အခန်း ၂၉၈
Vol. 20 Ch. 298
အခန်း(၂၉၈)
သူက လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားသည်။ လှိုဏ်ဂူထဲတွင် ဖုန်တစ်မှုန်မှ မရှိပေ။ လွန်ခဲ့သော ရက်များတွင် သူက ချီဟောင်နှင့် တခြားမိစ္ဆာသားရဲများကို အခြေခံမန္တန်များ သင်ကြားပေးခဲ့သည်။ ထိုမန္တန်များသည် သီရှီထျန် အသုံးပြုခဲ့စဉ်ကအတိုင်း မိစ္ဆာအငွေ့အသက်ကို သယ်ဆောင်ထားသည်။ ယင်းက ဆိုးဝါးသော အရာမဟုတ်ပေ။ မန္တန်များကို အသုံးပြုလိုက်သည့်အခါ မိစ္ဆာအငွေ့အသက်က မန္တန်များ၏ အစွမ်းကို ထပ်မံ တိုးမြှင့်ပေးသည်။
မိစ္ဆာမျိုးနွယ်စုတွင် ထိုသို့မန္တန်များကို မိစ္ဆာမန္တန်များဟု ခေါ်ကြသည်။ ပိုင်စုစုသည် သူ၏ လှိုဏ်ဂူကို သန့်ရှင်းရေးလုပ်ရန် တစ်ရက်တစ်ခါ ရောက်လာလေ့ ရှိသည်။ သူက “ ရေဖွဲ့စည်းခြင်း ”မန္တန်နှင့် “ လေထိန်းချုပ်ခြင်း ”မန္တန်ကို အသုံးပြု၍ လှိုဏ်ဂူကို သန့်ရှင်းရေးလုပ်သည်။ ထို့ကြောင့် လှိုဏ်ဂူထဲတွင် ဖုန်တစ်စက်မှ မရှိပေ။
သီရှီထျန်သည် ပိုင်စုစု၏ ကူညီပေးမှုအပေါ် မငြင်းဆန်ပေ။ ယင်းက သူ့လက်အောက်ငယ်သား၏ စိတ်ရင်းစေတနာဖြစ်သည်။ ထို့ပြင် ပိုင်စုစုက အမျိုးသမီးဖြစ်လေရာ စေ့စပ်သေချာသည်။ ထို့ကြောင့် ပိုင်စုစု၏ ဆန္ဒကို သူခွင့်ပြုပေးခဲ့သည်။
သီရှီထျန်သည် ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်သွားပြီးလျှင် သားရဲအမွှေးပေါ်မှာ ထိုင်လိုက်သည်။ သူက လက်တစ်ဖက်ဝှေ့ယမ်း၍ ကျောက်တုံးတံခါးကို ပိတ်ကာ လှိုဏ်ဂူဝင်ပေါက်ကို ချိပ်ပိတ်လိုက်သည်။
သူက တဖြည်းဖြည်း မျက်လုံးမှိတ်လိုက်ပြီး အာရုံစူးစိုက်လိုက်သည်။ အရိုးဖြူစွန့်ပစ်ကုန်းမြေထဲတွင် သူတွေ့ကြုံခဲ့သော အဖြစ်အပျက်အားလုံးကို တစ်ခုမကျန် အသေးစိတ် ပြန်တွေးလိုက်သည်။ “ ယောင်္ကျားအားမာန် ”သီချင်းက အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ သေဆုံးသွားခဲ့ကြသော ရှေးခေတ်မှ နတ်ဘုရားများနှင့် မိစ္ဆာများ၏ အကြွင်းအကျန်ဝိညာဉ်များကို ဆွဲဆောင်သွားခဲ့သည်။ ထို့ပြင် သူတို့၏ နောက်ဆုံးသတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်လာသည်။
ထိုအခိုက်အတန့်မှာ သူ့စိတ်က ဖော်ပြရန်ခဲယဉ်းသော အခြေအနေထဲသို့ ဝင်ရောက်သွားသည်။ ယင်းက ဒြပ်ထည်ဖွဲ့စည်းခြင်းနှင့် အသွင်ပြောင်းလဲခြင်း၏ အခြေအနေ ဖြစ်သည်။ သို့မှသာ သူ့အသိစိတ်က အဆုံးမဲ့သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် သက်ရောက်မခံရတော့ပေ။
