အခန်း ၂၉၇
Vol. 20 Ch. 297
အခန်း(၂၉၇)
“ အဲ့ဒီခွေးစုံတွဲရော သေသွားပြီလား ”
သီရှီထျန်က သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
“ အဲ့ဒါလည်း ကောင်းပါတယ်… အစောနက ငါသတိရှိမနေပေမဲ့ သူတို့က ငါ့ရဲ့ ဓားချက်အောက်မှာ သေဆုံးသွားခဲ့ကြတယ် ”
ထို့နောက် သူက တစ်စုံတစ်ခုကို တွေးမိသွားပြီး ရုတ်တရက် ပြောသည်။
‘ “ ယောင်္ကျားအားမာန် ”သီချင်းကို ငါသီဆိုလိုက်တာက ဒီလောက်အံ့ဖွယ်ကောင်းတဲ့ ကိစ္စတွေကို ဖြစ်စေခဲ့တယ်လား… ဒီတစ်ခေါက် ငါ့ရဲ့ လှုပ်ရှားမှုက အရမ်းကြီးမားသွားတယ်… ဒီနေရာမှာ ကြာကြာနေတာ ငါ့အတွက် မကောင်းဘူး ’
သီရှီထျန်သည် ဉာဏ်ကောင်းသူဖြစ်သည်။ ဆူပူအုံကြွမှုဖြစ်ပွားခဲ့သော နေရာများတွင် အချိန်ကြာကြာနေခြင်းက မသင့်တော်ကြောင်း သူသိသည်။ ထို့ပြင် သူက ဤတစ်ကြိမ်မှာ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။
ထို့ကြောင့် သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ပြန်သွားရန် ဆန္ဒစောလာသည်။ သူက မပြန်ခင် မြေကြီးပေါ်မှာ ပြန့်ကျဲနေသော အစီအရင်မြေပုံအပိုင်းအစများကို ကြည့်လိုက်သည်။ သူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး မြေပုံအပိုင်းအစအားလုံးကို သိမ်းဆည်းလိုက်သည်။
“ ချွင် ”
ကျားဝိညာဉ်ဓားမော့က သူ့နောက်ကျောမှ ဓားအိမ်ထဲသို့ ပြန်ဝင်သွားသည်။ သူ၏ အတွေးတစ်ချက်နှင့်အတူ မိစ္ဆာလေက ချက်ချင်း ပေါ်လျှိုးလာပြီး သူ၏ ခန္ဓာကိုယ်ကို ပင့်မြှောက်လိုက်သည်။ ထို့နောက် သီရှီထျန်က အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှ အမြန်ထွက်သွားသည်။ ဤတစ်ကြိမ် သူတွေ့ကြုံခဲ့သောအရာက မတော်တဆမှုဖြစ်သည်။ သို့သော်လည်း ထိုမတော်တဆမှုက သူ့အား ဖော်မပြနိုင်သော အကျိုးအမြတ်များစွာကို ရရှိစေခဲ့သည်။ ဤတစ်ကြိမ်တွင် အကျိုးအမြတ်မည်မျှကို သူရိတ်သိမ်းနိုင်ခဲ့ကြောင်း သူမှလွဲ၍ မည်သူမှမသိနိုင်ပေ။
သီရှီထျန်သည် အံ့ဖွယ်ဓားမော့ခုတ်ချက်နှင့်ပတ်သက်သော ဉာဏ်အလင်းများနှင့် သတင်းအချက်အလက်များကို အပြည့်အဝ စုပ်ယူရန် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ အလျင်စလို ပြန်ချင်သည်။ ယင်းတို့ကို သူဆင်ခြင်နားလည်သွားသည့်အခါ သူ၏ တိုက်ပွဲစွမ်းအားက ထပ်မံ တိုးမြှင့်သွားလိမ့်မည်ဟု သူအာရုံရနေသည်။ သူ၏ အလုံးစုံအင်အားက နောက်တစ်ဆင့်သို့ မြင့်တတ်သွားလိမ့်မည်။
