အခန်း ၉၅
Vol. 9 Ch. 95
Chapter 95
~
အခန်း ၉၅ : တစ်ယောက်ထဲသေဖို့ ပြင်ထား...
~
" ဖွီ...ဖွီ..ဖွီ.."
အဘိုးဝမ်က ပါးစပ်ထဲမှ ကုန်အောင် ထွေးထုတ်ပြီးနောက် မျက်လုံးပြူး၍...
" ကောင်စုတ်လေး.. မင်းတမင် လုပ်တာပေါ့. "
ယန်ကျီဝမ်က နှုတ်ခမ်းတွန့်ကွေးကာ ပြုံးလိုက်ပြီး...
" အဘိုးဝမ်.. စကားများများပြောရင် ဒုက္ခရောက်တက်တယ်တဲ့.. "
ထိုစကားကို ကြားလျှင် အဘိုးဝမ်၏ မျက်နှာက ပို၍ မည်းမှောင်သွားသည် ။
ဤကလေးက သူ့အား ပစ်မှတ်ထားနေ၏ ။ ဒီမနက် အနှီကလေး၏ အဖေအား မကောင်းကြောင်းအနည်းငယ် ပြောမိသည်ကို ယခုအထိ အငြိုးထားနေသည် ။
သားအဖနှစ်ယောက်၏ တွက်ကပ်တက်သည့် စရိုက်မှာ တူလွန်းလှပေ၏ ။
သို့သော် သူ့ အမှားလည်း မကင်းပေ ။
ထိုအချိန်၌ ကြောင်အနေသော လိုရှောင်အဲ သတိဝင်လာသည် ။
သူမအား ယန်ကျီဝမ် ပြောသမျှမှာ အလိမ်များသာ ဖြစ်ပြီး အဘိုးကြီးအား ထောင်ချောက်ဆင်ချင်၍ပင် ။
မည်သို့ကြောင့်နည်း ။ မည်သို့ကြောင့် သူမအား ဤသို့ လုပ်ရက် ပါ၏နည်း ။
' ငါ ဟင်းချက်တာက တကယ်ပဲ မကောင်းဘူးလား.. '
ယန်ကျီဝမ်က လိုရှောင်အဲ၏ မျက်နှာပေါ်တွင် ရေးထိုးထားသော စာများကို မြင်သွားပြီး နံရိုးတစ်တုံး ကောက်ယူ၍ သူမ၏ ဟနေသော ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည် ။ ထို့နောက် လေးနက်စွာ ပြောလိုက်၏ ။
" ယုံကြည်မှု ရှိရှိ ...လား...ဆိုတဲ့ စကားလုံးကို ဖြုတ်လိုက်တော့.. "
( လိုရှောင်အဲက သူချက်တာ တကယ်မကောင်းဘူးလား.. တွေးနေလို့... လား ကိုဖြုတ်ပြီး ဟင်းချက်မကောင်းတာ လက်ခံလိုက် ဆိုတဲ့ အဓိပ္ပါယ်.. )
လိုရှောင်အဲ မသိစိတ်ဖြင့် ဝါးလိုက်မိပြီး...
" ထွီ..ထွီ...ထွီ..."
" ဒါ.. ဒါ..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. "
လိုရှောင်အဲ သူမ၏ ဟင်းချက်စွမ်းရည်ကို နားလည်သွားပြီး ဘဝ၏ အဓိပ္ပါယ်ကိုပင် မေးခွန်း ထုတ်မိသွားသည် ။
ဟင်းချက်ညံ့သည်ဟု မဆိုနိုင်တော့ဘဲ ဟင်းချက်ကို မချက်သင့်သည့် ပါရမီမျိုးပင် ။
သို့သော် သူမ အမေက အဆင်ပြေသည်ဟု မပြောခဲ့ပေဘူးလော ။ အဘယ်သို့ ကြောင့်နည်း ။
ယန်ကျီဝမ်က လိုရှောင်အဲ၏ ပုခုံးကို ပုတ်၍ စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည် ။
" လိုရှောင်အဲ ...ငါ့အတွက် ဟင်းချက်ကျွေးတာကို တကယ်ပဲ ဝမ်းသာပါတယ်.. နင်ရဲ့ ကြင်နာမှုကိုလည်း တကယ်ပဲ ကျေးဇူးတင်တယ်.. ဒါပေမဲ့ နောက်ထပ် ဟင်းမချက်တော့ရင် ကောင်းမယ်.. "
" အိ...."
