အခန်း ၅၅၅
Vol. 28 Ch. 555
အခန်း (၅၅၅)အလှူဒါနပြုခြင်း
“ငါတို့ဘက်က ရေငုံနုတ်ပိတ်နေခဲ့ရင်တောင် ဒီသတင်းကတော့ ဘယ်လိုမှ ဖုံးကွယ်ထားလို့ ရမှာမဟုတ်ဘူး၊ သားရဲခြေဆန့်ကျွန်းပေါ်မှာ တခြားဂိုဏ်းက လူတွေလည်း ရှိနေကြတာပဲဥစ္စာ”
ရီပင်းက တည်ငြိမ်အေးဆေးစွာ ဆိုလိုက်လေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်မိသည်။ ထိုစကားက မှန်ပေသည်။
သူတစ်ယောက်တည်းနှင့်တင် မိစ္ဆာအားလုံးကို အမြစ်ပြတ်ချေမှုန်းခဲ့ပြီး ၎င်းတို့၏ အကြံအစည်များကိုပါ ရိုက်ချိုးဖျက်ဆီးပစ်ခဲ့သဖြင့် တခြားဂိုဏ်းမှ ကျင့်ကြံသူများသည် မိစ္ဆာများနှင့် ထပ်မံရင်ဆိုင်ရတော့မည် မဟုတ်ချေ။
သို့သော်လည်း ထိုသူတို့သည် တစ်နေ့တွင် ငရဲဘုံသဖွယ် ဖြစ်ပျက်ခဲ့သော နေရာသို့ ရောက်ရှိသွားကြမည်ဖြစ်ရာ ဤအကြောင်းအရာသည် အချိန်တိုအတွင်း ပျံ့နှံ့သွားမည်ဖြစ်ပြီး ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ပေ။
တစ်ညလုံး မနားတမ်း ပျံသန်းလာခဲ့ကြရာ နေဝန်းနီနီ ပေါ်ထွက်လာသည့် နံနက်ခင်းအချိန်၌ သားရဲခြေဆန့်ကျွန်း၏ အစွန်အဖျားဒေသသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
ရီပင်းသည် ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့ကို ခေါ်ဆောင်ကာ ဝိညာဉ်လှေငယ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး သားရဲခြေဆန့်ကျွန်းပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်လေသည်။
ဤအချိန်တွင် မာထျန်းနှင့် တခြားသူများသည် အပြင်သို့ ရောက်ရှိလာဦးမည် မဟုတ်ချေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အရှိန်သည် ချင်ယွမ်ဖုန်းကဲ့သို့ မမြန်ဆန်သောကြောင့် ဖြစ်သည်။
“ကဲ... မင်းတို့နှစ်ယောက် မင်းတို့ရဲ့ အပေါင်းအဖော်တွေကို ဒီမှာပဲ စောင့်နေကြတော့”
ရီပင်းက ခပ်အေးအေး ပြောဆိုကာ ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့ကို သူ၏ လောင်းကစားရုံဟောင်းဆီသို့ ခေါ်ဆောင်လာခဲ့သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြပြီးနောက် ရုတ်တရက် သတိရကာ မေးလိုက်သည်။
“အော်... ဒါနဲ့ ငါတို့လောင်းကြေးကိစ္စ ဘယ်လိုလဲ”
ရီပင်းက ချင်ယွမ်ဖုန်းကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး “ဒီလို ဝမ်းနည်းစရာကောင်းတဲ့ အကြောင်းအရာကို လာမပြောစမ်းပါနဲ့၊ ဒီတစ်ကြိမ်မှာတော့ မင်းတို့ရဲ့ ရှန်းဝူအကယ်ဒမီက နိုင်သွားခဲ့ပြီ” ဟု ညည်းတွားသည်။
