← Chapters

အခန်း ၂၉၆

Vol. 20 Ch. 296

အခန်း ၂၉၆

Vol. 20 Ch. 296

အခန်း(၂၉၆)

“ အဲ့ဒါ ဘယ်လိုဖြစ်သွားတာလဲ ”

ရုတ်တရက် ဖြစ်ပေါ်လာသော ထိုအပြောင်းအလဲသည် ကျင့်ကြံသူအားလုံး၏ မျှော်လင့်ထားမှုထက် လုံးဝ ကျော်လွန်သွားသည်။ သူတို့က မြေကြီးပေါ်မှာ ပြန့်ကျဲနေသော အစီအရင်မြေပုံအပိုင်းအစများကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများက အရှေ့သို့ ကျွတ်ကျလုနီးပါး ပြူးသွားကြသည်။

သို့သော်လည်း ကံမကောင်းစွာပင် သူတို့က အံ့ဩမှင်သက်နေသော်လည်း သီရှီထျန်၏ ဓားမော့က ရပ်တန့်မနေပေ။

မရေမတွက်နိုင်သော နတ်ဘုရားများနှင့် မိစ္ဆာများသည် ကျားဝိညာဉ်ဓားမော့နှင့်အတူ လိုက်ပါလာကြပြီး ကျင့်ကြံသူအုပ်စု၏ အရှေ့ဆီသို့ ချက်ချင်း ကျရောက်သွားကြသည်။ မရေမတွက်နိုင်သော ဓားမော့အလင်းများက သူတို့အုပ်စုပေါ်သို့ ကျရောက်သွားကြသည်။ ထိုဓားမော့အလင်းများထဲမှာ အဆုံးမဲ့သော သတ်ဖြတ်ခြင်းစွမ်းအား ကိန်းအောင်းနေသည်။ ယင်းတို့က မိုးမြေတစ်လျှောက် ပျံ့နှံ့သွားကြသည်။

အမှန်မှာ ထိုဓားမော့ခုတ်ချက်၏ စွမ်းအားက သီရှီထျန်တစ်ယောက်တည်း၏ စွမ်းအား မဟုတ်ပေ။ ယင်းက မရေမတွက်နိုင်သော အကြွင်းအကျန်ဝိညာဉ်များ၏ စုပေါင်းစွမ်းအား ဖြစ်သည်။ သူတို့အားလုံး၏ သတ်ဖြတ်ခြင်းစွမ်းအားနှင့် တိုက်ပွဲစိတ်ဆန္ဒက ဓားမော့အလင်းများထဲမှာ ပါဝင်နေသည်။

သို့ဖြစ်လေရာ ထိုဓားမော့ခုတ်ချက်က မည်မျှအားကောင်းကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။ ယင်း၏ စွမ်းအားက မသေမျိုးကျင့်ကြံခြင်းလောက၏ အကန့်အသတ်ထက် ကျော်လွန်သွားသည်။

အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူဒါဇင်ခန့်ကိုမဆိုထားနှင့် ဤအခိုက်အတန့်မှာ ဝိညာဉ်သန္ဓေတည်နယ်ပယ် တန်ခိုးရှင်များရှိနေမည်ဆိုလျှင်ပင် သူတို့က ကျားဝိညာဉ်ဓားမော့၏ ရှေ့မှောက်မှာ ဒူးထောက်ကြရလိမ့်မည်။ ယင်း၏ အဖျက်စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။

ထို့ကြောင့် အစီအရင်မြေပုံအပိုင်းအစများထဲမှ အရိုးစုဘုရင်များက သူရဲဘောကြောင်သူများ ဖြစ်လာကြသည်။ သူရဲဘောကြောင်သူဟု အခေါ်ခံရခြင်းက မကောင်းသော်လည်း အနည်းဆုံးတော့ ယင်းက သူတို့၏ အသက်ကို နောက်ထပ် ထိန်းသိမ်းပေးနိုင်လိမ့်မည်။

