အခန်း ၇၃
Vol. 8 Ch. 73
အခန်း (၇၃) တံခါးပိတ်ကျင့်ကြံပြီး ၍ ဂူအပြင်ထွက်လာခြင်း၊ မိစ္ဆာ ရှုချန်
ကျင့်ကြံခြင်းအဆင့်မှာ လုံးဝ တည်ငြိမ်သွားပြီးနောက် ရှုချွမ်းသည် ကျင့်ကြံခြင်း အခြေအနေမှ နောက်ဆုံးတွင် နိုးထလာခဲ့သည်။
နတ်ဘုရားစွမ်းအားနယ်ပယ် အဆင့် ၅ သို့ ရောက်ရှိသွားပြီဖြစ်ရာ ဤရှေးဟောင်းနန်းတော် ကမ္ဘာအတွင်း သူ စိတ်ကြိုက် လှည့်လည်သွားလာနိုင်ပြီဟု ရှုချွမ်း ယုံကြည်ချက် အပြည့် ရှိနေသည်။
ယခုအချိန်မှစ၍ သူက အထူးတလည် ပုန်းလျှိုးကွယ်လျှိုး လုပ်နေစရာ မလိုတော့ပေ။
ဤခရီးစဉ်၏ ရည်မှန်းချက် အတော်များများကိုလည်း သူက အောင်မြင်ခဲ့ပြီ ဖြစ်ရာ ရည်မှန်းချက် တစ်ခုသာ ကျန်တော့သည်။
၎င်းမှာ ရှေးဟောင်းနန်းတော် ကမ္ဘာ၏ အလယ်ဗဟိုသို့ သွားရောက်ကာ 'ရွှေရောင် ရှေးဟောင်းနန်းတော် စမ်းသပ်မှု' တွင် ပါဝင်ရန်ပင် ဖြစ်သည်။
ထိုစမ်းသပ်မှုတွင် ပါဝင်သူများသည် ကြီးမားသော ဆုလာဘ်များကို ရရှိကြလိမ့်မည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် သူလည်း သူ၏ အရည်အချင်းမှာ ဘယ်လောက်အထိ ရှိသည်ကို စမ်းသပ်ကြည့်ချင်မိသည်။
ရှုချွမ်းသည် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြုပြင်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ ထိုအချိန်တွင် ကျောက်နံရံကို မှီ၍ အိပ်ပျော်နေသော စုမြောင်ရင်ကို တွေ့လိုက်ရသည်။
ရှုချွမ်းကို ကာကွယ်ပေးနေစဉ်အတွင်း သူမသည် တစ်ညလုံး မအိပ်ဘဲ စောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်သည်။
ရှုချွမ်း နာကျင်စွာ ရုန်းကန်နေရသည်ကို သူမ ပထမဆုံး မြင်လိုက်ရစဉ်က သူမ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ရှုချွမ်း၏ သိုင်းပညာ အတွေ့အကြုံများ စတင် ရယူနိုင်ချိန်ကျမှသာ သူမ စိတ်အေးသွားခဲ့ရသည်။
ထို့နောက်တွင်လည်း သူမသည် သူ၏ ဘေးမှ မခွာဘဲ ဆက်လက် စောင့်ရှောက်ပေးခဲ့ပြီး နောက်ဆုံးတွင် အလွန်အမင်း ပင်ပန်းသွားသဖြင့် ကျောက်နံရံကို မှီကာ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။
ရှုချွမ်း အနေဖြင့် အထွတ်အထိပ်အရိုးနှင့် ပေါင်းစည်းရန် ငါးရက် တိတိ အချိန်ယူခဲ့ရသည်။
မိန်းကလေး၏ ပင်ပန်းနွမ်းနယ်နေသော ပုံစံကို မြင်ရတော့ ရှုချွမ်းမှာ သူမကို မနှိုး တော့ဘဲ သူမ အိပ်ပျော်နေသည်ကို တိတ်တဆိတ် စိုက်ကြည့်နေမိသည်။
နေမြင့်လာချိန်ကျမှသာ စုမြောင်ရင် တစ်ယောက် နိုးလာခဲ့တော့သည်။
“အား...”