“နိုင်တာပဲ ဝမ်းမြောက်စရာကောင်းတာကို မင်းက ဘာလို့ မျက်နှာဆူပုပ်နေရတာလဲ”
ချင်ယွမ်ဖုန်းက သဘောကျစွာ ရယ်မောလိုက်လေသည်။
“မင်းက ဝိညာဉ်ကျောက်တုံး တစ်သိန်းတောင် လောင်းထားတာကိုး၊ ငါတို့နိုင်တဲ့ ပိုက်ဆံတွေ အကုန်စုရင်တောင် မင်းကို ပြန်လျော်ဖို့ မလောက်ဘူး”
ရီပင်းက ကောင်းကင်ကြီးကို မော့ကြည့်ကာ သက်ပြင်းချရင်း ရင်ထဲတွင် တိတ်တဆိတ် သွေးမျက်ရည် ကျနေရှာသည်။ ဤတစ်ခေါက် သားရဲခြေဆန့်ကျွန်းသို့ လာရခြင်းမှာ အလှူအတန်း လာလုပ်သကဲ့သို့ ဖြစ်နေပြီး မိမိအိတ်စိုက်ဖြင့်ပင် စိုက်လျော်ရမည့်ကိန်း ဆိုက်နေပေရာသည်။
“အဆိုးဆုံးကတော့ မင်းပဲ”
ရီပင်းက မုန့်ချီလော့ကို လက်ညှိုးထိုးကာ “မင်းကလည်း ရှန်းဝူအကယ်ဒမီ နိုင်မယ်ဆိုပြီး ဝိညာဉ်ကျောက်တုံး တစ်သိန်း လောင်းထားသေးတယ်” ဟု ပြောရင်း ရင်ဘတ်ကို ဖိထားမိသည်။
သူ၏နှလုံးသားတစ်ခုလုံး သွေးစက်လက် ကျနေသကဲ့သို့ ခံစားနေရ၏။
ချင်ယွမ်ဖုန်းက မုန့်ချီလော့ကို အံ့ဩတကြီး ကြည့်လိုက်ပြီးနောက် မပြုံးဘဲ မနေနိုင်တော့ချေ။
“ဒါနဲ့ စမ်းသပ်ပွဲကလည်း မပြီးသေးဘူး၊ ငါတို့နိုင်မယ်ဆိုတာ မင်း ဘယ်လိုလုပ် သိနေတာလဲ”
ချင်ယွမ်ဖုန်းက သိလိုဇောဖြင့် မေးမြန်းလိုက်သည်။
ရီပင်းက ချင်ယွမ်ဖုန်းကို စူးစိုက်ကြည့်ကာ “မင်းကိုယ်မင်း ဘာတွေလုပ်ခဲ့လဲ မသိဘူးလား၊ လမ်းတစ်လျှောက်လုံးမှာ ဒူးလေးနှင့် မြားတစ်စုံကို သုံးပြီး မိစ္ဆာသားရဲ ရာနဲ့ချီကို သတ်ဖြတ်ခဲ့တယ်၊ အဲဒီအထဲမှာ နတ်သားရဲအဆင့် မိစ္ဆာသားရဲ အရေအတွက် နှစ်ဆယ်ကျော်တောင် ပါသေးတယ်၊ လူတိုင်းက မင်းလို ပုံမှန်မဟုတ်တဲ့ သတ္တဝါမျိုး ထင်နေလား” ဟု မျက်လုံးအဝိုင်းသားဖြင့် ပြန်လည်ပြောဆိုလိုက်သည်။
“ဒါတင်မကသေးဘူး၊ ဒီတစ်ကြိမ်မှာ မိစ္ဆာတွေ သောင်းကျန်းမှုကြောင့် နတ်သားရဲအဆင့် မိစ္ဆာသားရဲတွေ အကုန်လုံး အပြင်စည်းနယ်မြေထဲ ရောက်ကုန်ကြတာ၊ တခြားဂိုဏ်းက လူတွေလည်း တစ်ခုခု မှားယွင်းနေပြီဆိုတာ သိလို့ စောစောစီးစီး ဆုတ်ခွာသွားကြပြီလေ”
“တကယ်ပဲလား”
ချင်ယွမ်ဖုန်းက ပြုံးလျက် “ဒါဆိုရင်တော့ ငါ တကယ်ပဲ ကျေးဇူးတင်ရမှာပဲ၊ ဒီအတိုင်း ဝိညာဉ်ကျောက်တုံးတွေကို ယူရမှာတောင် အားနာစရာကြီး ” ဟု ဆိုသည်။
“ဒါဆိုလည်း...”
