← Chapters

အခန်း ၃၀၀

Vol. 20 Ch. 300

အခန်း ၃၀၀

Vol. 20 Ch. 300

အခန်း(၃၀၀)

တစ်ခဏကြာပြီးနောက် အစောနက သူကုန်ဆုံးသွားခဲ့သော မိစ္ဆာချီက အပြည့်အဝ ပြန်ပြည့်သွားသည်။ အမှောင်ညကို မော့ကြည့်နေစဉ် လစန္ဒာက တဖြည်းဖြည်း ရွေ့လျားသွားသည်။ လရောင်ခြည်သည်လည်း တဖြည်းဖြည်း မှေးမှိန်လာသည်။ ဘေးပတ်ဝန်းကျင်တွင် အမှောင်ထုက ပိုပြီးသိပ်သည်းလာသည်။ ယင်းက အာရုဏ်မတတ်မီ အမှောင်ဆုံးအချိန် ဖြစ်သည်။ မကြာခင် နေက အရှေ့အရပ်မှ မြှောက်တတ်လာပြီး နောက်တစ်နေ့ စတင်လာလိမ့်မည်။

သူက ကျားဝိညာဉ်ဓားမော့ကို ဆုပ်ကိုင်ထားစဉ် လှပသော ဤအခိုက်အတန့်ကို အလဟဿ မဖြစ်စေလိုပေ။ သူက ကျားဝိညာဉ်ဓားမော့ကို အပေါ်သို့ မြှောက်လိုက်ပြီး သူသိထားသော အခြေခံဓားမော့ပညာရပ်ကို ဆက်ပြီး လေ့ကျင့်လိုက်သည်။

“ ဂျိန်း ”

ထိုအခိုက်အတန့်မှာ ကြောက်မက်ဖွယ်ကောင်းသော မိုးခြိမ်းသံက တောင်ပိုင်းမြေရိုင်းဒေသ၏ ကောင်းကင်ယံမှာ ရုတ်တရက် မြည်ဟိန်းသွားသည်။ ထိုမိုးခြိမ်းသံသည် သာမန်မိုးခြိမ်းသံနှင့်မတူပေ။ ယင်းထဲမှာ ကောင်းကင်ဘုံအင်အား ကိန်းအောင်းနေဟန် ရ၏။ ထို့ပြင် ယင်းက မြေပြင်ပေါ်မှ သက်ရှိအားလုံးကို အထင်သေးရှုံ့ချနေသည်။

မိုးခြိမ်းသံ ပဲ့တင်ထပ်သွားသည့်အခါ လေဟာနယ်သည်ပင် ပြင်းထန်စွာ တုန်ယင်သွားသည်။ အသံက အလွန်ကျယ်လောင်လေရာ မျက်စိတစ်မှိတ်အတွင်းမှာ တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ ညအချိန်ဝယ် လရောင်ခြည်ကို စုပ်ယူနေကြသော ဝိညာဉ်သားရဲများနှင့် အသိုက်ထဲ၌ အိပ်ပျော်နေကြသော ကျေးငှက်များက ရုတ်တရက် လန့်ဖျပ်သွားကြသည်။

အမှန်တကယ် ကြောက်စရာကောင်းသည်မှာ မိုးခြိမ်းသံ၏ အနောက်မှ လိုက်ပါလာသော ကောင်းကင်ဘုံအင်အား ဖြစ်သည်။ ယင်းက ဒီရေသဖွယ် အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးက အလွန်ကြီးမားသော ဖိအားဖြင့် ဖိနှိပ်ခံလိုက်ရသည်။

ထိုဖိအားအောက်မှာ မိစ္ဆာသားရဲနယ်ပယ်အောက်မှ သားရဲတိရိစ္ဆာန်များနှင့် ကျေးငှက်များသည် နေရာမှ မရွေ့လျားနိုင်ကြတော့ပေ။ ဤသည်မှာ သူတို့က ဧရာမတောင်ကြီးတစ်တောင်ဖြင့် ဖိချခံလိုက်ရသည့်အလားပင်။

“ အဲ့ဒီမိုးခြိမ်းသံ… အရင်က ငါကြားဖူးသလိုပဲ… ”

