← Chapters

အခန်း ၅၅၆

Vol. 28 Ch. 556

အခန်း ၅၅၆

Vol. 28 Ch. 556

အခန်း(၅၅၆)

လူအပေါင်းတို့သည် တစ်ဖန်ပြန်လည် စုရုံးမိကြလေသည်။ ပေါ်ဟုန်ရုနှင့် ရှင်းမုန့်ရုံတို့သည်လည်း လူတိုင်းအား နှုတ်ဆက်စကား ဆိုပြီးနောက် မိမိတို့၏ ပျော်ရွှင်ပေါင်းစည်းခြင်းမျှော်စင်ဂိုဏ်းကို ရှာဖွေရန် ထွက်ခွာသွားကြတော့သည်။

ချင်ယွမ်ဖုန်းသည် ယင်းတို့အား တစ်စုံတစ်ရာ နှောင့်ယှက်ခြင်း မပြုခဲ့ချေ။ နောင်တစ်ကြိမ် ပြန်လည်ဆုံတွေ့ကြသည့်အခါ မိတ်ဆွေဖြစ်မည်လော သို့တည်းမဟုတ် ရန်သူဖြစ်မည်လောဟူသည်ကို မသိနိုင်သော်ငြား ထိုအရေးသည်ကား နောင်ခါလာမှ နောင်ခါဈေးဟုသာ ဆိုရပေမည်။

ရှင်းမုန့်ရုံသည် ချင်ယွမ်ဖုန်းအား အဝေးမှနေ၍ တစ်ချက်မျှ ငေးမောကြည့်ရှုပြီးမှ လှည့်ပြန်၍ ထွက်ခွာသွားလေသည်။

ရှန်ကျင်းနှင့် အခြားသော မြူနှင်းဂိုဏ်းမှ တပည့်များသည် ချင်ယွမ်ဖုန်းအား ကြည့်လျက် မည်သို့စကားဆိုရမည်ကို မသိဘဲ ရှိနေကြ၏။

ယင်းတို့၏ နှလုံးသားထဲတွင် ချင်ယွမ်ဖုန်းအပေါ် တစ်စုံတရာ ကြောက်ရွံ့ထိတ်လန့်ခြင်းများ စွဲထင်နေကြပြီ ဖြစ်ပေသည်။

အမှန်စင်စစ် ယင်းတို့သည် ချင်ယွမ်ဖုန်း၏ သွေးချောင်းစီးမတတ် ရက်ရက်စက်စက် သတ်ဖြတ်နေမှုကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသဖြင့် ထိုအခြင်းအရာသည် ယင်းတို့အတွက် တစ်သက်တာစာ အရိပ်မည်းကြီးတစ်ခု ဖြစ်ကျန်ရစ်ခဲ့ပေရာ ထိုသို့ ကြောက်ရွံ့ကြခြင်းမှာလည်း ဖြစ်တန်ရာသည်။

မာထျန်းနှင့် အခြားသူများ ပြန်လည်ရောက်ရှိလာပြီး မကြာမီမှာပင် ရှေးဟောင်းတောအုပ်အတွင်းမှ ဝတ်ရုံဖြူဆင်ယင်ထားသော လူရိပ်တစ်ရိပ် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့ရာ ချင်ယွမ်ဖုန်းမှာ မျက်လုံးအစုံ ပြူးကျယ်သွားရတော့သည်။

“ရှောင်ပိုင်” ချင်ယွမ်ဖုန်းသည် ရှောင်ပိုင်အား စူးစမ်းလိုသော မျက်နှာပေးဖြင့် ကြည့်လျက် ရေရွတ်လိုက်မိသည်။

လူတိုင်းလည်း အလွန်အမင်း အံ့အားသင့်သွားကြရပြီး မုန့်ချီလော့နှင့် ရှန်ကျင်းတို့ နှစ်ဦးစလုံးမှာလည်း ရှောင်ပိုင်အား သိကျွမ်းကြလေသည်။