မရေမတွက်နိုင်သော နတ်ဘုရားများနှင့် မိစ္ဆာများသည် သူတို့၏ လက်ထဲမှ ဓားမော့များဖြင့် သူတို့အရှေ့မှ ကျင့်ကြံသူများကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူတို့က အပိုင်းပိုင်း ခုတ်ပိုင်းခံလိုက်ကြရသည်။ သူတို့၏ ခန္ဓာကိုယ်က အပိုင်းတစ်ထောင် ပိုင်းဖြတ်ခံလိုက်ကြရသည်။ သူတို့က အော်ဟစ်ရန်ပင် အခွင့်အရေးမရခဲ့ကြပေ။

ထိုမျှသာ မဟုတ်ပေ။ ကြောက်မက်ဖွယ်ကောင်းသော ပယင်းရောင် ဓားမော့အလင်းတန်းက အရိုးဖြူစွန့်ပစ်ကုန်းမြေပေါ်သို့ ကျဆင်းသွားသည်။

“ ဝုန်း ”

အဖြူရောင်အရိုးစုများက တိုဟူးသဖွယ် အလွယ်တကူ ပိုင်းဖြတ်ခံလိုက်ကြရသည်။ ကျယ်လောင်သော မြည်သံများကြားတွင် အချင်းမိုင်တစ်ရာကျယ်ဝန်းသော ဧရိယာက အလွန်နက်ရှိုင်းသော ချောက်နက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုဧရိယာအတွင်းမှာရှိသော အရိုးစုအားလုံးက ဖုန်မှုန့်ဖြစ်သွားသည်။ ကျားဝိညာဉ်ဓားမော့၏ စွမ်းအားက မိုးမြေကို အမှန်တကယ် ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။ နတ်မိစ္ဆာများသည်ပင် ကျားဝိညာဉ်ဓားမော့၏ အရှေ့မှာ တုန်လှုပ်ချောက်ချားသွားလိမ့်မည်။

ဓားမော့ကျဆင်းလာသည့်အခါ မိုးမြေက ဖျက်ဆီးခံရလိမ့်မည်။

ထိုဓားချက်နှင့်အတူ သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်ခြင်းအရှိန်အဝါက နောက်ဆုံးအကန့်အသတ်သို့ ရောက်ရှိသွားပြီး ပြည့်လျှံသွားသည်။ ထိုအခါ အရှေ့သို့ ဆက်ပြီး ရွေ့လျားနေသော သူ၏ ခြေလှမ်းက ရုတ်တရက် ရပ်တန့်သွားသည်။ သူက အရိုးဖြူစွန့်ပစ်ကုန်းမြေပေါ်မှာ တိတ်တဆိတ် ရပ်နေသည်။ မရေမတွက်နိုင်သော အကြွင်းအကျန်ဝိညာဉ်များက သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်သွားကြသည်။

ဤအခိုက်အတန့်မှာ သူ၏ စိတ်က အစောနက ဓားမော့ခုတ်ချက်ထဲမှာ လုံးလုံးလျားလျား နစ်မြုပ်နေသည်။ တစ်ဆက်တည်းမှာ မရေမတွက်နိုင်သော ဓားမော့လှုပ်ရှားမှုများက သူ၏ စိတ်ထဲမှာ မြန်ဆန်စွာ ထွက်ပေါ်လာကြသည်။

“ ဝုန်း ”

သီရှီထျန်သည် ယခုထိ သတိပြန်မဝင်သေးပေ။ သို့ဖြစ်၍ ယခုအချိန်မှာ မည်သို့ဖြစ်ပျက်နေကြောင်း သူဘာမှမသိပေ။ သူ၏ ခရမ်းရောင်ဘုရင်အမှတ်အသားထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အပြောင်းအလဲတစ်ခု စတင်ထွက်ပေါ်လာသည်။ ခရမ်းရောင်ဘုရင်အမှတ်အသားထဲမှ ရေကန်ထဲဝယ် ခရမ်းရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားကြသော စစ်သူရဲများသည် လက်နက်အသီးသီးကို ကိုင်ဆောင်ထားလျက် ရေကန်ထဲမှ ခုန်ထွက်လာကြသည်။ ထို့နောက် သူတို့က ရေကန်၏ ဘေးပတ်ဝန်းကျင်မှ အဆုံးမဲ့သော ခရမ်းရောင်ချီကို အရူးအမူး တိုက်ခိုက်လိုက်ကြသည်။ ထိုအခါ ခရမ်းရောင်ချီက ပရမ်းပတာ လှုပ်ခတ်သွားသည်။