လိုရှောင်အဲက မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့် အုပ်လိုက်ပြီး အလွန်အမင်း မှားယွင်းနေသည်ဟု ခံစားလိုက်ရပြီး ဝမ်းနည်းသွားကာ မျက်ရည်ဝဲလာသည် ။
ငယ်စဥ်ကတည်းက ရွှေလိုသ မွှေးလာသော မြင့်မြတ်သူ မိန်းမပျိုလေး၏ ပထမဆုံးအကြိမ် ဟင်းချက်ခြင်း ဖြစ်သော်လည်း ရလဒ်က ဆိုးဝါးလွန်းနေသည် ။
သူမ လက်မခံနိုင် ။
အဘိုးဝမ်က ရပ်ကြည့် မနေနိုင်တော့၍...
" ဟေ့..ဟေ့..အကောင်ပေါက်လေး ဒါက ဘာပဲ ဖြစ်ဖြစ် ကလေးမရဲ့ နှလုံးသားထဲက လာတဲ့ လက်ဆောင်ပဲ.. သူ့ အရည်အချင်းက နည်းနည်း ချို့တဲ့နေပေမဲ့ ခံစားချက်တွေကတော့ အစစ်အမှန်ပဲ.. "
" ပြောတာ ကောင်းတယ်.. "
ယန်ကျီဝမ် ခေါင်းညိတ်ထောက်ခံလိုက်ပြီး...
" အဲ့တာဆို ဒါတွေ အကုန် ကုန်အောင်စားပြပါလား.. "
အဘိုးဝမ်.... "......"
ဤကလေးက လူသားမဆန် ။ အဘိုးကြီး တစ်ယောက်ကို အငြိုးထားနေ၏ ။
အသက်ခြောက်ဆယ် နီးပါး အဘိုးကြီးအား တမလွန်သို့ ပို့ပေးချင် နေသည်လော ။
ဤမျှအထိ ရက်စက်ရန် လိုအပ်ပါ၏လော ။
အဘိုးဝမ် မသေချင်သေး၍ ပါးစပ်ပိတ်ထားလိုက်တော့သည် ။
ယန်ကျီဝမ်က နေ့လည်စာ ဘူးကို ပိတ်ပေးပြီး နှစ်သိမ့်ပေးလိုက်၏ ။
" လိုရှောင်အဲ.. ကြည့်ရတာ ဟင်းချက်တာနဲ့ နင်က လုံးဝ သက်ဆိုင်ပုံ မပေါ်ဘူး.. အရင်လိုပဲ မင်းသမီးလေး လုပ်နေတာ ပိုကောင်းပါတယ်.. "
ယန်ကျီဝမ်က အမှန်တရားကို ပြောလိုက်ချင်း ဖြစ်သည် ။ ဟင်းလုံးဝ မချက်တက်သူ တစ်ယောက်ပင် တစ်မနက်လုံး ကြိုးစား၍ ဤမျှ ဆိုးသော ဟင်းကို ချက်နိုင်မည်မဟုတ်ပေ ။
ထိုကြောင့် လိုရှောင်အဲ၏ ဟင်းမချက်တက်သည့် ပါရမီက သူမတူအောင် ထူးချွန်လွန်းနေသည် ။
" အီး... ဝူး..ဝူး..."
လိုရှောင်အဲ ငို၍ စက်ဘီးစီးကာ ပြေးလေတော့သည် ။
" ဟ.. ငါ အမှန်အတိုင်း ပြောလိုက်ရုံပါ.. "
ယန်ကျီဝမ်က အဝေးသို့ နင်းပြေးသွားသော လိုရှောင်အဲကို လှမ်းအော်လိုက်၏ ။
" ဟေးး.. ဝမ်းမနည်းပါနဲ့... တကယ်တော့ ငါ ဟင်းချက်တာ ကျွမ်းကျင်တယ်.. ငါသင်ပေးရမလား.. "
လိုရှောင်အဲက အဝေးသို့ ရောက်သွား၍ သူပြောသော စကားကို ကြား မကြား မသိတော့ချေ ။
" ငါ ဒီနေရာမှာ ရှိတာ ဘယ်လိုသိလဲ ဆိုတာကို ဖြေတောင် မသွားဘူး.. "
ယန်ကျီဝမ် တီးတိုးရေရွတ်လိုက်၏ ။ သို့သော် သူ လျင်မြန်စွာ နားလည်သွားသည် ။
လိုမိသားစုမှ ဖြစ်၍ ဤသည်က မဆန်းပေ ။ သူ့အိမ်ကို ရှာနိုင်လျှင် သူငါးမျှားနေကျ နေရာကိုလည်း ရှာနိုင်ပေသည် ။
လိုရှောင်အဲ ထွက်သွားပြီးနေက် ယန်ကျီဝမ်သည် စားချင်စိတ် ကုန်ဆုံးသွား၍ ငါးဆက်မျှားနေလိုက်သည် ။
အဘိုးဝမ်က မကျေမနပ် နှာခေါင်းရှုံ့လိုက်ပြီး...