ထိုသို့အခြေအနေမှာ သူ၏ အရှိန်အဝါနှင့် ကျင့်ကြံခြင်းစွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားပြီး မယုံကြည်နိုင်စရာကောင်းသော အဆင့်သို့ ရောက်ရှိသွားသည်။ ဤသည်မှာ သူ၏ လှုပ်ရှားမှုတိုင်းတွင် ကမ္ဘာမြေတုန်လှုပ်စေနိုင်သော စွမ်းအား ကိန်းဝပ်နေသည့်အလားပင်။ ယင်းက အထွတ်အထိပ်နေရာတွင် ရပ်တည်နေသော စွမ်းအားဖြစ်သည်။ ထိုအခိုက်အတန့်မှာ သူက ပြိုင်ဘက်ကင်းသော မိစ္ဆာသူတော်စင်တစ်ပါး သို့မဟုတ် မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်လာဟန် ရ၏။
မှန်ပေသည်။ ထိုစွမ်းအားသည် သီရှီထျန်အပိုင် မဟုတ်ပေ။ ယင်းက မရေမတွက်နိုင်သော အကြွင်းအကျန်ဝိညာဉ်များထံမှ ယာယီ သူချေးငှားထားသောအရာ ဖြစ်သည်။ အချိန်ကျလာသည့်အခါ စွမ်းအားက သူ့ဘာသာ လွင့်ပြယ်သွားလိမ့်မည်။ ယင်းက သူ့အပိုင်မဟုတ်ပေ။
သီရှီထျန်သည် လှိုဏ်ဂူသို့ ပြန်သွားရန် အလျင်လိုနေသည်။ အကြောင်းအရင်းမှာ သူ့ကိုယ်ပိုင်မဟုတ်သော စွမ်းအားကို သူ့အပိုင်ဖြစ်ရန် လုပ်ဆောင်ချင်သောကြောင့် မဟုတ်ပေ။ ယင်းအစား အထွတ်အထိပ်နေရာတွင် တဒင်္ဂ သူရပ်နိုင်ခဲ့သော ထိုစိတ်ခံစားမှုကို ပြန်ရှာဖွေချင်သည်။ ထိုအချိန်တွင် သူက မိုးမြေ၏ လျှို့ဝှက်နက်နဲမှုများကို နားလည်သဘောပေါက်သွားဟန် ရသည်။ ယင်းက အထွတ်အထိပ်ပုဂ္ဂိုလ်များသာလျှင် ခံစားသိရှိနိုင်သောအရာ ဖြစ်သည်။ အကယ်၍ သူက ထိုစိတ်ခံစားမှု၏ သေးငယ်သော တစ်စိတ်တစ်ပိုင်းကို ဆင်ခြင်နားလည်သွားမည်ဆိုလျှင် ယင်းက အနာဂတ် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်မှာ ကြီးမားသော အကျိုးအမြတ်များ ရှိစေလိမ့်မည်။
ဤသို့ တွေးကြည့်နိုင်သည်။ သူက မိစ္ဆာသားရဲနယ်ပယ်မှာသာ ရှိနေသေးသော်လည်း အစွမ်းထက်ပညာရှင်တစ်ယောက်၏ အတွေ့အကြုံကို ခံစားခွင့်ရရှိခဲ့သည်။ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက်က မည်သို့သော စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း သူတွေ့ကြုံခံစားနိုင်ခဲ့သည်။ ယင်းက သူ့အား လမ်းကြောင်းအမှန်ကို ရှာဖွေပေးနိုင်လိမ့်မည်။ ယင်းက သူ၏ အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်မှာ မည်သည့်အတားအဆီးမှ မရှိအောင် ပြုလုပ်ပေးနိုင်လိမ့်မည်။