ထို့နောက် ပမာဏများပြားသော ခရမ်းရောင်ချီက ရေကန်ထဲသို့ ဒလဟော စီးဆင်းသွားသည်။ ချက်ချင်းဆိုသလိုပင် ရေကန်၏ အရွယ်အစားက မြန်ဆန်စွာ ကျယ်ပြန့်သွားသည်။

သို့သော်လည်း ခရမ်းရောင်ချီ၏ နယ်နိမိတ်က အကန့်အသတ်မဲ့ဟန် ရ၏။ ရေကန်က မည်မျှကျယ်ပြောသွားပါစေ ခရမ်းရောင်ချီ၏ ပိုင်နက်အတွင်းမှာသာ ရှိနေဆဲပင်။ ခရမ်းရောင်ရေကန်၏ ကျယ်ပြောလာမှုက ကမ္ဘာဦးခေတ်မှ လောကဖြစ်ပေါ်လာပုံနှင့် အနည်းငယ် ဆင်တူသည်။ ခရမ်းရောင်ချီသည် ရေကန်အတွက် အကောင်းဆုံး အာဟာရဓာတ်ဖြစ်ဟန် ရ၏။ ထို့ကြောင့် ခရမ်းရောင်ချီက ရေကန်ထဲသို့ ဝင်‌ရောက်သွားသည့်အခါ ရေကန်က အဆမတန် ကျယ်ပြောသွားသည်။

ရေကန်၏ အရွယ်အစားကြီးမားပုံကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်ပေသည်။

သို့သော်လည်း အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှ မရေမတွက်နိုင်သော အကြွင်းအကျန်ဝိညာဉ်များက ခရမ်းရောင်ရေကန်ထဲမှာ စုပြုံသွားကြလေရာ ရေကန်ထဲမှာ နေရာလွတ်တစ်နေရာမှ မရှိပေ။

ချက်ချင်းဆိုသလိုပင် ခရမ်းရောင်ရေကန်ထဲမှ ဝိညာဉ်များသည် ရေကန်အပြင်သို့ ခုန်ထွက်သွားကြပြီး ခရမ်းရောင်ချီကို အကြမ်းပတမ်း တိုက်ခိုက်လိုက်ကြသည်။ သို့သော်လည်း အစောနကထက်စာလျှင် ခရမ်းရောင်ချီက ပိုပြီးပါးလွှာလာသည်။ နောက်အခိုက်အတန့်မှာ ရေကန်က ထပ်မံ အရွယ်အစားကြီးမားသွားသည်။

သို့သော်လည်း တစ်ချိန်တည်းမှာ ခရမ်းရောင်ချီက ရေကန်၏ အကုန်အစင် စုပ်ယူခံလိုက်ရသည်။ ခရမ်းရောင်ချီ ကုန်ခမ်းသွားသည့်အခါ ရေကန်၏ အရွယ်အစားကြီးမားမှုက ရပ်တန့်သွားသည်။ ဤအခိုက်အတန့်မှာ ရေကန်၏ ဘေးပတ်ဝန်းကျင်၌ ဗလာနတ္ထိမှလွဲ၍ တခြားဘာမှမရှိတော့ပေ။

“ ဝုန်း ”

သို့သော်လည်း ထိုအခိုက်အတန့်မှာ အံ့ဖွယ်ကောင်းသော ကိစ္စတစ်ခု ဖြစ်ပေါ်လာသည်။ သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်၌ အကန့်အသတ်အထိ သိပ်သည်းနေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက နောက်ဆုံးမှာ သွားစရာနေရာတစ်နေရာကို ရှာတွေ့သွားသည်။

