အခန်း ၉၇
Vol. 9 Ch. 97
Chapter 97
~
အခန်း ၉၇ : နောင်ခါလာ.. နောင်ခါစျေး
~
ရှာကျူး မိသားစု...
ရှာကျူး၏ အိမ်က ခြံဝင်း၏ အဓိကအိမ်ဖြစ်သည် ။ အကြီးဆုံး အိမ် ဖြစ်သလို သီးသန့်ခြံဝင်းလေး တစ်ခုလည်း ပါရှိ၏ ။
ရှာကျူးတို့က ထိုခြံဝင်းထဲတွင်ပင် စားသောက်ကြလေ့ရှိသည် ။
ဤအချိန်၌ စားပွဲပေါ်တွင် အနည်းငယ် ဖဲ့စားထားသော ငါးတစ်ပန်းကန်သာ ရှိလေသည် ။
ရှာကျူးက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ခြံဝင်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏ ။ သူ၏ မျက်နှာအိုကြီးက ဂန္ဓာပန်းခြောက်လို ရှုံ့မဲ့နေသည် ။
" ကျွီ... "
ယွီဆွေ တံခါးတွန်းဖွင့်ပြီး ဝင်လာသည် ။
သူမ ခြံထဲသို့ ရောက်သည်နှင့် စားပွဲပေါ်မှ ငါးဟင်းကို မြင်ပြီး မျက်လုံးတောက်ပသွား၏ ။ သူမ အပြေးကလေး ဝင်ထိုင်လိုက်ပြီး ငါးဟင်းကို စားလေတော့သည် ။
ပထမ အကိုက်မှာပင် သူမ၏ မျက်လုံးများ ပိုမို တောက်ပလာပြီး အားရပါးရ စားပြီးမှ ချီးကျူးလိုက်၏ ။
" အကိုရှာကျူး.. အကို့ ဟင်းချက်လက်ရာက ပိုပိုပြီးကောင်းလာတယ် ..ဒီ ငါးချိုချဥ်ကြော်က အရသာ ရှိလိုက်တာ.. "
ထိုအသံကို ကြားမှ ရှာကျူး သတိဝင်လာပြီး လှည့်ကြည့်လိုက်၏ ။ စားပွဲပေါ်ရှိ ငါးချိုချဥ်ကြော်မှာ အသားအနည်းငယ်သာ ကျန်ပေတော့သည် ။
ရှာကျူး ခေါင်းကိုက်သွားပြီး....
" အစုတ်ပလုပ်မ .. ငါ့အတွက် နည်းနည်း ချန်အုံးဟ.. ငါးယွမ်တောင် ပေးထားရတာ.. "
" ဘာ.. "
ယွီဆွေ ထိတ်လန့်သွားပြီး...
" ငတုံးအကို.. အလိမ်ခံလိုက်ရပြီလား.. ငါး တစ်ကျင်းကိုမှ ၂ မော် ပဲ ရှိတာလေ.. "
ဒီငါးအား ရွှေဖြင့် ကွပ်ထားသည်လော ။
" နင်ငါ့ကို ငတုံးများ ထင်နေတာလား.. "
ရှာကျူးက မကျေမနပ်ဖြင့် ...
" ဒီငါးကို ငါချက်ထားတာ မဟုတ်ဘူး.. "
သူ ထိုစကားကို မပြောချင်ပေ ။ သို့သော် ငါးဟင်းအား သူမြည်းစမ်းပြီး ဖြစ်သဖြင့် သူ့ထက် လက်ရာပိုကောင်းသည်ကို ဝန်မခံချင်သော်လည်း ဝန်ခံလိုက်ရတော့၏ ။
ဤငါးချိုချဥ်ကြော်၏ အရောင် ၊ အရသာ ၊ ထူးခြားသော မွှေးရနံ့နှင့် တိကျသော အပူချိန် ထိန်းညှိမှုက သူလုပ်နိုင်သည်ထက် သာလွန်နေသည် ။
သူ ငယ်စဥ်ကတည်းက အဖေဖြစ်သူထံမှ တန်ဟင်းလျာကို သင်ယူခဲ့ပြီး နောက်ပိုင်းတွင် စီချွမ်ဟင်းလျာ စားဖိုမှူးထံတွင် တပည့်ခံခဲ့၏ ။ ဤသည်ကိုပင် စားဂျပိုး တစ်ယောက်ထက် နိမ့်ကျနေသည် ။
ဟဲယွီဆွေက ရှာကျူး အပြင်မှ ဝယ်လာမှန်း နားလည်သွားပြီး...