ယင်းကို နယ်ပယ်ဟု ခေါ်သည်။ မတူညီသော နယ်ပယ်များဆီမှာ မတူညီသော နားလည်သဘောပေါက်မှုများနှင့် စွမ်းရည်များ ရှိသည်။
ဤသို့ တွေးကြည့်နိုင်သည်။
အထွတ်အထိပ်သို့ ရောက်ရှိဖူးသော မိစ္ဆာသားရဲတစ်ကောင်နှင့် ယခုမှ စကျင့်ကြံသော မိစ္ဆာသားရဲတစ်ကောင်ကြားမှ ကွာခြားမှုက မည်မျှကြီးမားသနည်း။ တစ်ယောက်က လျှောက်လှမ်းဖူးပြီးသား လမ်းစဉ်ကို ပြန်လျှောက်နေစဉ် အခြားတစ်ယောက်က ဝေဝေဝါးဝါး လျှောက်လှမ်းနေရသည်။ သို့ဖြစ်၍ ထိုနှစ်ခုကြားမှ ခြားနားမှုက မည်မျှကြီးမားကြောင်း တွေးကြည့်နိုင်ပေသည်။
သီရှီထျန်သည် အထွတ်အထိပ်အခြေအနေမှာ သူရှိနေခဲ့စဉ်က ခံစားခဲ့ရသော အတွေ့အကြုံကို ယခု ပြန်လည်ဖော်ထုတ်နေသည်။ ယင်းက သူ့အတွက် အလွန်ကြီးမားသော မဟာအခွင့်အရေးတစ်ခု ဖြစ်သည်။ ထိုအခွင့်အရေးကို သူလက်လွှတ်လိုက်လျှင် သူ့တစ်ဘဝလုံး နောင်ရနေလိမ့်မည်။
မှန်ပေသည်။ သီရှီထျန်၏ လက်ရှိ ကျင့်ကြံခြင်းအရ ထိုခံစားချက်ကို အပြည့်အဝ သူဆင်ခြင်နားလည်နိုင်ရန် မည်သို့မှ မဖြစ်နိုင်ပေ။ သို့သော်လည်း သီရှီထျန်သည် ယင်းကို အပြည့်အဝ ဆင်ခြင်နားလည်နိုင်ရန် မရည်ရွယ်ထားပေ။ သူက ထိုအထွတ်အထိပ်ခံစားချက်ကို ပြန်မှတ်မိရန်သာ လုပ်ဆောင်ချင်သည်။ ယင်းက သူ့အတွက် လုံလောက်ပေသည်။ ထိုနားလည်သဘောပေါက်မှုက အနာဂတ်မှာ သူ့အတွက် လမ်းပြမီးအိမ်သဖွယ် ဖြစ်လာလိမ့်မည်။
အစစ်အမှန် နားလည်သဘောပေါက်ခြင်းသည် အထွတ်အထိပ်သို့ အမှန်တကယ် ရောက်ရှိဖူးသော ပုဂ္ဂိုလ်များသာလျှင် ပိုင်ဆိုင်နိုင်သောအရာ ဖြစ်၏။ လက်ရှိ သီရှီထျန်အတွက်တော့ ယင်းက အလွန်အလှမ်းဝေးကွာသည်။
သီရှီထျန် တံခါးပိတ်ကျင့်ကြံနေသည်မှာ တစ်လကုန်ဆုံးသွားပြီ ဖြစ်၏။
သီရှီထျန်သည် သားရဲအမွှေးပေါ်မှာ တိတ်တဆိတ် တရားထိုင်နေသည်။ သူဗိုက်ဆာလာသည့်အခါ ဝိုင်ဘူးသီးခြောက်ကို ဖြုတ်၍ မျောက်မင်းဝိုင်ကို အကြိမ်ရေအနည်းငယ် သောက်သုံးလိမ့်မည်။ သူက အထွတ်အထိပ်ခံစားချက်ကို ပြန်ဖော်ထုတ်ရန် အပြည့်အဝ စိတ်နှစ်ထားသည်။
ထိုနားလည်သဘောပေါက်မှုသည် ရှာဖွေရန် မခက်ခဲပေ။ တစ်လကြာပြီးနောက် ထိုခံစားချက်က သူ၏ စိတ်ထဲမှာ ဝေဝေဝါးဝါး ပြန်ပေါ်လာသည်။ ထို့နောက် သူက ယင်းကို သူ့စိတ်ထဲမှာ တံဆိပ်ရိုက်ခတ်လိုက်သည်။ သို့မှသာလျှင် သူက ထိုခံစားချက်ကို အချိန်မရွေး ဆင်ခြင်သုံးသပ်နိုင်လိမ့်မည်။