အထူးသဖြင့် အံ့ဖွယ်ဓားမော့ခုတ်ချက် ဖြစ်သည်။ အကယ်၍ ယင်းကို သူဆင်ခြင်နားလည်သွားမည်ဆိုလျှင် အစွမ်းထက်သော ဓားမော့ပညာရပ်တစ်ခုကို သူပိုင်ဆိုင်သွားလိမ့်မည်။ ထိုအခါ အခြေခံဓားမော့ပညာရပ်သာလျှင် တတ်ကျွမ်းထားသည့် သူ၏ အားနည်းချက်က ပျောက်ကွယ်သွားလိမ့်မည်။
“ မိစ္ဆာမျိုးနွယ်စုအတွက် မျှော်လင့်ချက်ရှိနေသေးတယ် ”
အရွယ်အစားအကြီးမားဆုံးဖြစ်သော အရိုးဝါးမျိုသစ်ပင်၏ အပေါ်တွင် မရဏကျီးကန်းဘုရင်က တိတ်တဆိတ် ရပ်နေပြီး တီးတိုးပြောသည်။ သူက အရိုးဖြူချိုင့်ဝှမ်းထဲမှ အလျှင်အမြန် ထွက်ခွာသွားသော သီရှီထျန်ကို ကြည့်နေသည်။
အစောနက မြင်ကွင်းများကို တခြားမိစ္ဆာသားရဲဘုရင်များက မမြင်နိုင်သော်လည်း သူက ယင်းတို့ကို တစ်ခုမကျန် အကုန်မြင်တွေ့ခဲ့သည်။ ယင်းကို သူ့မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ပြီးနောက် လွန်စွာ အံ့ဩထိတ်လန့်သွားခဲ့သည်။ ထိုအဖြစ်အပျက်သည် သူ့ဘဝတစ်လျှောက်လုံး မေ့ပျောက်သွားလိမ့်မည် မဟုတ်ချေ။
လွန်စွာ အားကောင်းပြီး ပြိုင်ဘက်ကင်းသော နတ်ဘုရားစွမ်းအားက သူ့မျက်စိအရှေ့မှာ ထွက်ပေါ်လာခဲ့သည်။ ထိုအံ့ဖွယ်ဓားမော့ခုတ်ချက်က မိုးကောင်းကင်ကို ပိုင်းဖြတ်နိုင်ပြီး ဟင်းလင်းပြင်ကို ပြိုကွဲစေနိုင်သည်။ ယင်းက အလွန်အမင်း အစွမ်းထက်သည်။ မည်သူမှ ထိုဓားမော့ခုတ်ချက်ကို မတားဆီးနိုင်ဟန် ရ၏။ ယင်းက ရိုးရှင်းသော အခြေခံဓားမော့ပညာရပ် မဟုတ်တော့ပေ။ ယင်းက အစွမ်းထက် တိုက်ခိုက်ရေးပညာရပ်တစ်ခု ဖြစ်လာသည်။ ထို့ပြင် ယင်းက လောကကို အထင်သေးရှုံ့ချနေသော တိုက်ခိုက်ရေးပညာရပ် ဖြစ်သည်။ ထိုတိုက်ခိုက်ရေးပညာရပ်ကို အကန့်အသတ်ထိ ထုတ်လွှတ်လိုက်သည့်အခါ ဤလောကတွင် မည်သူက သူ့ကို ယှဉ်ပြိုင်နိုင်မည်နည်း။
အချိန်အတော်ကြာပြီးနောက် မရဏကျီးကန်းဘုရင်က ဖြည်းညင်းစွာ မျက်လုံးပြန်မှိတ်လိုက်သည်။ သူက စည်းချက်ညီစွာ ဝင်လေထွက်လေ မှတ်လိုက်သည်။ အနက်ရောင်သေခြင်းချီက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ စုဝေးသွားသည်။
“ အဲ့ဒီမိစ္ဆာက ဘယ်သူလဲ… သူက ဒီလောက်ကြီးမားတဲ့ ဆူပူအုံကြွမှုကို ဖြစ်စေခဲ့တယ်လား… မိုးမြေတောင် သူ့ကြောင့် ပြောင်းလဲသွားရတယ်… စောစောက သတ်ဖြတ်ခြင်းအရှိန်အဝါက ငါ့ကိုတောင် ကျောချမ်းစေတယ်… ငါ့ရဲ့ အထွတ်အထိပ်အခြေအနေမှာတောင် အဲ့ဒီဟာကို ခုခံကာကွယ်ဖို့ မလွယ်ကူဘူး… ကြည့်ရတာ မိစ္ဆာမျိုးနွယ်စုက တဖန်မြင့်တတ်လာတော့မှာလား… နှစ်ပေါင်းများစွာကြာပြီးနောက် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ပါးက မိစ္ဆာမျိုးနွယ်စုထဲမှာ ပေါ်ထွန်းလာပြီလား ”
ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲဝယ် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်၏ အထဲမှာ ပုန်းအောင်းနေသော အရှင်သခင်ကုရုံက အံ့ဩထိတ်လန့်စွာ ရေရွတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါကို လုံးလုံးလျားလျား ချုပ်ထိန်းထားသည်။ သူ့အရှိန်အဝါက အပြင်သို့ နည်းနည်းလေးမှ မပျံ့နှံ့သွားပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ အသက်ဓာတ်က ရှေးဟောင်းသစ်ပင်နှင့် ချိတ်ဆက်နေသည်။ သူက ရှေးဟောင်းသစ်ပင်ထဲမှ အသက်ဓာတ်ကို သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စုပ်ယူနေသည်။ ဤအခိုက်အတန့်မှာ သူက မျက်လုံးပွင့်နေသည်။ သူ၏ မျက်နှာပေါ်မှာ ကြောက်ရွံ့မှုနှင့် စိတ်ရှုပ်ထွေးသော အမူအရာရှိသည်။
“ ဟွန့်… မင်းက ပြိုင်ဘက်ကင်းပါရမီရှင်ဆိုရင်တောင် ဘာဖြစ်လဲ… အမှန်တကယ် အစွမ်းထက်လာဖို့ အချိန်လိုအပ်သေးတယ်… ငယ်ငယ်ရွယ်ရွယ် သေဆုံးသွားတဲ့ ပါရမီရှင်တွေက ဒုနဲ့ဒေးပဲ… နောက်ဆုံးအချိန်ထိ အသက်ရှင်နိုင်တဲ့ ပုဂ္ဂိုလ်တွေကမှ စစ်မှန်တဲ့ ပါရမီရှင်တွေ… အဲ့ဒီပန်းနတ်သမီးက မကြာခင်မှာ ကပ်ဘေးဒုက္ခဖြတ်ကျော်တော့မယ်… အဲ့ဒီအချိန်ကျရင် သူ့ရဲ့ ခန္ဓာကိုယ်အစစ်အမှန်က ထွက်ပေါ်လာလိမ့်မယ်… ငါသူ့ကို ဝါးမျိုနိုင်ရင် သူ့ဆီကနေ ပမာဏများပြားတဲ့ စွမ်းအင်အနှစ်သာရကို ရရှိလိမ့်မယ်… အဲ့ဒါက ငါ့ရဲ့ ဒဏ်ရာဟောင်းတွေကို နှစ်ဆယ်ရာခိုင်နှုန်းအထိ ပြန်သက်သာစေလိမ့်မယ်… အဲ့ဒီအချိန်ကျရင် မင်းလို မိစ္ဆာပေါက်စလေးကို ငါက ကြောက်စရာလိုဦးမလား… မင်းက ဘယ်လောက်ပဲ ထူးချွန်ပါစေ မင်းရဲ့ အနာဂတ်က ငါ့လက်ထဲမှာ သေချာပေါက် ပျက်စီးရမယ် ”
နှစ်ပေါင်းများစွာကြာအောင် စောင့်ဆိုင်းနေခဲ့သော အခွင့်အရေးက နောက်ဆုံးမှာ သူ့အရှေ့သို့ ရောက်ရှိလာတော့မည်။ သူ၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားသော အလင်းရောင် ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုအလင်းရောင်က ဖျတ်ခနဲသာ ထွက်ပေါ်လာပြီး ပြန်ပျောက်ကွယ်သွားသည်။
“ ဘယ်သူလဲ ”
သို့သော်လည်း ထိုအလင်းရောင်၏ တဒင်္ဂတည်ရှိမှုက ချန်းရှီ၏ စိတ်အာရုံမှ မလွတ်မြောက်သွားခဲ့ပေ။ မျက်လုံးတစ်စုံက သူ့အား အမှောင်ထဲမှ စိုက်ကြည့်နေသည်ဟု သူခံစားမိသည်။ ယင်းက သူ့ကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေသည်။ သူက မိစ္ဆာအာရုံကို ဖြန့်ကြက်၍ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းတစ်ခုလုံးကို စစ်ဆေးလိုက်သည်။ သူက ချိုင့်ဝှမ်းအတွင်းမှ မည်သည့်နေရာကိုမဆို ရှာဖွေလိုက်သည်။
