← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

အခန်း (၇၁) နောက်ကွယ်မှ စောင့်နေ သူက အထွတ်အထိပ်အရိုးကို လုယူခြင်း

ဤအချိန်တွင်...

ရှုချွမ်းနှင့် စုမြောင်ရင်တို့သည် ယန်ရှန်း ကျိန်းသေ ဖြတ်သန်းသွားမည့် လမ်းကြောင်းပေါ်ရှိ နေရာတစ်ခုတွင် ပုန်းကွယ်နေကြသည်။

“စီနီယာအစ်ကိုရှု... ကျွန်မတို့ ဒီမှာ ဘာလုပ်နေတာလဲဟင်”

စုမြောင်ရင်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

“အထွတ်အထိပ်အရိုးကို လုသွားတဲ့ ကောင်ကို စောင့်နေတာပေါ့”

ရှုချွမ်းက လူပျင်းတစ်ယောက်လို အကြောဆန့်ရင်း ပြောလိုက်သည်။

သူသည် ယန်ရှန်း၏ နောက်မှ လိုက်မနေတော့ဘဲ ပတ်လမ်းမှ ဖြတ်ကာ ရှေ့တွင် ကြိုစောင့်နေခြင်း ဖြစ်သည်။

ယန်ရှန်း၏ နောက်တွင် လိုက်ဖမ်းနေသူများလွန်းသဖြင့် အနောက်မှ လိုက်နေပါက အန္တရာယ်ရှိနိုင်သည်။

ယန်ရှန်း ကိုယ့်ဘာသာကိုယ် ရောက်လာအောင် စောင့်နေတာက ပိုကောင်းပေလိမ့်မည်။

“ရှင်...” စုမြောင်ရင်က အံ့ဩတကြီး ရေရွတ်လိုက်သည်။

“အဲဒီလူက ဒီလောက်များတဲ့ လူတွေကြားထဲက လွတ်အောင် ပြေးနိုင်မယ်လို့ ရှင် တကယ် ထင်လို့လား။ ကြည့်ရတာ သူက နတ်ဘုရား စွမ်းအားနယ်ပယ် အဆင့် ၁ တောင် မရှိသေးဘူးနော်။ သူ့နောက်ကို လိုက်နေတဲ့သူတွေထဲမှာ နိဗ္ဗာနနယ်ပယ် သိုင်းပညာရှင် တွေတောင် အများကြီး ပါတယ်”

ယန်ရှန်းက အထွတ်အထိပ်အရိုးကို လုယူသွားသည်ကို စုမြောင်ရင် မြင်ခဲ့သလို တစ်စုံတစ်ဦးက သူ၏ အသက်ဘေးမှ ကူညီကာကွယ်ပေးလိုက်သည်ကိုလည်း သူမက မြင်ခဲ့သည်။

သို့‌သော်လည်း ဤမျှများပြားသော လူအုပ်ကြီးကြားမှ ယန်ရှန်း လွတ်မြောက်နိုင်လိမ့်မည်ဟု သူမက မယုံကြည်သေးပေ။

ရှုချွမ်းက ပြုံးလိုက်ပြီး “သူ့ရဲ့ ကျင့်ကြံခြင်းနယ်ပယ်က နိမ့်နေရုံနဲ့ သူ့ကို အထင်မသေးနဲ့၊ ဒီကောင်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လျှို့ဝှက်နည်းလမ်းတွေ အများကြီး ရှိတယ်၊ ငါကိုယ်တိုင်တောင် သူ့ကို ထိပ်တိုက်တွေ့ရင် သတ်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်ချက် မရှိဘူး”

စုမြောင်ရင် မျက်မှောင်ကြုတ်သွားသည်။

သူမအတွက် ယုံရခက်နေသေးသော်လည်း ရှုချွမ်းက ထိုသို့ ပြောလာမှတော့ သူမသည် သူ့ကိုသာ အကြွင်းမဲ့ ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။

“လာပြီ...”

ရှုချွမ်းက သတိဝင်လာကာ သူမကို သတိပေးလိုက်သည်။

မနီးမဝေးရှိ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ယန်ရှန်း ဆင်းသက်လိုက်သည်။

သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး ပါးစပ်ထောင့်မှ သွေးစအချို့ စီးကျနေသည်။

ယခုအချိန်တွင် သူ၏ အဝတ်အစားများမှာ စုတ်ပြတ်နေပြီး တစ်ကိုယ်လုံးတွင်လည်း အရွယ်အစားမျိုးစုံရှိသော ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။

ဓားဒဏ်ရာများ၊ လက်သီးရာများနှင့် လက်ဝါးရာများ နေရာအနှံ့ ရှိနေသည်။

သေလောက်သော ဒဏ်ရာ မဟုတ်သော်လည်း သူ၏ ပုံစံမှာ အလွန်ပင် ဖရိုဖရဲ ဖြစ်နေတော့သည်။

“နောက်ဆုံးတော့... အထွတ်အထိပ်အရိုးကို ငါ ရပြီဟေ့...”