သီရှီထျန်သည် သူ့ရည်ရွယ်ချက် အောင်မြင်သွားသော်လည်း လှိုဏ်ဂူထဲမှ ပြန်မထွက်လာခဲ့ပေ။ ယင်းအစား သူက တံခါးပိတ်ကျင့်ကြံခြင်းကို ဆက်ပြီး လုပ်ဆောင်သည်။ ထိုအထွတ်အထိပ်ခံစားချက်နှင့် နှိုင်းယှဉ်သော် သူက အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ သူထုတ်လွှတ်ခဲ့သော အံ့ဖွယ်ဓားမော့ခုတ်ချက်ကို ပိုပြီးစိတ်ဝင်စားသည်။ ယခုထိတိုင် ထိုဓားမော့ခုတ်ချက်က သူ့စိတ်ထဲမှာ တဝဲလည်လည် ရှိနေဆဲပင်။
ထိုဓားမော့ခုတ်ချက်၏ အဖျက်စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ယင်းကို ထုတ်လွှတ်ခဲ့သော သူကိုယ်တိုင်သည်ပင် ပါးစပ်အဟောင်းသားဖြစ်ရ၏။ အကယ်၍ နတ်ဘုရားများက သေမျိုးလောကဆီသို့ ဆင်းသက်လာမည်ဆိုလျှင်ပင် သူ၏ ဓားမော့ခုတ်ချက်အရှေ့မှာ သေဆုံးသွားကြလိမ့်မည်။ ယင်းက မိုးမြေကို တုန်လှုပ်သွားစေမည့် အံ့ဖွယ်ဓားမော့ခုတ်ချက် ဖြစ်သည်။
ထို့ပြင် အံ့ဖွယ်အကောင်းဆုံးအရာက မမျှော်လင့်ဘဲ သူဖန်တီးလိုက်သော ဓားမော့ခုတ်ချက်သည် အလွန်အစွမ်းထက်သော တိုက်ခိုက်ရေးပညာရပ်တစ်ခု ဖြစ်လာသည်။ လေးလေးနက်နက် သူစဉ်းစားလိုက်သည့်အခါ တိုက်ခိုက်ရေးပညာရပ်တစ်ခု ထွက်ပေါ်လာခြင်းက သူ့အတွက် မဟာအခွင့်အရေးတစ်ခု ဖြစ်သည်။ ပုံမှန်အခြေအနေမျိုးမှာဆိုလျှင် သူက ထိုမျှအစွမ်းထက်သော တိုက်ခိုက်ရေးပညာရပ်တစ်ခုကို ဖန်တီးနိုင်လိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ယခု သူ့မှာ တိုက်ခိုက်ရေးပညာရပ်တစ်ခု ဖန်တီးနိုင်သော အရည်အချင်းနှင့် အခြေခံအုတ်မြစ် မရှိသေးသောကြောင့်ပင်။
ကျင့်စဉ်များနှင့် တိုက်ခိုက်ရေးပညာရပ်များကို ဖန်တီးနိုင်သူများသည် ပြိုင်ဘက်ကင်းပါရမီရှင်များ ဖြစ်ကြသည်။ သူတို့က မရေမတွက်နိုင်သော ကျင့်စဉ်များနှင့် တိုက်ရိုက်ရေးပညာရပ်များကို တတ်ကျွမ်းထားကြပြီး မိုးမြေ၏ နိယာမများကို နက်နက်ရှိုင်းရှိုင်း နားလည်ထားကြသည်။ ထို့ပြင် သူတို့က ကံကောင်းခြင်းနှင့် အခွင့်အလမ်းများစွာကိုလည်း ရရှိထားကြသည်။ ထို့ကြောင့်သာ ကျင့်စဉ်များနှင့် တိုက်ခိုက်ရေးပညာရပ်များကို သူတို့ဖန်တီးနိုင်ကြသည်။
