အခန်း ၅၅၄
Vol. 28 Ch. 554
အခန်း (၅၅၄)ပိုင်ရှန်းနန်းတော်
“နင့်မှာ ကူညီမယ့်သူ ကျန်သေးတာလား”
မုန့်ချီလော့သည် မျက်လုံးများ ဝိုင်းစက်သွားရင်း မေးမြန်းချေသည်။
“သူက အားကိုးရပါ့မလားတော့ ငါလည်း မသိဘူး”
ချင်ယွမ်ဖုန်းသည် မတတ်သာသည့် လေသံဖြင့် ပြောလိုက်၏။
ထိုအခိုက်တွင် ညဥ့်ကြောင်နက်ကြီးသည်လည်း ချင်ယွမ်ဖုန်းအား စုစိုက်ကြည့်နေသည်။ ထိုရှေ့မှ လူသားထံ၌ ယင်းမုန်းတီးမိသော အရှိန်အဝါတစ်ခု ရှိနေသကဲ့သို့ တစ်ဖက်တွင်လည်း ရင်းနှီးကျွမ်းဝင်မှုကို ခံစားရစေသည့် အရှိန်အဝါမျိုးလည်း ရှိနေပြန်၏။
ထိုသို့ စဥ်းစားနေဆဲတွင်ပင် ကောင်းကင်ယံထက်မှ ပုံရိပ်တစ်ခု ဖြတ်သန်းလာပြီး ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ပြင်းထန်စွာ ဆင်းသက်လာခဲ့ရာ မြေကမ္ဘာတစ်ခုလုံးပင် တုန်ဟီးသွားချေသည်။
“ငါ ရောက်ပြီ”
ရီပင်းသည် သူ၏ တောင်မှောက်ခမောက်အဖွဲ့အစည်း ဝတ်ရုံကို ချွတ်လိုက်ရင်း ချင်ယွမ်ဖုန်းအား ပြုံး၍ ကြည့်လိုက်၏။
“မင်း လာတော့မှာ မဟုတ်ဘူးလို့ ငါ ထင်နေတာ”
ရီပင်းအား မြင်လိုက်ရသဖြင့် ချင်ယွမ်ဖုန်း စိတ်သက်သာရာ ရသွားပြီး ပြောလိုက်သည်။
ရီပင်းက ပြုံး၍ ခေါင်းယမ်းကာ “ငါ မင်းကို ပြောသားပဲ၊ ငါတို့ တောင်မှောက်ခမောက်အဖွဲ့အစည်းရဲ့ ဝန်ဆောင်မှုက စိတ်ချယုံကြည်ရပါတယ်လို့”
“ကောင်းပြီ၊ မင်းက ငါ့အသက်ကို ကယ်နိုင်တယ်လို့ ပြောခဲ့တယ်မလား၊ အခု ငါ သူမကို ကယ်တင်ပေးစေချင်တယ်”
ချင်ယွမ်ဖုန်းသည် မုန့်ချီလော့အား ကြည့်ရင်း ပြောလိုက်ချေသည်။
ရီပင်းက ခေါင်းညိတ်ပြကာ “ပြဿနာမရှိပါဘူး၊ ဘယ်သူ့ကို ကယ်ကယ် အတူတူပါပဲ”
သို့သော်လည်း မုန့်ချီလော့သည် ထိုအခိုက်တွင် ချင်ယွမ်ဖုန်းအား တင်းကျပ်စွာ ဖက်တွယ်ထားပြီး “ငါ နင့်ကို ထားခဲ့မှာ မဟုတ်ဘူး၊ အတူတူ သွားကြမယ်၊ မဟုတ်ရင် အတူတူ သေကြတာပေါ့” ဟု ဆိုလေသည်။
ရီပင်းသည် ထိုသူနှစ်ဦးကို ကြည့်ကာ မျက်မှောင်ကြုတ်မိသွားတော့သည်။
“ဟေ့ ဟေ့၊ မင်းတို့က ငါ့ကို အလုပ်ရှုပ်အောင် လုပ်နေတာပဲ”
ရီပင်းက သက်ပြင်းချရင်း မတတ်သာသလို ပြောလိုက်၏။
ထိုစဥ် ညဥ့်ကြောင်နက်ကြီး၏ မျက်နှာတွင် ဒေါသရိပ်များ ယှက်သန်းလာပြီး “လူသားတွေ၊ မင်းတို့က ငါ့ကို မရှိဘူးလို့ မှတ်နေတာလား” ဟု ဟိန်းဟောက်လိုက်လေသည်။