ရှောင်ပိုင်က ခေါင်းညိတ်ပြလျက် “အကယ်ဒမီက ငါ့ကို ဒီနေရာဆီ စေလွှတ်လိမ့်မယ်လို့ မထင်ထားမိဘူး” ဟု ဆို၏။

ချင်ယွမ်ဖုန်းကလည်း “ငါလည်း တကယ်ကို မထင်ထားမိဘူး” ဟု ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

ရှန်းဝူအကယ်ဒမီက ဤသည်ကို ရှင်သန်ခြင်း စမ်းသပ်မှုတစ်ခုဟု ဆိုသော်ငြားလည်း အကယ်ဒမီသည် ယင်းတို့အား လျှို့ဝှက်စွာ စောင့်ရှောက်ရန် တစ်စုံတစ်ယောက်ကို မုချစေလွှတ်လိမ့်မည်ဖြစ်ကြောင်း ချင်ယွမ်ဖုန်း ခန့်မှန်းမိပြီးသား ဖြစ်ပေသည်။

ထို့ပြင် ထိုသူသည် မည်သည့်အခါမျှ လူလုံးပြမည်မဟုတ်ပေ၊ သို့မှသာ စမ်းသပ်မှုဟူသော ရည်ရွယ်ချက်ကို ပျက်ပြားစေမည်မဟုတ်ပေရာ ထိုသို့သော အကြောင်းကြောင့်လည်း ဖြစ်သည်။

သို့သော်ငြား အကယ်ဒမီက ရှောင်ပိုင်အား စေလွှတ်လိမ့်မည်ဟု ချင်ယွမ်ဖုန်း ဘယ်သောအခါမျှ မတွေးတောမိခဲ့ချေ။

“ငါလည်း မထင်ထားမိပါဘူး၊ ဒါပေမဲ့ ကျောင်းအုပ်ကြီးက ငါသာ လာမယ်ဆိုရင် ပြန်ရောက်တဲ့အခါ ကျောင်းဆရာမ ဖြစ်စေရမယ်လို့ ကတိပေးထားတာနဲ့ လာခဲ့တာပေါ့” ဟု ရှောင်ပိုင်က ပြုံးလျက် ဆိုလေသည်။

မသေမျိုးနန်းတော်မှ ပြန်လည်ရောက်ရှိလာပြီးနောက်တွင် ရှောင်ပိုင်သည် သူမ၏ အတိတ်မှတ်ဉာဏ်များကို ပြန်လည်ရရှိခဲ့ကာ တဖြည်းဖြည်းနှင့် ပိုမို၍ ရွှင်လန်းတက်ကြွလာခဲ့ပြီ ဖြစ်သည်။

ချင်ယွမ်ဖုန်းလည်း ခေါင်းညိတ်လိုက်မိ၏။ ရှောင်ပိုင်၏ စွမ်းဆောင်ရည်မှာ မေးခွန်းထုတ်ရန် မလိုလောက်အောင် ထင်ရှားလှပေရာ နတ်ဘုရားတစ်ပိုင်းအဆင့် ရှိသော သူမသည် ရှန်းဝူစကြဝဠာတိုက်ကြီး တစ်ပြင်လုံးတွင် စိန်ခေါ်သူမဲ့ လျှောက်လှမ်းနိုင်သူ ဖြစ်သည်။

ထို့ပြင် ရှေးဟောင်းခေတ်မှ တစ်ဖန်ပြန်လည် မွေးဖွားလာသော နတ်ဘုရားတစ်ပါး ဖြစ်သည့်အားလျော်စွာ သူမ၏ အသိပညာ ဗဟုသုတများသည်လည်း အတိုင်းအဆမရှိ ကျယ်ပြောလှပေရာ ကျောင်းသားများအား သွန်သင်ဆုံးမရန်မှာ သူမအတွက် အလွန်ပင် လွယ်ကူလှပေလိမ့်မည်။

