← Chapters

အခန်း ၅၅၇

Vol. 28 Ch. 557

အခန်း ၅၅၇

Vol. 28 Ch. 557

အခန်း(၅၅၇)

မုန့်ချီလော့နှင့် အခြားသူများသည် ကူရှီချိုး၏ နောက်သို့ လိုက်ပါကာ သားရဲခြေဆန့်ကျွန်းမှ ထွက်ခွာခဲ့ကြလေသည်။ ချင်ယွမ်ဖုန်းနှင့် သူ၏ အပေါင်းအဖော်များလည်း ယင်းနည်းတူ ထွက်ခွာခဲ့ကြချေသည်။

အစောင့်အရှောက်နဂါးသည် အမှန်တကယ် ထွက်ခွာသွားခြင်းမျိုး မဟုတ်ဘဲ အနီးအနားတွင်သာ ပုန်းကွယ်နေခဲ့ခြင်း ဖြစ်ပေရာ အားလုံးက အစောင့်အရှောက်နဂါး၏ ကျောကုန်းပေါ်သို့ တက်ရောက်ပြီးနောက် ရှန်းဝူအကယ်ဒမီသို့ ဦးတည်ကာ ပျံသန်းခဲ့ကြတော့သည်။

ချင်ယွမ်ဖုန်းသည် သားရဲခြေဆန့်ကျွန်းကို လှမ်း၍ ကြည့်လိုက်မိသည်။ ထိုသို့သော ဆန်းကြယ်၍ ကျယ်ပြောလှသည့် ကျွန်းကြီးပေါ်၌ ဖုံးကွယ်နေသော လျှို့ဝှက်ချက်များစွာ ရှိနေဆဲ ဖြစ်သည်။

ညဥ့်ကြောင်နက်နှင့် သူ ဆုံတွေ့ခဲ့သည့် နေရာသည် ရှေးဟောင်းတောအုပ်၏ အနက်ရှိုင်းဆုံးပိုင်း အစွန်းနားမျှသာ ရှိသေးသည်။

တစ်နည်းအားဖြင့်ဆိုသော် ချင်ယွမ်ဖုန်းသည် ရှေးဟောင်းတောအုပ်၏ အစစ်အမှန် အနက်ရှိုင်းဆုံးပိုင်းသို့ မရောက်ရှိသေးပေ။

ယင်းရှေးဟောင်းတောအုပ်၏ အနက်ရှိုင်းဆုံးပိုင်းတွင် မည်သည့်အရာများ ပုန်းကွယ်နေမည်နည်း။ ချင်ယွမ်ဖုန်း တစ်ယောက် ထိုအကြောင်းကို အလေးအနက် မတွေးတောတော့ပေ။

ဖြစ်တန်ရာသည်မှာ သူ၏ အင်အားက လုံလောက်စွာ တောင့်တင်းခိုင်မာလာသည့် တစ်နေ့တွင်မှ စူးစမ်းလေ့လာရန်အတွက် ပြန်လာခဲ့တော့မည် ဖြစ်သည်။

တစ်လခန့် ကြာမြင့်ပြီးနောက်တွင်မူ အားလုံးပင် ရှန်းဝူအကယ်ဒမီသို့ ပြန်လည်ရောက်ရှိလာကြချေပြီ။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ မည်သူမျှ ရေရေရာရာ ထုတ်ဖော်ပြောဆိုခြင်း မရှိကြချေ။

ကျောင်းအုပ်ကြီး၏ အဆောင်တော်မှ ချင်ယွမ်ဖုန်းအား ဆင့်ခေါ်ပြီး သားရဲခြေဆန့်ကျွန်းပေါ်တွင် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် မေးမြန်းလေရာ ချင်ယွမ်ဖုန်းက လျှောက်တင်ပြီးနောက် ကျောင်းအုပ်ကြီးသည် အတန်ကြာအောင် တွေးတောနေခဲ့သည်။

“သားရဲခြေဆန့်ကျွန်းပေါ်က ရှင်သန်ခြင်း စမ်းသပ်ပွဲကို အတန်ကြာအောင် ရပ်ဆိုင်းထားရလိမ့်မယ် ထင်တယ်”

ကျောင်းအုပ်ကြီးသည် အသာအယာ ပြုံးလျက် “အဲဒီနေရာက အခြေအနေတွေ ပြန်ငြိမ်သက်သွားမှ စမ်းသပ်ပွဲကို ပြန်စကြတာပေါ့” ဟု မိန့်ကြားလေသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ထောက်ခံလိုက်သည်။ လက်ရှိတွင် သားရဲခြေဆန့်ကျွန်း၏ အပြင်စည်းနယ်မြေ၌ အင်အားကြီးမားသော မိစ္ဆာသားရဲများ စုဝေးနေကြပေရာ သားရဲခြေဆန့်ကျွန်းသို့ ဝင်ရောက်သူ မည်သူမဆို အသက်ပျောက်သွားနိုင်ချေ ရှိသည်။