“ ထူးဆန်းတယ်… စောစောက တစ်ယောက်ယောက် ငါ့ကို စိုက်ကြည့်နေတယ်လို့ ခံစားခဲ့ရတယ်… ဒါပေမဲ့ ငါဘာမှရှာမတွေ့ဘူး… မဟုတ်မှ ငါပဲ သွေးလေချောက်ချားနေတာလား ”
ချန်းရှီသည် အခန်းထဲမှာ တိတ်တဆိတ် ထိုင်နေသည်။ သူက မျက်မှောင်ကြုတ်လိုက်သည်။ သံသယအရိပ်အယောင်က သူ၏ ပြစ်ချက်မဲ့သော မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ယင်းက သူ့အား မြင်လိုက်ရသူအပေါ် သနားကြင်နာစိတ် ဖြစ်ပေါ်စေလိမ့်မည်။ မည်သူမဆို သူ့ကို နှစ်သိမ့်ပေးချင်လာလိမ့်မည်။
သူက ဤလောက၏ အကောင်းဆုံးဆိုသော အရာများဖြင့် ဖန်တီးထားသည့် မိန်းမလှတစ်ဦး ဖြစ်သည်။ သူသည် မွေးဖွားလာကတည်းက ချီးမြှောက်ခံခဲ့ရသည်။
အစောနက အဖြစ်အပျက်က ထူးဆန်းသည်ဟု သူတွေးမိသည်။ သူက နောက်တစ်ကြိမ် စစ်ဆေးကြည့်ခဲ့သော်လည်း မည်သည့်ထူးခြားချက်ကိုမှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် နောက်ဆုံးမှာ သူက ယင်းကို ဘေးချိတ်ထားလိုက်သည်။ သူနေထိုင်သော ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှာ ရှေးခေတ်ကာလတွင် ရှင်သန်ခဲ့သော အရှင်သခင်ကုရုံက ပုန်းအောင်းနေကြောင်း မည်သို့သူသိမည်နည်း။ ရှေးဟောင်းသစ်ပင်ကြီးထဲတွင် သူ၏ အရှိန်အဝါက လုံးဝ ဖုံးကွယ်ခံထားရသည်။ သူ၏ နည်းလမ်းက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။
“ ငါအတွေးလွန်နေတာပဲ ဖြစ်မှာပါ… ငါ့ရဲ့ ကပ်ဘေးဒုက္ခက တဖြည်းဖြည်း နီးကပ်လာနေပြီ… အဲ့ဒီအဆင့်ကို ခြေချနိုင်ဖို့ အချိန်သိပ်မလိုတော့ဘူး… ဒီအတောအတွင်းမှာ ငါ့ရဲ့ သတိထားမှုကို ပိုပြီးတိုးမြှင့်ရမယ်… အနာဂတ်ကို ကြိုတင်မပြောနိုင်ဘူး… အဲ့ဒီမသေမျိုးကျင့်ကြံသူတွေက ငါကပ်ဘေးဒုက္ခ ကျော်လွှားနေတဲ့အချိန် ငါ့ကို ဆန့်ကျင်တိုက်ခိုက်လာနိုင်တယ် ”
ချန်းရှီသည် မည်သည့်ထူးခြားချက်မှ ရှာမတွေ့သော်လည်း သူ၏ သတိထားမှုကို မြှင့်တင်ရန် စိတ်ထဲမှာ ဆုံးဖြတ်ချက်ချလိုက်သည်။
အတိတ်တွင် မဒူဆာ ကပ်ဘေးဒုက္ခကျော်လွှားနေသည့်အချိန် လီမိသားစုဘိုးဘေး၏ ချောင်းမြောင်းလုပ်ကြံခြင်းကို ခံခဲ့ရသည်။ ထိုအဖြစ်အပျက်က သူ့စိတ်ထဲမှာ ရှင်းလင်းထင်ရှားနေဆဲပင်။ သို့ဖြစ်၍ သူက နည်းနည်းမှ သတိမပေါ့ဆဝံ့ချေ။
… … …
“ ဟေး အကိုကြီး ပြန်ရောက်လာပြီ… စောစောက သီချင်းက အကိုကြီးဆိုတာမလား ”