“ပြီးတော့ ငါ့မှာ အမည်သစ်တစ်ခုလည်း ရှိတယ်၊ အဲဒါက ပိုင်ရှန်းနန်းတော် လို့ ခေါ်တယ်”

လူတိုင်းသည်လည်း ပိုင်ရှန်းနန်းတော် ဟူသော အမည်၏ ဆိုလိုရင်းကို နားလည်ကြသဖြင့် သဘောတူညီစွာ ခေါင်းညိတ်ပြကြ၏။

“ဆရာမပိုင်၊ နောင်အနာဂတ်မှာ ကျွန်တော်တို့ကို ကောင်းကောင်း စောင့်ရှောက်ပေးပါဦး” ဟု ချင်ယွမ်ဖုန်းက နောက်ပြောင်ကျီစယ်လိုက်သည်။

လူတိုင်းလည်း ဝိုင်းဝန်းရယ်မောကြသော်လည်း ထိုအချိန်မှာပင် ပိုင်ရှန်းနန်းတော်၏ နောက်ကွယ်မှ သေးငယ်သော ခန္ဓာကိုယ်နှင့် သတ္တဝါလေးတစ်ကောင် ထွက်လာပြီး ချင်ယွမ်ဖုန်းအား နာကျည်းတုန့်ပြန်လိုသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

ချင်ယွမ်ဖုန်းမှာ ယခုလေးတင် သောက်လက်စ ရေကိုပင် မြိုမချနိုင်သေးဘဲ ဗူးခနဲ ပြန်လည် မှုတ်ထုတ်လိုက်ရတော့သည်။

“ညဥ့်... ညဥ့်ကြောင်နက်” ချင်ယွမ်ဖုန်းသည် ထိုညဥ့်ကြောင်နက်ကို လက်ညှိုးထိုးပြရင်း လန့်ဖျန့်ကာ အော်ဟစ်လိုက်မိသည်။

မုန့်ချီလော့သည်လည်း စိုးရိမ်တုန်လှုပ်စွာဖြင့် ချင်ယွမ်ဖုန်း၏ လက်မောင်းကို လှမ်း၍ ဆွဲကိုင်ထားရှာ၏။

လူတိုင်းလည်း အလွန်အမင်း မိန်းမောတွေဝေသွားကြရကာ ဤမျှ သေးငယ်လှသော ညဥ့်ကြောင်နက်လေးတစ်ကောင်က ချင်ယွမ်ဖုန်းအား ဤမျှအထိ ထိတ်လန့်တုန်လှုပ်သွားစေနိုင်သည်မှာ မည်သို့သော အကြောင်းကြောင့်နည်းဟု တွေးတောနေကြသည်။

“ယွမ်ဖုန်း၊ မင်း ဘာဖြစ်တာလဲ၊ ဒါက ကြောင်တစ်ကောင်ပဲဟာကို” ဟု မာထျန်းက ပြုံးလျက် မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းက မာထျန်းကို ကြည့်ကာ စိတ်ပျက်အားလျော့သော မျက်နှာပေးဖြင့် “ဒါက သန့်ရှင်းသော သားရဲအဆင့်ရှိတဲ့ ညဥ့်ကြောင်နက်ကွ၊ အရင်က ငါနဲ့ ချီလော့တို့ နှစ်ယောက် သူ့ရဲ့ ဝါးမြိုခြင်းကို ခံရတော့မလို့” ဟု ဆိုလေသည်။

မာထျန်းနှင့် အခြားသူများမှာ ထိတ်လန့်တုန်လှုပ်သွားကြရပြီး ညဥ့်ကြောင်နက်အပေါ် ထားရှိသော ယင်းတို့၏ အကြည့်များလည်း ချက်ချင်းပင် ပြောင်းလဲသွားကြတော့သည်။

