အခန်း ၉၃
Vol. 10 Ch. 93
လန်လင်း ချက်ချင်းပင် ဝမ်းသာသွား၏။ အနည်းဆုံးတော့ ရဲ့ကျင်းယွီ အသက်ရှိနေသေးပြီး အန္တရာယ်ကင်းနေသေးသည် မဟုတ်လော။
ဆိုးယုတ်သည့် အမျိုးသား၏ အသံ ဂူထဲ၌ ထပ်မံပြီး ပဲ့တင်ထပ်လာသည်။ “မင်းရဲ့ သိုင်းပညာက ငါ့ထက် နည်းနည်း ပိုကောင်းရင် ကောင်းနိုင်တယ်။ ဒါပေမဲ့ ငါကလည်း အဆင့်မြင့် စစ်သည်တော် တစ်ယောက်ပဲ။ ငါ့ညီ ၁၀ ယောက်လည်းရှိသေးတယ်။ ဒါ့အပြင် မင်းက လူသားစားတဲ့သူလည်း မဟုတ်တော့ ဆယ်ရက်ကျော်လောက် ငတ်နေပြီ။ တကယ်ပဲ ပြန်တိုက်ဖို့ အင်အား ကျန်သေးလို့လား။”
ရဲ့ကျင်းယွီက အေးစက်စွာ ပြောလိုက်၏။ “ရှင် စမ်းကြည့်နိုင်တယ်။” သူမ၏ လေသံက ပြတ်သားနေသော်ငြား အသံမှာ သိသိသာသာ အားနည်းနေသည်။
ဆိုးယုတ်သည့် အမျိုးသား လှောင်ရယ်လိုက်၏။ “မလိုဘူး။ စိတ်ဝိညာဉ်ဖြတ်တောက်ခြင်းရေ သွားဝယ်ဖို့ တောင်ဘက် နယ်စပ်မြို့ကို ငါ လူလွှတ်ထားတယ်။ သူ မကြာခင် ပြန်ရောက်လာလိမ့်မယ်။ အဲဒါကို မင်းကို အတင်းတိုက်လိုက်တာနဲ့ မင်းရဲ့ သွေးကြောတွေ ပျက်စီးသွားပြီး မင်းရဲ့ ကျင့်ကြံခြင်းတွေ အားလုံး လုံးဝ ပျက်စီးသွားလိမ့်မယ်။”
“အဲဒီအခါကျရင် မင်းက ငါ့လက်အောက်ကို အပြည့်အဝ ရောက်လာမှာပဲ။ အရင်က ငါပြောသလိုပဲ တည်းခိုခန်းမှာ မင်းကို ပထမဆုံး မြင်လိုက်ကတည်းက မင်းက ငါ့လူ ဖြစ်လာရမယ်လို့ ဆုံးဖြတ်ထားတာ။ မင်းကို ငါ့မိန်းမ ဖြစ်စေချင်တယ်။ ပြီးတော့ နေ့တိုင်း မင်းနဲ့ အိပ်မယ်။”
တောင်ဘက် နယ်စပ်မြို့ တည်းခိုခန်း၌ ရဲ့ကျင်းယွီကို ပြင်းပြသည့် ပိုင်ဆိုင်လိုစိတ်များဖြင့် စိုက်ကြည့်နေသော ရုပ်ရည်ချောမောသော်လည်း မသင်္ကာဖွယ်ကောင်းသည့် အမျိုးသားတစ်ဦး အမှန်တကယ် ရှိကြောင်း လန်လင်း ရုတ်တရက် သတိရသွားသည်။
သူက အရိပ်ပင့်ကူဘုရင်မ ဂူထဲသို့ သူတို့နောက်မှ လိုက်လာပြီး အံ့ဖွယ်ကောင်းလောက်အောင် အသက်ရှင်ကျန်ရစ်ကာ သေရေးရှင်ရေး အန္တရာယ်တစ်ခု ဖြစ်လာလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။ ထိုခွေးကောင် ထိုပါးရဲ့က အရိပ်ပင့်ကူဘုရင်မကို အမဲလိုက်ရန် လာမည်ဟု အကြိမ်ကြိမ် ပြောဆိုနေသော်လည်း လုံးဝ ပေါ်မလာပေ။
လန်လင်း မျက်လုံးများကို မှိတ်လျက် အထဲရှိ အခြေအနေကို အာရုံခံရင်း စိတ်ထဲ၌ အလျင်အမြန် စဉ်းစားတွေးတောနေ၏။ ဂူထဲ၌ ခွေးမသား ဆယ်ကောင်ကျော်ခန့် ရှိနေသည်။