အိမ်တစ်လုံးထက်ပင် ကြီးမားလှသော ကြောင်လက်သည်းကြီးသည် ထိုအခိုက်တွင် ပြင်းထန်စွာ ဝှေ့ယမ်းကျလာပြီး လျှပ်စီးလက်သည့်အလား ထူးကဲလှသော အရှိန်အဟုန်ဖြင့် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ရာ ယင်း၏ ကြီးမားလှသော ခန္ဓာကိုယ်နှင့် မလိုက်ဖက်အောင်ပင် မြန်ဆန်လှပေသည်။
ချင်ယွမ်ဖုန်းသည် ကြောင်လက်သည်းကြီးမှ ထွက်ပေါ်နေသော ထက်မြက်လှသည့် လက်သည်းများကိုပင် အထင်အရှား မြင်တွေ့နေရချေသည်။
အကယ်၍ ထိုလက်သည်းချက် ကျရောက်လာပါက သူတို့ သုံးဦးစလုံးသည် ချက်ချင်းပင် အသားစိမ်းတုံးများအဖြစ်သို့ ပြောင်းလဲသွားမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်တန်ရာ၏။
ထိုအရေးကြုံလှသည့် အခိုက်အတန့်တွင် ရီပင်း လှုပ်ရှားလိုက်သည်။ သူသည် အချိန်နိယာမ၏ အကန့်အသတ်ကို ဖောက်ထွက်သွားသည့်အလား ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့ကို တစ်ချက်တည်းဖြင့် ဆွဲယူကာ ကြောင်လက်သည်းကြီး မကျရောက်မီ ဝေးရာသို့ ပျံသန်း တိမ်းရှောင်သွားခဲ့လေသည်။
ရီပင်းသည် ကောင်းကင်ယံ မြင့်မားရာသို့ ပျံသန်းသွားပြီး ချင်ယွမ်ဖုန်းအား မတတ်သာသလို ကြည့်လိုက်၏။
“ကောင်းပြီလေ၊ မင်းက ငါ့ရဲ့ ပထမဆုံး ဖောက်သည် ဖြစ်နေတာမို့ ငါ အရှုံးခံပြီး တစ်ခုဝယ်ရင် တစ်ခုလက်ဆောင် အပိုပေးလိုက်မယ်”
ရီပင်းက သူကိုယ်တိုင် အကြီးအကျယ် အရှုံးပေါ်သွားသည့်အလား ညည်းတွားလိုက်သည်။
ချိုင့်ဝှမ်းအတွင်းရှိ ညဥ့်ကြောင်နက်ကြီးမှာမူ အလွန် ဒေါသထွက်နေချေပြီ။
ယင်း၏ အမွေးအမှင်များ ထောင်ထလာပြီး ကောင်းကင်ထက်မှ ရီပင်းအား စူးစူးဝါးဝါး စိုက်ကြည့်နေတော့သည်။
ရီပင်းက ညဥ့်ကြောင်နက်ကြီးအား ပြုံးပြကာ “ကြောင်ကလေးရေ၊ ငါ ဒီတစ်ခေါက်တော့ အလုပ်ရှုပ်နေလို့၊ နောက်တစ်ခေါက်မှ မင်းနဲ့ လာကစားမယ်နော်” ဟု ဆိုလေသည်။
စကားဆုံးသည်နှင့် ရီပင်းသည် အထက်သို့ ဆက်လက် ပျံသန်းသွားခဲ့သည်။ ချင်ယွမ်ဖုန်းသည် ရီပင်းက သူတို့ကို ရှန်းဝူ စကြဝဠာ တိုက်ကြီးမှပင် ကျော်လွန်၍ ခေါ်ဆောင်သွားသည်ဟု ခံစားလိုက်ရပြီး အဆုံးတွင်မူ ရပ်တန့်သွား၏။