“သူရဲဘောကြောင်တဲ့ အကောင်တွေ” ဟု ညဥ့်ကြောင်နက်က မိမိ၏ ခြေဖဝါးကို လျှာဖြင့် ရက်လျက် အေးစက်စက် လေသံဖြင့် ဆိုလိုက်၏။

ထိုအခါမှသာ လူတိုင်းသည် ချင်ယွမ်ဖုန်း၏ စကားကို ယုံကြည်သွားကြပြီး အလိုအလျောက် နောက်သို့ ခြေလှမ်းနှစ်လှမ်းမျှ ဆုတ်ခွာသွားကြတော့သည်။

ပိုင်ရှန်းနန်းတော်ကမူ ထိုညဥ့်ကြောင်နက်ကို တိုက်ရိုက်ပင် ပွေ့ချီလိုက်လျက် “မင်းတို့ ကြောက်နေဖို့ မလိုပါဘူး၊ အခုဆို ရှောင်ဟေးက ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်သွားပြီ၊ ငါတို့နဲ့အတူ ရှန်းဝူအကယ်ဒမီကို လိုက်ခဲ့မှာ” ဟု ဆိုလေသည်။

လူတိုင်းသည် ပိုင်ရှန်းနန်းတော်ကို တစ်ချက်၊ ထို့နောက် ညဥ့်ကြောင်နက်ကို တစ်ချက် ကြည့်လျက် ဦးနှောက်များပင် မူးဝေနောက်ကျိသွားသလို ခံစားလိုက်ကြရ၏။

နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူနှင့် သန့်ရှင်းသော သားရဲအဆင့်ရှိ ညဥ့်ကြောင်နက်တို့ ပေါင်းစပ်ထားခြင်းဖြစ်ရာ ထိုသို့သော အတွဲအစပ်သည် လောကတွင် မုချ ယှဉ်ပြိုင်ဘက်ကင်း ဖြစ်ပေလိမ့်မည်။

ချင်ယွမ်ဖုန်းက လက်မထောင်ပြလျက် “မင်းက တကယ့်ကို ရက်စက်ထက်မြက်တဲ့သူပဲ၊ မင်းလို ရက်စက်ထက်မြက်တဲ့သူမျိုးမှပဲ ဒီလို မိစ္ဆာသားရဲကြီးကို အိမ်မွေးတိရစ္ဆာန်အဖြစ် လွှတ်ရင်ခွင်ထဲ သွင်းရဲလိမ့်မယ်” ဟု ချီးကျူးလိုက်သည်။

ညဥ့်ကြောင်နက်က ချင်ယွမ်ဖုန်းကို စိုက်ကြည့်ရင်း “စကားကို ဆင်ခြင်ပြီးပြောစမ်း၊ မဟုတ်ရင် နင့်ကို ငါ ကိုက်စားပစ်မယ်” ဟု ဆို၏။

ပိုင်ရှန်းနန်းတော်ကမူ ချက်ချင်းပင် ညဥ့်ကြောင်နက်၏ လည်ပင်းကို ညှစ်၍ အပေါ်သို့ မြှောက်ချီလိုက်ကာ “ငါ မင်းကို ဘာပြောထားလဲ၊ မင်း နောက်နောင် လူသားတွေကိုဖြစ်ဖြစ်၊ အသားတွေကိုဖြစ်ဖြစ် စားလို့မရတော့ဘူး၊ ငါနဲ့အတူ သက်သက်လွတ်ပဲ စားရမယ်” ဟု ဆိုလိုက်လေသည်။

ညဥ့်ကြောင်နက်သည် ပိုင်ရှန်းနန်းတော်အား အလွန်အမင်း ကြောက်ရွံ့နေသည်မှာ ထင်ရှားလှပေရာ ချက်ချင်းပင် ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလျက် “သိပါပြီ သခင်၊ ကျွန်မ သူ့ကို လန့်သွားအောင် စနောက်လိုက်ရုံတင်ပါ” ဟု ပြန်လည်ဖြေကြားရှာသည်။