သူတို့ကို ဦးဆောင်နေသည့် ဆိုးယုတ်သော အမျိုးသားမှာ အဆင့်မြင့် စစ်သည်တော် တစ်ဦး ဖြစ်၏။ ကျန်ရှိသူ အများစုမှာ အလယ်အလတ်အဆင့် စစ်သည်တော်များ ဖြစ်ကြသည်။
သို့မဟုတ်ပါက တောင်တစ်သောင်း တောင်တန်းထဲသို့ သူတို့ ဝင်ရောက်ရဲမည် မဟုတ်ပေ။ လက်ရှိအချိန်၌ လန်လင်းက တတိယအဆင့် လေးကိုင်စစ်သည်အဆင့်သို့ ရောက်ရှိနေသော်ငြား အထဲရှိ အားအနည်းဆုံး လူမိုက်ပင်လျှင် သူ့အား အလွယ်တကူ သတ်ဖြတ်နိုင်နေသည်။ သူတို့၏ အဆင့်မြင့် ခေါင်းဆောင်ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
“ငါ ဘာလုပ်ရမလဲ။ ရဲ့ကျင်းယွီကို ဘယ်လို ကယ်ရမလဲ။ သူတို့ကို ထိပ်တိုက် မရင်ဆိုင်နိုင်ဘူး။ ဉာဏ်သုံးပြီး အနိုင်ယူမှ ရမယ်။” လန်လင်း ကယ်ဆယ်ရေး အစီအစဉ်တစ်ခုကို အပြင်းအထန် စဉ်းစားနေလိုက်၏။
ထိုအခိုက်မှာပင် ညစ်ညမ်းသည့် အသံတစ်ခုက ညည်းညူလိုက်သည်။ “ဟူး... အဲဒီမိန်းမက အရိပ်ပင့်ကူဘုရင်မရဲ့ ခေါင်းကို ယူသွားတာ နှမြောစရာပဲ။ မဟုတ်ရင် ငါတို့ ချမ်းသာနေလောက်ပြီ။ အဲဒါက ရွှေဒင်္ဂါး တစ်ထောင်ကျော် တန်တယ်။ ငါတို့အားလုံး နှစ်ချီပြီး ဇိမ်ကျကျ နေဖို့ လုံလောက်တာကို။”
**--**--**--**--**--**--**--**
“နေဦး...” အရိပ်ပင့်ကူဘုရင်မ၏ ခေါင်းက လက်ရှိအချိန်၌ လန်လင်း၏ လက်ထဲ၌ ရှိနေ၏။ အထဲရှိ လူယုတ်မာ အားလုံးကို တစ်ပြိုင်နက်တည်း သတ်ဖြတ်ရန် ဤအရာကို သူ အသုံးပြုနိုင်သည်။ ပင့်ကူဘုရင်မ၏ ခေါင်းထဲ၌ သေစေလောက်သည့် အဆိပ်များ ပါရှိကြောင်း မုန်ထိုလော့ ချန်ထားရစ်သော သတိပေးစာကို လန်လင်း သတိရလိုက်သည်။
သို့သော် လူဆယ်ကျော်ကို တစ်ပြိုင်နက်တည်း သတ်ရန် ထိုအရာကို မည်သို့ အသုံးပြုရမည်နည်း။ ခေါင်းကို ပေါက်ကွဲစေပြီး အဆိပ်များကို နေရာအနှံ့ ပန်းထွက်သွားစေမည့် နည်းလမ်း ရှိနိုင်မည်လား။
လန်လင်းက ပင့်ကူဘုရင်မ၏ ခေါင်းကို သေချာစွာ စစ်ဆေးလိုက်၏။ ထိုခေါင်းမှာ အပိတ်ကြီးဖြစ်ပြီး ပုံမှန် ဦးခေါင်းခွံထက် အခွံထူကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။