ထိုနေရာ၌ ကျယ်ဝန်းလှသော သင်္ဘောကြီးတစ်စင်း ရှိနေပြီး ရီပင်းသည် ထိုသင်္ဘောကြီး၏ အဝင်ပေါက်မှတစ်ဆင့် တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
တစ်ဖက်တွင်မူ ချိုင့်ဝှမ်းအတွင်းရှိ ညဥ့်ကြောင်နက်ကြီးမှာ အလွန် ဒေါသထွက်နေဆဲ ဖြစ်ချေသည်၊ အကြောင်းမူကား ပါးစပ်နား ရောက်ခါနီး အစာက လွတ်မြောက်သွားရသောကြောင့် ဖြစ်ပေ၏။
ထိုသို့ရှိစဥ်ပင် ဝတ်စုံဖြူဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် ချိုင့်ဝှမ်းအတွင်းသို့ ဖြည်းညင်းစွာ လမ်းလျှောက် ဝင်ရောက်လာခဲ့သည်။
“လူသား နောက်တစ်ယောက်လား၊ အတော်ပဲ၊ နှစ်ယောက် လွတ်သွားတော့ မင်းကို စားလိုက်ရင် အရှုံးသိပ်မရှိတော့ဘူးပေါ့”
ညဥ့်ကြောင်နက်ကြီးက အေးစက်စွာ ပြောလိုက်၏။
သို့သော်လည်း ထိုဝတ်စုံဖြူနှင့် ပုံရိပ်သည် ထိုအခိုက်တွင် ခေါင်းကို ဖြည်းညင်းစွာ မော့ရော့လိုက်ပြီး ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပြသလိုက်ချေသည်။
ယင်းမှာ အမှန်စင်စစ် ရှောင်ပိုင် ဖြစ်နေပေသည်။
“အို၊ အဲလိုတော့ မလုပ်ပါနဲ့”
ရှောင်ပိုင်က ပြုံးလျက်ပင် “သူတို့က ငါ့ကို ဒီတစ်ခေါက် ပြန်သွားရင် ရှန်းဝူအကယ်ဒမီမှာ လမ်းပြအဖော် ဆရာမ လုပ်ခွင့်ပေးမယ်လို့ ကတိပေးထားတာ” ဟု ဆို၏။
“ဘာတွေ လာလျှောက်ပြောနေတာလဲ၊ ငါ မင်းကို စားရမှာကို အဲဒါတွေ ဂရုစိုက်နေရမှာလား”
ညဥ့်ကြောင်နက်ကြီးသည် ရှောင်ပိုင်ထံသို့ တိုက်ရိုက် ခုန်အုပ်လိုက်တော့သည်။
ခဏမျှ ကြာပြီးနောက်တွင်မူ ညဥ့်ကြောင်နက်ကြီးသည် ခန္ဓာကိုယ်တစ်ခုလုံး ပုံမှန်ကြောင်တစ်ကောင်အရွယ်ခန့်သို့ ကျုံ့ဝင်သွားပြီး မျက်နှာတစ်ခုလုံးလည်း ဖူးရောင်ညိုမည်းလျက် ရှောင်ပိုင်၏ ရှေ့မှောက်တွင် ဒူးထောက်နေရချေပြီ။
“အရှင်သခင်၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ၊ ဒီအဆင့်အထိ ကျင့်ကြံနိုင်ဖို့ နှစ်ပေါင်း တစ်သောင်းလောက် အချိန်ပေးခဲ့ရတာပါ”
ညဥ့်ကြောင်နက်ကြီးသည် ရှောင်ပိုင်၏ ရှေ့တွင် ဒူးထောက်ကာ သည်းထန်စွာ ငိုကြွေးရင်း ရှောင်ပိုင်၏ ခြေထောက်ကို ဖက်တွယ်ထားလေသည်။
