အခန်း ၉၈
Vol. 9 Ch. 98
Chapter 98
~
အခန်း ၉၈ : မီးဘေးရှောင် မလောင်ခင်တား
~
ကပ်ဘေးလာရန် အချိန်အနည်းငယ် လိုသေး၏ ။ သူ အလျင်စလို လုပ်ရန် မလိုအပ် ။ သေချာ စီမံထားရချေမည် ။
သို့သော် ကပ်ဘေး လာတော့မည်ဟု ပြော၍ မဖြစ်ပေ ။ သူ့အဖေအား ရှင်းပြရန် ခက်ခဲသွားနိုင်သည် ။
ထို့အပြင် ငါးမျှား ရမှတ် စုဆောင်းထားသည်က ကပ်ဘေး ဖြစ်လာလျှင်ပင် သူ့မိသားစု ငတ်သေနိုင်မည် မဟုတ်ပေ ။
သို့ပေသိ ယခင်ကလို အသားမကြာခဏ စားရန် မဖြစ်တော့ ။ ရံဖန်ရံခါ ပြောင်းဖူးမှုန့် ယူလာသည်လောက်ပင် အဆင်ပြေတော့မည် ။
ထိုသည်ကို စဥ်းစားပြီး ယန်ကျီဝမ်က...
" အဖေ.. ကျေးလက်မှာ အဲ့လို ဖြစ်နေပြီဆိုတော့.. သားတို့ ကြိုပြီး အစားအစာ စုထားသင့်တယ် ထင်လား ..
"
" ဟမ်.."
ယန်ဖူကွေ့ အံအားသင့် သွားပြီး...
" သား.. မင်းပြောတာက.. "
သူ ချက်ချင်း သဘောပေါက်လိုက်၏ ။
ယန်ကျီဝမ် ခေါင်းညိတ်၍...
" အဖေပဲ စဥ်းစားကြည့် ..မြို့ကလူတွေ မငတ်ရင်တောင် အရင်လောက် အစားအစာ ပေါတော့မှာ မဟုတ်ဘူး.. မြို့ထဲက အစားအစာတွေ ဘယ်ကနေလာတာလဲ.. "
ယန်ဖူကွေ့ လန့်လာသည် ။
" ကျေးလက်က.. "
" မှန်တယ်.. "
ယန်ကျီဝမ် ဆက်ပြောသည် ။
" တကယ်လို့ ကျေးလက်ကလူတွေ စားစရာ ပြတ်သွားရင် မြို့ကို ဘယ်လို ပို့မှာလဲ..ဒါဆို .."
" ရိက္ခာ ပြတ် သွားမယ်.. "
ယန်ဖူကွေ့ စိုးရိမ်ထိတ်လန့်သွားပြီး...
" သား.. မင်းပြောတာ တကယ်ဖြစ်နိုင်တယ်.. "
" အဲ့တာကြောင့် သားတို့ ပြင်ဆင်ထားသင့်တယ်..ဖြစ်လာရင် အခြေအနေ တည်ငြိမ်တာပေါ့.. မဖြစ်လာရင်တော့ ပိုကောင်းပါတယ်.. "
ယန်ဖူကွေ့ ခေါင်းညိတ်လိုက်ပြီး...
" အဲ့တာဆို.. မင်း ဘယ်လို လုပ်သင့်တယ် ထင်လဲ.. "
ယန်ဖူကွေ့သည် မသိလိုက်မသိဘာသာ ယန်ကျီဝမ်အား ကလေးဟု မတွေးတော့ပေ ။
ယန်ကျီဝမ် ခဏစဥ်းစားလိုက်ပြီး...
" ပထမဆုံး အနေနဲ့ သားတို့ အဓိက စားစရာ အရင်စုရမယ်.. ဂျုံမှုန့်က စျေးကြီးတော့ အဖေ ဝယ်ချင်မှာ မဟုတ်ဘူး.. ပြောင်းဖူးမှုန့် ဝယ်ထားကြမယ်.. "
" အင်း အဲ့တာက သိမ်းရလွယ်တယ်.. သေချာ ဂရုတစိုက်ထားရင် တစ်နှစ် နှစ်နှစ်တော့ ဘာမှ မဖြစ်ဘူး.. ငါတို့ ဆုံးရှုံးမှု မရှိပါဘူး.. "
ယန်ဖူကွေ့ ခေါင်းညိတ်ပြီး...