သီရှီထျန်သည် သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး ကျားဝိညာဉ်ဓားမော့ကို ဓားအိမ်ထဲသို့ ပြန်ထည့်သွင်းလိုက်သည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ နားလည်ရခက်ခဲသော အကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အရှင်မင်းကြီး ”

ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ကောင်းကင်ပေါ်မှ ဆင်းသက်လာသည့်အခါ ချိုင့်ဝှမ်းထဲတွင် မိစ္ဆာသားရဲများဖြစ်သော ချီဟောင်တို့အုပ်စုသာလျှင် ရွေ့လျားနိုင်ကြသည်။ မိစ္ဆာသားရဲနယ်ပယ်အောက်မှ မည်သည့်တိရိစ္ဆာန်မှ မရွေ့လျားနိုင်ကြချေ။ ချီဟောင်နှင့် တခြားမိစ္ဆာသားရဲများသည် ကျယ်လောင်စွာ အော်ခေါ်လျက် သီရှီထျန်၏ တည်နေရာဆီသို့ အမြန်ပြေးလာကြသည်။

ချီဟောင်၏ ဦးဆောင်မှုအောက်မှာ ယွမ်ထျန်း၊ ပိုင်ယွဲ့၊ ယင်းခုန်းနှင့် တခြားမိစ္ဆာသားရဲများက လိုက်ပါလာကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် မိစ္ဆာချီက မထင်မရှား ထွက်ပေါ်နေသည်။ ရှင်းလင်းစွာပင် သူတို့က ကောင်းကင်ဘုံအင်အားကို ခုခံတားဆီးရန် မိစ္ဆာချီကို အသုံးပြုထားကြသည်။

သူတို့က ဤအတောအတွင်းမှာ ဝိညာဉ်ဝိုင်ပမာဏအများအပြားကို သောက်သုံးခဲ့ကြသည်။ ထို့ကြောင့် သူတို့တစ်ကောင်စီက အလွန်သန်စွမ်းသော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏ အလားအလာက တခြားမိစ္ဆာသားရဲများထက် အများကြီး ပိုသာလွန်သည်။

“ ကောင်းတယ်… မင်းတို့အားလုံး ရောက်လာကြပြီ ”

သီရှီထျန်က ချီဟောင်၊ ပိုင်ယွဲ့၊ ယွမ်ထျန်းနှင့် တခြားမိစ္ဆာသားရဲများကို ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

“ အရှင်မင်းကြီး… စောစောက မိုးခြိမ်းသံက ဘာပါလဲ… ပြီးတော့ ဒီဖိအားက အရမ်းသန်မာတယ်… ရွေ့လျားဖို့ကိုတောင် မနည်းအားစိုက်နေရတယ် ”

ပိုင်စုစုသည် ကောင်းကင်ပေါ်မှ ကျဆင်းလာသော ဖိအားကြောင့် အသားတဆတ်ဆတ်တုန်နေသည်။ သူ၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က ဒြပ်ထည်ဖွဲ့စည်းသွားသည်ဟု သူခံစားမိသည်။ ထို့ကြောင့် သူ၏ လှုပ်ရှားမှုတိုင်းမှာ အတားအဆီးများ ရှိလာသည်။

“ ဟုတ်တယ် အရှင်မင်းကြီး… ဒီလိုအခြေအနေမျိုးကို အရင်က တစ်ခါမှ ကျုပ်တို့ မတွေ့ကြံဖူးဘူး ”

ချီဟောင်၏ မျက်လုံးများထဲမှာ စူးစမ်းသိလိုသော အကြည့် ထွက်ပေါ်လာသည်။ သူက နွားတစ်ကောင်ဖြစ်သော်လည်း ဉာဏ်မတုံးပေ။ သူက နွားတစ်ကောင်၏ ဇွဲကောင်းမှုနှင့် တည်ငြိမ်မှုကို ပိုင်ဆိုင်ထားသည်။ ဖုံးကွယ်ထားသော အမုန်းတရားက သူ့မျက်လုံး၏ အနက်ပိုင်းထဲမှာ ရံဖန်ရံခါ ပေါ်ထွက်လာလေ့ ရှိသည်။

