အခန်း ၇၂
Vol. 8 Ch. 72
အခန်း (၇၂) အထွတ်အထိပ်အရိုးနှင့် ပေါင်းစည်းခြင်း၊ နတ်ဘုရားစွမ်းအား နယ်ပယ် အဆင့် ၅
သို့သော် ရှုချွမ်း အံ့ဩသွားသည်မှာ သူလွှင့်ပစ်လိုက်သော သိုလှောင်လက်စွပ်သည် ယန်ရှန်း၏ လက်ထဲသို့ အလိုအလျောက် ပြန်လည်ရောက်ရှိသွားခြင်းပင်။
သိသာသည်မှာ ထိုလက်စွပ်နှင့် ယန်ရှန်းမှာ တစ်သားတည်း ဖြစ်နေပြီဖြစ်၍ ခွဲခြား၍ မရနိုင်တော့ပေ။
“ဘယ်သူလဲ... ဘယ်သူ ငါ့ကို ခိုးရိုက်လိုက်တာလဲ...”
ရှုချွမ်းတို့ ထွက်သွားပြီး တစ်နာရီခန့်အကြာတွင် ယန်ရှန်း နောက်ဆုံး၌ နိုးလာခဲ့သည်။
သူသည် မြေကြီးထဲမှ ခေါင်းကို ဆွဲထုတ်ပြီးနောက် ပထမဆုံး လုပ်သည့်အလုပ်မှာ သူ့ကို လက်သီးဖြင့် ထိုးခဲ့သော တိုက်ခိုက်သူကို ပတ်ဝန်းကျင်တွင် လိုက်ရှာခြင်း ဖြစ်သည်။
သို့သော် ရှုချွမ်းမှာ ထွက်သွားသည်မှာ ကြာပြီဖြစ်ရာ သူ မည်သို့ ရှာတွေ့နိုင်ပါတော့မှာလဲ။
ဒါဟာ အချည်းနှီးသော ကြိုးစားမှုတစ်ခု ဖြစ်သွားဖို့ ကံပါလာခဲ့ပြီ။
ရုတ်တရက်... သူ တစ်ခုခုကို သတိရသွားပုံရသည်။
“အထွတ်အထိပ်အရိုး...”
“ငါ ခက်ခက်ခဲခဲ လုယူထားတဲ့ အထွတ်အထိပ်အရိုး ဘယ်ရောက်သွားတာလဲ...”
သူသည် အလန့်တကြားဖြင့် ရင်ခွင်ထဲနှင့် နေရာအနှံ့ကို လိုက်လံရှာဖွေတော့သည်။
သို့သော် လုံးဝ ရှာမတွေ့ခဲ့ပေ။
နောက်ဆုံးတွင် သူသည် စိတ်ဓာတ်ကျစွာဖြင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ကောင်းကင်ကို ကြည့်ကာ မှိုင်တွေနေမိတော့သည်။
ထို့နောက် သူသည် သူ၏ ဒဏ်ရာများကို ကုသရန် သိုလှောင်လက်စွပ်ကို ဖွင့်၍ ဆေးလုံးတစ်လုံး ထုတ်ယူရန် ပြင်လိုက်သည်။
သို့သော် သူသည် လက်ခံရန် ပို၍ပင် ခက်ခဲသော အမှန်တရားတစ်ခုကို ရှာတွေ့သွားပြန်သည်။
“ဘယ်ကောင်က ငါ့လက်စွပ်ထဲက ပစ္စည်းတွေအကုန် ခိုးသွားတာလဲ။ ငါ့အဝတ်အစား အပိုတွေတောင် ချန်မထားဘူးလားကွ...”
“အဲဒါ ဘယ်သူလဲဆိုတာ ငါသိရင်တော့ မင်းရဲ့ အသက်နဲ့ ပြန်ပေးဆပ်ခိုင်းမယ်...”