" ကောင်စုတ်လေး.. မင်း ဒီလိုသာဆို အသက်ကြီးတဲ့ အချိန် တစ်ယောက်ထဲ သေဖို့ ပြင်ထားလိုက်တော့.. "
သူ့ဘဝတစ်လျောက်လုံးတွင် ဤမျှအထိ စကားမပြောတက်သူအား ပထမဆုံးမြင်ဖူးခြင်းပင် ။ အပြောမတက်တော့ ဆဲသလို ဟူသည့်အတိုင်းပင် ကလေးမလေး ငို၍ ပြေးလေပြီ ။
သူ့ အဖေနှင့် တစ်ပုံစံထဲပင် ။
ယန်ကျီဝမ်က လှည့်ကြည့်ပြီး ...
" ခင်ဗျား မသိပါဘူးဗျာ.. "
" အေးပါ.. အေးပါ.. မင်းပြောတာ အားလုံးမှန်တယ်.."
အဘိုးဝမ်က စကားနိုင်လုရန် ပျင်းရိလွန်းသွား၏ ။
သူသည် အပြင်လူဖြစ်၍ ဤကလေး ငှက်ပျောတုန်းဖက်၍ သေရလျှင်လည်း မသက်ဆိုင်ပေ ။
ယန်ကျီဝမ်ကလည်း ရှင်းပြရန် ပျင်းရိလွန်း၏ ။ သူ ဤသို့ မလုပ်ချင်သော်လည်း အချိန်က မှန်မနေ ။ သူ့အနားလာကပ်နေလျှင် စိတ်မထိန်းနိုင် ဖြစ်ချေတော့မည် ။
အမှန်အတိုင်း ပြောရလျှင် ယန်ကျီဝမ် မိန်းမ မလိုချင်သေးပေ ။ ယူရမည်ဆိုလျှင်ပင် လိုရှောင်အဲ ကဲ့သို့ လှပသူမျိုးကိုသာ ရှာပေမည် ။
မူရင်း ဇာတ်လမ်းတွင် ပါသူများကို စဥ်းစားကြည့်လျှင် ယူလီနှင့် ချင်ကျင်းရုက မဆိုးလှပေ ။
သို့သော် နှစ်ယောက်လုံးတွင် အားနည်းချက် ရှိ၏ ။ ယူလီ၏ စရိုက်က ခေါင်းမာတက်ပြီး မူရင်းဝတ္ထုထဲတွင် ယန်ကျီချန်း သူမကို မထိန်းချုပ်နိုင်ခဲ့ ။
ဤသည်က ယန်ကျီချန်း အသုံးမကျ၍လည်း ဖြစ်နိုင်သည် ။
ချင်ကျင်းရု နှင့် ပက်သက်လျှင်တော့ အနာဂတ် အင်တာနက် အသုံးပြုသူများက ဂုဏ်မောက်၏ အလိုရမက်ကြီးသည်ဟု သမုတ်ကြ၏ ။ ရှာကျူးနှင့် ချိန်းတွေ့ပြီးမှ ရွှီတာမော့နှင့် တွဲခဲ့သည် ။ မြို့ထဲတွင် လက်ထပ်ရန်ကို အစဥ်အမြဲ စိတ်ကူးယဥ်နေပြီး ကိုယ်ဝန်အတုကိုပင် ဟန်ဆောင်ခဲ့သည် ။
သို့ပေသိ ယန်ကျီဝမ်က ဤအရာကို သာမန်ဟုသာမြင်သည် ။ ဤခေတ်၏ ကျေးလက် မိန်းကလေးများမှာ မြို့သားနှင့် လက်ထပ်ပြီး မြို့တွင်နေလိုကြ၏ ။ မိန်းကလေး အများစု၏ အိမ်မက်ဟုပင် ဆိုနိုင်သည် ။
ပိုကောင်းသော ဘဝ ဟူသည်က လူတိုင်း၏ အိမ်မက်ပင်ဖြစ်ပြီး အသင်သည်လည်း ရွေးချယ်ခွင့် ရှိလျှင် ပိုကောင်းသည်ကိုသာ ရွေးချယ်မိပေမည် ။
