← Chapters

အခန်း ၉၃

Vol. 9 Ch. 93

အခန်း ၉၃

Vol. 9 Ch. 93

Chapter 93

~

အခန်း ၉၃ : အဘိုးကြီး ခင်ဗျားပြောတာမှန်တယ်..ဒါပေမဲ့ ထပ် မပြောနဲ့တော့...

~

ယန်ဖူကွေ့ ခေါင်းခါလိုက်ပြီး...

" မတူဘူးလေ.. မင်းကိုယ်တိုင် ကတိပေးထားတာဆို့ မင်းစကား မင်းတည်ရမယ်.. "

ယန်ကျီဝမ်က ယန်ဖူကွေ့ကို လျစ်လျူရှူ၍ ကလေးတစ်ယောက်ကို ကြည့်လိုက်သည် ။ ကလေးနှစ်ယောက်က တောက်ပသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေကြ၏ ။ တိတိကျကျ ပြောရလျှင် သူ၏ အိတ်ကပ်ကို စိုက်ကြည့်နေကြသည် ။

ယန်ကျီဝမ် ရုတ်တရက် သဘောပေါက်သွားသည် ။

ကလေးများသည် အသက်ငါးနှစ် ခြောက်နှစ် ရှိကြပြီဖြစ်၍ ငွေမည်သို့ သုံးရမည်ကို သိလေပြီ ။

ထို့ကြောင့် ယန်ကျီဝမ်က ကလေးနှစ်ယောက်ကို တစ်ဖန့်စီ ထုတ်ပေးလိုက်သည် ။

" ကျေးဇူးတင်​ပါတယ် အစ်ကိုနှစ်.. "

ကလေးနှစ်ယောက် ပျော်သွားကြ၏ ။

ယန်ဖူကွေ့က ထိုသည်ကို ကြည့်နေရင်း..

" ကျီခွမ်း.. ကျီတိ.. မင်းတို့က ငယ်သေးတယ်.. ပေးပေး ပိုက်ဆံကို အဖေ သိမ်းထားပေးမယ်.. "

ကလေးနှစ်ယောက်၏ အမူအရာက တောင့်တင်းသွားသည် ။ သူတို့ မပျော်ကြတော့ ။

သူတို့ ငယ်သေးသော်လည်း နားလည်၏ ။ ယခင်နှစ်များတွင် သူတို့၏ နှစ်သစ်ကူးဖုန့်ဖိုးများကို အမေက သိမ်းပေးမည်ဟု ယူထားပြီး ပြန်မပေးတော့ပေ ။

ယခု အစ်ကိုနှစ်ထံမှ ရရှိထားသော မုန့်ဖိုးကို တစ်ခုခု ဝယ်စားချင်ကြပြီး မပေးချင်ကြချေ ။

" အဖေ.. ဒါက တကယ်လိုအပ်လို့လား.. "

ယန်ကျီဝမ် သည်းမခံနိုင်တော့ဘဲ မေးလိုက်၏ ။ အနှီအဘိုးကြီး၏ အကျင့်ဟောင်းများ ပြန်ပေါ်လာပြန်သည် ။ ကလေးများကိုပင် ချမ်းသာမပေးချေ ။

ယန်ဖူကွေ့က ကြောင်အအဖြင့် ရှက်သွားပြီး...

" ဟီးဟီးး..အကျင့်ပါနေလို့ပါ.. ငါ ​နောက်ထပ် မလုပ်​တော့ဘူး .."

သူ ယန်ကျီဝမ် ပြောခဲ့သော စကားကို ပြန်အမှတ်ရသွားသောကြောင့်ပင် ။ အလွန်အကျွံ တွက်ကပ်ခြင်းက မိသားစုနှောင်ကြိုးကို လျော့ပါးသွားစေနိုင်၏ ။

ညစာစားချိန်.....