ဗလာဖြစ်နေသော သိုလှောင်လက်စွပ်က သူ၏ နုနယ်လှသော နှလုံးသားကို ပို၍ပင် နာကျင်စေခဲ့သည်။ သူသည် သူ၏ ဝမ်းနည်းမှုနှင့် ဒေါသများကို ကောင်းကင်သို့ အော်ဟစ် ပေါက်ကွဲလိုက်မိသည်။
ထိုအချိန်မှာပင်...
ပြင်းထန်လှသော မူလချီ လှိုင်းတစ်ခု အဝေးမှ ထွက်ပေါ်လာရာ ယန်ရှန်းမှာ ချက်ချင်း သတိပြန်ဝင်လာသည်။
“မကောင်းတော့ဘူး... သူတို့ လိုက်မှီလာပြီ...”
သူ၏ မျက်နှာမှာ ချက်ချင်း ပျက်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် ယန်ရှန်းကို တွေ့ရှိသွားသကဲ့သို့ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အင်အားကြီး အောအရာ များမှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။
လိုက်ဖမ်းနေသော သိုင်းပညာရှင် ဦးရေမှာ ယခင်ကထက်ပင် ပိုများနေပြီ ဖြစ်သည်။
ထို့အပြင် ၎င်းတို့ထဲတွင် အလွန် သန်မာသော အော်ရာ အချို့လည်း ပါဝင်နေသည်။
ငါ ဘယ်လောက်တောင် သတိလစ်သွားတာလဲ။
ကျိုးကြောင်းဆင်ခြင်ရရင် သူတို့ ဒီလောက် မြန်မြန် ငါ့ကို လိုက်မမှီနိုင်ပေ။
သူ့ကို ဘယ်သူ သတိလစ်အောင် လုပ်ပြီး ပစ္စည်းတွေ လုသွားသလဲဆိုတာ သူ ဂရုမစိုက်နိုင်တော့ပေ။
သူ အခုလုပ်နိုင်တာက အသက်လု ထွက်ပြေးဖို့ပဲ ရှိတော့သည်။
ယန်ရှန်း ကောင်းကောင်း သိထားသည်မှာ အကယ်၍ ဤလူအုပ်ကြီးသာ သူ့ကို မိသွားပါက သူ ကျိန်းသေ ပွဲချင်းပြီး သေရမည် ဆိုခြင်းပင်။
ဘာကြောင့်လဲဆိုတော့ သူတို့ လိုချင်နေတဲ့ အထွတ်အထိပ်အရိုးက အခိုးခံလိုက်ရပြီ မဟုတ်ပါလား။
ယန်ရှန်းက အရိုးကို ထုတ်မပေးနိုင်ပေ။ ဒါပေမဲ့ ငါ အဲဒီလို ပြောရင်ရော ဘယ်နှစ်ယောက်က ယုံမှာလဲ။ ဒါကြောင့် အမိခံရရင်တော့ သေပြီသာမှတ်။
“ဆရာပြောဖူးတာတော့ ဒီနေရာရဲ့ အတွင်းပိုင်းထဲမှာ ဝင်တဲ့သူတိုင်းကို စမ်းသပ်မှုတစ်ခု ပေးမယ့် နေရာရှိတယ်တဲ့။ အဲဒီနေရာကို သွားပြီး စမ်းသပ်မှုကို အောင်မြင်အောင် လုပ်တာကလွဲလို့ လွတ်မြောက်ဖို့ တခြားနည်းလမ်း မရှိတော့ဘူး”
ယန်ရှန်းသည် ထွက်ပြေးရင်း အခြေအနေကို ခွဲခြမ်းစိတ်ဖြာနေသည်။