" ငါးက အရသာ ကောင်းပေမဲ့ စျေးကြီးလွန်းတယ် အကိုရှာကျူး နောက်တစ်ခါ ထပ်မဝယ်နဲ့.. "
" ငါ အရူး မဟုတ်ပါဘူးဟ.. "
ရှာကျူးက စိတ်တိုတိုဖြင့် ကြည့်လိုက်ပြီး ခါးသီးဟန်ဖြင့်...
" တကယ်တော့ ဒီခြံဝင်းထဲကပဲ ဝယ်ထားတာ.. "
" အမ်.. ဒီ ခြံဝင်းထဲမှာ အကိုနဲ့ ယှဥ်နိုင်တဲ့ စားဖိုမှူး ရှိတယ်လား.. "
ယွီဆွေ ထိတ်လန့်သွားပြီးမှ ရုတ်တရက် မှတ်မိသွားသည် ။
" အကိုဝယ်လာတာ ယန်မိသားစု ဆီကလား.. "
ငါးတစ်ကောင်ကို ငါးယွမ် ။ ခြံဝင်းထဲတွင် ဤသို့ လောဘကြီးသူက ဦးလေးယန် တစ်ယောက်သာရှိသည် ။
ထုတ်မပြောချင်သော်လည်း ရှာကျူးက ခေါင်းညိတ်လိုက်ပြီး ကူကယ်ရာမဲ့ဟန်ဖြင့်...
" အမှန်ပဲ.. "
ယွီဆွေက စပ်စုဟန်ဖြင့် မေးလိုက်သည် ။
" ဘယ်သူ ချက်တာလဲ.. အဒေါ်ယန်လား .."
" ယန်လောင်အာ ချက်တာ.. "
ရှာကျူးက တိုးတိုးလေး ပြန်ဖြေလိုက်သည်။
" တကယ်ကြီး အကိုကျီဝမ်လား.. "
ယွီဆွေ မျက်လုံးပြူး သွား၏ ။ သူမ ခန့်မှန်းထားသော ကျီဝမ်က တကယ်ချက်တက်လိမ့်မည်ဟု မျှော်လင့် မထားပေ ။
သူမ ရှုပ်ထွေး ဟန်ဖြင့် မေးလိုက်သည် ။
" အကိုကျီဝမ် ဟင်းချက်သင်တာကို ညီမလေး တစ်ခါမှ မကြားဖူးပါဘူး.. သူ ဘယ်လိုလုပ်ပြီး ချက်တက်သွားတာလဲ.. "
သူမက ယန်ကျီဝမ်ထက် နှစ်နည်းနည်းသာ ငယ်၏ ။ ယန်ကျီဝမ်ဟူသည်က စာအုပ်ပုံထဲ ခေါင်းစိုက်ပြီး အပြင်ထွက်တက်သူ မဟူတ်ပေ ။ သူ ကျောင်းနှင့် အိမ်ကိုသာ လုံးပန်းနေရသူဖြစ်၏ ။
ထိုသို့သော လူက မည်သည့်အချိန်၌ ဟင်းချက် သင်လိုက်ပါဘိနည်း ။
' အဲ့တာကြောင့် ငါ့ခံပြင်း နေတာပေါ့.. '
ရှာကျူးက ခါးသီးဟန်ဖြင့်...