“ဒါပေမဲ့ ငါက မယူဘူးဆိုရင် မင်းတို့ တောင်မှောက်ခမောက်အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာပေါ့၊ ကဲ... ကဲ... မြန်မြန်သာ ပေးပါတော့”
ချင်ယွမ်ဖုန်းက မျှော်လင့်ချက်အပြည့်ဖြင့် ရီပင်းကို ကြည့်လိုက်သည်။
ရီပင်းသည် မတတ်သာသည့်အဆုံး သိုလှောင်အိတ် နှစ်အိတ်ကို ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့ထံ သီးခြားစီ ကမ်းပေးလိုက်လေသည်။
တစ်အိတ်စီတွင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ပေါင်း တစ်သန်းကျော်စီ ပါရှိပေသည်။
ချင်ယွမ်ဖုန်း၏ ရင်ထဲတွင် ဝမ်းသာအားရဖြစ်မှုတို့က လျှံထွက်လုမတတ် ရှိနေတော့သည်။
ရီပင်းက နှာမှုတ်လိုက်ပြီး “မင်းတို့ရဲ့ အသက်ကယ်ခ ဝန်ဆောင်မှုကိုတော့ နှုတ်ထားပြီးသားပဲ၊ မင်းတို့နှစ်ယောက် ဒီမှာပဲ စောင့်နေကြ၊ ငါ သွားတော့မယ်” ဟု ဆိုကာ နှုတ်ဆက်သည်။
“နောက်ကျရင် မင်းကို ဘယ်မှာ ရှာရမလဲ”
ချင်ယွမ်ဖုန်းက အမြန်မေးလိုက်သည်။ ဤတောင်မှောက်ခမောက်အဖွဲ့အစည်းက ကြည့်ရသည်မှာ မဆိုးလှပေ။
“ရေစက်ရှိရင် ပြန်ဆုံကြတာပေါ့”
ရီပင်းက လေထဲသို့ တိုက်ရိုက် ပျံတက်သွားပြီး သူ၏ ဝိညာဉ်လှေငယ်ပေါ်သို့ ပြန်လည်ရောက်ရှိကာ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားလေတော့သည်။
ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့သည် အချင်းချင်း ကြည့်ကာ ပြုံးမိကြသည်။ ဤအဖြစ်အပျက်ပြီးနောက် ၎င်းတို့နှစ်ဦးကြားရှိ သံယောဇဉ်က ပိုမိုနက်ရှိုင်းလာခဲ့ရသည်။
“ချီလော့... ဒါကို မြန်မြန်စားလိုက်၊ ဒါဆိုရင် မင်းမျက်နှာပေါ်မှာ ဘာအမာရွတ်မှ ကျန်ခဲ့မှာမဟုတ်ဘူး”
ချင်ယွမ်ဖုန်းက အလောတကြီးပင် နတ်သက်ကြွေဆေးမြက်၏ သစ်ရွက်တစ်ရွက်ကို ထုတ်ယူကာ မုန့်ချီလော့ထံ ကမ်းပေးလိုက်သည်။
မုန့်ချီလော့က ငြင်းဆန်ခြင်းမပြုဘဲ ခေါင်းညိတ်ကာ တိုက်ရိုက် စားသုံးလိုက်လေသည်။ သူမမျက်နှာပေါ်ရှိ ဒဏ်ရာသည် ဖြည်းညင်းစွာ ပျောက်ကင်းသွားခဲ့သည်။ အမှန်စင်စစ် မိန်းမသားဟူသည် အလှအပကို မြတ်နိုးတတ်သည့် သတ္တဝါမျိုး ဖြစ်ပေရာသည်။
“ကဲ... ငါလည်း ဒဏ်ရာတွေ သက်သာအောင် ဆေးလုံးအချို့ ဖော်စပ်ဖို့ လိုအပ်နေပြီ၊ မင်း ဘေးကနေ ကူညီပေးပါဦး”
ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်သည်။
မုန့်ချီလော့က မကျေမနပ်ဖြစ်ဟန်ဖြင့် ကြည့်ကာ “ငါက ဆဋ္ဌမအဆင့် ဆေးဖော်စပ်သူတစ်ယောက်ပဲဥစ္စာ၊ နင်က ငြိမ်ငြိမ်လေးသာ အနားယူနေ၊ ငါပဲ မင်းအတွက် ဆေးလုံးတွေ ဖော်စပ်ပေးမယ်” ဟု ဆိုသည်။
“ဒါဆိုရင်လည်း အဆင်ပြေတာပေါ့”
ချင်ယွမ်ဖုန်းက ဝမ်းသာအားရ ပြောလိုက်လေသည်။
ထိုနှစ်ဦးသည် ပျက်စီးယိုယွင်းနေသော လောင်းကစားရုံအပြင်ဘက်၌ ဆေးလုံးများ စတင်ဖော်စပ်ကြတော့သည်။ ချင်ယွမ်ဖုန်းသည် ကာလကြာရှည် ပျောက်ဆုံးနေခဲ့သော စိတ်အေးချမ်းမှုကို ခံစားလိုက်ရသည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် သူ၏ ခန္ဓာကိုယ်အခြေအနေကို များစွာ စိုးရိမ်ပူပန်မိသည်။