သူမ မျက်လုံးဖွင့်လိုက်သည်နှင့် ပြုံးရွှင်သော မျက်နှာဖြင့် သူမကို စိုက်ကြည့်နေသည့် ရှုချွမ်းကို တွေ့လိုက်ရသဖြင့် လန့်သွားသော ယုန်ကလေးတစ်ကောင်ကဲ့သို့ သူမသည် ရုတ်တရက် ခုန်ထလိုက်မိသည်။
“စီနီယာအစ်ကိုရှု... ဘယ်တုန်းက ကျင့်ကြံလို့ပြီးသွားတာလဲဟင်။ ကျွန်မ အိပ်နေတာ ဘယ်လောက်တောင် ကြာသွားပြီလဲ”
သူမသည် သူမ၏ ဆံနွယ်များကို သပ်ရပ်အောင် ပြုပြင်ရင်း ရှက်ကိုးရှက်ကန်း မေးလိုက်သည်။
“ငါလည်း ခုတင်လေး ပဲ ပြီးတာပါ၊ မင်း အိပ်မောကျနေတာ မြင်လို့ မနှိုးတော့တာ”
ရှုချွမ်းက ပြုံးလျက် ပြောလိုက်သည်။
“ကျွန်မ တကယ် အိပ်ချင်သွားလို့ပါ...”
စုမြောင်ရင်က မျက်နှာလေးနီကာ ပြောရှာသည်။
“ရပါတယ်... သွားကြစို့။ မင်း ငါ့နောက်လိုက်နေတာနဲ့တင် အချိန်တွေ အများကြီး ကုန်သွားပြီ၊ အခုတော့ မင်းအတွက် အခွင့်အရေးတွေကို သွားရှာရအောင်”
ရှုချွမ်းက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ သူက လုံးဝ ဂရုမစိုက်ပေ။
မိန်းကလေးသည် သူ၏ ဘေးတွင် ရက်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့ရာ သူသာ ထပ်ပြီး ညည်းညူနေမည်ဆိုလျှင် ကျေးဇူးကန်းရာ ရောက်ပေလိမ့်မည်။
“ကျွန်မတို့ ဘယ်ကို သွားမှာလဲဟင်”
စုမြောင်ရင်က သိလိုစိတ်ဖြင့် မေးသည်။
“နေရာကောင်းတစ်ခုပေါ့၊ လူတိုင်းအတွက် အခွင့်အရေးတွေ ရှိတဲ့နေရာ”
သူမ၏ စိတ်ဝင်စားနေသော ပုံစံကို မြင်တော့ ရှုချွမ်းက သူမကို စချင်စိတ် ပေါက်လာကာ လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့် ပြောလိုက်သည်။
“အို... စီနီယာအစ်ကိုရှုကလည်း၊ ပြောပြပါနော်”
လျှို့ဝှက်လေလေ သူမ ပိုသိချင်လေလေ ဖြစ်သည်။ သူမသည် ရှုချွမ်း၏ လက်မောင်းကို ဆွဲကာ ကလေးတစ်ယောက်လို ချွဲနွဲ့နေတော့သည်။
“ကဲပါ... ကဲပါ... ပြောပါ့မယ်”
ရှုချွမ်းမှာ ဤချွဲနွဲ့မှုဒဏ်ကို မခံနိုင်တော့ဘဲ သူမ၏ လက်များကို အသာဖယ်လိုက်သည်။
“ဒီကမ္ဘာရဲ့ အလယ်ဗဟိုမှာ စမ်းသပ်မှုပြုလုပ်တဲ့ နေရာတစ်ခု ရှိတယ်၊ အဲဒီကို ရောက်တဲ့သူတိုင်းဟာ စမ်းသပ်မှုထဲ ဆွဲခေါ်ခံရမှာဖြစ်ပြီး အဆင့်တစ်ခု အောင်မြင်တိုင်း ဆုလာဘ်တစ်ခု ရလိမ့်မယ်။ ဆုလာဘ်တွေထဲမှာ ရှားပါးပစ္စည်းတွေ၊ လက်နက်တွေနဲ့ အမွေအနှစ်တွေတောင် ပါဝင်တယ်။ အဆင့်တိုင်းရဲ့ ဆုလာဘ်တွေကတော့ မတူဘူး၊ ဒါပေမဲ့ အားလုံးက အပြင်မှာ ရှာရခက်တဲ့ အရာတွေကြီးပဲ”
ရှုချွမ်းက သူမကို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
ထိုအခါမှ သူ နားလည်သွားသည်။
စုမြောင်ရင်သည် ရွှေရောင် ရှေးဟောင်းနန်းတော်အတွင်း၌ ဘာတွေရှိသည်ကို ကြိုတင် မသိဘဲနှင့် သူ့ကို လာရှာရန် သက်သက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူမ၏ ဆရာသည် သူမကို ဤနေရာသို့ မည်သို့ စိတ်ချလက်ချ လွှတ်လိုက်သည်ကိုပင် သူက မတွေးတတ်တော့ဘဲ ရှုချွမ်း ခေါင်းခါရင်း ရယ်မောမိလိုက်သည်။
“ဪ... ဒါမျိုးကိုး”
စုမြောင်ရင်မှာ ယခုမှပင် သဘောပေါက်သွားတော့သည်။
“စီနီယာအစ်ကိုရှု... သွားကြစို့၊ နောက်ကျသွားရင် ဆုလာဘ်တွေ အကုန်ယူခံရလိမ့်မယ်”
ပြောပြီးသည်နှင့် သူမသည် ရှုချွမ်း၏ လက်ကို ဆွဲကာ ဂူထဲမှ အတူတူ ထွက်လာခဲ့ကြသည်။
ရုတ်တရက်...