သူ့နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားသည် ဝေလငါးတစ်ကောင်ပမာ သတ်ဖြတ်ခြင်းချီကို အငမ်းမရ စုပ်ယူလိုက်သည်။ ထူးဆန်းသည့်အချက်မှာ သတ်ဖြတ်ခြင်းချီသည် ခရမ်းရောင်ဘုရင်အမှတ်အသားထဲသို့ ဝင်ရောက်သွားပြီးလျှင် ရေကန်ထဲသို့ မဝင်သွားပေ။

ယင်းအစား သတ်ဖြတ်ခြင်းချီက ရေကန်၏ အပေါ်တွင် ထူးဆန်းသော ခရမ်းရောင်မိုးတိမ်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ တစ်ချိန်တည်းမှာ သူ၏ ဘေးပတ်ဝန်းကျင်မှ အကန့်အသတ်မဲ့သော မိုးမြေဝိညာဉ်စွမ်းအားက ခရမ်းရောင်ဘုရင်အမှတ်အသားထဲသို့ ဒီရေသဖွယ် ဝင်ရောက်သွားသည်။

ဝိညာဉ်စွမ်းအားက ပမာဏအလွန်များပြားလေရာ သီရှီထျန်၏ ဦးခေါင်းပေါ်တွင် အရွယ်အစားကြီးမားသော စွမ်းအင်ဝဲကတော့တစ်ခု ဖွဲ့စည်းသွားသည်။ သူ၏ ဘေးပတ်ဝန်းကျင်၌ မည်သည့်စွမ်းအင်အနှစ်သာရ ရှိနေပါစေ ဝဲကတော့၏ အရူးအမူး စုပ်ယူခံရလိမ့်မည်။ ထို့နောက် စွမ်းအင်အနှစ်သာရသည် ခရမ်းရောင်ဘုရင်အမှတ်အသားထဲသို့ ပို့ဆောင်ခံရလိမ့်မည်။

ခရမ်းရောင်ဘုရင်အမှတ်အသားထဲသို့ ဝင်ရောက်သွားပြီးလျှင် ယင်းက ရေကန်၏ အပေါ်မှာ သတ်ဖြတ်ခြင်းချီကဲ့သို့ ခရမ်းရောင်မိုးတိမ်အဖြစ် ဖွဲ့စည်းသွားလိမ့်မည်။ ထို့ကြောင့် ခရမ်းရောင်မိုးတိမ်၏ အရွယ်အစားက တဖြည်းဖြည်း ပိုကြီးမားလာသည်။

“ ဂျိန်း… ဂျိန်း… ”

မရေမတွက်နိုင်သော မိုးကြိုးသွားများက ခရမ်းရောင်မိုးတိမ်ထဲမှာ ထူးဆန်းစွာ ထွက်ပေါ်လာကြသည်။ မိုးကြိုးသွားများသည်လည်း ခရမ်းရောင်ဖြစ်သည်။ ယင်းတို့က မိုးတိမ်ထဲမှာ ရှေ့တိုးနောက်ဆုတ် ရွေ့လျားနေကြသည်။

မိုးခြိမ်းသံတစ်ခါထွက်ပေါ်လာတိုင်း ခရမ်းရောင်မိုးတိမ်က အပြင်းအထန် တုန်ယင်သွားပြီး မြန်ဆန်စွာ ကျုံ့သွားလိမ့်မည်။

ခရမ်းရောင်မိုးကြိုးသွားများ၏ ရွေ့လျားမှုက ပိုပြီးမြန်လာလေ ခရမ်းရောင်မိုးတိမ်က မြန်ဆန်စွာ ကျုံ့သွားလေ ဖြစ်၏။ တစ်ချိန်တည်းမှာ ခရမ်းရောင်မိုးတိမ်က မိုးကြိုးသွားများနှင့်အတူ ထူးဆန်းဖွယ်ကောင်းစွာ အသွင်သဏ္ဍာန်ပြောင်းလဲသွားသည်။