များပြားလှသော ဒဏ်ရာများကို ခဏဖယ်ထားဦးတော့၊ သွေးပေါက်ကွဲခြင်း ပညာရပ်ကို အသုံးပြုခဲ့ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများက ယခုအခါ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့်သည် ကျင့်စဉ်နယ်ပယ် တစ်ခုလုံး အောက်သို့ ထိုးကျသွားခဲ့ရချေပြီ။
ပြီးခဲ့သော အကြိမ်အနည်းငယ်ကမူ ကံကောင်းခဲ့သဖြင့် ကျင့်စဉ်အဆင့် အောက်သို့ ထိုးမကျဘဲ အချိန်အတော်ကြာ အားအင်ချိနဲ့ရုံသာ ရှိခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင် ချင်ယွမ်ဖုန်းသည် ရူးသွပ်စွာ သတ်ဖြတ်နေစဉ်အတွင်း နတ်သားရဲအဆင့် မိစ္ဆာသားရဲ အမြောက်အမြားကို စုပ်ယူခဲ့ပြီး တစ်ချိန်တည်းမှာပင် တတိယအဆင့် ဘိုးဘေးနယ်ပယ်တွင် ရှိသော မိစ္ဆာအချို့ကိုပါ စုပ်ယူခဲ့သဖြင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားကို အတင်းအကျပ် ပြန်လည်မြှင့်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင် ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့် ကျဆင်းသွားခဲ့သော်လည်း စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်ကို အားကိုး၍ သူ၏ကျင့်ကြံခြင်းစွမ်းအားကို အတင်းအကျပ် ပြန်လည်ရယူနိုင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
သို့သော်လည်း မည်သည့်တိုးတက်မှုမျှ မရှိခဲ့ချေ။
အကယ်၍ ချင်ယွမ်ဖုန်းသာ မိစ္ဆာခေါင်းဆောင်ကို စုပ်ယူနိုင်ခဲ့ပါက စတုတ္ထအဆင့် ဘိုးဘေးနယ်ပယ်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု ခံစားမိသည်။
နှမြောစရာကောင်းသည်မှာ ထိုအချိန်က သူသည် အသိစိတ်များ လွတ်မြောက်နေခဲ့ပြီး ခေါင်းဆောင်ကို တိုက်ရိုက် သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်သည်။
ဤအချက်က ချင်ယွမ်ဖုန်းကို များစွာ နောင်တရစေခဲ့သည်။
နောက်ထပ် သုံးလကြာလျှင် ချင်ယွမ်ဖုန်းနှင့် ချင်ဝူယန်းတို့ ကတိပြုထားကြသော ထိပ်တိုက်တွေ့ဆုံပွဲ အချိန်သို့ ရောက်ရှိတော့မည် ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် ဤပွဲအတွက် သုံးနှစ်တိုင်တိုင် ပြင်ဆင်ခဲ့ရပြီး အချိန်လျှို့ဝှက်နယ်ပယ်အတွင်း၌ပင် သုံးနှစ်တာ အချိန်ကုန်ဆုံးစေခဲ့သည်။
ချင်ဝူယန်းကမူ ပို၍ပင် လွန်ကဲလှပေသည်။
သူမသည် မြူနှင်းဂိုဏ်းသို့ ပြန်ရောက်ပြီးကတည်းက အချိန်လျှို့ဝှက်နယ်ပယ်အတွင်း၌သာ အမြဲနေထိုင်ခဲ့ရာ ၎င်း၏အဓိပ္ပာယ်မှာ ချင်ဝူယန်းသည် အမှန်တကယ် ကျင့်ကြံခဲ့သည့်သက်တမ်း နှစ်ပေါင်းသုံးဆယ် ရှိနေခဲ့ပြီဟူ၍ ဖြစ်သည်။
မုန့်ချီလော့ပင်လျှင် ချင်ဝူယန်း မည်သည့်ကျင့်စဉ်အဆင့်သို့ ရောက်ရှိနေသည်ကို မသိရှိချေ။ မည်သို့ပင်ဆိုစေကာမူ ချင်ယွမ်ဖုန်းထက် နိမ့်ကျနေမည် မဟုတ်သည်ကတော့ သေချာလှသည်။