အခြားတစ်ဖက်မှာတော့ သီရှီထျန်က အခြေခံဓားမော့ပညာရပ်ကို လွန်ခဲ့သော ခြောက်လမှ စတင်ကျင့်ကြံခဲ့သည်။ သူက ပညာရပ်များ ကိုယ်တိုင်ဖန်တီးနိုင်သော အဆင့်သို့ ရောက်ရန် အလွန်အလှမ်းဝေးနေသေးသည်။ လက်ရှိ သူ့အတွက် ပညာရပ်အသစ်တစ်ခု ဖန်တီးခြင်းက လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်၏။ သို့သော်လည်း သီရှီထျန် ကြုံတွေ့ခဲ့သော အခြေအနေက အလွန်အံ့ဖွယ်ကောင်းသည်။ ဤသည်မှာ သူက ကံကြမ္မာနတ်သမီး၏ မျက်နှာသာပေးမှုကို ရရှိထားသည့်အလားပင်။
ထိုအချိန်တွင် သူ့စိတ်က ဟာလာဟင်းလင်းဖြစ်နေခဲ့သည်။ “ ယောင်္ကျားအားမာန် ”သီချင်း၏ လှုံ့ဆော်ပေးမှုအောက်မှာ ရဲစွမ်းသတ္တိနှင့် သူရဲကောင်းစိတ်ဓာတ်က သူ့နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ တစ်ချိန်တည်းမှာ အကြွင်းအကျန်ဝိညာဉ်သန်းပေါင်းများစွာက သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကြပြီး သူတို့၏ တိုက်ပွဲစိတ်ဆန္ဒနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ကြသည်။ အလွန်သိပ်သည်းသော သတ်ဖြတ်ခြင်းအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှာ စုဝေးသွားပြီး နယ်ပယ်ကို သူနားလည်သဘောပေါက်သွားသည်။
ထိုသို့အခြေအနေမှာ သီရှီထျန်က ကျားဝိညာဉ်ဓားမော့ဖြင့် ရန်သူများကို ခုတ်ပိုင်းလိုက်သည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ပေါ်မှာ စုဝေးနေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဆည်ကျိုးသွားသကဲ့သို့ အတားအဆီးမဲ့စွာ ပေါ်လျှိုးလာသည်။ ကျားဝိညာဉ်ဓားမော့ကို ဗဟိုပြုထားစဉ် ကမ္ဘာမြေတုန်ဟီးစေမည့် တိုက်ခိုက်မှုက ချက်ချင်း ထွက်ပေါ်လာသည်။
အတိုချုပ်ဆိုရသော် ထိုဓားမော့ခုတ်ချက်ကို ထုတ်လွှတ်ရန် သီရှီထျန်က သူ့ကိုယ်ပိုင်စွမ်းအားနှင့် အခြေခံအုတ်မြစ်အပေါ်မှာ မမှီခိုခဲ့ပေ။ ယင်းအစား အကြွင်းအကျန်ဝိညာဉ်သန်းပေါင်းများစွာ၏ နောက်ဆုံးစိတ်ဆန္ဒအပေါ် မှီခိုအားထားခဲ့သည်။
ထို့ကြောင့် နတ်ဘုရားများနှင့်် တစ္ဆေများကို ခြိမ်းခြောက်နိုင်သော အံ့ဖွယ်ဓားမော့ခုတ်ချက်က ထွက်ပေါ်လာသည်။