တစ်ခါတစ်ရံ မိုးတိမ်က ခရမ်းရောင်ကျားအဖြစ် အသွင်ပြောင်းလဲသွားပြီး တစ်ခါတစ်ရံ ခရမ်းရောင်ငှက်အဖြစ် အသွင်ပြောင်းလဲသွားသည်။ ထို့နောက် လက်နက်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြန်သည်။

အစပိုင်းတွင် အသွင်ပြောင်းလဲမှုက အလွန်နှေးကွေးသည်။ သို့သော်လည်း နောက်ပိုင်းတွင် အသွင်ပြောင်းလဲမှုက အလွန်မြန်လာသည်။ နောက်ဆုံးမှာတော့ အလွန်အမင်း ကျယ်လောင်သော မိုးခြိမ်းသံက ထွက်ပေါ်လာသည်။ ထိုအခါ ခရမ်းရောင်မိုးတိမ်က အထပ်ကိုးထပ်ပါရှိသော ယဇ်ပလ္လင်တစ်ခုအဖြစ် အသွင်သဏ္ဍာန်ပြောင်းလဲသွားသည်။ ယဇ်ပလ္လင်သည် လေးထောင်ပုံသဏ္ဍာန်ရှိပြီး အလွှားကိုးလွှာ ပါရှိသည်။ ယင်းက ပိရမစ်ကဲ့သို့ပင် အပေါ်သို့ တတ်သွားလေ အရွယ်အစားက ပိုသေးငယ်သွားလေ ဖြစ်သည်။

“ ဝုန်း ”

ခရမ်းရောင်ယဇ်ပလ္လင်သည် ဖွဲ့စည်းသွားသည်နှင့်ချက်ချင်း ရေကန်၏ အလယ်ဗဟိုဆီသို့ အကြမ်းပတမ်း ပြုတ်ကျသွားသည်။ ရေကန်၏ အောက်ခြေက ယဇ်ပလ္လင်၏ အောက်ခြေနှင့် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ အလွန်ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာသည်။ ယဇ်ပလ္လင်သည် ရေကန်၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာသည်။ လျှပ်တစ်ပြက်အတွင်းမှာ ယဇ်ပလ္လင်က ရေကန်နှင့် အတူတူ ပေါင်းစည်းသွားသည်။

ခရမ်းရောင်ရေကန်သည်လည်း အစွမ်းတိုးမြှင့်သွားဟန် ရ၏။ အဆုံးမဲ့သော ခရမ်းရောင်နတ်ဘုရားအလင်းက အကန့်အသတ်မဲ့စွာ ပေါ်လျှိုးလာသည်။ ထိုနတ်ဘုရားအလင်းအောက်တွင် နေစရာမရှိသော အကြွင်းအကျန်ဝိညာဉ်များနှင့် စစ်သူရဲများက ရုတ်တရက် လှုပ်ရှားလိုက်ကြသည်။

သူတို့က ကိုယ်ပိုင်အသိုက်ဆီသို့ ပြန်သွားကြသော ပျံလွှားငှက်များသဖွယ် ယဇ်ပလ္လင်ထဲသို့ ဝင်ရောက်သွားကြသည်။ ထူးဆန်းသည်မှာ ယဇ်ပလ္လင်ထဲသို့ သူတို့ဝင်ရောက်သွားသည်နှင့်ချက်ချင်း သူတို့၏ ရုပ်ပုံများက ယဇ်ပလ္လင်၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ယင်းက နတ်ဝိညာဉ်ပုံရိပ် ဖြစ်သည်။ ထိုရုပ်ပုံများသည် အရွယ်အစားအလွန်သေးငယ်သည်။ အရေအတွက်များပြားသော ဝိညာဉ်များက ယဇ်ပလ္လင်ထဲသို့ ဝင်ရောက်သွားသည့်အခါ ယဇ်ပလ္လင်၏ အပေါ်သုံးလွှာပေါ်၌ ရုပ်ပုံများဖြင့် ပြည့်နှက်သွားသည်။ ယင်းက ပြဿနာမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ယဇ်လ္လင်ထံမှာ ပိုပြီးကြီးမားသော အလွှာခြောက်လွှာ ကျန်ရှိနေသေးသည်။

