← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အခန်း (၇၇) အမွေအနှစ် စမ်းသပ်မှု

"ကြည့်စမ်း၊ သူ ထပ်ပြီး မတောင့်ခံနိုင်တော့ဘူး"

"မြန်မြန်... သူ့နောက်ကို လိုက်ကြ"

ယန်ရှန်း မြေပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်လျှင် နောက်မှ လိုက်လာသူများသည် ဝမ်းသာအားရ ဖြစ်သွားကြသည်။

သူ ထပ်မံ ထွက်ပြေးရန် အားအင်မရှိတော့ဟု သူတို့ ထင်မှတ်နေကြသည်။

သို့သော် သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် စမ်းသပ်မှု နယ်မြေအတွင်းသို့ ဝင်ရောက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပင်...

ရုတ်တရက်

ခန့်ညားထည်ဝါသော အသံကြီးတစ်ခု လူတိုင်း၏ နားထဲသို့ ဟိန်းထွက်လာသည်။

"စမ်းသပ်မှု နယ်မြေအတွင်း တိုက်ခိုက်ခြင်းကို တားမြစ်သည်။ ချိုးဖောက်သူကို ညှာတာမှုမရှိဘဲ သတ် မည်"

ထိုအသံမှာ အေးစက်ပြီး ရက်စက်လွန်းလှသည်။

ဒါက ယန်ရှန်းကို တိုက်ခိုက်ရန် ပြင်နေသော လူအုပ်ကြီးကို ချက်ချင်း ငြိမ်သက်သွားစေသည်။

သူတို့အားလုံး လက်နက်များကို ပြန်သိမ်းလိုက်ကြရသည်။

ဒါကို မြင်တော့ ယန်ရှန်းမှာ မြေပြင်ပေါ်မှ ချက်ချင်း ခုန်ထလိုက်သည်။

"ဟားဟားဟား... လာလေ၊ ငါ့နောက်ကို ဆက်လိုက်ကြဦးလေ၊ အမှိုက်တွေရဲ့"

သူသည် အငြိုးတကြီး လိုက်လံ အမဲလိုက်ခံခဲ့ရပြီး အရှက်တကွဲ ဖြစ်ခဲ့ရသမျှ ယခုအခါတွင်မူ သူ၏ နာကျည်းမှုများကို အားရပါးရ ဖောက်ထုတ်နေတော့သည်။

"မင်းတို့ နောက်ဆုတ်သွားကြပြီလား၊ ခုနကတော့ တော်တော် သတ္တိကောင်းနေကြတာ မဟုတ်လား၊ဆက်လုပ်လေ"

လာလေ

ယန်ရှန်းသည် မောက်မာဝင့်ကြွားသော အမူအရာဖြင့် လူအုပ်ကြီးကို ရူးသွပ်စွာ အော်ဟစ်လှောင်ပြောင်နေတော့သည်။

"အား... ငါ တောင့်မခံနိုင်တော့ဘူး၊ သေစမ်း"

ဤကဲ့သို့ လှောင်ပြောင်မှုကို ခံလိုက်ရသောအခါ အင်အားငယ်သော ဂိုဏ်းတစ်ခုမှ ပါရမီရှင်တစ်ဦးမှာ ထပ်မံ သည်းမခံနိုင်တော့ပေ။

သူသည် ဤကဲ့သို့ အစော်ကားခံရဖူးခြင်း မရှိပေ။ သူသည် ဓားကို ချက်ချင်း ဆွဲထုတ်ကာ ယန်ရှန်းကို တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် သူ၏ ဓားက ယန်ရှန်းကို မထိမှီမှာပင်...