အထဲ၌ ပင့်ကူဘုရင်မ၏ ဦးနှောက် ရှိနေပြီး အလွန် အဆိပ်ပြင်းမည်မှာ သေချာလှ၏။ သူ ထိုခေါင်းကို ညင်သာစွာ လှုပ်ကြည့်လိုက်သည်။ ဦးနှောက်က အလွန် ကြီးမားလှပြီး အခွံထဲရှိ နေရာလွတ် တစ်ခုလုံးနီးပါးကို နေရာယူထား၏။ အဆိပ်ပြင်းသည့် ဦးနှောက်များ ပေါက်ကွဲထွက်လာစေရန် မည်သို့ လုပ်ဆောင်ရမည်ကို လန်လင်း တွေးတောလိုက်သည်။
ရုတ်တရက် လန်လင်း၏ မျက်လုံးများ တောက်ပလာ၏။ “ရပြီ။”
“ထုံးကျောက်က ရေနဲ့ ဓာတ်ပြုတဲ့အခါ ပြင်းထန်တဲ့ အပူကို ထုတ်လွှတ်ပြီး ရေကို ချက်ချင်း ဆူပွက်စေတယ်။ ဦးခေါင်းခွံက ပိတ်လှောင်ထားတဲ့ ခွက်တစ်ခု ဖြစ်နေတော့ အထဲက ဦးနှောက်တွေ ဆူပွက်လာရင် မြင့်တက်လာတဲ့ ဖိအားကြောင့် ပေါက်ကွဲသွားလိမ့်မယ်။ ဟုတ်ပြီ။ ဒါက အစီအစဉ်ပဲ။”
လန်လင်း ဂူအဝင်ဝမှ တိတ်တဆိတ် ဆုတ်ခွာကာ ထုံးကျောက်များကို တောင်တန်းများထဲ၌ စတင် ရှာဖွေလိုက်၏။ ကျောက်တုံးများက နေရာတိုင်း၌ ရှိနေပြီး ထုံးကျောက် ရှာဖွေရသည်မှာ လွယ်ကူလှသည်။
မကြာမီမှာပင် သူ အမြောက်အမြား စုဆောင်းမိသွား၏။ ခြောက်သွေ့နေသော အတုံးအချို့ကို ရွေးထုတ်လိုက်ပြီး အနီးရှိ ရေအိုင်တစ်ခုထဲသို့ တစ်တုံး ပစ်ချလိုက်သည်။
ထုံးကျောက်က ချက်ချင်းပင် အပြင်းအထန် ဓာတ်ပြုသွားပြီး မကြေမွသွားခင် အပူများဖြင့် ဆူပွက်လာ၏။
“အဆင်ပြေတယ်။ ဒါက အရည်အသွေးမြင့် ထုံးကျောက်ပဲ။”
လန်လင်း ထုံးကျောက်တုံးကြီးများကို ကျောက်စရစ်ခဲ အရွယ်အစားများအဖြစ် ချေမွလိုက်ပြီး အိတ်တစ်လုံးထဲ ထည့်လိုက်သည်။ ထို့နောက် သူ၏ ဓားမြှောင်ကို ထုတ်ကာ အရိပ်ပင့်ကူဘုရင်မ၏ ခေါင်းပေါ်၌ အပေါက်ငယ်တစ်ခုကို သတိထား၍ ဖောက်လိုက်၏။
အခွံက သူ ထင်ထားသည်ထက် ပို၍ ကျိုးပဲ့လွယ်နေသည်။ အရိပ်ပင့်ကူဘုရင်မသည် စိတ်ဝိညာဉ်အမျိုးအစား သားရဲ ဖြစ်သည့်အတွက် ခန္ဓာကိုယ်က သိပ်မာလှချေ။ ထို့အတွက်ကြောင့် သူ၏ သွေးရည်စိမ် ရွှေမည်းဓားမြှောင်က ဦးခေါင်းခွံ့က်ု အလွယ်တကူ ထိုးဖောက်နိုင်လိုက်၏။
ဓားမြှောင်က ဦးနှောက်များနှင့် ထိတွေ့သွားချိန်၌ ပုပ်ဟောင်နေသော အနံ့ဆိုးတစ်ခု လေထုထဲ၌ ချက်ချင်း ပြည့်နှံ့သွားသည်။ ဓားကို သူ ဆွဲထုတ်လိုက်ချိန်၌ မာကျောသည့် သတ္တုဓားက တစ်လက်မကျော်ခန့် တိုက်စားခံလိုက်ရ၏။
လန်လင်း ထိတ်လန့်စွာဖြင့် တံတွေးမျိုချလိုက်သည်။