သူ၏ ဝှက်ဖဲ အတော်များများကို အသုံးချပြီးနောက် နောက်ဆုံးတွင် လိုက်ဖမ်းသူများကို မျက်ခြေဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။

သူ၏ ရင်ခွင်ထဲမှ အထွတ်အထိပ်အရိုးကို ထုတ်ယူရင်း ယန်ရှန်းသည် အတိုင်းအထက်အလွန် ဝမ်းသာပီတိ ဖြစ်နေသော အမူအရာကို ပြသလိုက်သည်။

ဤခရီးစဉ်တွင် သူသည် ဧကရာဇ်အရှင်တစ်ပိုင်း ၏ ဝိညာဉ်အပိုင်းအစ ထံမှ အသိအမှတ်ပြုမှုကို ရခဲ့ရုံတင်မက သူ၏ အကူအညီဖြင့် အထွတ်အထိပ်အရိုးကိုလည်း ရရှိခဲ့သည်။

ဒဏ်ရာ အနည်းငယ် ရခဲ့သော်လည်း ဒါက တန်ပါပေသည်။

ဒါကို တွေးမိရင်း သူက အော်ဟစ် ရယ်မောလိုက်မိသည်။

သို့သော် သူက ရယ်လိုက်သည်နှင့် ဒဏ်ရာများကို သွားထိသဖြင့် နာကျင်မှုကြောင့် မျက်နှာကြီး ရှုံ့မဲ့သွားရပြန်သည်။

“ကျန်းယွမ်... မင်းကို ငါ မှတ်ထားမယ်၊ ဒီကလဲ့စားကို ငါ မချေနိုင်ရင် ငါ့နာမည် ယန်ရှန်း မဟုတ်တော့ဘူး”

သူ၏ အပြင်းထန်ဆုံး ဒဏ်ရာနှစ်ခုမှာ ကျန်းယွမ်၏ လက်ချက် ဖြစ်သည်။

ကျန်းယွမ်သည် ရွှေယိချန်၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားသော်လည်း နိဗ္ဗာနနယ်ပယ် အဆင့် ၆ ကျင့်စဉ်ကြောင့် အလျင်အမြန် ပြန်လည်သက်သာလာကာ ယန်ရှန်းနောက်သို့ အလွယ်တကူ လိုက်မှီခဲ့သည်။

ကျန်းယွမ်၏ တိုက်ခိုက်မှု သူ၏ အပေါ်သို့ ကျရောက်တော့မည့် အချိန်မှာပင်... ယန်ရှန်းသည် သူ၏ နောက်ထပ် အသက်ကယ် ဝှက်ဖဲတစ်ခုကို ပြတ်ပြတ်သားသား အသုံးပြုကာ သူတို့၏ မျက်စိရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

သူက လွတ်မြောက်ခဲ့သော်လည်း တိုက်ခိုက်မှု၏ နောက်ဆက်တွဲ လှိုင်းများကြောင့် အတော်လေး ထိခိုက်သွားခဲ့ရသည်။

ကျန်းယွမ်က သူ့ကို လိုက်မှီစဉ်က ကြည့်ခဲ့သော အထင်အမြင်သေးသည့် အကြည့်ကို သတိရတိုင်း သူက ဒေါသထွက်မိသည်။

သူသည် သူ့ကို အထင်သေးစွာ ကြည့်ခြင်းကို အမုန်းဆုံး ဖြစ်သည်။

ထို့နောက် ရှုချွမ်းကြောင့် သူက ခံစားခဲ့ရသော အရှက်ရမှုများကို သတိရသွားပြန်သည်။

ဟုတ်သည်။

ယန်ရှန်းက ရှုချွမ်း ပေါ်လာပြီး ကုန်းလင်ကို အနိုင်ယူလိုက်ခြင်းကြောင့် သူသည် ရယ်စရာ ဖြစ်ခဲ့ရသည်ဟု ထင်နေခြင်း ဖြစ်သည်။

သူ၏ ရှုံးနိမ့်မှုမှာ သူ၏ အရည်အချင်း မရှိမှုကြောင့် ဖြစ်သည်ဟု သူက တစ်ခါမှ မတွေးခဲ့ဘဲ အရာအားလုံးအတွက် ရှုချွမ်းကိုသာ အပြစ်တင်နေတော့သည်။

“ပြီးတော့ မင်း... ရှုချွမ်း...”