ရုတ်တရက်

ကောင်းကင်မှ မိုးကြိုး တစ်ခု သူ့ထံသို့ တိုက်ရိုက် ကျရောက်လာပြီး သူ့ကို ခဏချင်းအတွင်းမှာပင် ပြာပုံဘဝသို့ ရောက်ရှိသွားစေသည်။

"ငါ ထပ်ပြောမယ်၊ စမ်းသပ်မှု နယ်မြေအတွင်း တိုက်ခိုက်ခြင်းကို လုံးဝ တားမြစ်သည်။ ချိုးဖောက်သူကို ညှာတာမှုမရှိဘဲ သတ် မည်"

ထိုအသံ ထပ်မံ ပေါ်ထွက်လာပြန်သည်။ ယခုအခါတွင်မူ သူတို့ ဘာမှ မလုပ်ရဲတော့ပေ။

ယန်ရှန်းက သူတို့ကို လှောင်ပြောင်နေသည်ကို မတတ်သာဘဲ ကြည့်နေရုံသာ ရှိတော့သည်။

ဘာပဲဖြစ်ဖြစ်... သင်ခန်းစာယူစရာ နမူနာက ရှေ့မှာ ရှိနေသည် မဟုတ်ပါလား။

သူတို့သည် ထိုမိုးကြိုးဒဏ်ကြောင့် အသက်မဆုံးရှုံးချင်ကြပေ။

နှစ်ဖက်စလုံးမှာ တစ်ဖက်နှင့်တစ်ဖက် မလျှော့ဘဲ စိုက်ကြည့်နေကြသော်လည်း မည်သူမျှ မလှုပ်ရှားရဲကြပေ။

ဤနေရာ၏ လေထုမှာ ရုတ်တရက် ထူးဆန်းစွာ တိတ်ဆိတ်သွားတော့သည်။

ရုတ်တရက်

သူတို့ မယုံနိုင်စရာ အကြည့်များဖြင့် ကြည့်နေစဉ်မှာပင် ကောင်းကင်မှ အလင်းတန်းတစ်ခု ကျဆင်းလာပြီး လူတိုင်းကို လွှမ်းခြုံလိုက်သည်။

ဒင်

ကြည်လင်သော အသံတစ်ခု ထိုအလင်းတိုင်ကြီးထဲမှ ထွက်ပေါ်လာပြီးနောက် ရက်စက်လှသော အသံကြီးကပင် ထပ်မံ ပြောကြားလိုက်သည်။

"ရွှေရောင် ရှေးဟောင်းနန်းတော်၏ ၁၀ ကြိမ်မြောက် အမွေအနှစ် စမ်းသပ်မှုကို နောက် ၃ ရက်အကြာတွင် စတင်မည်"

ဤအသံသည် ထိုနေရာတွင် ရှိနေသူများသာမက ရှေးဟောင်းနန်းတော် ကမ္ဘာတစ်ခုလုံးတွင် ကျန်ရှိနေသော သိုင်းပညာရှင် အားလုံး၏ နားထဲသို့ ရောက်ရှိသွားသည်။

"အမွေအနှစ် စမ်းသပ်မှု"

ဤအသံကို ကြားသည်နှင့် လူတိုင်းမှာ စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားကြသည်။

တောင်တန်းတစ်ခု၏ အလယ်တွင် နိဗ္ဗာနနယ်ပယ် မိစ္ဆာသားရဲတစ်ကောင်ကို လက်ဖြင့် ဆွဲဖြဲပစ်လိုက်သော သန်မာသော လူငယ်တစ်ဦးသည် သူ၏ သားကောင်ကို ချထားလိုက်သည်။

သူ၏ မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု လက်သွားသည်။

"အမွေအနှစ် စမ်းသပ်မှု နောက်ဆုံးတော့ စတော့မှာပဲ။ ဒီတစ်ခါတော့ ငါ အဲဒီ နောက်ဆုံး အမွေအနှစ်ကို အရယူရမယ်"

သူ၏ ရိုင်းစိုင်းကြမ်းတမ်းသော အော်ရာ မှာ ဤအချိန်တွင် အထင်အရှား ပေါ်ထွက်နေသည်။

သူက ခြေထောက်ကို အားပြုကာ ခုန်လိုက်ရာ မြေပြင်မှာ ချက်ချင်း ပြိုကျသွားပြီး ထိုအရှိန် ဖြင့်ပင် သူသည် မီတာတစ်ရာခန့် အကွာသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။

ခဏအကြာတွင် သူ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

အခြားတစ်နေရာတွင်လည်း

ဂတုံး လူငယ် ကိုယ်တော် တစ်ပါးက သူ၏ တောင်ဝှေးကို ဝှေ့ယမ်းလိုက်ရာ တစ်ချက်ချင်းစီတွင် မိစ္ဆာသားရဲတစ်ကောင်စီ ကျဆုံးသွားသည်။