ရှောင်ပိုင်သည် ပြုံးလျက် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ညဥ့်ကြောင်နက်ကြီး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။
“ငါက ဆရာမ ဖြစ်တော့မှာ၊ မင်းက ငါ့ရဲ့ ကျောင်းသားတွေကို စားချင်နေတာကိုး၊ ငါက မင်းကို သင်ခန်းစာ အနည်းငယ် ပေးရုံပါ”
ရှောင်ပိုင်က ပြုံးလျက် ဆိုသည်။
“မှန်လှပါ၊ မှန်လှပါ၊ ကျွန်ုပ် မှားသွားပါတယ်”
ညဥ့်ကြောင်နက်ကြီးက ပျာပျာသလဲ ခေါင်းညိတ်ရင်း “ကျေးဇူးပြုပြီး အရှင်သခင်၊ ကျွန်ုပ်ရဲ့ မိုက်မဲမှုကို ခွင့်လွှတ်ပြီး လွှတ်ပေးတော်မူပါ” ဟု တောင်းပန်ရှာသည်။
“အဲလိုတော့ မရဘူးလေ၊ မင်းက ကြည့်ရတာ တော်တော် ချစ်ဖို့ကောင်းတာပဲ၊ ငါနဲ့အတူ ပြန်လိုက်ခဲ့ပါလား”
ရှောင်ပိုင်သည် ညဥ့်ကြောင်နက်ကြီးအား ကောက်ချီလိုက်ရင်း ပြုံး၍ ပြောလိုက်ချေသည်။
ရှောင်ပိုင်နှင့် ညဥ့်ကြောင်နက်ကြီးတို့သည် မထင်မှတ်ဘဲ အလွန် လိုက်ဖက်လှသော အတွဲအဖက် ဖြစ်နေတော့သည်။
ညဥ့်ကြောင်နက်ကြီး၏ နှလုံးသားထဲတွင်မူ အလွန် စိတ်မကောင်းခြင်း ဖြစ်မိပြီး ယင်းသည် အဘယ်ကြောင့် အပြင်သို့ ထွက်လာခဲ့မိသနည်းဟု နောင်တအကြီးအကျယ် ရနေမိသည်။ ယင်း၏ နယ်မြေထဲတွင်ပဲ ငြိမ်ငြိမ်လေး နေခဲ့ရမှာကို ထိုသို့ ဖြစ်ပေရာရာ။
ယခုမူ ယင်းသည် တောင်ကုန်းများ၏ ဘုရင်အဖြစ်မှ သူတစ်ပါး၏ ရင်ခွင်ထဲရှိ အိမ်မွေးတိရစ္ဆာန်လေးတစ်ခုအဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ရချေပြီ။
“အော်၊ ဒါနဲ့ ငါ့နာမည်က ပိုင်ရှန်းနန်းတော် လို့ ခေါ်တယ်၊ ငါ့ကို ‘သခင်’ လို့ ခေါ်စမ်းပါဦး၊ ငါ ကြားချင်လို့”
ရှောင်ပိုင်က ပြုံးလျက် ပြောလိုက်သည်။ ပိုင်ရှန်းနန်းတော် ဟူသော အမည်မှာ သူမကိုယ်တိုင် ပေးထားသည့် အမည် ဖြစ်ချေသည်။
“သခင်”
ညဥ့်ကြောင်နက်ကြီးသည် နှလုံးသားထဲတွင် အလွန် ဝန်လေးနေသော်လည်း မျက်နှာလိုမျက်နှာရ လေသံဖြင့် ခေါ်လိုက်ရရှာသည်။
ရှောင်ပိုင်သည် ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး ညဥ့်ကြောင်နက်ကြီးကို ပွေ့ပိုက်ကာ ချိုင့်ဝှမ်းအတွင်းမှ ဖြည်းညင်းစွာ ထွက်ခွာသွားခဲ့လေသည်။
သားရဲခြေဆန့်ကျွန်း၏ အုပ်စိုးသူ ဘုရင်တစ်ပါးသည် ထိုသို့ဖြင့် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရချေပြီ။