**--**--**--**--**--**--**--**
အပေါက်ငယ်မှတစ်ဆင့် ဦးခေါင်းခွံထဲသို့ ရေများကို အပြည့်နီးပါး ထည့်လိုက်သည်။ ထို့နောက် ရေများ မဖိတ်စင်စေရန် ဦးခေါင်းကို အိတ်ကျပ်ကျပ်တစ်ခုထဲသို့ သေချာစွာ ထည့်လိုက်၏။ သူ၏ ထောင်ချောက်ကို ပြင်ဆင်ပြီးနောက် လန်လင်း အသက်ပြင်းပြင်း ရှူလျက် ဂူဆီသို့ ပြန်သွားလိုက်သည်။
တစ်ချိန်တည်းမှာပင် အထဲ၌ အရေးကြီးသော အချိန်သို့ ရောက်ရှိနေလေပြီ။ စိတ်ဝိညာဉ်ဖြတ်တောက်ခြင်းရေ သွားယူသည့် တပည့်ဖြစ်သူ ပြန်ရောက်လာပြီး ရဲ့ကျင်းယွီကို အတင်းတိုက်ရန် သူတို့ ပြင်ဆင်နေကြ၏။
ဆိုးယုတ်သည့် အမျိုးသားက လှောင်ရယ်လိုက်သည်။ “ကောင်မလေး... အသက်ရှင်ချင်ရင် အေးအေးဆေးဆေး သောက်လိုက်စမ်းပါ။ ငါ့ကို အတင်းအကျပ် မလုပ်ခိုင်းနဲ့။ ဒီလောက် လှတဲ့ မျက်နှာလေး ပျက်စီးသွားရင် နှမြောစရာကြီး။”
ရဲ့ကျင်းယွီ သူမ၏ ပါးစပ်ကို တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး သူမကို ချည်နှောင်ထားသော ပင့်ကူမျှင်များကို အသေအလဲ ရုန်းကန်နေ၏။ သို့သော် အချည်းနှီးပင်။ ပင့်ကူဘုရင်မက နှစ်ပေါင်း ရာချီ၍ ကျင့်ကြံလာခြင်း ဖြစ်သည်။ သူမကို ချည်နှောင်ထားသည့် ပင့်ကူမျှင် ထောင်ပေါင်းများစွာက ကျင်းတစ်သောင်း အင်အားကိုပင် ထိန်းချုပ်ထားနိုင်၏။
ဆိုးယုတ်သည့် အမျိုးသားက ခွက်ကို ရဲ့ကျင်းယွီ၏ နှုတ်ခမ်း၌ တေ့ကာ အဆိပ်များကို အတင်းအကျပ် တိုက်ရန် ကြိုးစားလိုက်သည်။ သူမ အံကြိတ်လျက် မျက်လုံးများထဲ၌ အမုန်းတရားများ အပြည့်အဝ တောက်လောင်နေ၏။
ဆိုးယုတ်သည့် အမျိုးသား အေးစက်စွာ ပြောလိုက်သည်။ “မင်း ကိုယ်တိုင် ရွေးချယ်တာပဲ။”
သူ ဓားမြှောင်တစ်လက် ဆွဲထုတ်ကာ သူမ၏ သွားများကြား၌ ထိုးသွင်းပြီး ပါးစပ်ကို အတင်း ဟခိုင်းလိုက်ကာ စိတ်ဝိညာဉ်ဖြတ်တောက်ခြင်းရေကို လောင်းထည့်ရန် ပြင်လိုက်၏။ ထိုအရာကို သူမ သောက်လိုက်မိသည်နှင့် သူမ၏ သွေးကြောများ ပျက်စီးသွားမည် ဖြစ်ပြီး ခဲယဉ်းစွာ ကျင့်ကြံထားရသော ကျင့်ကြံမှုများ ပျောက်ကွယ်သွားကာ သူမ၏ လှပသည့် ခန္ဓာကိုယ်မှာ ဤဘီလူးသရဲအတွက် အကူအညီမဲ့နေသည့် ကစားစရာတစ်ခု ဖြစ်သွားပေလိမ့်မည်။
မှောင်ရိပ်ထဲမှ စောင့်ကြည့်နေသည့် လန်လင်း၏ သွေးများက ပြင်းထန်သည့် ဒေါသကြောင့် ဆူပွက်လာ၏။ ရဲ့ကျင်းယွီက သူ၏ မိသားစုဝင် တစ်ဦးကဲ့သို့ပင်။ သူ၏ အစ်မ ဆိုနင်ပင်းမှလွဲ၍ သူ့အတွက် အနီးကပ်ဆုံး လူတစ်ယောက် ဖြစ်သည်။
“ဒီခွေးကောင်တွေကို အကြိမ်တစ်ထောင်လောက် သတ်ပစ်မယ်။”