" ဒါပေမဲ့ ငါတို့ ရိက္ခာ ကူပွန်က တစ်လစာ လောက်ရုံပဲ ရှိတာ.. သူများနဲ့ လဲမှရမယ်.. များများလိုချင်ရင် မှောင်ခိုစျေးသွားဝယ်ရမယ်.. အဲ့တာ စျေးကြီးမှာဟ.."
ယန်ကျီဝမ်က အကူအညီမဲ့ဟန်ဖြင့် ...
" အဖေ.. ဒီ အချိန်မှာ အဲ့တာ တွေးနေစရာ လိုသေးလို့လား.. အဲ့အချိန်ကို ရောက်ရင် ပိုတောင် စျေးကြီးလာအုံးမှာ.. "
အနှီအဘိုးကြီးက ကပ်စေးနဲနေ သေး၏ ။ စိတ်ပျော်ရွှင်စေရန် အငတ်ခံတော့မည်လော ။
" အင်း အဲ့တာလည်း မှန်တာပဲ ...အဲ့တာဆို ရင်းနှီးတဲ့ သူတွေကို ရိက္ခာကူပွန် အပိုရှိမရှိ မေးကြည့်လိုက်အုံးမယ်.. တကယ်လို့ လိုသလောက်မရရင်တော့ ဒီအပတ်အကုန်ကြ ခိုစျေးကို သွားရမှာပေါ့.. "
ယန်ကျီဝမ် ခေါင်းခါပြီး...
" ဒီကိစ္စ သား လှုပ်ရှားလိုက်မယ်.. အဖေ ပိုက်ဆံပဲ ထုတ်ပေး.. "
သူ ပိုက်ဆံ လိုချင်၍ မဟုတ် ။ ဆင်ခြေပေးရန် ပျင်းလွန်း၍ ဖြစ်သည် ။
" အေးပါ.. "
ထို့နောက် ယန်ဖူကွေ့က မေးသည် ။
" ပြီးတော့ ဘာတွေ ပြင်ထားဖို့ လိုအုံးမလဲ.. "
ယန်ကျီဝမ်က ခဏ စဥ်းစားပြီး...
" အဓိက ပြဿနာက ကောက်ပဲသီးနှံပဲ.. ကျန်တာက ဖြေရှင်းလို့ရတယ် ..ရိက္ခာကူပွန်တွေတော့ ရသလောက် စုထားကြတာပေါ့.. သားတို့ ရိက္ခာကုန်လာရင် ထုတ်ဝယ်လို့ လွယ်အောင်.. "
" ကူပွန်အတွက် ခိုစျေးကို သွားမှရမယ်.. "
ဤခေတ်သည် ရိက္ခာကူပွန်များကို လူတစ်ယောက် တစ်လ လုံလောက်ရုံသာ ထုတ်ပေး၏ ။ သို့သော် တချို့ မိသားစုများသည် ယန်မိသားစုကဲ့သို့ အလွန်ချွေတာကြပြီး ကူပွန်များကို စုဆောင်းထားကြသည် ။
ကျားမိသားစုကဲ့သို့ ရိက္ခာမလုံလောက်၍ ငွေဖြင့် ဝယ်နေရသူများလည်း ရှိ၏ ။
" အင်း ..အစားအစာနဲ့ ရိက္ခာကူပွန်တွေ.. "
ယန်ဖူကွေ့ ခေါင်းညိတ်၍ သဘောတူလိုက်သည် ။ ဤအရာနှစ်ခုက ဆုံးရှုံးမှု မဖြစ်နိုင်ချေ ။ ခန့်မှန်းချက် မှားနေလျှင်ပင် ကိစ္စမရှိ ။ နောက်ပိုင်းတွင် တဖြည်းဖြည်းချင်း သုံးနိုင်၏ ။ အစားအစာ မရှိသည်ကမှ ငတ်သေ သွားနိုင်သည် ။
ခဏတာ တိတ်ဆိတ်သွား ပြီးမှ ယန်ကျီဝမ်က...
" အဖေ.. အားလုံးက မျှော်လင့် ထားသလိုပဲဆိုရင် စက်ဘီး ဝယ်ထားတာက ကောင်းမယ်ထင်တယ် .."