ဤကဲ့သို့ အခြေအနေတွင် သူ လုံးဝ ထိတ်လန့်သွား၍ မဖြစ်ပေ။
သူသည် အချိန်မဆွဲတော့ဘဲ သူ၏ ကိုယ်ယောင်ဖျောက်ကျင့်စဉ် ကို သုံးကာ ထိုနေရာသို့ အပြင်းအထန် ပြေးထွက်ခဲ့သည်။
သို့သော်လည်း သူ၏ စိတ်ထဲတွင်တော့ နာကျည်းမှုနှင့် မခံချင်စိတ်များက ကျန်ရစ်နေဆဲပင်။
သူ ခက်ခဲစွာ လုယူထားသော အထွတ်အထိပ်အရိုးမှာ လမ်းခုလတ်တွင် အခိုးခံလိုက်ရပြီး တခြား ရတနာများလည်း အလုခံလိုက်ရသည်။
နောက်ဆုံးမှာတော့ သူသည် တခြားသူအတွက် ဓားစာခံဖြစ်ပြီး တခြား သိုင်းသမားတွေရဲ့ တိုက်ခိုက်မှုကို ခံနေရရုံသာ ရှိတော့သည်။
သူ့ကို သတိလစ်အောင် လုပ်သွားတဲ့ လျှို့ဝှက်လူကတော့ အလွယ်တကူ လွတ်မြောက်သွားခဲ့ပြီ။ ဒါဟာ တကယ့်ကို "မယားလည်းဆုံး၊ အိတ်လည်းပေါက်" တဲ့ ကိန်းပဲ။
“ငါ ယန်ရှန်း ကျိန်ဆိုတယ်... မင်းကို ငါ ကျိန်းသေ သတ်ပြီး မြေမြှုပ်ဖို့ နေရာတောင် မရှိစေရဘူး...”
သူသည် ဒေါသတကြီးဖြင့် သွားကြိတ်ကာ ကျိန်ဆိုလိုက်သည်။
“သူ အဲဒီမှာ...”
“မြန်မြန်... သူ့နောက်ကို လိုက်ကြ။ သူ သိပ်မဝေးသေးဘူး”
“သူ့ကို သတ်... အထွတ်အထိပ်အရိုးက သူ့ဆီမှာ ရှိတယ်။ သူ့ကို သတ်နိုင်ရင် အရိုးကို ရလိမ့်မယ်”
“သူ့ကို နောက်တစ်ခါ ထပ်လွတ်ခွင့် မပေးနဲ့တော့”
နောက်ကွယ်တွင် ယန်ရှန်း ထွက်ပြေးနေသည်ကို တစ်စုံတစ်ဦးက မြင်သွားပြီ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနေရာမှာ အော်ဟစ်သံများဖြင့် ဆူညံသွားတော့သည်။
သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသော အသံများမှာ သူ၏ နားထဲသို့ ရောက်ရှိလာသည်။
ထိုအသံများကို ကြားရသောအခါ ယန်ရှန်းမှာ ပို၍ပင် ထိတ်လန့်လာပြီး နောက်သို့ တစ်ချက်ကလေးတောင် လှည့်မကြည့်ရဲတော့ပေ။
သူ လှည့်ကြည့်လိုက်ချိန်တွင် ထိုလူများက သူ့ကို မိသွားပြီး အပိုင်းပိုင်း ဆွဲဖြတ်ပစ်မည်ကို သူ ကြောက်နေမိသည်။
သူသည် အရာအားလုံးကို လျစ်လျူရှုကာ ဆရာပြောခဲ့သော စမ်းသပ်မှုပြုလုပ်မယ့် နေရာသို့ အမြန်ဆုံး ရောက်ရှိရန်သာ အသည်းအသန် မျှော်လင့်နေတော့သည်။
…………
အခြားတစ်ဖက်တွင်...