**--**--**--**--**--**--**--**
လန်လင်း အသက်ပြင်းပြင်း ရှူလျက် ဂူထဲသို့ လှမ်းအော်လိုက်သည်။ “ဟေး... အထဲက လူတွေ။ မင်းတို့ အရိပ်ပင့်ကူဘုရင်မရဲ့ ခေါင်းကို မလိုချင်ဘူးလား။ အဲဒါက ရွှေဒင်္ဂါး တစ်ထောင်ကျော် တန်တယ်ဆိုတာ မင်းတို့ သိတယ်မလား။”
အပြင်၌ အခြားသူ ရှိနေမည်ဟု လုံးဝ မထင်ထားသည့်အတွက် သူခိုးများ အံ့အားသင့်ကာ အေးခဲသွားကြ၏။ သို့သော် တစ်စက္ကန့်အကြာတွင် ခေါင်းနှင့် ရွှေအကြောင်း ကြားလိုက်ရသောအခါ သူတို့၏ မျက်လုံးများက အလွန်အမင်း လောဘတကြီး တောက်ပလာကြသည်။
သို့သော် ရဲ့ကျင်းယွီ ထိတ်လန့်သွား၏။ “သခင်လေး... အရူး။ ဘာလို့ ပြန်လာတာလဲ။ ထွက်ပြေးလေ။ ဒီကနေ ထွက်သွားတော့။”
ဆိုးယုတ်သည့် လူမိုက်တစ်ယောက်က လက်ညှိုးထိုးလိုက်သည်။ “ခေါင်းဆောင်... အဲဒါ ဟိုကောင်ချောလေးပဲ။ ကံကောင်းပြီး ဘုရင်မကို သတ်သွားတဲ့ ကောင်လေး။”
လန်လင်းကို မှတ်မိသွားချိန်၌ ဆိုးယုတ်သည့် အမျိုးသား၏ မျက်နှာ မည်းမှောင်သွား၏။ သူ ကြောက်သည်မှာ အားလော့ဟူသည့် အမျိုးသမီးကိုပင်။
လန်လင်းက ပေါ့ပေါ့ပါးပါး အော်ပြောလိုက်သည်။ “စိတ်အေးအေးထား။ အဲဒီ မြေခွေးမ အားလော့ ဒီမှာ မရှိဘူး။ ကျုပ် ကိုယ်တိုင်တောင် သူ့ဆီကနေ သီသီလေး လွတ်လာတာ။ သူ တကယ် ဘယ်သူလဲဆိုတာ မင်းတို့ သိလို့လား။”
ထိုစကားက လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်၏။ နတ်ဘုရားမနှင့် တူသော ထိုမိန်းမက မည်သူနည်း။ သူမက မြင့်မြတ်နတ်နဂါးကျောင်းတော်က အမျိုးသမီး ကျင့်ကြံသူ တစ်ဦးသာ မဟုတ်ဘူးလား။
လန်လင်း နှုတ်ခမ်းမဲ့လိုက်သည်။ “သူက မုန်ထိုလော့ပဲ။ သေမင်းတမန်ဟွာလေ။”
ထိုအမည်ကို ကြားလိုက်ရချိန်၌ ဂူထဲရှိ ယောကျ်ားတိုင်း ကျောချမ်းသွားကြ၏။ ညစ်ညမ်းစွာ ပြုမူနေသော လူမိုက်မှာလည်း သူ၏ ဆိုးယုတ်သည့် အတွေးများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သေမင်းတမန်ဟွာလား။
ထိုအိပ်မက်ဆိုး မိန်းမလား။ သူမနှင့် ပတ်သက်မိသည့် မည်သည့် ယောကျ်ားမဆို ကံဆိုးမိုးမှောင် ကျရစမြဲပင်။ ကောလာဟလများအရ သူမ၌ မျက်နှာ တစ်ထောင် ရှိပြီး သူမ၏ အစစ်အမှန် ရုပ်သွင်ကို မြင်ဖူးသူ မည်သူကမှ အသက်ရှင်လျက် ပြန်မပြောနိုင်ကြချေ။
