အခန်း ၉၄
Vol. 9 Ch. 94
Chapter 94
~
အခန်း ၉၄ : နင် ငါ့ကို အဆိပ်ခတ် သတ်ဖို့ ကြံနေတာလား...
~
" ယန်ကျီဝမ်...."
နေ့လည်အချိန်....
ယန်ကျီဝမ်က အပေါ့သွားရန် အကြောင်းပြချက်ပေး၍ ရမှတ်စတိုးမှ တစ်ခုခု ဝယ်စားရန် ထလိုက်သော်လည်း သူ့နာမည်ကို တစ်ယောက်ယောက်က လှမ်းအော်ခေါ်လိုက်၏ ။
သူ လှည့်ကြည့်လိုက်ရာ စက်ဘီးတွန်းလာသော လိုရှောင်အဲကို တွေ့လိုက်ရသည် ။
ယနေ့ လိုရှောင်အဲက ဂါဝန် မဝတ်ဘဲ ရိုးရိုးရှင်းရှင်းသာ ဝတ်ထားသည် ။ သူမက သူ့ကို ပြုံးပြနေ၏ ။
အမှန်အတိုင်း ပြောရပါလျှင် ယနေ့ သူမ ဝတ်ထားသည်က သူ၏ အမြင်အရ ပိုသဘောကျမိသည် ။
ထို့အပြင် ယန်ကျီဝမ်က သူ ဆင်းရဲကြောင်း ပြောထား၍ လိုက်ဖက်အောင် ရွေးချယ်ခဲ့ပုံရ၏ ။
" ငါ ဒီမှာ ရှိတာ နင်ဘယ်လိုလုပ် သိတာလဲ.. "
ပြောင်းဖူးပေါင်းကို ရေနွေးကြမ်းနှင့် မျောချနေသော အဘိုးကြီးဝမ်က စနောက်ဟန်ဖြင့် တစ်တောင်ဖြင့် တွတ်လိုက်ပြီး ...
" အကောင်ပေါက်လေး.. ဒါ မင်းရဲ့ ရည်းစားလား.. "
ထိုသည်ကို ကြားလျှင် လိုရှောင်အဲ၏ လှပသော မျက်နှာက ပန်းသီးလေးလို နီရဲသွားပြီး ခေါင်းကို တခြားဘက်သို့ လှည့်လိုက်၏ ။ သို့သော် သူမ နားစွင့်နေဆဲပင် ။ ယန်ကျီဝမ် မည်သို့ ပြန်ဖြေပါမည်နည်း ။
" မဟုတ်ပါဘူးဗျာ.. "
ယန်ကျီဝမ်က ချက်ချင်း ပြန်ဖြေလိုက်ပြီး...
" ကျုပ်.....ကျုပ်တို့က သူငယ်ချင်းတွေလို့ ပြောလို့ရတယ်.. "
သူမ ထိုစကားကို ကြားလျှင် အနည်းငယ် စိတ်ပျက်သွားသော်လည်း လက်ခံနိုင်၏ ။
တွေ့ဆုံသည်က မကြာသေးသဖြင့် သူငယ်ချင်းဟု သတ်မှတ်ထားခြင်းကပင် အတော်လေး အဆင်ပြေပေသည် ။
သူမက ပျော်ရွှင်စွာဖြင့် စက်ဘီးနောက်မှ နေ့လယ်စာဘူးကို ယူလိုက်ပြီး ယန်ကျီဝမ်ထံသို့ လျှောက်လာ၏ ။ ထို့နောက် ပြုံးကာ...
" နင် နေ့လည်စာ မစားရသေးဘူးမှတ်လား.. အရသာ ရှိတာတွေ ငါယူလာတယ်.. "
လိုရှောင်အဲက နေ့လည်စာဘူးကို ဖွင့်ပြလိုက်ပြီး...