လူတိုင်းလည်း သက်ပြင်းချလျက် ရယ်မောလိုက်ကြရပြီး ပိုင်ရှန်းနန်းတော်၏ လက်ထဲတွင် ညဥ့်ကြောင်နက် ဤမျှအထိ ယဉ်ပါးနေသည်ကို မြင်တွေ့ရသဖြင့် စိတ်သက်သာရာ ရသွားကြတော့သည်။

ယိုတယ်ရွှေသည် လူအုပ်နှင့် မလှမ်းမကမ်းတွင် ရပ်နေရင်း အနည်းငယ် စိတ်ပျက်အားငယ်မှုကို ခံစားနေရ၏။ အကယ်၍ သူသာ ယခင်က ချင်ယွမ်ဖုန်းအပေါ် ထိုမျှအထိ သံသယစိတ်များ မမွေးမြူခဲ့ပါက ယခုအချိန်တွင် ယင်းတို့နှင့်အတူ ရယ်မောပျော်ရွှင်စွာ စကားဆိုနေခွင့် ရလိမ့်မည် ဖြစ်ပေသည်။

အဖွဲ့ထဲသို့ အသစ်ဝင်ရောက်လာသော ပါရှင်းချောင်ပင်လျှင် ယင်းတို့နှင့် ကောင်းစွာ တစ်သားတည်း ကျနေပြီ ဖြစ်သည်။

ပိုင်ရှန်းနန်းတော် ရောက်ရှိလာပြီး မကြာမီမှာပင် အခြားသော လူရိပ်တစ်ရိပ်သည်လည်း ဖြည်းညင်းစွာ ရောက်ရှိလာခဲ့ပြန်သည်။

မုန့်ချီလော့သည် ထိုလူရိပ်ကို မြင်သည်နှင့် ချက်ချင်းပင် လှမ်း၍ ပြေးသွားကာ “ဆရာ၊ ဆရာ ဘာလို့ ဒီကို ရောက်နေတာလဲ” ဟု မေးမြန်းလိုက်၏။

ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ မုန့်ချီလော့၏ ဆရာဖြစ်သော ကူရှီချိူးပင်။

ကူရှီချိူးက ပြုံးလျက် “မင်းတို့ရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို ကာကွယ်ဖို့ ငါ လာခဲ့တာပေါ့၊ ဒါပေမဲ့ သူက ငါ့ထက် အရင်ဦးအောင် လုပ်ဆောင်လိမ့်မယ်လို့တော့ မထင်ထားမိဘူး” ဟု ဆိုသည်။

ချင်ယွမ်ဖုန်းသည် မိမိ၏ ခေါင်းကို ရှက်ကိုးရှက်ကန်းဖြင့် ကုတ်လိုက်မိ၏။ မိမိတို့၏ ရှန်းဝူအကယ်ဒမီတွင် ယင်းတို့အား လျှို့ဝှက်စွာ စောင့်ရှောက်ပေးမည့်သူ ရှိနေသကဲ့သို့ အခြားသော ဂိုဏ်းများတွင်လည်း မိမိတို့၏ တပည့်များအား လျှို့ဝှက်စွာ စောင့်ရှောက်ပေးမည့်သူများ သဘာဝအတိုင်း ရှိကြပေလိမ့်မည်။

အကယ်၍ ချင်ယွမ်ဖုန်းသာ ကြားဖြတ်၍ ဝင်ရောက်ကူညီခြင်း မပြုခဲ့ပါကလည်း ကူရှီချိူးကိုယ်တိုင် ယင်းတို့အား ကယ်တင်ရန် ဝင်ရောက်လာလိမ့်မည်သာ ဖြစ်သည်။