" တော်ပါပြီ.. အရေးတကြီး လိုလာရင် မင်းစက်ဘီး ရှိတာပဲ.. "
ယန်ဖူကွေ့ တွန့်တို နေဆဲပင် ။ ယန်ကျီဝမ် တိုက်တွန်းရမည်ကို ပျင်းရိလွန်း၍ ဆက်မပြောတော့ ။
မူရင်းဝတ္ထုထဲတွင် ယန်ဖူကွေ့ ဝယ်လိုက်သည်က အဟောင်းတန်းမှ စက်ဘီးအဟောင်းလေး ဖြစ်သည်ကို သူမှတ်မိနေသေး၏ ။
...
နောက်တစ်နေ့ ...
ယန်ကျီဝမ် ပြန်လာသောအခါ အိတ်ကြီး တစ်လုံးကို သယ်လာ၏ ။
ထိုသည်ကို တံခါးအစောင့် ယန်ဖူကွေ့ မြင်လျှင် အနားသို့ ကပ်ပြီး တိုးတိုးလေး မေးလိုက်သည် ။
" ဒုတိယသား..ပစ္စည်း အားလုံး ပါလား.. "
ယန်ကျီဝမ် ခေါင်းညိတ်ပြီး အိတ်ကို ဖွင့်ပြလိုက်လျှင် အထဲတွင် ပြောင်းဖူးမှုန့် အပြည့်ပါသည် ။
ယန်ဖူကွေ့က စပ်စုဟန်ဖြင့်...
" ဒါဘယ်က ရလာတာလဲ.. "
" သား အဘိုးဝမ်ဆီက ကူပွန် ဝယ်ခဲ့တာ.. "
ဤသည်က လိမ်ညာခြင်း မဟုတ် ။ တချို့ ကူပွန်များအား အဘိုးကြီးဝမ်ထံမှ လဲလာခဲ့သည် ။ ထိုသည်က တရားမဝင်၍ အပြည့်အစုံ ထည့်မရေးတော့ပေ 🤪 ။
ယန်ဖာကွေ့က ခေါင်းညိတ်ပြီး...
" အဲ့ အဘိုးကြီးက သိပ်မရိုးရှင်းဘူး.. "
ယန်ဖူကွေ့ ထိုအဘိုးကြီးအား မြင်လာခဲ့သည်မှာ နှစ်တော်တော်ကြာပြီ ဖြစ်သည် ။
သူက အလုပ်အကိုင် အကြောင်း မေးဖူးသော်လည်း ဝေ့လည်ကြောင်ပတ်သာ ပြန်ဖြေသည် ။
ယန်ကျီဝမ်သည်လည်း ထို့အတူပင် ။ အဘိုးကြီးက ပြန်မဖြေ၍ ထပ်မေးတော့ပေ ။
ရင်းနှီးသော ငါးမျှားဖော်အဖြစ်သာ သတ်မှတ်ထားလိုက်တော့သည် ။
" ကလင်.. ကလင်.. "
ထိုအခိုက် သူတို့ နောက်ဘက်မှ စက်ဘီး ဘဲလ်တီးသံ ထွက်ပေါ်လာ၏ ။
သားအဖ နှစ်ယောက်လုံး လှည့်ကြည့်လိုက်ကြပြီး အံ့သြသွားကြသည် ။
ထိုသူကား တခြားလူမဟုတ် ။
ဖတ်တီးလျှိုက ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့် စက်ဘီး အသစ်စက်စက် တစ်စီးအား တွန်းလာသည် ။
ယန်ဖူကွေ့က ထိုသည်ကို မြင်လျှင် စားဖားကြီး အပြုံးဖြင့် အနားတိုးသွားပြီး...
" ဟေး လောင်လျှို. ခင်ဗျားလည်း စက်ဘီး ဝယ်လိုက်ပြီလား.. "
" အင်း ..."
လျှိုဟိုင်ကျုံးက ခပ်ပေါ့ပေါ့ပြန်ဖြေလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် . ..