" ကြည့်... "
ယန်ကျီဝမ်က တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းက တဆတ်ဆတ် တုန်ရီသွားသည် ။
" လိုရှောင်အဲ.. နင် ငါ့ကို အဆိပ်ခတ် သတ်ဖို့ ကြံနေတာလား.. "
နေ့လည်စာဘူးထဲတွင် မီးသွေးအချို့ပါ၏ ။ မီးသွေးဟုသာ ခေါ်ရမည် ။ မည်သည့်အရာမှန်း သူ ခွဲခြား၍ မရပေ ။
ဤသည်ကို စားလျှင် နှစ်ပေါင်းများစွာ ကွဲကွာနေရသော ဘိုးဘေးများနှင့်ပင် ပြန်ဆုံတွေ့သွားနိုင်သည် ။
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. "
လိုရှောင်အဲက သူမ၏ သမင်မျက်လုံး လှလှလေးများကို အစွမ်းကုန်ပြူး၍ ရှင်းပြသည် ။
" ဒါက ငါ ကိုယ်တိုင် ချက်ထားတဲ့ ဝက်နံရိုး အချိုကြော်... တစ်မနက်လုံး ကြိုးစားပြီး ချက်ထားတာ.. "
" ဒါ နံရိုးလား.. "
ယန်ကျီဝမ်က သူ သိသော နံရိုးပုံရိပ်ကို မြင်ယောင်နိုင်ရန် အတော်ကြာအောင် စစ်ဆေးကြည့်လိုက်ရသည် ။
သို့သော် နံရိုး၏ အသွင်သဏ္ဌာန်က ကြောက်စရာကောင်းလောက်အောင် ရုပ်ပျက်နေ၏ ။
" ဟားဟားဟားဟားးးးး......"
အဘိုးဝမ်က အားရ ပါးရ ရယ်လိုက်ပြီး...
" ယန်လေး... ဒီဟင်းကို ချက်ဖို့ ကလေးမက တစ်မနက်လုံး ကြိုးစားထားရတာနော်.. နည်းနည်းလောက် မြည်းကြည့် စမ်းပါဟ.. "
လိုရှောင်အဲက ကြောင်ပေါက်လေးလို တောက်ပသော မျှော်လင့်ချက် အကြည့်ဖြင့် ယန်ကျီဝမ်အား စိုက်ကြည့်လိုက်၏ ။
ယန်ကျီဝမ် သွေးတိုးချင်သွားသည် ။ ဤအဘိုးကြီးက ချောက်တွန်းသည့် နေရာ၌ တော်လှပေသည်။
သူက နဖူးကို ပွတ်သပ်လိုက်ပြီး ကူကယ်ရာမဲ့ဟန်ဖြင့်...
" လိုရှောင်အဲ.. ငါ့အတွက် နေ့လည်စာ ယူလာပေးတာကိုတော့ ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ငါ သိချင်တာက ဒီဟင်းကို မြည်းကြည့်ပြီးပြီလား.. "
" ဘာ.. ဘာလို့လဲ.. "
လိုရှောင်အဲ ရှုပ်ထွေးသွားပြီး ...
" ငါ ချက်ပြီးသွားတော့ နင့်ကို အရင်ဆုံး စားစေချင်လို့ အမြန်ယူလာခဲ့တာ.. "
" ဝိုးးး...ကလေးမရဲ့ ရည်ရွယ်ချက်က ချီးကျူးဖို့ ကောင်းတယ်.. ယန်လေး.. မင်း ဒီလို မိန်းကလေးနဲ့ တွေ့ရတာ ကံကောင်းလွန်းလို့နော်.. မင်း အရင်ဘဝက ဘယ်လိုကောင်းမှုတွေ လုပ်ခဲ့လို့လဲ မသိဘူး .."
အဘိုးကြီးဝမ်က ရယ်ပြီး ဝင်နှောက်၏ ။ ယန်ကျီဝမ် ဒုက္ခရောက်နေသည်ကို သူ အလွန်အူမြူး နေလေသည် ။
' ဒီကလေး နဲ့ စကားပြောရင် ငါပဲ ခံနေရတာ ..လက်စားချေလို့ရပြီ.. '
လိုရှောင်အဲက ရှက်ကို့ရှက်ကန်း ပြုံးလိုက်ပြီး...
" ဟို..ဟို..သမီးက အဘိုးပြောသလောက် မကောင်းပါဘူး... "
ယန်ကျီဝမ်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေး သွား၏ ။
" ငါလို အဘိုးကြီး တစ်ယောက်က မမြင်နိုင်ဘဲ နေမလား.. "
အဘိုးကြီးဝမ်က ယန်ကျီဝမ်၏ ပုခုံးအား အားဖြင့် ပုတ်လိုက်ပြီး လေးနက်စွာဖြင့် ...