" ယွီဆွေ.. ငါ့ကို မှန်မှန်ဖြေ.. ငါ့ ဟင်းချက်တာ တကယ်ပဲ ပါရမီ မပါဘူးလား.. "
မဟုတ်လျှင် သူကဲ့သို့ ဆယ်နှစ်ကျော် ချက်ပြုတ်လာသူအား စာဂျပိုးက ယှဥ်နိုင်စရာ အကြောင်း မရှိချေ ။
သူ ဘဝ၏ အဓိပ္ပါယ်ကိုပင် သံသယ ဝင်သွား၏ ။
" ဘယ်ဟုတ်မလဲ.. အဖေ ပြောဖူးသားပဲ အကို့မှာ ထိပ်တန်း ပါရမီ ရှိပါတယ်ဆို.. "
ဟဲယွီဆွေက နှစ်သိမ့်ပေးသည် ။
" အဲ့ ခွေးသတောင်းစားကို ထည့်ပြောစရာ အကြောင်းမရှိဘူး.. "
ရှာကျူး၏ မျက်နှာက အေးစက်သွားသည် ။ သူ့ဘဝ တစ်လျှောက်လုံး အမုန်းဆုံး လူကို ပြရမည်ဆိုလျှင် သူ့အဖေ ဖြစ်သူ ဟဲတာချင်းပင် ။
ဟဲတာချင်း မုဆိုးမနှင့် ထွက်ပြေးသွားစဥ်က ရှာကျူးဆိုလျှင် ဆယ့်ခြောက်နှစ်သာ ရှိသေးပြီး ယွီဆွေ ဆိုလျှင် ၇ နှစ်သာ ရှိသေး၏ ။
ဤမျှ ခက်ခဲ ကြမ်းတမ်းသော ခေတ်ကြီး ။ ဤမျှ ငတ်မွတ်ခေါင်းပါး နေသော ခေတ်ကြီးတွင် အသက်ရှင်နိုင်ရန် မောင်နှမနှစ်ယောက် ရုန်းကန်ခဲ့ရ၏ ။
ဤမျှ နှလုံးသားမဲ့သူကို သူ့ အဖေအဖြစ် မတော်နိုင် ။ ထိုအချိန်မှ စ၍ သူ့ဘဝထဲတွင် အဖေဟူသည်က ဆုံးပါးသွားလေပြီ ။ လူသေ အဖြစ်သာ မှတ်ယူထားလိုက်တော့၏ ။
ယွီဆွေ နာခံစွာ ပါးစပ် ပိတ်ထား လိုက်သည် ။
စားပွဲပေါ်ရှိ ငါးခေါင်းသာ ကျန်သော ပန်းကန်ကို ကြည့်ပြီး ရှာကျူး တားလိုက်၏ ။
" ကလေးစုတ်.. ငါ့အတွက် ချန်ထားတော့.. ငါ သေချာ မမြည်းရသေးဘူး.. "
" ကို့ဟာကို မစားတာလေ ဘယ်သူက မစားနဲ့လို့ တားထားလို့လဲ.."
ယွီဆွေက ပြောပြီးသည်နှင့် သူမ အခန်းထဲသို့ ဝင်သွား၏ ။
ထိုသည်ကို ကြည့်ပြီး ရှာကျူး ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းခါလိုက်သည် ။ ငါးယွမ်တန် ငါးဖြစ်၍ အလဟသပ် အဖြစ်မခံနိုင် ။ အရိုးများကို ပြောင်စင်သည်အထိ စားလိုက်ပေတော့၏ ။
...
နောက်တစ်နေ့...... နေ့လည်ခင်း ...
ယန်ကျီဝမ်က ငါးရောင်းပြီးသည်နှင့် ရမှတ်စတိုး မှ ဝက်ဗိုက်သား တစ်ကျင်းကို ဝယ်၍ အိမ်သို့ ပြန်လာခဲ့သည် ။
အနီးပတ်ဝန်းကျင် ခြံဝင်းများမှ ကလေးများနှင့် ဆော့နေသော အငယ်နှစ်ယောက်က ယန်ကျီဝမ်ကို မြင်လျှင် ဒုန်းဆိုင်း ပြေးလာကြ၏ ။
" ဖြည်းဖြည်း.. "
ယန်ကျီဝမ်က သတိပေးလိုက်သည် ။
ကလေးနှစ်ယောက်က သူသယ်လာသော ပစ္စည်းများကို ဝိုင်းကူ ဆွဲကြသည် ။
ယန်ကျီဝမ်က ပုံးကို ချလိုက်လျှင် ယန်ကျီခွမ်းက အထဲမှ ဝက်သားကို မြင်သွားပြီး ဝမ်းသာအားရနှင့်..