သူ၏ တစ်ဦးတည်းသော မျိုးဆက်က သူ့မျက်စိအရှေ့မှာတင် အသတ်ခံလိုက်ရသည်။ ထိုမြင်ကွင်းကို မည်သည့်အခါမှ သူမေ့ပျောက်သွားမည် မဟုတ်ချေ။ ယင်းက သူ့ကို အပတ်တကုတ် ကြိုးစားကျင့်ကြံရန် တွန်းအားပေးသည်။

“ အဲ့ဒါ တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာတစ်ကောင်က ကပ်ဘေးဒုက္ခကျော်လွှားဖို့ ကြိုးစားနေတာ… ဒါ့အပြင် အဲ့ဒါက အသွင်သဏ္ဍာန်ပြောင်းလဲခြင်း သာမန်မိစ္ဆာကပ်ဘေးဒုက္ခ မဟုတ်ဘူး… ပိုပြီးအစွမ်းထက်တဲ့ ကပ်ဘေးဒုက္ခ ဖြစ်တယ် ”

သီရှီထျန်သည် ခေါင်းမော့လိုက်ပြီး မိုးကောင်းကင်ကို ကြည့်လိုက်သည်။ သူ၏ အမူအရာက ဖော်မပြနိုင်အောင် တည်ကြည်လေးနက်သွားသည်။ တောင်ပိုင်းမြေရိုင်းဒေသ၏ လက်ရှိအခြေအနေကို အကြမ်းဖျဉ်း သူနားလည်သဘောပေါက်ထားသည်။ တောင်ပိုင်းမြေရိုင်းဒေသ၏ အသန်မာဆုံး အင်အားစုက မိစ္ဆာသားရဲဘုရင်များ ဖြစ်ကြသည်။ သူတို့၏ အထက်မှာ အမြူတေဓာတ်လုံးဖွဲ့စည်းထားပြီးသော အစစ်အမှန်မိစ္ဆာများ ရှိကြသည်။

သူသိထားသမျှအရ တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးတွင် အမြူတေဓာတ်လုံးဖွဲ့စည်းထားပြီးသော အစစ်အမှန်မိစ္ဆာများက နှစ်ကောင်တည်းသာ ရှိသည်။ တစ်ကောင်က မကြာသေးကမှ အဆင့်တတ်သွားသော မဒူဆာဖြစ်ပြီး အခြားတစ်ကောင်က ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ အရှင်သခင်မ ချန်းရှီ ဖြစ်သည်။

ချန်းရှီသည် ဤလောကတွင် သူထွင်းဖောက်မမြင်နိုင်သော ပထမဆုံးပုဂ္ဂိုလ် ဖြစ်သည်။ လက်ရှိအခြေအနေအရ ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာသည့် ကပ်ဘေးဒုက္ခသည် အသွင်သဏ္ဍာန်ပြောင်းလဲခြင်း သာမန်မိစ္ဆာကပ်ဘေးဒုက္ခ မဖြစ်နိုင်ပေ။ ထိုဖြစ်နိုင်ခြေကို သူဖယ်ရှားလိုက်သည့်အခါ ဤကောင်းကင်ဘုံကပ်ဘေးဒုက္ခက အမြူတေဓာတ်လုံးဖွဲ့စည်းပြီးနောက် ရင်ဆိုင်ရသော ကပ်ဘေးဒုက္ခဖြစ်ကြောင်း သူနားလည်သွားသည်။

“ အရှင်မင်းကြီး… ဟိုးကို ကြည့်ပါ… မိုးတိမ်တစ်ခုက ကျဆင်းလာနေတယ်… အဲ့ဒါက တောင်ပိုင်းမြေရိုင်းဒေသရဲ့ အလယ်ပိုင်းကို ပျံသန်းသွားနေတဲ့ပုံပဲ ”

ဝေဟင်ကို အစိုးရသော ယင်းခုန်း၏ အမြင်အာရုံက သူတို့ထဲမှာ အထက်ရှဆုံး ဖြစ်သည်။ ထို့ပြင် သူက လေထဲမှာ ပျံသန်းနေလေရာ ကောင်းကင်ပေါ်မှ အပြောင်းအလဲကို အရင်ဦးစွာ သတိထားမိသွားသည်။