ရှုချွမ်းသည် စုမြောင်ရင်ကို ခေါ်ကာ အေးအေးလူလူ လမ်းလျှောက်နေသည်။
တစ်လမ်းလုံးတွင် သူတို့သည် အခြားသိုင်းပညာရှင် များနှင့် မဆုံခဲ့ကြပေ။
ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင်ရှိ သိုင်းပညာရှင် အားလုံးမှာ အထွတ်အထိပ်အရိုး နောက်သို့သာ လိုက်နေကြသောကြောင့် ဖြစ်သည်။
အခုဆိုရင် သူတို့အားလုံး ယန်ရှန်းနောက်ကိုပဲ လိုက်နေကြလောက်ပြီ။
သူတို့ လမ်းလျှောက်လာရင်း လုံခြုံစိတ်ချရသော ဂူတစ်ခုသို့ ရောက်ရှိလာသည်။
ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် ရှုချွမ်းသည် အထွတ်အထိပ်အရိုးနှင့် ပေါင်းစည်းရန် ဤနေရာကို ရွေးချယ်လိုက်သည်။
“ဂျူနီယာညီမလေး မြောင်ရင်... အစ်ကို အထွတ်အထိပ်အရိုးနဲ့ ပေါင်းစပ်နေတုန်းမှာ ဘေးရန်ကင်းအောင် အစ်ကိုကို ကာကွယ်ပေးဖို့ အကူအညီ တောင်း ပါရစေ”
ရှုချွမ်းက သူ၏ ဘေးမှ စုမြောင်ရင်ကို ပြောလိုက်သည်။
ခင်မင်မှုအဆင့် ၉၀ ရှိနေသဖြင့် ရှုချွမ်းသည် သူမအပေါ် အလွန် ယုံကြည်စိတ်ချနေမိသည်။
“ဟုတ်ကဲ့ စီနီယာအစ်ကိုရှု... ပေါင်းစည်းတာ ကိုပဲ အာရုံစိုက်ပါ။ ကျွန်မ အစ်ကို့ကို သေသေချာချာ ကာကွယ်ပေးထားပါ့မယ်”
စုမြောင်ရင်က ခေါင်းညိတ်ကာ ရှုချွမ်း၏ တောင်းဆိုမှုကို ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်သည်။
သူမသည် အထွတ်အထိပ်အရိုးအပေါ် စိတ်ဝင်စားမှု လုံးဝ မရှိပေ။
သူမ၏ စိတ်ထဲတွင် ဖီးနစ်မျိုးနွယ်စု ထံမှ အမွေရရှိထားသော မှတ်ဉာဏ်များစွာ ရှိနေသည်။
သူမ၌ ဧကရာဇ်အဆင့် ကျင့်စဉ် များနှင့် ကောင်းကင်အဆင့် သိုင်းပညာများစွာ ရှိပြီးသားဖြစ်ကာ ၎င်းတို့မှာ သူမနှင့် အသင့်တော်ဆုံး ဖြစ်ကြသည်။
သူမအတွက် ဤအထွတ်အထိပ်အရိုးကို လုံးဝ မလိုအပ်ပေ။
အရိုးနှင့် သွေးကြော များကို သန့်စင်ရန်အတွက်မူ ရှုချွမ်း ယခင်က ပေးခဲ့သော 'ဖီးနစ်အသီး' က လုံလောက်နေပြီ ဖြစ်သည်။
ရှုချွမ်းသည် ဂူအတွင်း၌ တင်ပျဉ် ခွေ ထိုင်လိုက်ပြီး သူ့ကိုယ်သူ အကောင်းဆုံး အခြေအနေသို့ ရောက်အောင် ညှိ ကာ စိတ်ကို ငြိမ်သက်စေလိုက်သည်။
တည်ငြိမ်အေးချမ်းသော အခြေအနေသို့ ရောက်ရှိရန် ကြိုးစားလိုက်သည်။
အမွှေးတိုင် တစ်တိုင်စာ ခန့် ကြာပြီးနောက်...
“အချိန်တန်ပြီ...”