" အကိုနှစ်.. ဒီနေ့ည ဝက်သား စားကြမှာလား.. "
ထိုအသံထွက်လာသည်နှင့် ကလေးများက မနာလိုသော အကြည့်ဖြင့် စိုက်ကြည့်နေကြ၏ ။
ယန်ကျီဝမ်က.....
" သူများကို မပြောရပါဘူးဆို.. ပါးစပ်ပိတ်ထား.. မဟုတ်ရင် ဒီနေ့ည ပြောင်းဖူးပေါင်းပဲ စားရမယ်.. "
ထိုစကားကို ကြားလျှင် ယန်ကျီခွမ်းက သူ့လက်သေးသေးလေးဖြင့် ပါးစပ်ကို အုပ်ထားလိုက်၏ ။
ထို ဝဝလင်လင် မစားရသော နေ့များဆီသို့ သူ ပြန်မသွားချင်ပေ ။
" ငါ့ဟာငါ သယ်လိုက်တော့မယ် ..ခဏပဲ ကစားတော့နော် ..ပြီးရင် ညစာ စားဖို့ လာခဲ့ကြတော့.. "
ယန်ကျီဝမ်က တခြားကလေးများကို ဝေကျွေးရန် သကြားလုံး.ထုတ်ပေးလိုက်ပြီး ပုံးကိုဆွဲ၍ အိမ်သို့ ဆက်သွား၏ ။
" ဟ.. လုံးဝ အဓိပ္ပါယ် မရှိတာတွေ .."
သူ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ယန်ဖူကွေ့၏ ညည်းတွားသံကို ကြားလိုက်ရ၏ ။
ယန်ကျီဝမ်က စ လိုက်သည် ။
" အဘိူးကြီး.. ဒီနေ့ ဂိတ်စောင့် မလုပ်တော့ဘူးလား.. ရှားရှားပါးပါးပဲ.. "
( မနေ့က ခိုင် ထားလို့ ဒီနေ့ ဂိတ်ကနေစောင့်ပြီး ဘယ်သူ့ဆီကနေ အမြတ်ထုတ်ရမလဲ ကြည့်မနေတော့တာ.. ယန်ဖူကွေ့က အိမ်ပြန်ရောက်ရင် ဝင်ပေါက်နားမှာ တစ်ခုခု လုပ်နေတက်တယ် ..ဖြတ်သွားတဲ့ သူတွေ တစ်ခုခု သယ်လာရင် စကားရော ဖောရောနဲ့ ဘာရရ အလကား ရတာယူတာ.. အဲ့တာကြောင့် သူ့ဘွဲ့က မိလ္လာလှည်း ဖြတ်သွားရင်တောင် တစ်တို့လောက်မြည်းကြည့်ရမှ ကျေနပ်သူ ရထားတာ 🤣 ..)
" လာစ မနေနဲ့.. ဘယ်မလဲ ဒီနေ့ ပေးရမယ့်ဟာ.. "
ယန်ကျီဝမ်က ပိုက်ဆံထုတ်ပေးလိုက်ပြီး ရန်ရွေ့ဟွားကို ပြောလိုက်သည် ။
" အမေ.. ဒီနေ့ ဗိုက်သား ဝယ်လာတယ် ညစာ ချက်ပေးအုံး.. "
" ဘာလို့ အသားဝယ်လာတာလဲ.. ငါးပဲ ယူတာလာ အကုန်အကျ သက်သာတာကို.. "
ရန်ရွေ့ဟွားက ညည်းညူလိုက်သော်လည်း အသားအား ယူသွား၏ ။
ဒုတိယသားချက်လျှင် ဝက်ဆီ တစ်စက်မှ ကျန်မည်မဟုတ်၍ သူမ အလေအလွင့် အဖြစ် မခံနိုင် ။
ယန်ကျီဝမ်က နောက် လိုက်၏ ။
" မနေ့ညက ငါးချိုချဥ်ကြော် မစားလိုက်ရလို့ ဗိုက်ကျေနပ်အောင် ဝယ်လာရတာ .."