ကောင်းကင်ပေါ်တွင် အနက်ရောင်မိုးတိမ်တစ်ခုက မြန်ဆန်စွာ ဖွဲ့စည်းသွားနေကြောင်း အကြည့်တစ်ချက်ဖြင့် သူသတိထားမိသွားသည်။

ထွန်းလင်းတောက်ပသော လျှပ်စီးကြောင်းများက မိုးတိမ်ထဲမှာ ကူးခတ်ရွေ့လျားနေကြသည်။ ယခုက အာရုဏ်မတတ်မီအချိန်ဖြစ်လေရာ ဘေးပတ်ဝန်းကျင်က မည်းမှောင်နေသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ လျှပ်စီးကြောင်းများ၏ ပြိုးပြိုးပြက်ပြက် ဝင်းလက်မှုက အမှောင်ထုကို ချက်ချင်း ဖယ်ရှားလိုက်သည်။ ယင်းက အလွန်ထူးဆန်းပြီး ကြောက်စရာကောင်းသည်။ အနက်ရောင်မိုးတိမ်ဖွဲ့စည်းသွားပြီးနောက် ကောင်းကင်ဘုံအင်အားက ပိုပြီးပြင်းထန်လာသည်။

သာမန်တိရိစ္ဆာန်များသည် ထိုဖိအားကို မတောင့်ခံနိုင်သောကြောင့် သွေးအန်လိုက်ကြရသည်။ သွေးသည် သူတို့၏ ဒွါရခုနစ်ပေါက်မှ ယိုစီးလာသည်။ သူတို့က အပြင်းအထန် တုန်လှုပ်သွားကြသည်။

“ အဲ့ဒါ ကပ်ဘေးဒုက္ခမိုးတိမ်ပဲ… မကောင်းတော့ဘူး… ကပ်ဘေးဒုက္ခ ရွေ့လျားသွားနေတဲ့ ဦးတည်ရာက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းပဲ… ဒါဆို ကပ်ဘေးဒုက္ခ ကျော်လွှားမယ့်သူက ချန်းရှီ ”

စက်ကရာ၏ မျက်လုံးထဲမှာ နက်နဲသိမ်မွေ့သော အလင်းရောင် ထွက်ပေါ်လာသည်။ ကပ်ဘေးဒုက္ခ ပျံသန်းသွားနေသော ဦးတည်ရာကို မြင်လိုက်သောအခါ အခြေအနေကို သူနားလည်သဘောပေါက်သွားသည်။ ချက်ချင်းဆိုသလိုပင် သူက ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

“ အဲ့ဒါ အမှန်ဟုတ်ဟုတ် မဟုတ်ဟုတ် အဲ့ဒီကို ငါတစ်ချက်သွားကြည့်ရမယ်… ကပ်ဘေးဒုက္ခကျော်လွှားတာက အရမ်းအန္တရာယ်များတယ်… အတိတ်မှာ သူက ငါ့ကို တန်ဖိုးကြီးမားတဲ့ မိစ္ဆာကျင့်စဉ်တွေ ပေးအပ်ခဲ့တယ်… အခုလို အရေးကြီးတဲ့အချိန်မှာ သူ့ကို ငါကာကွယ်စောင့်ရှောက်ပေးသင့်တယ် ”

သူက အလျင်စလို ရေရွတ်လိုက်သည်။ သူသည် ကပ်ဘေးဒုက္ခကို တစ်ကြိမ်ထက်ပိုပြီး မြင်ဖူးသည်။ အထူးသဖြင့် ကျားရဲတောင်တန်းဒေသထဲမှာ သူတွေ့ကြုံခဲ့သော ကပ်ဘေးဒုက္ခက အလွန်ကြောက်စရာကောင်းသည်။

မည်သို့ဖြစ်ပါစေ ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းက အလွန်အရေးကြီးသောအရာ ဖြစ်သည်။ ထို့ပြင် ယင်းက အလွန်အန္တရာယ်များသည်။ အကယ်၍ အနည်းငယ် သတိပေါ့ဆမည်ဆိုလျှင် အသက်ဆုံးရှုံးသွားနိုင်သည်။