“ကဲ၊ ငါတို့ရဲ့ ‘အသက်ကယ်တင်ခြင်း’ ဝန်ဆောင်မှုကို ပထမဆုံး အသုံးပြုတဲ့လူအနေနဲ့ မင်းမှာ ဘာခံစားချက် ရှိလဲ”
ရီပင်းသည် သားရဲခြေဆန့်ကျွန်း၏ အစွန်းဆီသို့ ဦးတည်ကာ သင်္ဘောကြီးကို လျင်မြန်စွာ မောင်းနှင်ရင်း မေးလိုက်၏။
မုန့်ချီလော့သည် ထိုသင်္ဘောကြီးအား စူးစမ်းလိုစိတ်ဖြင့် ကြည့်နေမိသည်။ သင်္ဘော၏ ဘေးဘက်တွင် ပြတင်းပေါက်များပင် ရှိနေချေသည်။
ထို့ပြင် သင်္ဘောကြီး၏ အရှိန်မှာ အလွန် မြန်ဆန်လှရာ သူမအနေဖြင့် စွမ်းအား အပြည့်ဖြင့် ပျံသန်းလျှင်ပင် ထိုသင်္ဘောကြီးထက် အဆမတန် နှေးကွေးနေမည် ဖြစ်တန်ရာ၏။
သူတို့သည် ရှေးဟောင်းတောအုပ်၏ အထက်မှ ဖြတ်သန်း ပျံသန်းသွားစဥ် ထူးဆန်းလှသော ငှက်ကြီးအများအပြားသည် ကောင်းကင်ယံ၌ တစ်စုံတစ်ခု ပျံသန်းနေသည်ကို မြင်တွေ့ရသဖြင့် ချက်ချင်းပင် ပျံတက် လိုက်လံလာကြချေသည်။
သို့သော်လည်း ၎င်းတို့၏ အရှိန်သည် သင်္ဘောကြီးကို မမီနိုင်သဖြင့် သင်္ဘောကြီး ပျံသန်း ထွက်ခွာသွားသည်ကိုသာ မတတ်သာဘဲ ကြည့်ကျန်ခဲ့ရတော့သည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ရင်း “ဒီ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းက တကယ်ကို တန်ဖိုးရှိပါတယ်” ဟု ဆို၏။
ရီပင်းသည် သူလိုချင်သော အဖြေကို ရရှိသွားသည့်အလား ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
ချင်ယွမ်ဖုန်းသည် ထိုအခိုက်တွင် သူ၏ အသက်ရှူသံများပင် ယိုစိမ့်နေသကဲ့သို့ ခံစားနေရပြီး ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေကာ အားအင်များလည်း ကုန်ခမ်းနေပြီး ကိုယ်တွင်းစွမ်းအင်များလည်း လျော့ပါးနေကာ အတွင်းဒဏ်ရာ မည်မျှရထားသည်ကိုပင် မခန့်မှန်းနိုင်တော့ပေ။
လွန်ကဲစွာ အားစိုက်ထုတ်ခဲ့ရမှုကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများမှာလည်း အလွန်အမင်း အင်အားသုံးခဲ့ရမှုကြောင့် တောင့်တင်းကာ ထုံးခဲနေချေပြီ။
မုန့်ချီလော့သည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အား ဖြည်းညင်းစွာ နှိပ်နယ်ပေးရင်း သူမ၏ သိုလှောင်အိတ်အတွင်းမှ နတ်သက်ကြွေဆေးမြက် အရွက်တစ်ခုကို ထုတ်ယူကာ ချင်ယွမ်ဖုန်းအား စားသုံးစေလိုက်၏။