ရှေ့မှ သစ်တောထဲမှ အမျိုးသားတစ်ဦး ထွက်ပေါ်လာပြီး ရှုချွမ်းနှင့် စုမြောင်ရင်တို့၏ လမ်းကို ပိတ်ဆို့ထားလိုက်သည်။
“ဟော... ဒါ ဘယ်သူပါလိမ့်။ ဒါ ထိုက်ယိမြင့်မြတ်နယ်မြေရဲ့ နာမည်ကျော် တိုက်ရိုက် တပည့်အသစ် ရှုချွမ်း မဟုတ်လား၊ မင်း အခုထိ အသက်ရှင်နေသေးတာပဲလား”
ထိုအမျိုးသားမှာ အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အနက်ရောင် ဦးထုပ်ဆောင်းထားရာ သူ၏ မျက်နှာကို လုံးဝ ဖုံးအုပ်ထားသည်။
သူ၏ အသံမှာ အလွန်ပင် အက်ကွဲနေသော်လည်း “ထိုက်ယိမြင့်မြတ်နယ်မြေ၏ တိုက်ရိုက် တပည့်” ဟူသော စကားလုံးများကို အလေးပေး ပြောဆိုနေပုံမှာ နားထောင်ရ အလွန် ဆိုးရွားလှသည်။
“မင်းက ဘယ်သူလဲ၊ ဘာလို့ ငါတို့လမ်းကို ပိတ်နေတာလဲ”
ရှုချွမ်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဘာကြောင့်မှန်း မသိသော်လည်း ဤလူကို မြင်ရသည်မှာ တစ်နေရာရာတွင် ရင်းနှီးနေသကဲ့သို့ သူက ခံစားရသည်။
“သခင်လေးရှုက တကယ်ကို မှတ်ဉာဏ် အားနည်း တာပဲ၊ ငါ့ကို ဒီလောက် မြန်မြန် မေ့သွားလိမ့်မယ်လို့ မထင်ထားဘူး။ မင်း ငါ့ကို မေ့နေပေမဲ့ ငါကတော့ မင်းကို သေချာ မှတ်မိနေတယ်။ ငါ ဘယ်သူလဲဆိုတာ သေချာ ကြည့်လိုက်စမ်း”
ပြောပြီးသည်နှင့် သူက ဆောင်းထားသော ဦးထုပ်ကို ချွတ်လိုက်ရာ သူ၏ မျက်နှာ ပေါ်ထွက်လာတော့သည်။
ဒါဟာ ဘယ်လို မျက်နှာမျိုးပါလိမ့်... ကြောက်မက်ဖွယ်ကောင်းသော အရေးအကြောင်းများ၊ ထိတ်လန့်ဖွယ် အမာရွတ်များနှင့် အနီကွက်များဖြင့် ပြည့်နှက်နေသည်။
ကလေးတစ်ယောက်သာ မြင်လျှင်တော့ ထိုနေရာမှာတင် ငိုချသွားပေလိမ့်မည်။
ဤမျက်နှာကို မြင်လိုက်ရသောအခါ ရှုချွမ်း၏ မျက်ခုံးများ ပို၍ပင် တွန့်ချိုးသွားသည်။
သူ့ရှေ့မှ လူသည် သူ၏ မှတ်ဉာဏ်ထဲမှ မည်သူနှင့်မျှ မတိုက်ဆိုင်ပေ။ အထူးသဖြင့် ဤထိတ်လန့်ဖွယ် အမာရွတ်များကြောင့် ဖြစ်သည်။
“မင်းက တကယ်တော့ ဘယ်သူလဲ”
ရှုချွမ်း စိတ်မရှည်တော့ဘဲ ပြတ်ပြတ်သားသား မေးလိုက်သည်။
“ငါ ဘယ်သူလဲ ဟုတ်လား... ငါက ရှုချန်ကွ။ ရှုချွမ်း... မင်း ငါ့ကို မမှတ်မိဘူးလို့ ပြောရဲတယ်ပေါ့”
ရှုချွမ်းက သူ့ကို မမှတ်မိသေးကြောင်း ကြားလိုက်ရချိန်တွင် ရှုချန်မှာ ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွားပြီး ရှုချွမ်းကို ကြည့်ကာ အော်ဟစ်လိုက်သည်။
“ရှုချန်...”