ချင်ယွမ်ဖုန်းသည် စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်ကို အားကိုးကာ သူတစ်ပါး၏ ပင်ပန်းကြီးစွာ ကျင့်ကြံအားထုတ်မှုများကို မိမိအကျိုးအတွက် အတင်းအကျပ် လုယူစုပ်ယူခဲ့ခြင်း ဖြစ်သည်ကို လူတိုင်း သိကြသည်။
ထိုကဲ့သို့သော အရှိန်အဟုန်မျိုးသည် ရှေးယခင်က မရှိခဲ့ဖူးသလို နောက်နောင်တွင်လည်း ရှိလာရန် ခဲယဉ်းလှပေသည်။ သို့သော် ချင်ဝူယန်းသည် သူနှင့် ယှဉ်ပြိုင်နိုင်ရုံမျှမက သာလွန်နေဦးမည်ဖြစ်ရာ ဤအချက်က ချင်ယွမ်ဖုန်းကို များစွာ တုန်လှုပ်ခြောက်ခြားစေခဲ့သည်။
အထူးသဖြင့် ထူးခြားသော ခန္ဓာကိုယ်ပိုင်ရှင်များသည် အမှန်တကယ်ပင် အလွန်အမင်း အစွမ်းထက်ကြသည်ဟု ဆိုရမည် ဖြစ်သည်။
တစ်ရက်ကုန်လွန်ပြီးနောက် ယိုတယ်ရွှေ၊ ပေါ်ဟုန်ရုနှင့် ရှင်းမုန့်ရုံတို့သည် ရှေးဟောင်းတောအုပ်အတွင်းမှ လမ်းလျှောက်ထွက်လာကြပြီး လောင်းကစားရုံသို့ ရောက်ရှိလာကြသည်။
ချင်ယွမ်ဖုန်းကို မြင်လိုက်ရသောအခါ ထိုသူအားလုံး လွန်စွာ အံ့ဩတုန်လှုပ်သွားကြသော်လည်း နှလုံးသားထဲမှ စစ်မှန်သော ကျေးဇူးတရားများကိုမူ ဖော်ပြခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ချင်ယွမ်ဖုန်းသာ မရှိခဲ့ပါက ၎င်းတို့အားလုံး ထိုနေရာ၌ပင် သေဆုံးပျက်စီးသွားကြရမည် ဖြစ်သောကြောင့် ဖြစ်သည်။
နောက်ထပ် တစ်ရက် ထပ်မံကုန်လွန်သွားသောအခါ ချင်ယွမ်ဖုန်း၏ ဒဏ်ရာများသည် များစွာ သက်သာရရှိသွားခဲ့ပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူ၏ ကျင့်စဉ်အဆင့် ကျဆင်းသွားခဲ့သော်လည်း အနည်းဆုံးတော့ ပြန်လည်စုပ်ယူနိုင်ခဲ့သည်။
အနည်းငယ် မျှတအောင် ပြင်ဆင်လိုက်လျှင် ချင်ဝူယန်းကို ရင်ဆိုင်ရန် အခွင့်အရေး ရှိနေဆဲပင်။
ဤအချိန်တွင် မာထျန်းနှင့် တခြားသူများသည်လည်း ရှေးဟောင်းတောအုပ်အတွင်းမှ နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့ကြပြီ ဖြစ်သည်။
၎င်းတို့တစ်ယောက်ချင်းစီတွင် ဒဏ်ရာကိုယ်စီ ရရှိထားကြသော်လည်း မျက်ဝန်းထဲ၌မူ ဖုံးကွယ်မရနိုင်သော ဝမ်းမြောက်မှုများ ရှိနေကြသည်။
လမ်းတစ်လျှောက်လုံးတွင် ဆင်နွှဲခဲ့ရသော တိုက်ပွဲများက ၎င်းတို့အား ရှင်သန်ခြင်း စမ်းသပ်မှုဆိုသည်မှာ ဘာလဲဟူသည်ကို အမှန်တကယ် သိရှိနားလည်စေခဲ့ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း ပြောင်းလဲစေခဲ့သည်။
အထူးသဖြင့် ကျိရှန့်နှင့် လျိုချင်းတို့သည် မသေမျိုးနန်းတော် ဖြစ်ရပ်မှ စိတ်အာဃာတနှောင်ကြိုးများကို ဖြတ်တောက်နိုင်ခဲ့ပုံရပြီး အတိတ်ကို လုံးဝ စွန့်လွှတ်နိုင်ခဲ့ကြကာ ၎င်းတို့၏ ကျင့်စဉ်အဆင့်အတားအဆီးများပင် လျော့ရဲလာခဲ့ရသည်။
၎င်းတို့နှစ်ဦး အကယ်ဒမီသို့ ပြန်ရောက်သည်နှင့် ဘိုးဘေးနယ်ပယ်သို့ တက်လှမ်းနိုင်ကြတော့မည် ဖြစ်ပေတော့သည်။