ယခုမူ အရာအားလုံး အဓိပ္ပါယ် ရှိသွားလေပြီ။ အားလော့က ဆွဲဆောင်မှုရှိလွန်းအောင် လှပနေသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။ သူမသာ မြင့်မြတ်နတ်နဂါးကျောင်းတော်၏ သူတော်စင်မလေး အစစ် ဖြစ်ပါက တန်ဖိုးရှိလှသော ပင့်ကူဘုရင်မ၏ ခန္ဓာကိုယ်ကို ဤမျှ ပေါ့ပေါ့ဆဆ ထားရစ်မည် မဟုတ်ပေ။
ဆိုးယုတ်သည့် အမျိုးသားက မသင်္ကာစွာ မေးလိုက်သည်။ “သေမင်းတမန်ဟွာကို မြင်တဲ့သူတိုင်း သေကြတာချည်းပဲ။ ဒါဆို မင်းက ဘာလို့ အသက်ရှင်နေသေးတာလဲ။”
လန်လင်းက အေးဆေးစွာ ကြွားလုံးထုတ်လိုက်၏။ “ရှင်းပါတယ်။ ကျုပ်က ချောတယ်လေ။ ပန်းချီဆွဲတတ်တယ်။ စောင်းလည်း တီးတတ်တယ်။ ပြီးတော့... သူ ကိုယ်ဝန်ရနိုင်တဲ့ အချိန်မှာ ကျုပ် သူနဲ့ အိပ်ခဲ့တယ်။ သူ ကိုယ်ဝန် မရသေးရင်တောင် ဘယ်မိန်းမကမှ သူ့ရဲ့ အနာဂတ် ကလေးအဖေကို မသတ်ချင်ကြဘူး။”
ဆိုးယုတ်သည့် အမျိုးသား လန်လင်းအား မနာလိုမှုများ တောက်လောင်စွာဖြင့် စိုက်ကြည့်လိုက်သည်။ ဤကောင်လေးက မိန်းမတစ်ဦးထက်ပင် ပို၍ ချောမောလွန်းနေသည်မှာ အမှန်တကယ်ပင် မတရားလှချေ။
ဆိုးယုတ်သည့် အမျိုးသားက လှောင်ရယ်လိုက်၏။ “ဒါဆိုလည်း မင်းက မြွေပွေးမျိုးနွယ်ထဲမှာ ဘာလို့ ဇိမ်ကျကျ မနေတာလဲ။ ဒီကို ဘာလာလုပ်တာလဲ။”
လန်လင်း ပြန်ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ ဒီထဲမှာ ပိတ်မိနေတဲ့ တခြား အလှလေး တစ်ယောက် ရှိနေလို့လေ။ မုန်ထိုလော့ အာရုံလွဲနေတုန်း ကျုပ်ရဲ့ တခြားမိန်းမ ဖြစ်တဲ့ ရဲ့ကျင်းယွီကို ကယ်ဖို့ ကျုပ် ခိုးထွက်လာတာ။ အခု မင်းတို့ အဆိပ်တိုက်ဖို့ ကြိုးစားနေတဲ့ တစ်ယောက်လေ။”
ဆိုးယုတ်သည့် အမျိုးသား မျက်လုံးကျဉ်းသွား၏။ “မင်း ဘာလိုချင်တာလဲ။”
လန်လင်းက အကြံပြုလိုက်သည်။ “သဘောတူညီမှု တစ်ခု လုပ်ကြရအောင်။ အရိပ်ပင့်ကူဘုရင်မရဲ့ ခေါင်းနဲ့ ကျုပ်မိန်းမကို လဲမယ်။ ဘယ်လိုလဲ။”
ဆိုးယုတ်သည့် အမျိုးသားက လှောင်ပြောင် ရယ်မောလိုက်၏။ “မင်းရဲ့ သိုင်းပညာက အမှိုက်ပဲ။ မင်းကို အလွယ်တကူ သတ်ပြီး ခေါင်းကို ငါ့ဘာသာ ယူလို့ ရတာပဲ။”
လန်လင်း အေးစက်စွာ ပြုံးလိုက်သည်။ “မင်းတို့ သိထားသင့်တာက သေမင်းတမန်ဟွာကို ပြစ်မှားမိတဲ့သူ ဘယ်သူမဆို ဘယ်မှာပဲ ပုန်းနေပုန်းနေ သူ့ရဲ့ မိသားစု တစ်ခုလုံး အသတ်ခံရလိမ့်မယ် ဆိုတာကိုပဲ...။”
အခန်း ၉၃ ပြီး။