“ အရှင်မင်းကြီး… ကျုပ်တို့လည်း အရှင်မင်းကြီးနောက်ကို လိုက်ချင်ပါတယ်… အခု ကျုပ်တို့က မိစ္ဆာသားရဲတွေ ဖြစ်လာကြပါပြီ… အရှင်မင်းကြီးရဲ့ ဝန်ကို အနည်းနဲ့အများ ကူထမ်းပေးနိုင်နေပါပြီ… ကျေးဇူးပြုပြီး ကျုပ်တို့ကို အတူခေါ်သွားပေးပါ အရှင်မင်းကြီး ”

ချီဟောင်သည် ယင်းကို ကြားသောအခါ ချက်ချင်း အရှေ့ထွက်လာပြီး စိတ်ဓာတ်ပြတ်သားစွာ ပြောသည်။ သူ၏ မျက်လုံးထဲမှာ မျှော်လင့်သောအကြည့် ထွက်ပေါ်နေသည်။

“ ဟုတ်ပါတယ် အရှင်မင်းကြီး… အတိတ်မှာ အရှင်မင်းကြီးတစ်ယောက်တည်း အပြင်ထွက်ပြီး တိုက်ခိုက်ခဲ့ပါတယ်… ကျုပ်တို့က လက်အောက်ငယ်သားတွေ ဖြစ်ပေမဲ့ အရှင်မင်းကြီးအတွက် ဘာမှအကူအညီမပေးနိုင်ခဲ့ပါဘူး… အခု ကျုပ်တို့တွေ အလုံအလောက် သန်မာလာကြပါပြီ… အရှင်မင်းကြီး ကျေးဇူးပြုပြီးတော့ ကျုပ်တို့ကို အတူခေါ်သွားပေးပါ ”

ပိုင်ယွဲ့နှင့် တခြားမိစ္ဆာသားရဲများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မြေကြီးပေါ်မှာ ဒူးထောက်ကာ ပြိုင်တူအော်ပြောလိုက်ကြသည်။ သူတို့၏ အသံထဲမှာ ဖော်မပြနိုင်သော စိတ်ဓာတ်ပြတ်သားမှု ကိန်းအောင်းနေသည်။

ယခု သူတို့အားလုံးက မိစ္ဆာသားရဲများဖြစ်လာကြပြီဖြစ်လေရာ အရှင်မင်းကြီး၏ ဝန်ကို အနည်းနှင့်အများ ကူထမ်းပေးချင်ကြသည်။

ယင်းကို ကြားသောအခါ သီရှီထျန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက သူ့အရှေ့မှာ ဒူးထောက်နေကြသော ချီဟောင်၊ ပိုင်ယွဲ့နှင့် တခြားမိစ္ဆာသားရဲများကို စိုက်ကြည့်လိုက်သည်။ သူက စိတ်ထဲမှာ သူ့ဘာသာ တွေးတောလိုက်သည်။

“ မုန်တိုင်းတွေကို ဖြတ်ကျော်နိုင်မှပဲ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် ကပ်ဘေးကို တောင့်ခံနိုင်လိမ့်မယ်… သူတို့တွေကို အပြင်လွှတ်ပြီး အတွေ့အကြုံရှာဖွေခိုင်းဖို့ အချိန်ကျပြီ ”

တစ်ခဏကြာ တွေးတောပြီးနောက် သူက လေးနက်စွာ ပြောသည်။

“ ကောင်းပြီ… ဒီတစ်ကြိမ် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီ ငါတို့အတူတူ သွားပြီး ချန်းရှီကို ကာကွယ်စောင့်ရှောက်ပေးကြမယ်… ကပ်ဘေးဒုက္ခကျော်လွှားတယ်ဆိုတာ ဘယ်လိုမျိုးလဲ မင်းတို့ကို ကိုယ်တိုင်မြင်တွေ့စေမယ်… အဲ့ဒါက အနာဂတ်မှာ မင်းတို့တွေ ကပ်ဘေးဒုက္ခကျော်လွှားတဲ့အခါ အထောက်အကူဖြစ်စေလိမ့်မယ်… လာ ငါနဲ့အတူ လိုက်ခဲ့ကြပါ ”