သားရဲ သေဆုံးသွားပြီးနောက်တွင်လည်း သူသည် ၎င်းအတွက် 'ပြန်လည်မွေးဖွားခြင်း သုတ် ' ကို ရွတ်ဖတ်ပေးနေသည်။

ထိုအသံကို ကြားရသောအခါ သူ လုပ်လက်စများကို ရပ်တန့်လိုက်သည်။

"အော်မီတော်ဖော်"

"အမွေအနှစ်ကို လက်ဆင့်ကမ်းဖို့အတွက် သတ်ဖြတ်ခြင်းက ရှောင်လွှဲလို့မရဘူးပဲ။ ငါသွားပြီး အဲဒီ လူသတ်သမားတွေကို တရားချပေးရမယ်"

ပြောပြီးသည်နှင့် သူသည် အလင်းတိုင်ရှိရာသို့ ပြေးထွက်သွားတော့သည်။

ဤနှစ်ယောက်တင်မကပေ။ အမှောင်ထဲတွင် ပုန်းကွယ်နေသော ထူးကဲသည့် ပါရမီရှင်များစွာသည်လည်း ယခုအချိန်တွင် ပေါ်ထွက်လာကြပြီး အလင်းတိုင်ရှိရာသို့ စုရုံးလာကြသည်။

...

ထိုအချိန်တွင် ရှုချွမ်းနှင့် စုမြောင်ရင်တို့လည်း ထိုအသံကို ကြားလိုက်ရသည်။

"စီနီယာအစ်ကိုရှု... အစ်ကိုပြောတဲ့ နေရာက အဲဒီ အလင်းတိုင်ကြီးလားဟင်"

စုမြောင်ရင်က အံ့ဩတကြီး မေးလိုက်သည်။

"ဟုတ်တယ်၊ ငါတို့ စမ်းသပ်မှု မစခင် အထဲကို ရောက်အောင် မြန်မြန် သွားရမယ်"

ပြောပြီးသည်နှင့် သူသည် စုမြောင်ရင်ကို ခေါ်ကာ အမြန် ပြေးထွက်သွားတော့သည်။

နှစ်ရက်အကြာတွင် သူတို့သည် စမ်းသပ်မှု နယ်မြေသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။

ထိုနေရာမှာ လူများဖြင့် ပြည့်နှက်နေပြီဖြစ်ကာ အားလုံးက ဤအမွေအနှစ် စမ်းသပ်မှုတွင် ပါဝင်ရန် ပြင်ဆင်နေကြသည်။

သူတို့ အထဲသို့ ခြေချလိုက်သည်နှင့် ဤအမွေအနှစ် စမ်းသပ်မှု၏ စည်းကမ်းချက်များကို ရရှိလိုက်ကြသည်။

အထင်ရှားဆုံး စည်းကမ်းမှာ စမ်းသပ်မှု မစတင်မီ တိုက်ခိုက်ခြင်းကို တားမြစ်ထားပြီး ချိုးဖောက်သူကို သတ် မည်ဟူသော အချက်ပင် ဖြစ်သည်။

စမ်းသပ်မှု နယ်မြေအတွင်းတွင် ရွှေရောင် ရှေးဟောင်းနန်းတော်၏ အမွေအနှစ် အားလုံး ရှိနေသည်။

အချို့မှာ ကောင်းပြီး အချို့မှာ ညံ့သော်လည်း စမ်းသပ်မှု အောင်မြင်သူများအတွက် ပေးအပ်သော ဆုလာဘ်များမှာ အလွန်ပင် များပြားလှသည်။

ထို့ကြောင့် လူတိုင်းမှာ ထိုနေရာသို့ အလုအယက် ရောက်လာကြခြင်း ဖြစ်သည်။

အမွေအနှစ်နှင့် ဆုလာဘ်များအကြောင်း အချက်အလက်များကို ကြည့်လိုက်ပြီးနောက် ရှုချွမ်းပင်လျှင် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

ဤစမ်းသပ်မှုနယ်မြေအတွင်းတွင် အမွေအနှစ်ပေါင်း သိန်းနှင့်ချီ၍ ရှိနေပြီး ဆုလာဘ်များမှာလည်း မရေမတွက်နိုင်ပေ။