“စောင့်နေလိုက်စမ်း၊ ငါသာ ဒီအထွတ်အထိပ်အရိုးနဲ့ ပေါင်းစပ်ပြီး ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာ အတွေ့အကြုံတွေကို ရပြီဆိုရင်၊ ပြီးတော့ အဖိုးရွှေသင်ပေးတဲ့ နည်းစနစ်တွေကို ကျင့်ပြီးရင် မင်းကို ငါ့ခြေဖဝါးအောက်မှာ နင်းခြေပြီး ငါ့အရှက်အတွက် ပြန်လက်စားချေပြမယ်”

သူသည် သူ၏ ဒေါသနှင့် ရန်ငြိုးများကို အသံကုန် အော်ဟစ် ပေါက်ကွဲလိုက်သည်။

မနီးမဝေးတွင် ပုန်းနေသော ရှုချွမ်းမှာမူ ဒါကို ကြားပြီးနောက် ဆွံ့အသွားရသည်။

ငါ သူ့ကို ဘာမှလည်း မလုပ်ပါဘဲနဲ့၊ သူက ဘာလို့ ငါ့ကို လာပစ်မှတ်ထားနေရတာလဲ။ ပြီးတော့ ဇာတ်လိုက်တစ်ယောက်က ဒီလောက်တောင် စိတ်ထားသေးသိမ်ရတာလား။

“စီနီယာအစ်ကိုရှု... ရှင့်မှာ သူနဲ့ ရန်ငြိုးရှိလို့လား”

ယန်ရှန်းက ရှုချွမ်းအပေါ် ဒေါသထွက်နေသည်ကို ကြားတော့ စုမြောင်ရင်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

ရှုချွမ်းက သက်ပြင်းချ ပြုံးလိုက်ရင်း “ငါတို့မှာ ရန်ငြိုးရှိတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီလူရဲ့ စိတ်က ပြဿနာရှိနေတာ၊ သူက တခြားသူတွေ သူ့ထက် ပိုတော် နေတာကို မကြည့်နိုင်ဘူး”

စုမြောင်ရင်မှာ ချက်ချင်းပင် နားလည်သွားသည်။ ဒါက ပါရမီရှင်တွေအပေါ် မနာလို ဝန်တိုစိတ် ဖြစ်နေခြင်းသာ ဖြစ်သည်။

ချက်ချင်းပင် စုမြောင်ရင်၏ ယန်ရှန်းအပေါ် ကြည့်သည့် အကြည့်မှာ ရွံရှာမှုအဖြစ် ပြောင်းလဲသွားသည်။ သူမက ထိုကဲ့သို့သော လူစားမျိုးကို အမုန်းဆုံး ဖြစ်သည်။

အကယ်၍ ထိုကဲ့သို့သော လူမျိုး သူမလက်ထဲ ကျရောက်လာပါက သူမက လုံးဝ သနားညှာတာမည် မဟုတ်ပေ။

ယန်ရှန်းမှာမူ သူက မသိလိုက်ဘဲနှင့် ကောင်းကင်ဘုံက သတ်မှတ်ထားသော 'အမျိုးသမီး ဧကရီ' တစ်ဦး၏ ရန်ငြိုးကို ဝယ်ယူမိသွားမှန်း မသိရှာပေ။

သူသည် သစ်ပင်ပေါ်တွင် ဒဏ်ရာများကို ကုသရင်း ဆက်လက် ထွက်ပြေးရန် ပြင်ဆင်နေသည်။

ဤနေရာမှာ သင်္ချိုင်းမြေနှင့် သိပ်မဝေးသေးသဖြင့် ကျန်းယွမ်တို့ အုပ်စု မကြာမီ လိုက်မှီလာနိုင်ရာ သူက ဤနေရာမှာ ကြာကြာ မနေရဲပေ။

ရုတ်တရက်...

ယန်ရှန်းသည် သူ၏ နောက်မှ အလွန် သိမ်မွေ့လှသော မူလချီလှိုင်းတစ်ခုကို သိလိုက်သည်။

“ဘယ်သူလဲ...”