“ ဓားမော့ခုတ်ချက်ရဲ့ အရှိန်အဟုန်က မိုးမြေရဲ့ ဒေါသတကြီး ဟိန်းဟောက်သံနဲ့ ဆင်တူတယ်… အဲ့ဒီထဲမှာ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေရဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိန်းအောင်းနေတယ်… အဲ့ဒါက အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ ကျဆုံးသွားခဲ့ကြတဲ့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေရဲ့ နောက်ဆုံးစိတ်ဆန္ဒ ဖြစ်တယ်… ဒါကြောင့် ဓားမော့ခုတ်ချက်ကို ထုတ်လွှတ်လိုက်တဲ့အခါ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေက ထွက်ပေါ်လာကြတယ်… အဲ့ဒါရဲ့ အဖျက်စွမ်းအားက ဒီလောကမှာ ပြိုင်စံရှားပဲ… အဲ့ဒါက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေရဲ့ နောက်ဆုံးစိတ်ဆန္ဒကနေ ဖွဲ့စည်းသွားတာဆိုတော့ အဲ့ဒီဓားမော့ခုတ်ချက်ကို နတ်မိစ္ဆာငိုကြွေးသံလို့ ငါနာမည်ပေးလိုက်မယ် ”
သီရှီထျန်သည် ဓားမော့ခုတ်ချက် ထုတ်လွှတ်ခဲ့စဉ်က ခံစားချက်ကို ပြန်စဉ်းစားလိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ သွေးက ပွက်ပွက်ဆူလာသည်။ သူက ဓားမော့ကို ဆွဲထုတ်ပြီး လူသတ်ရန် ဆန္ဒပြင်းပြလာသည်။ တစ်ချိန်တည်းမှာ တမူထူးခြားသော တိုက်ပွဲစိတ်ဆန္ဒက ဖြစ်ပေါ်လာသည်။
တစ်စုံတစ်ယောက်သည် ဓားမော့ပညာရပ်များကို လေ့ကျင့်ချင်လျှင် ဓားမော့ကို ကိုယ်တိုင်အသုံးပြုရလိမ့်မည်။ သို့သော်လည်း လှိုဏ်ဂူထဲမှာ ဓားမော့လှုပ်ရှားမှုများ ထုတ်ဖော်ခြင်းက မသင့်တော်ပေ။
ထို့ကြောင့် သီရှီထျန်သည် သူ့လက်နှစ်ဖက်ကို လက်သီးဆုပ်လိုက်ပြီး သူ့စိတ်ထဲမှ “ နတ်မိစ္ဆာငိုကြွေးသံ ”အတိုင်း လိုက်လံ လှုပ်ရှားလိုက်သည်။ သူက လက်နှစ်ဖက်ကို အသုံးပြု၍ သူ့စိတ်ထဲမှ တိုက်ခိုက်ရေးပညာရပ်၏ နည်းစနစ်အမျိုးမျိုးကို သင်ယူလေ့ကျင့်လိုက်သည်။ သူက အကြိမ်ရေတစ်ထောင်ခန့် တိတ်တဆိတ် လေ့ကျင့်လိုက်သည်။ မဟုတ်ပေ။ သူက အကြိမ်ရေတစ်သောင်းခန့် လေ့ကျင့်လိုက်သည်။ သူက ထိုတိုက်ခိုက်ရေးပညာရပ်၏ အဓိကအနှစ်သာရကို မဖမ်းဆုပ်နိုင်မချင်း အဆက်မပြတ် လေ့ကျင့်နေသည်။
“ ဒီနတ်မိစ္ဆာငိုကြွေးသံက အခုကစပြီး ငါ့ရဲ့ လူသတ်တိုက်ကွက်ဖြစ်လာလိမ့်မယ်… အဲ့ဒါကို တခြားလူတွေအရှေ့မှာ အလွယ်တကူ ငါထုတ်ဖော်လို့ မဖြစ်ဘူး… အဲ့ဒါကို ဝှက်ဖဲကတ်တစ်ကတ်အဖြစ် အသုံးပြုရမယ် ”