ဤအမွေအနှစ်များမှာ အနည်းဆုံး 'ကမ္မနယ်ပယ်' ကျွမ်းကျင်သူများ ချန်ထားရစ်ခဲ့သော အရာများ ဖြစ်ကြသည်

ဆုလာဘ်များထဲတွင် ရှုချွမ်း သိထားသမျှ အရာအားလုံး ပါဝင်နေသည်။

ဒါဟာ တကယ့်ကို ကြွယ်ဝချမ်းသာပြီး အစွမ်းထက်လွန်းလှသည်။

ရှုချွမ်းသည် စမ်းသပ်မှုနယ်မြေရှိ အလင်းတိုင်ကြီးကို စိုက်ကြည့်နေမိသည်။

ရွှေရောင်နန်းတော်၏ မူလအစကို သူ ပို၍ပင် သိလိုစိတ် ပြင်းပြလာသည်။

သို့သော် ရှုချွမ်းကို ပို၍ အံ့ဩစေသည်မှာ...

အမြင့်ဆုံး အမွေအနှစ် မှာ ရွှေရောင် ရှေးဟောင်းနန်းတော်နှင့် တိုက်ရိုက် ဆက်နွှယ်နေခြင်းပင် ဖြစ်သည်။

မည်သူမဆို ဤအမွေအနှစ် စမ်းသပ်မှုကို အောင်မြင်ပါက 'ရွှေရောင် ရှေးဟောင်းနန်းတော်သခင်' ၏ အမွေအနှစ်ကို ရရှိမည်ဖြစ်ပြီး ဆုလာဘ်မှာ အခြားမဟုတ်ဘဲ 'ရွှေရောင် ရှေးဟောင်းနန်းတော်' တစ်ခုလုံးပင် ဖြစ်သည်။

ရှုချွမ်းမှာ အသက်ရှူပင် ရပ်သွားမတတ် ခံစားလိုက်ရသည်။

ရွှေရောင်နန်းတော် ဒါဟာ 'ဧကရာဇ်အရှင် တစ်ပိုင်း' အဆင့်ရှိသူကိုတောင် မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်နိုင်တဲ့ အရာပဲ။

ဒါဆိုရင် ဒီနန်းတော်သခင်က ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ၊ ရှုချွမ်းမှာ မတွေးရဲလောက်အောင် ဖြစ်သွားသည်။

ယန်ရှန်း၏ တတိယမြောက် အခွင့်အရေးမှာ ဤနန်းတော်သခင်၏ အမွေအနှစ်ပင် ဖြစ်သည်။

သူသည် ဤအမွေအနှစ်ကို ရရှိခဲ့သောကြောင့်သာ သူ၏ ဘဝတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ရှုချွမ်း၏ မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု လက်သွားသည်။

"ယန်ရှန်းကို ဒီအမြင့်ဆုံး အမွေအနှစ်ကို ဘယ်တော့မှ မရစေရဘူး"

ယန်ရှန်းသည် ရွှေရောင် ရှေးဟောင်းနန်းတော်ကို ရရှိပြီးနောက် သူ့ဆီမှ အထွတ်အထိပ်အရိုးကို ရှုချွမ်း ခိုးယူခဲ့သည်ကို သိသွားမလားဆိုတာ ရှုချွမ်း မသေချာပေ။

သို့သော် ဘာပဲဖြစ်ဖြစ် ယန်ရှန်းကိုတော့ ဤအမွေအနှစ်ကို ဆက်ခံခွင့် လုံးဝ မပေးနိုင်ပေ။

အနီးအနားတွင် ရပ်နေသော ယန်ရှန်းသည်လည်း ရှုချွမ်းကို သတိပြုမိသွားသည်။

ရှုချွမ်း၏ အဝတ်အစားများမှာ သပ်သပ်ရပ်ရပ် ရှိနေပြီး လှပသော အမျိုးသမီးတစ်ဦးနှင့် အတူရှိနေသည်ကို မြင်သောအခါ သူသည် ချက်ချင်းပင် မနာလိုစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။