သူ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး နောက်သို့ လှည့်ကာ သူ၏ ဓားရှည်ဖြင့် ခုတ် လိုက်သည်။

စူးရှလှသော ဓားချီ မှာ သစ်ပင်များကို ဖြတ်သန်းသွားသော်လည်း မည်သူ့ကိုမျှ မထိမှန်ခဲ့ပေ။

သို့သော် ယန်ရှန်းမှာ သတိမလွတ်သေးဘဲ ဒုတိယအကြိမ် ဓားဖြင့် ခုတ် ရန် ပြင်လိုက်စဉ်မှာပင်...

ကြောက်မက်ဖွယ် ခွန်အားများ ပါဝင်သော လက်သီးတစ်ချက်သည် သူ၏ ခေါင်းဆီသို့ တရှိန်ထိုး ရောက်ရှိလာသည်။

သတိမထားမိချိန်တွင် သူ၏ ဦးခေါင်းမှာ အရှိန်အဟုန်ဖြင့် အထိုးခံလိုက်ရသည်။

ဘုန်း....

ထိုအသံကို ကြားရုံနှင့် ထိုလက်သီးမှာ မည်မျှ အားပါသည်ကို သိနိုင်သည်။

သူ၏ ခေါင်းမှာ အရင်လွင့်သွားပြီး တစ်ကိုယ်လုံး သစ်ပင်ပေါ်မှ လွင့်ထွက်ကာ မြေပြင်ပေါ်သို့ ခေါင်းစိုက်ကျသွားတော့သည်။

သူက နာကျင်မှုကိုပင် မခံစားလိုက်ရဘဲ သတိလစ်သွားခဲ့သည်။

“တကယ်ကို အားနည်းလွန်းတာပဲ”

ရှုချွမ်းသည် သစ်ပင်နောက်မှ ဖြည်းဖြည်းချင်း ထွက်လာသည်။

သူက ယန်ရှန်း၏ နောက်သို့ တိတ်တဆိတ် ကပ်ရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်လှည့်စား ကျောက်စိမ်းအဆောင်၏ အချိန်ကုန်သွားသဖြင့် သူ၏ မူလချီလှိုင်းကို ယန်ရှန်းက သိသွားခြင်း ဖြစ်သည်။

ထို့ကြောင့် ရှုချွမ်းမှာ ယန်ရှန်း၏ ခေါင်းကို လက်သီးဖြင့်သာ တိုက်ရိုက် ထိုးလိုက်ရခြင်း ဖြစ်သည်။

မထင်မှတ်ဘဲ ယန်ရှန်းမှာ လက်သီးတစ်ချက်တည်းနှင့် သတိလစ်သွားခဲ့သည်။

“တောင်းပန်ပါတယ်ကွာ... ငါ အားနည်းနည်း များသွားလို့ မထိန်းလိုက်နိုင်ဘူး”

ရှုချွမ်းသည် မြေကြီးထဲတွင် ခေါင်းစိုက်နေသော ယန်ရှန်းကို ကြည့်ကာ အားနာဟန်ဖြင့် ပြောလိုက်သည်။

အကယ်၍ ယန်ရှန်းသာ သတိရနေပါက ရှုချွမ်း၏ စကားကြောင့် ဒေါသထွက်လွန်း၍ သွေးအန်သွားနိုင်ပေသည်။

ရှုချွမ်း၏ စကားကို ကြားတော့ စုမြောင်ရင်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။

“စီနီယာအစ်ကိုရှု... အစ်ကိုက သူ့ကို သတ်နိုင်ဖို့ ယုံကြည်ချက် မရှိဘူးလို့ ပြောထားပြီးတော့၊ အခုကျ သူက အစ်ကို လက်သီးတစ်ချက်ကိုတောင် မခံနိုင်ပါလား”

ဒါကို ကြားတော့ ရှုချွမ်းက အားနာစွာ ပြုံးလိုက်သည်။ သူက ကံတရားက ရွေးချယ်ထားတဲ့ ဇာတ်လိုက်ပဲလေ၊ ဒီလောက်တော့ အသုံးမကျသင့်ပေ။

သို့သော် ရှုချွမ်း မစဉ်းစားမိသည်မှာ ယန်ရှန်းမှာ လူများစွာ၏ လိုက်ဖမ်းမှုကို ခံနေရပြီး ဒဏ်ရာများစွာ ရရှိထားခြင်း ဖြစ်သည်။