ရှုချွမ်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး အတွေး ဖြင့် ခေါ်ယူလိုက်ရာ အထွတ်အထိပ်အရိုးမှာ သူ၏ လက်ထဲတွင် ပေါ်လာသည်။
ထိုအခါမှသာ သူသည် အထွတ်အထိပ်အရိုးကို သေချာစွာ စစ်ဆေးကြည့်တော့သည်။
ဤအရိုးမှာ တစ်ခုလုံး ရွှေရောင် တောက်ပနေပြီး ၎င်းပေါ်တွင် လက်ရာမြောက်လှသော စာလုံးများ မြောက်မြားစွာ ထွင်းထုထားသည်။
အလွန်တရာ နက်နဲပြီး ခန့်ညားထည်ဝါလှသဖြင့် စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။
“ငါနဲ့ ပေါင်းစည်းစမ်း...”
ရှုချွမ်း အော်ဟစ်လိုက်သည်နှင့် သူ၏ လက်ထဲမှ အထွတ်အထိပ်အရိုးမှာ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားသည်။
ဘုန်း... ဘုန်း... ဘုန်း...
“အားးး...”
ရှုချွမ်း၏ နှုတ်ဖျားမှ စူးရှသော အော်ဟစ်သံ ထွက်ပေါ်လာသည်။
သူ၏ ခန္ဓာကိုယ်မှာ ဝိညာဉ်ကို အတင်းအကျပ် ဆွဲဖြတ်ခံနေရသကဲ့သို့ ပြင်းထန်စွာ တုန်ယင်နေတော့သည်။
သူ၏ သန်မာလှသော နေမင်းသူတော်စင် ခန္ဓာကိုယ်မှာလည်း အက်ကွဲလာပြီး ဒဏ်ရာများမှ သွေးများ အဆက်မပြတ် စီးကျလာသည်။
ဤကဲ့သို့ နာကျင်မှုမျိုးမှာ သာမန်လူများအတွက် လုံးဝ တောင့်မခံနိုင်သော အရာဖြစ်သည်။
သို့သော်လည်း ရှုချွမ်းသည် လက်လျှော့ရန် မရွေးချယ်ခဲ့ပေ။
သူ၏ မျက်လုံးများမှာ ထူးထူးခြားခြား တည်ငြိမ်နေပြီး သွားကို ကြိတ်ကာ အထွတ်အထိပ်အရိုးကို သန့်စင်နေသည်။
“ဒါက အရိုးတစ်ခုပဲလေ... ကောင်းကင် ကို ပြောင်းပြန်လှန်နိုင်မယ်လို့ ထင်နေတာလား...”
ရှုချွမ်းက အံ့ ကြိတ်ရင်း ခိုင်မာသော စိတ်ဓာတ်ဖြင့် ပြောလိုက်သည်။
ထို့နောက် သူသည် သူ၏ စွမ်းအားအားလုံးကို စုစည်းကာ အထွတ်အထိပ်အရိုးကို သန့်စင်ရန် 'မဟာယန် ကျင့်စဉ်' ကို လည်ပတ်လိုက်သည်။
မည်မျှကြာသွားသည်ကို မသိရပေ။ နောက်ဆုံးတွင် နာကျင်မှုများ ပျောက်ကွယ်သွားခဲ့ပြီး ကြီးမားလှသော အချက်အလက်များစွာ သူ၏ စိတ်ထဲသို့ စီးဝင်လာသည်။
သူ၏ စိတ်ထဲတွင် ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခု ပေါ်လာသည်။
ဤသူမှာ အထွတ်အထိပ်အရိုး၏ မူလပိုင်ရှင် ဖြစ်ကြောင်း ရှုချွမ်း နားလည်လိုက်သည်။