" ယန်လေး.. ယောကျ်ားတစ်ယောက် အနေနဲ့ မင်းအပေါ်မှာ မေတ္တာအပြည့်ထားပေးနေတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ် လက်လွှတ်လို့ ဖြစ်မလဲ.. "
လိုရှောင်အဲက မျှော်လင့်တကြီး ယန်ကျီဝမ်အား ကြည့်ပြန်သည် ။
ယန်ကျီဝမ် ပါးစပ်ဟလိုက်သော်လည်း မည်သို့ ငြင်းရမည်ကို မသိ ။
" အင်းလေ... မြည်းကြည့်ရတာပေါ့.. "
ယန်ကျီဝမ် အံကို တင်းတင်းကြိတ်ပြီး ပြောလိုက်သည် ။
လိုရှောင်အဲ ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်၏ ။ သူမ တွေးမိလိုက်သည် ။
' မေမေ ပြောတာ မှန်တာပဲ.. '
ယနေ့မနက်တွင် သူမ၏ အမေက သူမအား ဟင်းချက် သင်ပေးခဲ့၏ ။
သူမ အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့ရသော်လည်း အရှုံး မပေးခဲ့ပေ ။ သူမ နေ့တစ်ဝက်လုံး ကြိုးစားခဲ့ပြီးမှ နေ့လည်စာဘူးအတွင်းရှိ မီးသွေးကို ရလာခဲ့သည် ။
ထိုအချိန်၌ တန်ရှောင်လီ နှလုံးသားထဲတွင် သက်ပြင်းရှည်ကြီး ချလိုက်မိသည် ။
သူမ၏ သမီးသည် ဟင်းချက်ပါရမီ သုည သို့ ရောက်နေချေသည် ။ သို့ပေသိ သမီးဖြစ်သူ၏ စိတ်အားထက်သန်မှုကို မဖျက်ဆီးချင်၍ တားဆီးမနေတော့ပေ ။
အနည်းဆုံးတော့ စား၍ မရလျှင်ပင် သမီးဖြစ်သူ၏ ခံစားချက်ကို အပြည့်အဝ ဖွင့်ပြနိုင်သည် မဟုတ်ပါလော ။
ဟင်းလုံးဝ မချက်တက်သော်လည်း အကောင်းဆုံး ကြိုးစားခဲ့၏ ။ ဤဟင်းထဲတွင် စေတနာနှင့် မေတ္တာတရားများ အပြည့်အဝ ပါဝင်နေသည် ။
ထို့ကြောင့် နေ့လည်စာဘူးထဲ ထည့်ပေးလိုက်ပြီး သွားခွင့်ပြုလိုက်သည် ။
" ဂလု... "
ယန်ကျီဝမ် တံတွေးမျိုချ လိုက်ပြီး စိတ်ကို ပြင်ဆင်ကာ အနက်ရောင် မီးသွေး အပိုင်းအစကို ကောက်ယူလိုက်သည် ။
စက္ကန့်အနည်းငယ် ကြာအောင် တွန့်ဆုတ်နေပြီးမှ ပါးစပ်ထဲသို့ တစ်ခါတည်း သွပ်လိုက်၏ ။
" ဂျွီ..ဂျွီ.."
ယန်ကျီဝမ်၏ ပါးစပ်ထဲတွင် မီးသွေးအရသာ ၊ ငန်လွန်း ၊ ချိုလွန်း သော အရသာများအပြင် ထူးဆန်းသော အရသာများပါ ပေါက်ကွဲထွက်လာသည် ။
ယန်ကျီဝမ် အချိန်အတော်ကြာအောင် ဝါးနေသော်လည်း မျိုချ၍မရ ။ သူ့လည်ချောင်းက အကြောက်အကန် ငြင်းဆန်နေသည် ။ ယန်ကျီဝမ်၏ မျက်နှာအမူအရာက အမျိုးမျိုးပြောင်းလဲ သွားပြီးမှ...
" ဂလု.... "
ယန်ကျီဝမ် မျိုချနိုင်လိုက်ပြီး စိတ်သက်သာယာ ရသွားသဖြင့် ဝမ်းသာမျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာသည် ။
လိုရှောင်အဲက မျှော်လင့်ချက် ကြီးစွာဖြင့်...
" အရသာ ဘယ်လိုနေလဲ ကောင်းလားဟင်.. "
ယန်ကျီဝမ်က ခေါင်းညိတ်ပြီး ဆန္ဒမပါသော်လည်း ချီးကျူးလိုက်၏ ။
" အင်း.. ပုံစံလေး နဲနဲ တစ်မျိုး ဖြစ်နေပေမဲ့ အရသာက တကယ်ကောင်းတယ်.. အရမ်း အရသာ ရှိတယ်.. "
" အရမ်းကောင်းတယ်.. "
လိုရှောင်အဲက ပျော်ရွှင်စွာ ပြုံး၍...