ထိုယဇ်ပလ္လင်သည် စစ်သူရဲအားလုံး ဝင်ဆံ့သည်။

ထူးဆန်းသော ယဇ်ပလ္လင်၏ ထွက်ပေါ်လာမှုက ခရမ်းရောင်ရေကန်၏ ဆင့်ကဲပြောင်းလဲမှုကို ပြီးဆုံးသွားစေသည်။ ထို့နောက် မိုးမြေကြားမှ ဝိညာဉ်စွမ်းအားက ခရမ်းရောင်ရေကန်၏ ဘေးပတ်ပတ်လည်မှာ စုဝေးသွားသည်။

သိပ်မကြာမီ ခရမ်းရောင်ရေကန်၏ ဘေးပတ်ဝန်းကျင်၌ ခရမ်းရောင်ချီဖြင့် ပြန်ပြည့်နှက်သွားသည်။

သီရှီထျန်၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက ပိုပြီးရှေးကျလာပြီး လျှို့ဝှက်ဆန်းကြယ်လာသည်။ ဘုရင်အမှတ်အသားမှ ထုတ်လွှတ်ပေးသော ခရမ်းရောင်အလင်းသည်ပင် ပိုပြီးနက်နဲသိမ်မွေ့လာသည်။ ခရမ်းရောင်အလင်း ထွက်ပေါ်လာသည့်အခါ ယင်းက အကန့်အသတ်မဲ့သော ဝိညာဉ်များကို ဝါးမျိုပစ်လိမ့်မည်။

အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ လွင့်မျောနေကြသော အကြွင်းအကျန်ဝိညာဉ်များက ခရမ်းရောင်ဘုရင်အမှတ်အသားထဲသို့ မြန်ဆန်စွာ ဝင်ရောက်သွားကြသည်။

တစ်မနက်အချိန် ကုန်ဆုံးသွားသည့်အခါ အကြွင်းအကျန်ဝိညာဉ်များက ကုန်ဆုံးသွားသည်။ နောက်ထပ် ဝိညာဉ်များ မထွက်ပေါ်လာတော့ပေ။

“ ဟမ် ”

ဤအခိုက်အတန့်မှာ သီရှီထျန်က အသိပြန်ဝင်သွားသည်။ သူက လက်တွေ့ကမ္ဘာသို့ ရုတ်တရက် ပြန်ရောက်လာသည်။ သူက ဘေးပတ်ဝန်းကျင်ကို မြန်ဆန်စွာ စစ်ဆေးကြည့်လိုက်သည်။ ထိုအခါ သူက ပါးစပ်အဟောင်းသားဖြစ်သွားသည်အထိ အံ့ဩမှင်သက်သွားသည်။

အရေအတွက်ထောင်ချီသော အသွေးအသားအပိုင်းအစများက သူ၏ အရှေ့မှာ ပြန့်ကျဲနေသည်။ ယင်းက အကြိမ်ရေတစ်ထောင်ကျော် ခုတ်ပိုင်းခံထားရသော လက္ခဏာဖြစ်သည်။ ရှင်းလင်းစွာပင် ဤနေရာမှာ သေဆုံးသွားခဲ့သော လူအရေအတွက်က မသေးငယ်ပေ။

“ အဲ့ဒါ ငါလုပ်ခဲ့တာလား… ငါက ကိုယ့်ဘာသာ အေးအေးဆေးဆေး သီချင်းဆိုနေတာ မဟုတ်ဘူးလား… ဘယ်လိုဖြစ်ပြီး ဒီနေရာကို ငါရောက်လာတာလဲ… ဒီမတိုင်ခင် ဘာတွေဖြစ်ခဲ့တာလဲ ”