သီရှီထျန်က မထူးမခြားနား ပြောသည်။ သူ၏ အတွေးတစ်ချက်နှင့်အတူ မိစ္ဆာလေက သူ၏ ဘေးမှာ ချက်ချင်း ထွက်ပေါ်လာသည်။ မိစ္ဆာလေသည် သူ့ကို လေပေါ်သို့ ပင့်မြှောက်လိုက်ပြီး အရှေ့သို့ သယ်ဆောင်သွားသည်။ မိစ္ဆာလေသည် အနက်ရောင်ဖြစ်ပြီး အဝေးမှ ကြည့်လျှင် အနက်ရောင်မိုးတိမ်နှင့် ဆင်တူသည်။

“ ကျီး ”

ယင်းခုန်းသည် ဝေဟင်ကို အုပ်စိုးသော သားရဲဘုရင်တစ်ပါးဖြစ်သည်။ သူက သီရှီထျန်၏ သင်ကြားပေးမှုကြောင့် “ လေထိန်းချုပ်ခြင်းမန္တန် ”ကို တတ်ကျွမ်းထားသည်။ သို့သော်လည်း “ လေထိန်းချုပ်ခြင်းမန္တန် ”ကို သူအသုံးပြုလိုက်မည်ဆိုလျှင် သူ့အတောင်ပံများက အလဟဿဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သူက အတောင်ပံတဖျပ်ဖျပ်ခတ်၍ သီရှီထျန်၏ အနောက်သို့ နီးကပ်စွာ လိုက်သွားသည်။

ချီဟောင်နှင့် တခြားမိစ္ဆာသားရဲများသည်တော့ “ လေထိန်းချုပ်ခြင်းမန္တန် ”ကို အသီးသီး ထုတ်ဖော်လိုက်ကြသည်။ မိစ္ဆာလေက သူတို့၏ ဘေးမှာ ချက်ချင်း ထွက်ပေါ်လာကြသည်။ ထို့နောက် သူတို့က လေပေါ်သို့ ပျံသန်းသွားကြပြီး မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ ဦးတည်ရာဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

မိစ္ဆာလေများ ပေါ်လျှိုးလာသည့်အခါ တောအုပ်ထဲ၌ စူးရှသော လေခွင်းသံများ ထွက်ပေါ်လာသည်။

“ အမချန်းရှီက (၁၉)ကြိမ်မြောက် ကပ်ဘေးဒုက္ခမိုးကြိုးကို ရင်ဆိုင်တော့မယ်… သူက အပင်မိစ္ဆာဖြစ်တယ်… ဒါကြောင့် (၁၉)ကြိမ်မြောက် ကပ်ဘေးဒုက္ခမိုးကြိုးက သူ့အတွက် အရမ်းအရေးကြီးတယ်… ဘာမတော်တဆမှုမှ ရှိလို့မဖြစ်ဘူး… သူ့ရဲ့ ကြင်နာမှုကို အမြဲတမ်း ငါရရှိခဲ့တယ်… ဒီတစ်ကြိမ် သူအကူအညီလိုအပ်နေတဲ့အချိန်မှာ သူ့ဘေးမှာ ငါရှိနေရမယ်… တကယ်လို့ တစ်ယောက်ယောက်က ဒီအချိန်မှာ သူ့ကို ဝင်ရောက်နှောင့်ယှက်လာမယ်ဆိုရင် ငါမဒူဆာက တောင်ပိုင်းမြေရိုင်းဒေသရဲ့ အပြစ်သားဖြစ်လာလိမ့်မယ် ”

ရောင်စုံဝတ်စုံကို ဝတ်ဆင်ထားသော မဒူဆာ၏ မျက်လုံးထဲမှာ နွေးထွေးသော အလင်းရောင် ထွက်ပေါ်လာသည်။ ယခု သူက တောင်ထွတ်တစ်ခုပေါ်မှာ မတ်တတ်ရပ်နေသည်။ သိမ်မွေ့နူးညံ့သော အရိပ်အယောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်နေသည်။

All Chapters