" ငါ မနက်ဖြန်လည်း ထပ်ချက်လာခဲ့မယ် .."
'မလိုတော့ပါဘူး.. '
ယန်ကျီဝမ် ထုတ်ပြောလိုက်ချင်သော်လည်း အချိန်မကျသေး၍ ထုတ်မပြော ။
" ငါမယုံဘူး.. "
အဘိုးကြီးဝမ်က...
" အကောင်ပေါက်လေး.. ငါ့လာနောက်နေတာလား ..ဒါ ဘယ်လိုလုပ် .. "
လိုရှောင်အဲ၏ ပျော်ရွှင်နေသော အမူအရာကို ကြည့်၍ အဘိုးကြီးဝမ် ပြောမထွက်တော့ ။ မီးသွေး ဖြစ်သွားသော အစားအစာက မည်သို့လျှင် ကောင်းနိုင်ပါဘိနည်း။
သူ အသက်ကြီးနေ၍ အမြင်အာရုံ ချို့တဲ့နေသည်ဟု သူတို့ ထင်နေကြသည်လော ။
" အားအားယားယား ဘာလို့ လိမ်ပြောရမှာလဲ.. နဲနဲ ကြည့်မကောင်းရုံဘဲ အရသာက တကယ်ကောင်းတယ်.. နောက်ထပ်တောင် စားချင်လာပြီ.."
" ရော့.. "
လိုရှောင်အဲက နေ့လည်စာဘူးကို ထိုးပေးလိုက်၏ ။
ယန်ကျီဝမ်က နေက်ထပ် တစ်ခုကို ယူ၍ အားရပါးရ ဝါးနေသည် ။
အဘိုးကြီးဝမ်က သံသယဖြင့် ကြည့်လိုက်ပြီး တွေးမိသည် ။
' တကယ် အရသာ ရှိနေတာများလား.. မဟုတ်ရင် ဒီလို မျက်နှာမျိုးနဲ့ အားရပါးရ ဝါးနေမှာ မဟုတ်ဘူး.. '
အဘိုးကြီး ဝမ် က စိတ်မြန်လက်မြန် လူမျိုးပင် ။ အတွေးပေါ်လာသည်နှင့် ချက်ချင်းအကောင်အထည် ဖော်တက်၏ ။
သူက လိုရှောင်အဲကို ကြည့်ပြီး ...
" ကလေးမ.. အဘိုးလည်း တစ်ခုလောက် အရသာခံကြည့်လို့ ရမလား.. "
" ဟုတ်ကဲ့ပါ အဘိုး ..ရပါတယ်ရှင့်.. "
အဘိုးကြီးဝမ်က သူမအား ထောက်ခံပေးနေသူဖြစ်၍ ဝမ်းသာအားရ နေ့လည်စာဘူး ထိုးပေးလိုက်သည် ။
အဘိုးကြီးက အရောင်အဖျော့ဆုံး အတုံးကို ရွေးယူလိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်၏ ။
စတင်ဝါးလိုက်သည်နှင့် အဘိုးကြီးဝမ်၏ ပါးပြင်များ တုန်ရီလာသည် ။ ပါးစပ်ထဲ မီးသွေးနှင့် ထူးဆန်းသော အရသာများကို ထည့်ဝါးလိုက်ရသလို ခံစားမိ၍ ချက်ချင်း ထွေးလိုက်ပစ်လိုက်၏ ။
ထိုနောက် ရေနွေးအိုးကို ယူကာ တစ်အိုးလုံး ကုန်သည်အထိ ပလုပ်ကျင်းပစ်လိုက်သည် ။
" ဟားဟားဟားးးး....."
ယန်ကျီဝမ်က ပါးစပ်ထဲမှ နံရိုး တဖြစ်လည်း မီးသွေးကို ထွေးထုတ်လိုက်ပြီး ကျယ်လောင်စွာ ရယ်၍ အဘိုးကြီး ဝမ်ကို လက်ညိုးထိုးကာ ကျေနပ် အားရစွာဖြင့်...
" အဘိုးကြီး မှတ်ပြီလား.. တမင် ချောက်တွန်းနေတာ အရသာ ဘယ်လိုနေလဲ ..ကောင်းတယ်မလား.. ဟားဟားဟားးးး..... "