သို့သော်ငြားလည်း စနောက်ကျီစယ်မှုများ ပြီးဆုံးသွားသည့်အခါ ကူရှီချိူးသည် ချင်ယွမ်ဖုန်းအား အနည်းငယ် လေးနက်တည်ကြည်သော မျက်နှာပေးဖြင့် စိုက်ကြည့်လေသည်။

“မင်း လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို ငါ မြင်တွေ့ခဲ့ရပါတယ်” ဟု ကူရှီချိူးက ခပ်တိုးတိုး ဆိုလျက် “ထိုမှော်ရတနာကို အစဉ်တစိုက် အသုံးပြုနေခြင်းက မင်းရဲ့ စိတ်ဝိညာဉ်ကို တိုက်စားသွားစေလိမ့်မယ်” ဟု သတိပေးလိုက်၏။

ချင်ယွမ်ဖုန်းသည်လည်း ကူရှီချိူး ရည်ညွှန်းနေသည်မှာ နက်ရှိုင်းသော ချောက်နက်အတွင်းမှ မိစ္ဆာ၏ သုံးခွလှံကို ဖြစ်ကြောင်း ကောင်းစွာ သိရှိသဖြင့် အလိုအလျောက် ခေါင်းညိတ်လိုက်မိသည်။

သူသည် ထိုလက်နက်ကို အလွဲသုံးစားလုပ်ခြင်း မရှိခဲ့ဘဲ အလွန်အမင်း လိုအပ်သည့် အခြေအနေမျိုးမှသာ ထုတ်ယူအသုံးပြုခဲ့ခြင်း ဖြစ်သည်။

သို့သော်ငြားလည်း ဤသို့ အနည်းငယ်မျှ အသုံးပြုခဲ့ပြီးနောက်တွင်ပင် မိမိ၌ အလွန်အမင်း ဒေါသထွက်လာသည့် အခိုက်အတန့်များ၌ သတ်ဖြတ်လိုသော စိတ်အာဃာတကို မထိန်းချုပ်နိုင်တော့ကြောင်း ချင်ယွမ်ဖုန်း ရှင်းလင်းစွာ ခံစားသိရှိနေရပြီ ဖြစ်သည်။

ဖြစ်နိုင်သည်မှာ သူသည် သုံးခွလှံအတွင်းရှိ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါ၏ တိုက်စားမှုကို အမှန်တကယ်ပင် ခံနေရခြင်း ဖြစ်ပေလိမ့်မည်။

“ပြီးတော့ မင်းရဲ့ ကျင့်ကြံခြင်းပညာရပ်ကလည်း...” ကူရှီချိူးသည် စကားကို ဆက်လက်ဆိုရန် တွန့်ဆုတ်နေသကဲ့သို့ ရှိနေ၏။

ချင်ယွမ်ဖုန်းသည် ကူရှီချိူးအနေဖြင့် မိမိက နက်ရှိုင်းသော ချောက်နက်အတွင်းမှ မိစ္ဆာနှင့် မိစ္ဆာသားရဲများ၏ စွမ်းအင်များကို စုပ်ယူကာ အလောင်းကောင်ခြောက်များ ဖြစ်သွားစေသည်ကို မြင်တွေ့သွားခဲ့ပြီဖြစ်ကြောင်း နားလည်လိုက်သည်

အကျိုးအကြောင်း တွေးဆကြည့်လျှင် ဤသည်မှာ အလွန်အမင်း ယုတ်မာကောက်ကျစ်သော ကျင့်ကြံခြင်းပညာရပ်မျိုး ဖြစ်သင့်သော်လည်း ချင်ယွမ်ဖုန်း၏ ကိုယ်ပေါ်တွင် မြင်တွေ့ရသည့်အခါ ယင်းသည် မကောင်းမှုလော သို့တည်းမဟုတ် တရားမျှတမှုလောဟူသည်ကို ခွဲခြားရန် ခက်ခဲလှပေသည်။