သီရှီထျန်က မျက်မှောင်ကြုတ်လိုက်ပြီး ညင်သာစွာ ခေါင်းယမ်းလိုက်သည်။ ရုတ်တရက်ဆိုသလို မြင်ကွင်းအများအပြားက သူ၏ စိတ်ထဲမှာ စုပြုံထွက်ပေါ်လာသည်။ ထိုမြင်ကွင်းများသည် သူဈာန်ဝင်စားနေစဉ် တွေ့ကြုံခဲ့သော အဖြစ်အပျက်အားလုံး ဖြစ်သည်။ ထိုမြင်ကွင်းများထဲမှာ သူ၏ သီချင်းသံကြောင့် မရေမတွက်နိုင်သော အကြွင်းအကျန်ဝိညာဉ်များ ပြန်နိုးလာသော မြင်ကွင်း၊ ကျင့်ကြံသူဒါဇင်ခန့်ကို ဓားမော့တစ်ချက်တည်းဖြင့် သုတ်သင်ခဲ့သော မြင်ကွင်း အစရှိသည်တို့ ပါဝင်ကြသည်။ ထိုအဖြစ်အပျက်များက သူ့စိတ်ထဲမှာ မြန်ဆန်စွာ ထွက်ပေါ်လာသည်။

“ ဘယ်လောက်အားကောင်းလိုက်တဲ့ ဓားမော့ခုတ်ချက်လဲ ”

သီရှီထျန်သည် ကျားဝိညာဉ်ဓားမော့ ထုတ်လွှတ်လိုက်သော အစွမ်းထက်ဓားချက်ကို တွေးလိုက်သည်။ သူ၏ မျက်လုံးက ဖော်မပြနိုင်အောင် ထွန်းလင်းတောက်ပလာသည်။ ထိုဓားမော့ခုတ်ချက်ထဲမှာ ကိန်းအောင်းနေသော ဉာဏ်အလင်းများက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည့်အခါ သီရှီထျန်က အနည်းငယ် တုန်လှုပ်သွားသည်။ ယင်းက အကြွင်းအကျန်ဝိညာဉ်များ၏ လှုံ့ဆော်မှုနှင့် မမျှော်လင့်ထားသော အကြောင်းအမျိုးမျိုးကြောင့် ဖွဲ့စည်းသွားသော အစွမ်းထက် တိုက်ခိုက်ရေးပညာရပ်တစ်ခု ဖြစ်သည်။ ထိုဓားမော့ခုတ်ချက်သည် တစ္ဆေများနှင့် နတ်ဘုရားများကို ညည်းတွားစေနိုင်သည်အထိ အလွန်အစွမ်းထက်သည်။

သို့သော်လည်း နောင်တရစရာ ကိစ္စတစ်ခုရှိနေ၏။

အစောနက သူထုတ်လွှတ်ခဲ့သော ဓားမော့ခုတ်ချက်နှင့်ပတ်သက်သည့် ဉာဏ်အလင်းများနှင့် သတင်းအချက်အလက်များက သူ၏ စိတ်ထဲမှာ သံမှိုကဲ့သို့ စွဲမြဲနေသည်။ ယင်းတို့ကို သူမေ့သွားမည်ကို စိုးရိမ်ရန် မလိုပေ။ သို့သော်လည်း ထိုဓားမော့ခုတ်ချက်ကို သူထုတ်လွှတ်ရန် သူ့ကိုယ်ပိုင်စွမ်းအားအပြင် မရေမတွက်နိုင်သော အကြွင်းအကျန်ဝိညာဉ်များ၏ တိုက်ပွဲစိတ်ဆန္ဒနှင့် သတ်ဖြတ်ခြင်းစွမ်းအားကိုလည်း သူချေးငှားယူခဲ့ရသည်။ သို့မှသာ တစ္ဆေများနှင့် နတ်ဘုရားများကို ညည်းတွားစေနိုင်မည့် အံ့ဖွယ်ဓားမော့အလင်းတန်းက ထွက်ပေါ်လာလိမ့်မည်။ အကယ်၍ သူက ယင်းကို နောက်တစ်ကြိမ် အသုံးပြုမည်ဆိုလျှင် ပထမအကြိမ်ကဲ့သို့ အံ့ဖွယ်စွမ်းအားကို ထုတ်လွှတ်နိုင်တော့မည် မဟုတ်ချေ။ ယင်းက အမှန်တကယ် နောင်တရစရာပင်။

All Chapters