ရှုချွမ်း အံ့အားသင့်သွားပြီး သူ၏ စိတ်ထဲတွင် ပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။
ရှုချန် ဆိုသည်မှာ ဂိုဏ်းပြိုင်ပွဲ၌ ရှုချွမ်းကို ရှုံးနိမ့်ပြီးနောက် ထိုက်ယိမြင့်မြတ်နယ်မြေမှ ထွက်ပြေးသွားသူ ဖြစ်သည်။
ရှုချန်သည် ယခင်က အလွန်အမင်း ချောမောသူ မဟုတ်သော်လည်း ယခုကဲ့သို့ ကြောက်မက်ဖွယ် ပုံစံမျိုးတော့ ကျိန်းသေ မဟုတ်ခဲ့ပေ။
ဒါကြောင့် ဤအတောအတွင်း သူ ဘာတွေ ကြုံတွေ့ခဲ့ရသလဲဆိုသည်ကို ရှုချွမ်း သိလိုစိတ် ပြင်းပြသွားသည်။
“မင်း ဘာတွေ ဖြစ်ခဲ့တာလဲ...”
“ငါ ဘာလို့ ဒီလိုပုံစံ ဖြစ်သွားလဲဆိုတာ မင်း သိချင်နေတာ မဟုတ်လား။ ဒါတွေအားလုံးက မင်းကြောင့်ပဲ၊ မင်းက ငါ့ကို ဒီနေ့လို ဖြစ်အောင် လုပ်ခဲ့တာ...”
ရှုချန်သည် စကားပြောရင်း ပို၍ စိတ်လှုပ်ရှားလာကာ နောက်ဆုံးတွင် ရူးသွပ်နေသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ပြိုင်ပွဲပြီးဆုံးပြီးနောက် ရှုချန်သည် သူ၏ ရှုံးနိမ့်မှုကို လက်မခံနိုင်ဘဲ အတွင်းနတ်ဆိုး ၏ ဖျက်ဆီးမှုကို ခံခဲ့ရသည်။
သူသည် ကင်းလှည့်နေသော တပည့်များကို သတ်ဖြတ်ကာ မြင့်မြတ်နယ်မြေကို သစ္စာဖောက်ပြီး 'မိစ္ဆာလမ်းစဉ်' သို့ ဝင်ရောက်ခဲ့သည်။
အစွမ်းအစများ ရရှိရန်အတွက် သူသည် သူ၏ ဝိညာဉ်ကို မိစ္ဆာများထံ ရောင်းချရန် ဝန်မလေးခဲ့ပေ။
လူသားမဆန်သော နှိပ်စက်မှုများကို ခံယူပြီးနောက် နောက်ဆုံးတွင် သူသည် အလွန် အစွမ်းထက်သော ခွန်အားကို ရရှိခဲ့သည်။
သို့သော် ဤအစွမ်းအတွက် သူက ပေးဆပ်လိုက်ရသော တန်ဖိုးမှာ သူ၏ တစ်ကိုယ်လုံး ပျက်စီးသွားပြီး အသံမှာလည်း နားမခံသာလောက်အောင် ဆိုးရွားသွားခြင်းပင်။
သူ့ပုံစံမှာ လူတစ်ပိုင်း မိစ္ဆာတစ်ပိုင်း ဖြစ်နေတော့သည်။
သူသည် သူ၏ မျက်နှာအစစ်အမှန်ကို လူရှေ့တွင် မပြရဲတော့ဘဲ သူ့ကို ဤကဲ့သို့ မြင်သူတိုင်းက ရွံရှာ အထင်သေးကြပေလိမ့်မည်။
သူသည် အရာအားလုံးအတွက် ရှုချွမ်းကိုသာ အပြစ်တင်သည်။
အကယ်၍ ရှုချွမ်းသာ သူ၏ ပထမဆုနှင့် တိုက်ရိုက်တပည့် နေရာကို မလုယူခဲ့လျှင် သူ ယခုကဲ့သို့ ဖြစ်လာမည် မဟုတ်ဟု သူက ထင်နေခြင်းဖြစ်သည်။