ထိုအခိုက်တွင် ပိုင်ရှန်းနန်းတော်သည် ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့ပြီး “ချင်ယွမ်ဖုန်း လုပ်ခဲ့တာတွေက တစ်စုံတစ်ရာ မှားယွင်းမှုမရှိဘူးလို့ ငါ ယုံကြည်တယ်၊ ဒီလို အခြေအနေမျိုးမှာ ကိုယ်ပိုင်အသက်စွမ်းအားကိုတောင် လောင်ကျွမ်းစေပြီး အင်အားအဖြစ် ပြောင်းလဲပစ်ရတာပဲ၊ ဒီလို ဘေးထွက်လမ်းစဉ် ပညာရပ်အချို့ကို သုံးစွဲမိတာက ဘာဆန်းတာမို့လို့လဲ” ဟု ဆိုကာ ကြားဖြတ်ဝင်ပြောပေးလေသည်။

ကူရှီချိူးသည် ပိုင်ရှန်းနန်းတော်ကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။

“ဒါဆိုရင် ငါ နှောင့်ယှက်မိတာ ခွင့်လွှတ်ပါဦး၊ ငါတို့ မြူနှင်းဂိုဏ်းကတော့ ဒီရှင်သန်ခြင်း စမ်းသပ်မှုကနေ နုတ်ထွက်မှာ ဖြစ်ပါတယ်”

ကူရှီချိူးက ခပ်အေးအေး ဆိုပြီးနောက် ချင်ယွမ်ဖုန်းအား လှည့်ကြည့်လျက် “သခင်လေးချင် နင်က ငါတို့ဂိုဏ်းက ချင်ဝူယန်းနဲ့ တိုက်ပွဲနွှဲဖို့ ဆုံးဖြတ်ထားတာလား” ဟု မေးမြန်းလိုက်သည်။

“၊ သူမနဲ့ ရှင်းလင်းရမယ့် အကြွေးအချို့ ရှိနေလို့ပါ” ဟု ချင်ယွမ်ဖုန်းက ဆို၏။

ကူရှီချိူးက ခေါင်းညိတ်ပြလျက် “ငါ့အနေနဲ့ မင်းတို့ နှစ်ယောက်ကြားက တိုက်ပွဲကို မမြင်တွေ့ချင်တာ အမှန်ပဲ၊ ဒါပေမဲ့ ဒါက မင်းတို့ရဲ့ ပုဂ္ဂလိက အရေးကိစ္ဆ ဖြစ်တဲ့အတွက် ငါ ကြားဖြတ် မစွက်ဖက်ပါဘူး၊ ချင်ဝူယန်းရဲ့ ကျင့်စဉ်အဆင့်က အခုအချိန်မှာ မင်းထက် ပိုပြီး မြင့်မားနေလိမ့်မယ်ဆိုတာတော့ သတိပြုပါ” ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်း၏ နှလုံးသားထဲတွင် ခံစားချက်များ လှိုင်းထန်သွားရတော့သည်။ မြူနှင်းဂိုဏ်းမှ အကြီးအကဲတစ်ဦး ဖြစ်သော ကူရှီချိူးကဲ့သို့သော သူမျိုးကပင် မိမိအား ချင်ဝူယန်း၏ အကြောင်းကို လာရောက် သတိပေးစကား ဆိုသည်မှာ မိမိအပေါ် စေတနာထားရှိခြင်းကို ပြသနေခြင်းပင် ဖြစ်ပေသည်။

အချို့သော အချိန်များ၌ ချင်ယွမ်ဖုန်းသည် မုန့်ချီလော့သာ မြူနှင်းဂိုဏ်း၏ တပည့်တစ်ဦး မဟုတ်ခဲ့ပါက ပို၍ ကောင်းမွန်လေစွဟု တွေးတောမိတတ်ပေရာ သို့မှသာ တိုက်ပွဲတွင် မုန့်ချီလော့အတွက် မျက်နှာပျက်စရာ အခက်အခဲမျိုး ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။

All Chapters