" သားကြီးရဲ့ အလုပ်က ဝေးတော့ နေ့တိုင်း လမ်းလျှောက်ရတာ ပင်ပန်းတယ်လေ.. အဲ့တာနဲ့ ကျုပ်လည်း မိန်းမနဲ့ တိုင်ပင်ပြီး သားအတွက် စက်ဘီး ဝယ်လာတာ.. "
" စက်ဘီးက အသစ်ဆိုတော့ သန့်ခန့် နေတာပဲ..ကျုပ်အိမ်က စက်ဘီးလိုပဲ.. "
ယန်ဖူကွေ့က ဖက်တီးလျှို၏ ကြွားဝါနေသော မျက်နှာကို သတိမထားမိပုံဖြင့် ထောက်ခံလိုက်သည် ။
ဖက်တီးလျှိုက... ( သူက ဝတော့.. သူ့နောက်ကွယ်မှာဆို ဖက်တီးလျှိုလို့ ခေါ်ကြတာ.. )
" မဟုတ်ဘူး..မတူဘူး... "
ယန်ဖူကွေ့ အံ့သြသွားသည် ။
အဘိုးကြီးလျှိုက...
" ခင်ဗျား စက်ဘီးက forever လေ.. ကျုပ် စက်ဘီးက phoenix.. ယွမ်နှစ်ရာတောင် ပေးရတယ်.. "
ယန်ဖူကွေ့ ရုတ်တရက် သဘောပေါက်သွားပြီး လက်မ ထောင်ပြကာ.. .
" ဒုတိယဦးလေးက သံမဏိ စက်ရုံမှာ အဆင့်ခြောက် တူသမားဆိုတော့ ယွမ်နှစ်ရာက သုံးလစာလောက်ပဲ ရှိတယ်.. အားကျပါတယ်ဗျာ.. "
" ဒါပေါ့... ကျုပ်တို့သား ပင်ပန်းနေတာ မကြည့်ရက်လို့ ဝယ်ပေးလိုက်တာ.. "
အဘိုးကြီး လျှိုက ချီးကျူးခံလိုက်ရသဖြင့် လေပေါ်မြှောက်တက် သွားပြီး စိတ်ခံစားချက်များ အလွန်ပင် ကောင်းမွန်သွား၏ ။
ထိုသည်ကို ယန်ဖူကွေ့ မြင်လျှင် အချိန်ကျပြီကို သိသွားပြီး...
" ဒါနဲ့ ဒုတိယ ဦးလေး လျှို.. စက်ဘီး အသစ်စက်စက် စျေးကြီးတာကြီး ဝယ်တာက ကိစ္စကြီးနော်.. နောင်ကျရင် ကွမ်ချီ အိမ်ထောင်ပြုရင်လဲ လိုအပ်တဲ့ အရာဆိုတော့.. အဲ့တာ အောင်ပွဲခံဖို့ စားပွဲနှစ်လုံး လောက်တော့ လုပ်သင့်တယ်.. "
ဖက်တီးလျှိုက ချီးကျူးစကားကြောင့် ကျေနပ်သွားပြီး ခေါင်းညိတ်ကာ...
" ဒါပေါ့.. မှန်တာပေါ့.. ကျုပ်တို့ သေချာပေါက် ဂုဏ်ပြုပွဲ လုပ်သင့်တယ်.. လောင်ယန် ဒီည ကျုပ်အိမ်လာခဲ့.. ကျုပ် ဟင်းကောင်းကောင်း နှစ်ပွဲ ချက်ပြီး ခင်ဗျား နဲ့ အဘိုးကြီးယီနဲ့ ကျုပ်တို့ သုံးယောက် အတူတူ သောက်ကျတာပေါ့.. "
" ကောင်းပါပြီဗျာ.. "
ယန်ဖူကွေ့က အမြန် သဘောတူလိုက်သည် ။ စကားအနည်းငယ် ပြောရုံဖြင့် အလကားစားပွဲ တစ်ခု ရလိုက်ချေသည် ။
" ဒုတိယ ဦးလေး.. "
ယန်ကျီဝမ်က နှုတ်ဆက်လိုက်ပြီး သူ့စိတ်ထဲတွင် သူ့အဖေ၏ စွမ်းဆောင်ရည်ကို ချီးကျူး မိလိုက်သည် ။
ကပ်စေးနဲ ယန် ဆိုသည့်အတိုင်းပင် ကုန်းဆင်းရန် အတွက် အမြဲလမ်းဖောက်နိုင်သည် ။ သူလို လူမျိုး နှစ်ယောက်မရှိ ။