ယနေ့ ညစာသည်တော့ မန်ထိုနှင့် ဂေါ်ဖီကြော်သာဖြစ်သည် ။ ရန်ရွေ့ဟွား၏ ပြောစကားအရ အရသာရှိသော အစားအစာများကို နေ့စဥ်စားခြင်းက အိမ်နီးချင်းများ၏ မနာလိုမှုကို ဖြစ်ပေါ်စေနိုင်၏ ။

ထို့ကြောင့် ယန်ကျီဝမ် ငါးပြန်ယူမလာခဲ့ပေ ။ ဤသို့သော ခေတ်မျိုးတွင် မန်ထို စားနိုင်သည်က ကံကောင်းမှု တစ်ရပ်ပင် ။

ယန်ဖူကွေ့က မန်ထိုကို ကိုက်လိုက်ပြီး မေးလိုက်၏ ။

" အဘွားကြီး.. ကျီချန်း ဘယ်မှာလဲ.. "

ယန်ရွေ့ဟွားက စားရင်းတန်းလန်း ပြန်ဖြေသည် ။

" နေ့လည်တုန်းက ခနပြန်လာပြီး ပြန်ထွက်သွားတယ်.. "

" သြော်... "

ယန်ဖူကွေ့က သားကြီး ပြောင်းရွေ့တော့မယ်ကို သိပြီးသားဖြစ်၍ ဘာမှ ထပ်မပြောတော့ပေ ။

ယန်ကျီချန်း ထွက်သွားပြီး​နောက် အပျော်ဆုံးလူမှာ ယန်ကျီဖန့် ပင် ။ တစ်ခန်းလုံးအား တစ်ယောက်တည်း ပိုင်လေပြီ ။ သို့သော် ကြာကြာ မပျော်လိုက်ရ ။

ယန်ဖူကွေ့က...

" သားကြီး ထွက်သွားပြီဆိုတော့ အငယ်လေး နှစ်ယောက်က တတိယသားနဲ့ အတူသွားအိပ်ကြတော့.. "

ကလေးနှစ်ယောက် အလွန်ပျော်သွားကြ၏ ။ မိဘ များနှင့် အတူ ကန် ( အပူပေး အုတ်ကုတင် ) အိပ်ရသည်ကို သူတို့ မကြိုက်ကြပေ ။

ကျောင်းတက်နေဆဲ ယန်ကျီဖန့်သည်တော့ အတွန့်မတက်ရဲ ။ ရွေးချယ်စရာမရှိ၍ နာခံလိုက်ရ​​​တော့၏ ။

ညဘက် အိပ်ရာထဲ၌....

ရန်ရွေ့ဟွားက...

" အဘိုးကြီယန်.. ဒီနေ့ မိန်းကလေးတစ်ယောက် ဒုတိယသားကို လာရှာတယ် သိလား.. "

" သူ့ အတန်းဖော်လား.. "

ယန်ဖူကွေ့က ခပ်ပေါ့ပေါ့သာ ပြန်ဖြေသည် ။ အလေးအနက်မထား ။

" မဟုတ်ဘူး.. "

ရန်ရွေ့ဟွားက ခေါင်းခါပြီး တိတိကျကျ အကုန်ပြောပြသည် ။

ထို့နောက် သူမ ထပ်ပြော၏ ။

" အဲ့မိန်းကလေးက ဒုတိယသားကို စိတ်ဝင်စားနေတာ သေချာတယ်.. သူက အရမ်း ရက်ရောတယ်နော်.. သူ ကျေးဇူးတင်ဖို့ ယူလာတဲ့ လက်ဆောင်တန်ဖိုးက ယွမ်နှစ်ဆယ် ကျော်လောက်ရှိမယ်.. "

ယန်ဖူကွေ့ လန့်သွားပြီး...

" အဲ့တာတွေ ဘယ်မှာလဲ ငါမတွေ့ပါလား.. "

ရန်ရွေ့ဟွားက မျက်လုံးလှန်လိုက်ပြီး...

" ဒါပေါ့.. ကျုပ် သိမ်းထားတယ်.. ရှင်လည်း ဒုတိယသားအကြောင်းကို သိသားနဲ့.. ကျုပ်သိမ်းမထားရင် ကလေးနှစ်ယောက်ကို အကုန်ကျွေး ပစ်လိမ့်မယ် .."

ယန်ဖူကွေ့ ခေါင်းညိတ်ထောက်ခံလိုက်ပြီးနောက် မေးလိုက်၏ ။

" အဲ့တာဆို သူက ဘယ်သူ့ သမီးတဲ့တုန်း.. "

ရန်ရွေ့ဟွားက ခေါင်းခါပြီး...

" ခုမှ ပထမဆုံး အလည်လာတာဆိုတော့ ကျုပ် အများကြီး မေးတာ မသင့်တော်ဘူးလေ.. ကောင်မလေးက ဒုတိယသားနဲ့ အသက်အတူတူပဲ.. မိဘတွေက အသက်ရှိသေးတယ်တဲ့.. ပြီးတော့ သူ့မှာ အကိုနှစ်ယောက်လည်း ရှိတယ်တဲ့.. "

ယန်ဖူ​​ကွေ့က ...