ယန်ဖူကွေ့၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲ သွားသော်လည်း မကြားချင်ယောင် ဆောင်၍ စာဆက်ဖတ်နေ၏ ။
သူ မနေ့ညက အကျိုးအမြတ်ရခဲ့၍ ပြန်ငြင်းခုံ မနေတော့ပေ ။
ရန်ရွေ့ဟွားက မျက်လုံး လှန်ပြလိုက်ပြီး...
" ဘယ်လို ချက်လိုက်ရမလဲ.. "
" နှပ်သာ နှပ်လိုက်ပါ.. "
ရန်ရွေ့ဟွား ခေါင်းညိတ်၍ မီးဖိုချောင်ထဲ ဝင်သွားသည် ။ ယနေ့ညစာအတွက် ပြင်ဆင်ပေတော့မည် ။
ယန်ကျီဝမ်က သူ့လက်နက်များကို သွားသိမ်းပြီး ယန်ဖူကွေ့နှင့် ရေနွေးကြမ်း သောက်ရန် ပြန်ထွက်လာ၏ ။
သူက သူ့အဖေကို တာ့ချန်မန် စီးကရက် တစ်လိပ် ထုတ်ပေးလိုက်ပြီး...
" အဖေ ခုနက ဘာတွေ အော်နေတာလဲ.. "
" ဒီမှာလေ.. သတင်းစာထဲမှာ ရေးထားတယ်.. ဒီနှစ် သီးနှံအထွက်နှုန်းက ၂၀ % တောင် တိုးလာတယ်တဲ့ အဓိပ္ပါယ် မရှိတာ.. "
ယန်ဖူကွေ့ နှာခေါင်း ရှုံ့လိုက်ပြီး...
" ဟမ့်... ဘေးအိမ်မှာ နေတဲ့ ဝမ်ကြီး က တနေ့ သူ့ရွာကို ပြန်သွားသေးတယ်.. သူ ပြောတာ ဒီလို မဟုတ်ပါဘူး.. "
ယန်ကျီဝမ်က စပ်စုဟန်ဖြင့် ...
" ကျေးလက်ကလူတွေက အိုးကြီး တစ်လုံးထဲ အတူတူစားကြပြီး ဗိုက်ပြည့်အောင် စားရတယ်လို့ သားကြားပါတယ်.. "
" ဒီ အကြောင်းကို မင်းသိတယ်လား.. "
" အင်း.. ငါးမျှားရင် ကြားလိုက်ရတာ.. "
" အဲ့တာ မှန်တယ်.. ဝမ်ကြီးလည်း အဲ့လိုပြောတယ်.. "
ယန်ဖူကွေ့က ခေါင်းခါ၍ သက်ပြင်းချလိုက်ပြီး...
" ဒါပေမဲ့ သူတို့က နောင်ခါလာ နောင်ခါစျေး ချနေကြတာ.. နောက်နှစ်အတွက် စားစရာကို ဒီနှစ် ကြိုပြီး စားလိုက်ရင် နောက်နှစ်ကျ ဘယ်စားကြမလဲ ..အဲ့တာကြောင့် အဓိပ္ပါယ် မရှိဘူးလို့ ငါပြောတာ.. "
ယန်ကျီဝမ် တိတ်တဆိတ် ခေါင်းညိတ်လိုက်၏ ။ ယန်ဖူကွေ့၏ အသိအမြင်က မဆိုးလှချေ ။
ယခု စက်တင်ဘာလ ကုန်ခါနီးဖြစ်ပြီး အစာရေစာ ကပ်ဘေးက နှစ်မကုန်ခင် စမည်ဖြစ်သည် ။
သူ ကြိုတင်ကာကွယ်မှု လုပ်ထားသင့်သည်ဟု တွေးလိုက်မိ၏ ။