"ဘာလို့ သူက ဘာဒဏ်ရာမှ မရဘဲ မိန်းမလှလေးနဲ့ အတူရှိနေပြီး ငါကျတော့ လူအများကြီးရဲ့ လိုက်ဖမ်းတာကို ခံနေရတာလဲ"

"ဒါ မတရားဘူး"

သူက စိတ်ထဲမှ မနာလိုစိတ်များဖြင့် အော်ဟစ်နေတော့သည်။

ဤကဲ့သို့ဖြင့် တစ်ရက် ကုန်ဆုံးသွားပြီးနောက် ရှေးဟောင်းနန်းတော် ကမ္ဘာတစ်ခုလုံးရှိ သိုင်းပညာရှင် အားလုံးနီးပါး ဤနေရာသို့ စုရုံးရောက်ရှိလာကြသည်။

ကျင့်ကြံခြင်းနယ်ပယ် နိမ့်လွန်းသဖြင့် အချိန်မီ မရောက်လာနိုင်သူများမှလွဲ၍ အားလုံး ရောက်နေကြပြီ ဖြစ်သည်။

ဒေါင် ဒေါင် ဒေါင်

ခေါင်းလောင်းသံ သုံးချက်သည် စမ်းသပ်မှု နယ်မြေတစ်ခုလုံးကို ဟိန်းထွက်သွားပြီးနောက် ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ဤနေရာသို့ စမ်းသပ်မှုတွင် ပါဝင်ရန် ရောက်လာကြသော သိုင်းပညာရှင် အားလုံးသည် လန်းဆန်းစေသော ဤခေါင်းလောင်းသံကို ကြားရသောအခါ ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။

အသံ သုံးချက်အပြီးတွင် လူတိုင်းသည် သူတို့၏ မူလချီ နှင့် စိတ်ဓာတ်များ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်ကို ခံစားလိုက်ရသည်။

ဒါဟာ တကယ့်ကို အံ့ဩစရာပဲ။

ထို့နောက်တွင်တော့ ထိုအသံကြီး ထပ်မံ ထွက်ပေါ်လာပြန်သည်။

"အမွေအနှစ် စမ်းသပ်မှုကို ယခု စတင်လိုက်ပြီ"

စကားဆုံးသည်နှင့် အလင်းတိုင်ကြီးမှာ တောက်ပလှသော နတ်ဘုရားအလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လူတိုင်းကို လွှမ်းခြုံလိုက်သည်။

ထို့နောက်တွင်တော့ အရာအားလုံးမှာ မှောင်အတိ ကျသွားပြီး သူတို့သည် အခြားနေရာတစ်ခုသို့ ရောက်ရှိသွားကြသည်။

အံ့ဩစရာကောင်းသည်မှာ သူတို့အားလုံးသည် အလင်းတန်းကြောင့် အစစ်အမှန် စမ်းသပ်မှုနယ်မြေထဲသို့ ပို့ဆောင်ခံလိုက်ရခြင်းပင် ဖြစ်သည်။

ဤနေရာသည် အဆုံးမရှိသော နေရာလွတ် ကြီးတစ်ခု ဖြစ်ကာ မျက်စိတစ်ဆုံး ကျယ်ပြောလှသည်။ တောင်တွေ၊ ရေတွေ မရှိသလို အလင်းရောင်ပင် မရှိပေ။

တစ်ခုတည်းသော အလင်းရောင်မှာ အလင်းများ ဖြာထွက်နေသော ဤအလင်းတန်းကြီးသာ ဖြစ်သည်။

ပတ်ဝန်းကျင်နှင့် အသားကျသွားသည်နှင့် ထိုသိုင်းပညာရှင်များသည် ဗိုက်ဆာနေသော ခွေးအုပ်ကြီးများကဲ့သို့ အလုအယက် ပြေးထွက်သွားကြသည်။

သူတို့ မဝင်ခင်ကတည်းက အမွေအနှစ် စမ်းသပ်မှုအကြောင်း မိတ်ဆက်ချက်များကို ရရှိထားသဖြင့် သူတို့ ရင်ဆိုင်ရမည့် အန္တရာယ်များကို အသင့်ပြင်ထားကြပြီး ဖြစ်သည်။

နောက်ထပ် လာတော့မှာကတော့... အမဲလိုက်ပွဲပင် ဖြစ်သည်။

All Chapters