ထိုကာလအတွင်း သူသည် သတိ ကို အစွမ်းကုန် စုစည်းထားရပြီး အခက်အခဲများစွာကြားမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်သည် သူ၏ သတိနှင့် ခုခံအား အနိမ့်ဆုံး အချိန်ဖြစ်သည်။

ထိုသို့သော အခြေအနေတွင် ရှုချွမ်း၏ အစွမ်းကုန် ထိုးလိုက်သော လက်သီးကို မည်သူ တောင့်ခံနိုင်ပါ့မလဲ။

ရှုချွမ်းသည် သစ်ပင်ဆီသို့ လျှောက်သွားကာ အထွတ်အထိပ်အရိုးကို ကောက်ယူလိုက်ပြီး အရိုးပေါ်ရှိ ဖုန်မှုန့်များကို ညင်သာစွာ သုတ်လိုက်သည်။

ထို့နောက် ၎င်းကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် သူသည် ယန်ရှန်းအနားသို့ သွားကာ သူ၏ သိုလှောင်လက်စွပ်ကို ချွတ်ယူလိုက်ပြီး ကန့်သတ်ချက် များကို အတင်းအကျပ် ဖျက်ဆီးကာ အထဲရှိ ပစ္စည်းအားလုံးကို ထုတ်ယူလိုက်သည်။

ယန်ရှန်း၏ သိုလှောင်လက်စွပ်ထဲတွင် ရှားပါးပြီး အဖိုးတန်သော ပစ္စည်းများစွာ ပြည့်နှက်နေသည်။

“တကယ့်ကို ကံတရားရဲ့ ဇာတ်လိုက် ပီသပါပေတယ်၊ ရတနာတွေက အပြည့်ပဲ”

ရှုချွမ်း စိတ်လှုပ်ရှားသွားသည်။

သူက ဒီလောက် ကြိုးစားပမ်းစား ရှာဖွေထားတာတောင် သူ၏ သိုလှောင်လက်စွပ်ထဲရှိ ရတနာများမှာ ယန်ရှန်း၏ သုံးပုံတစ်ပုံကိုပင် မမီပေ။

“ကိုယ့်ထက်သာတာ မြင်ရင် မနာလိုမဖြစ်နဲ့” ဆိုတဲ့ စကားက မှန်တာပဲ။

ရှုချွမ်းသည် ရတနာအားလုံးကို မညှာမတာ သိမ်းဆည်းလိုက်ပြီးနောက် သိုလှောင်လက်စွပ်ကို အဝေးသို့ လွှင့်ပစ်လိုက်သည်။

စနစ်၏ အချက်အလက်များအရ ထိုဧကရာဇ်အရှင်တစ်ပိုင်း ၏ ဝိညာဉ် ရွှေယိချန်မှာ ဤသိုလှောင်လက်စွပ်ထဲတွင် ရှိနေသည်။

ရှုချွမ်းသည် ထိုအရာကို မလိုချင်ပေ။

ဘယ်သူကများ ဆံပင်ဖြူအဖိုးကြီး တစ်ယောက်က ကိုယ့်နောက်ကို တစ်နေကုန် လိုက်နေတာကို လက်ခံနိုင်မှာလဲ။

အိမ်သာတောင် စိတ်အေးလက်အေး တက်လို့ရမှာ မဟုတ်ဘူး။ ဒါကို တွေးမိရုံနဲ့တင် ရှုချွမ်းက ရွံရှာမိသည်။ သို့သော် သူသည် ထိုဝိညာဉ်ကို ယခုအချိန်တွင် တိုက်ရိုက် မသတ်နိုင်သေးသဖြင့် စွန့်ပစ်လိုက်ရန်သာ တတ်နိုင်ခြင်း ဖြစ်သည်။

အရာအားလုံး ပြီးစီးသွားသောအခါ ရှုချွမ်းသည် စုမြောင်ရင်ကို ခေါ်ကာ ထိုနေရာမှ ထွက်လညခဲ့သည်။ ဤနေရာမှာ လုံခြုံသည့် နေရာမဟုတ်ဘဲ မကြာမီ တစ်စုံတစ်ဦး ရောက်ရှိလာပေလိမ့်မည်။

ယန်ရှန်းအတွက်မူ သူက ဂရုမစိုက်တော့ပေ။

ကံတရားက ရွေးချယ်ထားတဲ့ ဇာတ်လိုက်ဆိုတာ ဒီလောက် လွယ်လွယ်နဲ့တော့ သေမှာ မဟုတ်ပေ။

All Chapters