" အဲ့တာဆို ဒုတိယသားက ဘာပြောလဲ.. "

" အဲ့တာကို စဥ်းစားလေ ဒေါသထွက်လေပဲ.."

ရန်ရွေ့ဟွားက မကျေမနပ်ဖြင့်...

" ဒုတိယသားက ပုံမှန်ဆို ဉာဏ်ကောင်းရဲ့သားနဲ့ အဲ့အချိန်တုန်းက ဘာလို့ တုံးနေမှန်း မသိဘူး.. အဲ့မိန်းကလေးရှေ့မှာ အေးစက်စက်နဲ့ သစ်သားတုံး လုပ်နေတာ.. ကျုပ်သာ မတားရင် မောင်းထုတ် ပစ်လောက်တယ်.. မိုက်မဲလိုက်တာ.. "

" အင်း.. အဲ့လိုဆို ဘယ်ကောင်းမလဲ.. "

ယန်ဖူကွေ့က တစ်ခွန်း ပြန်ပြောပြီးနောက် တိတ်ဆိတ်သွားသည် ။

ရန်ရွေ့ဟွားက ပူပင်ဟန်ဖြင့်...

" ဒါပဲလား.. အဘိုးကြီးယန်.. ရှင်ဘာလို့ ဒုတိယသားအကြောင်း ဆက်မပြောတာလဲ.. "

" ဘာကို ပြောရမှာလဲ.. "

ယန်ဖူကွေ့က ကူကယ်ရာ မဲ့ဟန်ဖြင့်...

" မင်းပဲ ပြောပြီးသားလေ.. ဒါက ပထမဆုံးအကြိမ်လာလည်တာ.. ပြီး​တော့ တွေ့တာလည်း မကြာသေးဘူး.. ဒုတိယသားက အသက် ၁၈ ပဲ ရှိပါသေးတယ်..မိန်းမယူဖို့ အသက်မပြည့်သေးဘူး.. "

" ဒုတိယသားရဲ့ အရည်အချင်းနဲ့ဆို မိန်းမ မရှား ပါဘူး.. "

" ဒါပေမဲ့... "

" တော်ပြီ တော်ပြီ.. ငါ အိပ်တော့မယ်.. မနက် အတန်းချိန် ရှိသေးတယ်.. "

ယန်ဖူကွေ့က စကားဆက်ရန် ကြံနေသော ရန်ရွေ့ဟွားအား စကားစ ဖြတ်လိုက်သည် ။

" ကလေးတွေမှာ သူတို့ကိုယ်ပိုင် ကောင်းချီးတွေ ရှိတယ်.. ဒုတိယသားရဲ့ ဦးနှောက်နဲ့ဆို သူလုပ်နေတာကို သူနားလည်မှာပါ.. "

ယန်ဖူကွေ့က ထိုစကားကိုပြောပြီး အိပ်လိုက်​တော့သည် ။

ယန်ဖူကွေ့သည် ရန်ရွေ့ဟွားထက်ပို၍ နက်နက်ရှိုင်းရှိုင်း တွေးမိသည် ။ မိန်းကလေး၏ အတော်လေး ချမ်းသာပုံရသည် ။၂၀ ယွမ်ကျော် လက်ဆောင်များ ပေးနိုင်၍ သူမ၏ မိသားစုက အရမ်းချမ်းသာသည်မှာ သေချာပေ၏ ။

ဤအကြောင်းကြောင့်ပင် ဒုတိယသားက အေးစက်စက် ဆက်ဆံနေခြင်း ဖြစ်နိုင်သည် ။

ထို့အပြင် ယခုအခါ ယန်မိသားစု၏ အခြေအနေက အတိတ်ကနှင့် မတူတော့ပေ ။ ဒုတိယသားကြောင့် သူ အသက်ရှူချောင်လာ၏ ။

အကျင့်ဟောင်းအား မစွန့်လွှတ်နိုင်သေးသော်လည်း အရာအားလုံးကို တွက်ချက်မနေတော့ပေ ။

ဒုတိယသားပြောသော အရာအားလုံးကို တွက်ချက်နေလျှင် မိသားစု နှောင်ကြိုးကို လျော့ကျစေမည်ဟူသော စကားကို သူ၏ စိတ်ထဲတွင် သေချာစွဲထင်နေသည် ။

ယန်ကျီဝမ် အိပ်ပျော်နေတုန်း အချိန်အတန်ကြာ မမက်ခဲ့သော အိမ်မက် ပြန် မက်နေသည် ။ အိမ်မက်ထဲတွင် လိုရှောင်အဲပင် ပါနေလေ၏။

( သိမယ် ထင်တယ်နော် 🤪..)