သီရှီထျန်သည် မိစ္ဆာလေကို အမြန်စီးနင်း၍ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ပြန်လာသည်။ ချိုင့်ဝှမ်းထဲသို့ သူရောက်သွားသည်နှင့်ချက်ချင်း သူ၏ လှိုဏ်ဂူအရှေ့မှာ ရပ်နေသော ရှောင်ပိုင်ကို မြင်တွေ့သွားသည်။ ရှောင်ပိုင်သည် ကောင်းကင်ပေါ်မှ ဆင်းသက်လာသော သူ့အကိုကြီးကို တောက်ပသော မျက်လုံးဖြင့် ကြည့်နေသည်။ သူက ကလေးဆန်သော လေသံဖြင့် ပြောသည်။
“ ရှောင်ပိုင်… သီချင်းတွေကို အာရုံမစိုက်နဲ့… ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ… မင်းမှာ ငါသင်ပေးထားတဲ့ ကျားဟိန်းသံကျင့်စဉ် ရှိတယ်… အဲ့ဒါကို မင်းပြီးမြောက်အောင် ကျင့်ကြံနိုင်တဲ့အခါ အကိုကြီးက နောက်တစ်ဆင့်ကို သင်ကြားပေးမယ် ”
စက်ကရာသည် သူ့ကိုယ်ပိုင်လှိုဏ်ဂူထဲသို့ ဝင်ရောက်ပြီး အစောနက သူနားလည်သွားခဲ့သော ဉာဏ်အလင်းကို စုပ်ယူရန် အလျင်လိုနေသည်။ သို့သော်လည်း သူနှင့် သွေးသားတော်စပ်သော ညီမလေးကို မြင်လိုက်ရသောအခါ သိမ်မွေ့ညင်သာမှုနှင့် ချစ်ခင်စိတ်က သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက ခြေလှမ်းရပ်တန့်လိုက်ပြီး ရှောင်ပိုင်ကို ကောက်ယူပွေ့ဖက်လိုက်သည်။
အကြောင်းအရင်းတချို့ကြောင့် ရှောင်ပိုင်သည် သားရဲတစ်သောင်းဂိုဏ်းမှ လွတ်မြောက်လာပြီးနောက် မည်သို့သူကျင့်ကြံပါစေ သူ၏ ခန္ဓာကိုယ်က မကြီးထွားလာတော့ချေ။
ယခု သူက ဝိညာဉ်သားရဲနယ်ပယ်၏ အထွတ်အထိပ်မှာရှိနေပြီး မိစ္ဆာသားရဲနယ်ပယ်သို့ အချိန်မရွေး တတ်လှမ်းနိုင်သော်လည်း သူ့ခန္ဓာကိုယ်က သေးသေးလေးသာ ရှိနေဆဲပင်။ ပိုင်ဟူ၏ ညွှန်ကြားမှုနှင့် သီရှီထျန်၏ သင်ကြားပေးမှုကြောင့် ရှောင်ပိုင်သည် အခြေခံအုတ်မြစ်ကောင်း တည်ဆောက်ရန် ကြိုးစားနေသည်။ သို့မဟုတ်လျှင် သူက အစောကြီးကတည်းက မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာပြီးချေ၏။ သို့သော် သူ့ခန္ဓာကိုယ်အရွယ်အစားက ကြီးကြီးမားမား မပြောင်းလဲသွားပေ။
‘ ဟွန့်… သားရဲတစ်သောင်းဂိုဏ်း… မင်းတို့တွေ ရှောင်ပိုင်ကို ဘာလုပ်ခဲ့လဲ ငါမသိဘူး… ဒါပေမဲ့ မင်းတို့ရဲ့ အေးချမ်းတဲ့ နေ့ရက်တွေ မကြာခင် ကုန်ဆုံးတော့မယ် ’
ရှောင်ပိုင်၏ လက်ရှိအခြေအနေကို စဉ်းစားမိသွားသောအခါ အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။
“ ဟီး ဟီး… အကိုကြီး… ရှောင်ပိုင်က ကြိုးစားကျင့်ကြံနေပါတယ်… အပျင်းမခိုပါဘူး… ရှောင်ပိုင် မိစ္ဆာသားရဲနယ်ပယ်ကို ချိုးဖြတ်တဲ့အခါကျရင် အကိုကြီး လက်ဆောင်တစ်ခုပေးမယ်လို့ ပြောခဲ့တယ်နော်… အဲ့ဒါကို အကိုကြီး မေ့မသွားရဘူး ”