သို့သော် ချင်ကျင်းရု ဤသို့ ဖြစ်နေရခြင်း၏ တရားခံမှာ ချင်ဟွိုင်ရု ကြောင့်သာ ဖြစ်သည် ။ ချင်ကျင်းရုသည် ချင်ဟွိုင်ရု၏ ဝမ်းကွဲဖြစ်ပြီး ချင်ဟွိုင်ရု ရွာသို့ ပြန်ရောက်တိုင်း မြို့၌ မည်သို့ ကောင်းကောင်းနေရသည်ကိုသာ ကြွားလုံး ထုတ်တက်သည် ။
ကျားမိသားစုတွင် အမှိုက်လို ဆက်ဆံ ခံနေရသည်ကို ချင်ကျင်းရု မသိ၍ သူမသည်လည်း မြို့သားနှင့် လက်ထပ်နိုင်ရန် ငယ်စဥ်ကတည်းက စိတ်ကူးယဥ်ခဲ့၏ ။ သူမ၏ အဓိက အိမ်မက်မှာ ကောင်းကောင်းနေနိုင် စားနိုင်ရုံသာဖြစ်၍ နောက်ပိုင်းမျိုးဆက်တွင်ဆိုလျှင် လူကြိုက်များသူ တစ်ယောက် ဖြစ်လာနိုင်သည် ။
ဤသည်က ယန်ကျီဝမ် လျှောက်တွေးနေခြင်းသာ ဖြစ်ပြီး သူ မိန်းမ မလိုချင်သေးပေ ။ သူ ရှာသည့် အချိန်၌ပင် မူရင်းဇာတ်ကောင်များအား ဝေါင်ဝေါင်ရွှေးရန် ဆုံးဖြတ်ထား၏ ။
.... ........
နေ့ခင်းတွင် ငါးရောင်းပြီးနောက် ယန်ကျီဝမ် အိမ်သို့ ပြန်လာခဲ့သည် ။
တံခါးစောင့် ကလေးနှစ်ယောက်က ပစ္စည်းများ ကူသယ်ပြီးနောက် နို့သကြားလုံး တစ်ဖဲ့ဆီ ရလိုက်ကြ၏ ။
ယန်ကျီဝမ်က ပန်းပင်များရေလောင်းနေသော ယန်ဖူကွေ့၏ အနားသို့ ရောက်လာပြီး...
" အဖေ.. အစောကြီး အိမ်ပြန် လာပြန်ပြီလား.. "
ထိုသည်ကို ကြားလျှင် ယန်ဖူကွေ့လန့်သွားပြီး ဘေးပတ်ဝန်ကျင်ကို ကြည့်လျှင် ကြားမည့်သူ မရှိသည်ကို မြင်မှ သက်ပြင်းချလိုက်သည် ။
" ကောင်စုတ်လေး ဘာလို့ အော်ပြောနေတာလဲ.. ကြားလို့ကောင်းတဲ့ စကားများ မှတ်နေလား .."
ကျောင်းမှ တခြား ဆရာ၊ဆရာမ များလည်း ယန်ဖူကွေ့ ကဲ့သို့ပင် ညနေ အတန်းချိန် မရှိလျှင် အိမ်သို့ ပြန်ကြ၏ ။
ဤသည်က တိတ်တဆိတ် နားလည်မှု ဖြစ်ပြီး ကျောင်း ခေါင်းဆောင်များက မသိဟန်ဆောင်ထားကြသည် ။
ထို့ကြောင့် ကျယ်လောင်စွာ ပြော၍ မကောင်းသည့် စကားပင် ။ ယန်ဖူကွေ့ သတိထားနေရ၏ ။
" စတာ..စတာ..နောက်တစ်ခါ မပြောတော့ဘူး...ရော့.. "
ယန်ကျီဝမ်က ပြုံးလိုက်ပြီး အိမ်ထဲသို့ မဝင်ခင် အနက်ရောင် ဆယ်ယွမ်တန် အရွက်ကြီးကို ထုတ်ကာ ယန်ဖူကွေ့အား ပေးလိုက်သည် ။