သူသည် စိတ်ကို အမြန်စုစည်းကာ ထိုပုံရိပ်ကို စိုက်ကြည့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ထိုပုံရိပ်၏ ငယ်စဉ်မှစ၍ အရွယ်ရောက်သည်အထိ တစ်သက်တာလုံး၏ သိုင်းပညာ အတွေ့အကြုံများမှာ ရှုချွမ်း၏ စိတ်ထဲတွင် ပေါ်လာသည်။
သူသည် ထိုအတွေ့အကြုံများကို နားလည်အောင် ကြိုးစားပြီး စတင် စုပ်ယူလိုက်သည်။
အဆင့်များမှာ "ခန္ဓာကိုယ် သန့်စင်ခြင်း၊ ချီစုစည်းခြင်း၊ သေမျိုးအဆင့်ကျော်လွန်ခြင်း၊ နတ်ဘုရားစွမ်းအား၊ နိဗ္ဗာနနယ်ပယ်၊ ကမ္မနယ်ပယ်၊ ကောင်းကင်တက်လှမ်းခြင်း၊ ကောင်းကင်ဘုရင်၊ ဧကရာဇ်အရှင်နယ်ပယ်" တို့ ဖြစ်ကြသည်။
ရှုချွမ်းက ထိုအဆင့်အားလုံးမှ သိုင်းပညာ အတွေ့အကြုံများကို စုပ်ယူလိုက်သည်။
သူ၏ သိုင်းပညာပိုင်း အားနည်းချက်များမှာ တဖြည်းဖြည်း ပြည့်စုံလာခဲ့သည်။
နိဗ္ဗာနနယ်ပယ် နောက်ပိုင်းမှ အတွေ့အကြုံများကိုမူရှုချွမ်းအနေဖြင့်် ယခုအချိန်တွင် မရယူနိုင်သေးသဖြင့် ၎င်းတို့မှာ သူ၏ စိတ်ထဲတွင် အလိုအလျောက် ချိပ်ပိတ်သွားသည်။
ချက်ချင်းဆိုသလိုပင် အထွတ်အထိပ်အရိုးအတွင်းရှိ ကြီးမားလှသော စွမ်းအားများ ထွက်ပေါ်လာသည်။
ထို့နောက် ၎င်းတို့ကို ရှုချွမ်းက မဟာယန် ကျင့်စဉ်ကို သုံးကာ စုပ်ယူ သန့်စင်လိုက်သည်။
သူ၏ ကျင့်ကြံခြင်းနယ်ပယ်မှာ အံ့ဩဖွယ်ကောင်းလောက်အောင် မြန်ဆန်သော အရှိန်ဖြင့် တိုးတက်လာခဲ့သည်။
နတ်ဘုရားစွမ်းအားနယ်ပယ် အဆင့် ၁ အထွတ်အထိပ်...
နတ်ဘုရားစွမ်းအားနယ်ပယ် အဆင့် ၂...
နတ်ဘုရားစွမ်းအားနယ်ပယ် အဆင့် ၃...
နတ်ဘုရားစွမ်းအားနယ်ပယ် အဆင့် ၅သို့ ရောက်ရှိမှသာ ရပ်တန့်သွားတော့သည်။
ဒါဟာ ပြီးပြည့်စုံသွားခြင်းပင်။ သူသည် ဧကရာဇ်နယ်ပယ်၏ သိုင်းပညာ အတွေ့အကြုံများကို ရရုံတင်မကဘဲ နတ်ဘုရားစွမ်းအားနယ်ပယ် အဆင့် ၅သိုင်းပညာရှင် တစ်ဦးအဖြစ်သို့လည်း ခုန်တက်သွားခဲ့သည်။
တစ်ခုတည်းသော နောင်တရစရာမှာ ဧကရာဇ်အရှင်၏ အမွေအနှစ်ကို မရရှိခဲ့ခြင်းပင်။
ဒီအထွတ်အထိပ်အရိုးက ဇာတ်လိုက်အတွက် ပြင်ဆင်ထားတာ ဖြစ်နေလို့ပဲ ဖြစ်နိုင်ပါလိမ့်မည်။