ရှောင်ပိုင်က ခေါင်းမော့လိုက်ပြီး ပြုံးသည်။ ချိုင့်ဝှမ်းထဲတွင် အကိုကြီးက သူ့ကို အဖော်ပြုပေးနေသောကြောင့် အလွန်သူပျော်ရွှင်သည်။ သို့သော် တစ်ခါတစ်ရံမှာ သားရဲတစ်သောင်းဂိုဏ်းထဲတွင် ကျန်နေခဲ့သော သူ့အမေနှင့် ဒုတိယအကိုကို စဉ်းစားမိသွားသောအခါ သူဝမ်းနည်းသွားသည်။ သူတို့အဆင်ပြေနေမည်လော သို့မဟုတ် ဒုက္ခရောက်နေမည်လော သူတွေးမိသည်။
“ ဒါပေါ့… အကိုကြီးရဲ့ ရှောင်ပိုင်က အလိမ္မာဆုံးပဲ… မင်း သားရဲနယ်ပယ်ကို ချိုးဖြတ်နိုင်တဲ့အခါကျရင် အကိုကြီးက မင်းအတွက် လက်ဆောင်အကြီးကြီးတစ်ခု ပေးမယ် ”
ရှောင်ပိုင်၏ ကလေးဆန်သော စကားသံကို ကြားသောအခါ သီရှီထျန်က သက်တောင့်သက်သာရှိသွားသည်။ သူက သိမ်မွေ့စွာ ပြုံးလိုက်ပြီး ရှောင်ပိုင်၏ နှာခေါင်းကို လက်ညှိုးဖြင့် တို့လိုက်သည်။
“ ဒါဆို ရှောင်ပိုင် အခုပဲ တံခါးပိတ်ကျင့်ကြံတော့မယ်… မိစ္ဆာသားရဲနယ်ပယ်ကို မရောက်မချင်း ရှောင်ပိုင် အပြင်ပြန်မထွက်လာဘူး ”
ယင်းကို ကြားသောအခါ ရှောင်ပိုင်က မျက်လုံးဝင်းလက်သွားသည်။ “ ဝှစ် ”ဟူသော မြည်သံနှင့်အတူ ရှောင်ပိုင်က သီရှီထျန်၏ လက်မောင်းထဲမှ ခုန်ထွက်သွားသည်။ သူက တံခါးပိတ်ကျင့်ကြံရန် သူ့ကိုယ်ပိုင် လှိုဏ်ဂူငယ်လေးဆီသို့ အမြန်ပြေးသွားသည်။
ကြည့်ရသည်မှာ သူက သီရှီထျန်ပေးမည့် လက်ဆောင်ကို နောက်ထပ် မစောင့်နိုင်တော့ဟန် ရ၏။
အဝေးသို့ ပြေးထွက်သွားသော ရှောင်ပိုင်ကို ကြည့်နေရင်း သီရှီထျန်က ခေါင်းယမ်းလိုက်သည်။ သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
“ ရှောင်ပိုင်… အကိုကြီးက မင်းကို တစိုက်မတ်မတ် ကျင့်ကြံစေချင်တာ မင်းကို အဖော်မပြုပေးချင်လို့ မဟုတ်ပါဘူး… အကိုကြီးမှာ မင်းကို အဖော်ပြုပေးဖို့အတွက် အချိန်မရှိလို့ပါ… ဒီလောကမှာ အင်အားကြီးသူက မုဆိုးဖြစ်ပြီး အားနည်းသူက သားကောင်ဖြစ်တယ်… အကိုကြီးက မင်းရဲ့ ဘေးမှာ တစ်ချိန်လုံး ရှိမနေပေးနိုင်ဘူး… အလုံအလောက်မသန်မာရင် မင်းအန္တရာယ်ကြုံတဲ့အခါ အကိုကြီးက မင်းကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး… ပြီးတော့ ကျားဖြူမေမေနဲ့ ညီလေးရဲ့ အခြေအနေကိုလည်း ဘာမှမသိရသေးဘူး… တကယ်လို့ ငါသာ လောကီကိစ္စတွေနဲ့ ကင်းလွတ်နိုင်မယ်ဆိုရင် မိသားစုကိုပဲ အမြဲအချိန်ပေးချင်ပါတယ် ”
သူက နူးညံ့စွာ သက်ပြင်းချလိုက်သည်။ ဤလောကတွင် မဖြစ်မနေ သူလုပ်ဆောင်ရမည့် ကိစ္စများရှိသည်။ သို့ဖြစ်၍ သူက စိတ်ပျော်ရွှင်မှုအတွက် အချိန်မပေးနိုင်ပေ။