သီရှီထျန်သည် သူ့စိတ်ထဲမှာ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။ နတ်မိစ္ဆာငိုကြွေးသံသည် အလွန်အစွမ်းထက်သည်။ ထို့ပြင် ယင်းက သူ၏ တစ်ခုတည်းသော တိုက်ခိုက်ရေးပညာရပ် ဖြစ်သည်။ သို့ဖြစ်၍ သူက သာမန်တိုက်ပွဲများတွင် အခြေခံဓားမော့ပညာရပ်ကိုသာ အသုံးပြုနိုင်သည်။
ဤနတ်မိစ္ဆာငိုကြွေးသံကိုတော့ သေရေးရှင်ရေး တိုက်ပွဲများမှသာ အသုံးပြုသင့်သည်။ သေရေးရှင်ရေးအခြေအနေမျိုးမှာ ရန်သူမမျှော်လင့်ထားနိုင်သော အစွမ်းထက် တိုက်ခိုက်ရေးပညာရပ်တစ်ခုကို ထုတ်လွှတ်လိုက်မည်ဆိုလျှင် တိုက်ပွဲရလဒ်က ချက်ချင်း ပြောင်းလဲသွားနိုင်သည်။ ယင်းက သူ့အသက်ကို ကယ်တင်ပေးနိုင်သော အသက်ကယ်ဝှက်ဖဲကတ် ဖြစ်သည်။ မသေမျိုးကျင့်ကြံခြင်းလောကထဲမှ တိုက်ပွဲများက အလွန်အန္တရာယ်များသည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် စောစောစီးစီး မသေချင်လျှင် အသက်ကယ်ဝှက်ဖဲကတ်များကို သိမ်းဆည်းထားသင့်သည်။
ထို့ကြောင့် အသက်ကယ်ဝှက်ဖဲကတ်များသည် သီရှီထျန်အတွက် အလွန်အရေးကြီးသည်။
ပြိုင်ဘက်ကင်းအစွမ်းထက်သော ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားသည် သူ၏ အကြီးမားဆုံး ဝှက်ဖဲကတ် ဖြစ်သည်။ ယင်းက နတ်ဘုရားအဆင့် သီချင်းဖြစ်သည်။ ထိုဝှက်ဖဲကတ်ကြောင့် သူက မသေမျိုးကျင့်ကြံခြင်းလောကမှ ဂိုဏ်းကြီးများကို စိန်ခေါ်ဝံ့ခြင်းပင်။ တစ်နည်းဆိုရသော် ယင်းက သူ၏ ယုံကြည်မှုဇစ်မြစ် ဖြစ်သည်။ သူက ယင်းကို တခြားလူများ၏ အရှေ့မှာ တစ်ခါမှ အသုံးမပြုရသေးပေ။
သူက အရိုးစုဘုရင်၏ လက်ချက်ကြောင့် အသက်ဆုံးရှုံးလုနီးပါး အခြေအနေဖြင့် ရင်ဆိုင်ခဲ့ရသော်လည်း ထိုဝှက်ဖဲကတ်ကို ထုတ်သုံးရန် တုံ့ဆိုင်းနေခဲ့သည်။
ဝှက်ဖဲကတ်တစ်ကတ်သည် သူ့အတွက် မလုံလောက်ပေ။ ယခု သူ့ဆီမှာ “ နတ်မိစ္ဆာငိုကြွေးသံ ”ဟူသော အစွမ်းထက် တိုက်ခိုက်ရေးပညာရပ်တစ်ခု ရှိသွားသည်။ ယင်းက သူ၏ ဒုတိယမြောက် ဝှက်ဖဲကတ် ဖြစ်လာသည်။ ယင်းကို လိမ္မာပါးနပ်စွာ သူအသုံးချနိုင်မည်ဆိုလျှင် တိုက်ပွဲရလဒ်က အချိန်မရွေး ပြောင်းလဲသွားနိုင်သည်။
သီရှီထျန်သည် နတ်မိစ္ဆာငိုကြွေးသံကို သူ့စိတ်ထဲမှာ တံဆိပ်ရိုက်ခတ်လိုက်ပြီး အမြဲမပြတ် ဆင်ခြင်သုံးသပ်လိုက်သည်။ သူက ထိုတိုက်ခိုက်ရေးပညာရပ်ကို သူ့နှလုံးသားထဲမှာ အမြဲမှတ်သားထားချင်သည်။
သူ၏ အသိစိတ် မေ့ပျောက်နေလျှင်ပင် ထိုတိုက်ခိုက်ရေးပညာရပ်ကို သူ၏ မသိစိတ်မှ ထုတ်လွှတ်နိုင်ရမည်။