..

နောက်တနေ့....

ခါတိုင်းလိုပင် ယန်ကျီဝမ်သည် သူ၏ ပြိုင်ကားကို နင်း၍ ဟောက်ဟိုင်ကန်သို့ ထွက်လာခဲ့သည် ။

သူ ဟောက်ဟိုင်ကန်သို့ ရောက်လျှင်ရောက်ခြင်းပင် အသိနှင့် ဆုံလိုက်ရ၏ ။

ယန်ကျီဝမ်က သူ၏ လက်နက်များကို နေရာ ချထားပြီးသည်နှင့် အဘိုးကြီးဝမ်က ရယ်ကျဲကျဲဖြင့် ...

" ယန်လေး ..မနေ့တုန်းက အဘိုးကြီး တစ်ယောက် မင်းကို ပြဿနာ လာရှာတယ်ဆို.. "

" ဒီအတိုင်း အားယားနေတဲ့ အဘိုးကြီး တစ်ယောက်ပါ.. ကျုပ် မောင်းထုတ်လိုက်တယ်.. "

ယန်ကျီဝမ်က ခပ်ပေါ့ပေါ့ ပြန်ပြောလိုက်ပြီး ငါးစာကို ပြင်ဆင်နေသည် ။

"ဟားဟားဟား.. ငါ ကြိုသိလို့ အရင်နှစ်ရက်က မလာတာ.. "

အဘိုးကြီးဝမ်က ရယ်လိုက်ပြီး ရှက်ရွံခြင်းမရှိ....

" ယန်လေး.. ငါ့ကို ငါးစာ နည်းနည်းပေး ..."

ထို့နောက် ယန်ကျီဝမ်၏ တုန့်ပြန်မှုကို မစောင့်ဘဲ လက်လှမ်းလိုက်၏ ။

သူတို့နှစ်ယောက် အတော်လေး ရင်းနှီးလာကြပြီး ယန်ကျီဝမ်က ကပ်စေးမနှဲသဖြင့် ငါးစာ ယူသုံးခိုင်းထားသည် ။ ပြုလုပ်နည်း မတောင်းသရွေ့ ဘာမှ မဖြစ်ပေ ။

အဘိုးကြီး ဝမ်က ထိုသည်ကို သိ၍ ပြုလုပ်နည်း မတောင်းတော့ဘဲ ငါးစာသာ ကုန်းဆင်းနေတော့သည် ။

နှစ်ယောက်စလုံး ငါးမျှားကြိုး ပစ်ပြီးသည်နှင့် စကားစတင်လိုက်ကြသည် ။

အဘိုးဝမ်က...

" မင်း အဖေ တစ်နေ့က အရိုက်ခံလိုက်ရတယ်ဆို.. "

ယန်ကျီဝမ်က...

" မစိုးရိမ်ရပါဘူး နဲနဲ ဘုထသွားရုံတင် ..သူ့ကို ဝိုင်းဆွဲထားကြလို့ ချော်လဲပြီး ဆောင့်မိတာ.. "

" သြော် အဲ့လိုလား.. ငါက အရိုက်ခံလိုက်ရတယ် ထင်နေတာ.. "

အဘိုးဝမ်က သက်ပြင်းချလိုက်ပြီး ...

" မင်းအဖေက လူကောင်းတစ်ယောက်ပါ ..တစ်ခါတစ်လေ ရှေ့နောက်မကြည့် စကားပြောတက်တာနဲ့ နဲနဲလေး ကပ်စီးနည်းနေတာလေးက လွဲရင်ပေါ့.. "

ယန်ကျီဝမ်က တည်ငြိမ်စွာဖြင့်...

" သားတစ်ယောက်က အဖေအကြောင်းကို မကောင်းပြောလို့ မရဘူးလေ..အဘိုးကြီးဝမ်ပြောတာ မှန်ပေမယ့် ထပ်မပြောနဲ့တော့.. "

" သြော်.. မင်းက မိဘကို သိတက်တဲ့သားပဲ .."

အဘိုးကြီးဝမ်က ချီးကျူးလိုက်၏ ။ သူ့အကြည့်က လေးစားမှုများ ရောယှက်နေသည် ။

All Chapters