သို့သော်လည်း ချင်ယွမ်ဖုန်း၏ ယခုတစ်ကြိမ် ဒဏ်ရာမှာ အလွန် ပြင်းထန်လှသဖြင့် နတ်သက်ကြွေဆေးမြက်၏ စွမ်းရည်မှာ အကန့်အသတ်ရှိနေရာ ဒဏ်ရာအားလုံးကို အပြည့်အဝ မပျောက်ကင်းစေနိုင်သော်လည်း သူ၏ ခံစားချက်မှာမူ များစွာ သက်သာသွားခဲ့ချေသည်။
“ငါ ပြောမယ် ညီလေး၊ မင်းက တကယ်ကို ကြောက်စရာကောင်းအောင် ပြင်းထန်တာပဲ၊ မင်း ဘယ်လောက်တောင် ခန့်ညားနေလဲဆိုတာ မင်းကိုယ်မင်းတောင် သိမှာ မဟုတ်ဘူး”
ရီပင်းက ရယ်မောရင်း ပြောလိုက်သည်။
ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်ကာ “ငါ အတော်လေး သိချင်မိတယ်၊ မင်းက သားရဲခြေဆန့်ကျွန်းပေါ်မှာ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို ဘယ်လိုလုပ် သိတာလဲ” ဟု မေးမြန်းလိုက်၏။
ရီပင်းက ကျယ်လောင်စွာ ရယ်မောရင်း “မင်း ‘ပကတိအသွင် တံလျှပ်ထင်ဟပ်ခြင်း ပိုးကောင်’ ဆိုတာကို ကြားဖူးလား” ဟု ပြန်မေးလေသည်။
ချင်ယွမ်ဖုန်းသည် ချက်ချင်းပင် နားလည်သဘောပေါက်သွားတော့သည်။
ထိုပိုးကောင်များသည် ပျံသန်းတတ်သော ပိုးကောင်ငယ်လေးများ ဖြစ်ကြပြီး ခြင်ကဲ့သို့ အလွန် သေးငယ်သော်လည်း တစ်ဖက်တွင်မူ မိစ္ဆာသားရဲ အမျိုးအစားလည်း ဖြစ်ကြသည်။
၎င်းတို့ကို အမိပိုးကောင်နှင့် အမိခွဲပိုးကောင်ဟူ၍ ခွဲခြားထားချေသည်။
အမိခွဲပိုးကောင်များ မြင်တွေ့ရသမျှသော ပုံရိပ်များကို အမိပိုးကောင်ထံသို့ တိုက်ရိုက် ပေးပို့နိုင်ခြင်း ဖြစ်ရာ ယင်းမှာ စောင့်ကြည့်ရေး ကိရိယာတစ်ခုကဲ့သို့ပင် ဖြစ်ပေသည်။
ရှန်းဝူ စကြဝဠာ တိုက်ကြီးရှိ နေရာအများအပြားတွင် ထိုသတ္တဝါများကို ဖမ်းဆီး မွေးမြူကြလေ့ ရှိသည်။
“မင်း ဒီသတင်းကို အပြင်မှာ ဖြန့်မှာလား”
ချင်ယွမ်ဖုန်းက မေးလိုက်၏။
သူသည် သွေးပေါက်ကွဲခြင်း ပညာရပ်နှင့် သုံးခွလှံကို တွဲဖက် အသုံးပြုပြီးနောက်တွင် သူကိုယ်တိုင် မိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်ကို သိရှိထားပေသည်။
အကယ်၍ ထိုသွေးချောင်းစီး သတ်ဖြတ်မှု မြင်ကွင်းသာ ပြန့်နှံ့သွားပါက လောကက သူ့အား နတ်ဆိုးတစ်ကောင်ဟု သတ်မှတ်ကြမည်ကို သူ စိုးရိမ်မိချေသည်။