖြစ်ပေါ်စေသည်။ သူ၏ နှလုံးသားထဲတွင် သီရှီထျန်၏ ပုံရိပ်က တဖြည်းဖြည်း ထွက်ပေါ်လာသည်။

“ အို သီရှီထျန်… နင်က ဒီလောက်ထူးဆန်းတဲ့ သီချင်းကိုတောင် သိထားတယ်လား… နင်က တကယ်ပဲ မိစ္ဆာတွေထဲမှာ လုံးဝ ကွဲထွက်နေတယ်… ခရမ်းရွှေကုန်းမြေကို မဆိုထားနဲ့ မိစ္ဆာဘုံထဲမှာတောင် သူ့လို မိစ္ဆာတစ်ကောင် အရင်က မရှိခဲ့ဘူး… စိတ်မကောင်းစရာက ငါက နင့်ထက်အရင် မွေးဖွားလာခဲ့ပြီး နင့်မှာ လက်တွဲဖော်ရှိနှင့်ပြီးပြီ… ”

ချန်းရှီက မတ်တတ်ထရပ်လိုက်ပြီး ပြတင်းပေါက်အရှေ့မှာ ရပ်လိုက်သည်။ သူက ပြတင်းပေါက်အပြင်မှ ပျံ့လွင့်လာသော သီချင်းသံကို နားဆင်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ဇဝေဇဝါဖြစ်သော အကြည့် ထွက်ပေါ်လာသည်။

ရှေးခေတ်ကာလမှစ၍ ယခုအချိန်ထိ မပြောင်းလဲသွားသော အမှန်တရားတစ်ခုရှိသည်။ ယင်းမှာ မိန်းကလေးများသည် ရဲစွမ်းသတ္တိရှိသော သူရဲကောင်းအမျိုးသားများကို သဘောကျကြသည်။

ရဲစွမ်းသတ္တိပြည့်ဝသော သီချင်းကို နားထောင်နေစဉ် သီရှီထျန်၏ ပုံရိပ်က သူ့စိတ်ထဲမှာ ထွက်ပေါ်လာလေရာ ချန်းရှီ၏ တည်ငြိမ်နေသော နှလုံးသားက အနည်းငယ် ယိမ်းယိုင်သွားသည်။ သူ့ကိုယ်သူ သတိမထားမိခင်မှာ သီရှီထျန်အပေါ် တိမ်းညွတ်သွားသည်။

သို့သော်လည်း မကြာမီ သူ့စိတ်က ချက်ချင်း ပြန်ငြိမ်သက်သွားသည်။ လှိုင်းဂယက်များက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

“ ဘန်း… ဘန်း… ဘန်း ”

“ ဂရား ”

“ ဝေါင်း ”

“ ကျီး ”

“ ဝူး ”

တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲဘုရင်အားလုံးသည် ကမ္ဘာမြေတုန်လှုပ်သွားစေမည့် မြည်ဟိန်းသံများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်လိုက်ကြသည်။

ထို့နောက် မရေမတွက်နိုင်သော သားရဲများက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံး ပျံ့နှံ့သွားမည့် ဟိန်းသံများ၊ အော်သံများနှင့် အူသံများကို ထုတ်ဖော်လိုက်ကြသည်။ ဤအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးက ဆူညံပွက်လောရိုက်သွားသည်။ ယင်းက အံ့ဖွယ်ကောင်းသော အချင်းအရာ၏ အစဖြစ်သည်။

All Chapters