ပြင်းထန်သော နာကျည်းမှုများက သူ့ကို တွန်းအားပေးခဲ့သဖြင့် မိစ္ဆာလမ်းစဉ်၏ လူသားမဆန်သော နှိပ်စက်မှုများကို သူက အောင့်အည်း သည်းခံခဲ့သည်။
မိစ္ဆာအစွမ်းရပြီးနောက် သူ ပထမဆုံး လုပ်သည့်အလုပ်မှာ ရှုချွမ်းကို ကလဲ့စားချေရန်ပင် ဖြစ်သည်။
ထိုရည်ရွယ်ချက်ဖြင့် သူသည် သူ၏ သရုပ်မှန် ကို ဖုံးကွယ်ကာ တစ်ကိုယ်တော် သိုင်းပညာရှင် များကြားတွင် ရောနှောနေထိုင်ခဲ့သည်။
သူ ရွှေရောင် ရှေးဟောင်းနန်းတော်အတွင်းသို့ ဝင်ရောက်လာရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ရှုချွမ်းကို ဖမ်းဆီးရန် အပြင်းအထန် နှိပ်စက်ရန်နှင့် နောက်ဆုံးတွင် သူ့ကိုသာမက သူနှင့် ပတ်သက်သူ အားလုံးကိုပါ သတ်ဖြတ်ရန် ဖြစ်သည်။
ဤသို့လုပ်မှသာ သူ၏ ဒေါသနှင့် နာကျည်းမှုများ ပြေပျောက်ပေလိမ့်မည်။
“မင်း ရူးနေတာလား”
ရှုချွမ်းမှာ ဝေခွဲမရ ဖြစ်သွားသည်။
ဒါတွေက ငါနဲ့ ဘာဆိုင်လို့လဲ။ ဒါတွေအားလုံးက မင်းရဲ့ ကိုယ်ပိုင် အမှားတွေ မဟုတ်ဘူးလား။
“ဟမ့်... ဒီနေ့တော့ မင်း သေရမယ်”
ရှုချန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ အကြည့်များမှာ ပို၍ မည်းမှောင်လာသည်။
သူ ရှုချွမ်းနှင့် စကားများများ ပြောမနေချင်တော့ဘဲ အခု သူလုပ်ချင်တာက ရှုချွမ်းကို အမြန်ဆုံး ဖမ်းဆီးပြီးနောက် အပြင်းအထန် နှိပ်စက်ရန်သာ ဖြစ်သည်။
သူ စကားပြောပြီးသည်နှင့် ပုပ်စော်နံကာ ရွံရှာဖွယ်ကောင်းသော အော်ရာ တစ်ခု ရှုချန်ထံမှ ထွက်ပေါ်လာသည်။
ရှုချွမ်း တစ်ခုခုကို သတိရသွားသည်။
သူသည် ဤအော်ရာ မှ အန္တရာယ်တစ်ခုကို အာရုံခံမိသလို ရင်းနှီးသော ခံစားချက်ကိုလည်း ရရှိသည်။
သူ ဤအော်ရာ မျိုးကို တစ်နေရာရာတွင် တွေ့ခဲ့ဖူးသလို ခံစားရသည်။
ဪ... သိပြီ သူ ရုတ်တရက် သတိရသွားသည်။ ယခင်က မိစ္ဆာလမ်းစဉ်မှ ကျန်ရှိနေသူများထံတွင် ဤအော်ရာ မျိုးကို သူ အာရုံခံမိဖူးသော်လည်း ရှုချန်၏ အရှိန်အဝါကဲ့သို့ ပြင်းထန်ပြီး ရွံစရာကောင်းခြင်း မရှိပေ။
ရှုချွမ်း ချက်ချင်း သဘောပေါက်သွားသည်။
ရှုချန်သည် မိစ္ဆာမျိုးနွယ်ထံသို့ ဝင်ရောက်သွားပြီး မိစ္ဆာလမ်းစဉ်၏ အကြွင်းအကျန် တစ်ဦး ဖြစ်လာခဲ့ပြီပင်။