ထိုသို့ဖြစ်လျှင် ရှင်သန်ခြင်း စမ်းသပ်ပွဲ၏ ရည်ရွယ်ချက် ပျက်ပြားသွားပေလိမ့်မည်။

“ဒါနဲ့ ကျောင်းအုပ်ကြီး ၊ မိစ္ဆာတွေရဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ကော”

ကျောင်းအုပ်ကြီးက ခေါင်းကို ခါယမ်းလိုက်ရင်း “ငါ အားလုံးကို သိပြီးသားပါ။ ဒါ့အပြင် မိစ္ဆာတွေအကြောင်း သတင်းပြန့်နှံ့သွားပြီးတဲ့နောက် နေရာတော်တော်များများမှာ သူတို့ လှုပ်ရှားသွားတဲ့ အရိပ်အယောင်တွေကို တွေ့ရတယ်။ ဒီလောက်နှစ်တွေအကြာကြီး သူတို့က တိတ်တဆိတ် လှုပ်ရှားနေခဲ့ပြီး တံဆိပ်ခတ် ပိတ်လှောင်ခံထားရတဲ့ သူတို့ရဲ့ မျိုးနွယ်စုဝင်တွေကို ကယ်တင်ဖို့ ကြိုးစားနေခဲ့ကြတာ” ဟု ပြောကြားသည်။

“ဒါပေမဲ့ ဒီမိစ္ဆာတွေတင်ပဲ ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်မှာ ဆူပူသောင်းကျန်းဖို့ ကြိုးစားတာက သူတို့ကိုယ်သူတို့ ယုံကြည်မှု လွန်ကဲနေတာ မဟုတ်ဘူးလား ” ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

ရှန်းဝူ စကြဝဠာ တိုက်ကြီးသည် အတိုင်းအထက်အလွန် ကျယ်ပြောလှသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။

တံဆိပ်ခတ် ပိတ်လှောင်ခံထားရသော မိစ္ဆာဦးရေသည်လည်း သိပ်များပြားလှမည် မဟုတ်ချေ။ ထိုမျှလောက်သော အင်အားအနည်းငယ်မျှဖြင့် ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်တွင် လာရောက်ဆူပူရန် ကြိုးပမ်းခြင်းသည် ယင်းတို့၏ အင်အားက ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

“ဒါကလည်း ငါ စိုးရိမ်နေတဲ့ အချက်ပဲ” ကျောင်းအုပ်ကြီးက ခေါင်းကို ထပ်မံခါယမ်းလျက် “ဒီမိစ္ဆာတွေက အခြားကမ္ဘာတွေမှာရှိတဲ့ မိစ္ဆာတွေနဲ့ ဆက်သွယ်နိုင်တာမျိုးလည်း ဖြစ်နိုင်တယ်” ဟု မိန့်ကြားလေသည်။

ချင်ယွမ်ဖုန်း စိတ်ထဲ လန့်ခနဲ ဖြစ်သွားရသည်။ အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်ပွားလာပါက ယင်းတို့က တကယ့်ကိုပင် သတိကြီးစွာ ထားရတော့မည် ဖြစ်ချေသည်။

“ကဲပါ၊ ဒီအကြောင်းတွေကို လောလောဆယ် မပြောကြသေးစို့နဲ့” ကျောင်းအုပ်ကြီးက ပြုံးလျက် “မင်း ဘွဲ့တစ်ခု ရထားတယ်ဆိုတာ သိရဲ့လား” ဟု မေးမြန်းသည်။

“ဘွဲ့တစ်ခု ဟုတ်လား” ချင်ယွမ်ဖုန်းက အံ့ဩတကြီး နဖူးကြောကို တွန့်လျက် မသိရှိကြောင်း အရိပ်အယောင် ပြုလိုက်သည်။

“အဲဒါက ‘သွေးဆာမိစ္ဆာ’ လို့ ခေါ်တာပေါ့”

ကျောင်းအုပ်ကြီးက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

ချင်ယွမ်ဖုန်းမှာ မတတ်သာဟန်ဖြင့် ခေါင်းကို ခါယမ်းမိတော့သည်။ “‘သွေးဆာမိစ္ဆာ’ ဟုတ်လား၊ ကြားရတာ နည်းနည်းတော့ ကလေးဆန်သလိုပဲ”

ထိုဘွဲ့သည် သားရဲခြေဆန့်ကျွန်းပေါ်တွင် သွေးအလိမ်းလိမ်း ပေကျံနေသော မိစ္ဆာကဲ့သို့ ချင်ယွမ်ဖုန်း၏ သောင်းကျန်းမှု အပြုအမူကို ရည်ညွှန်းခြင်း ဖြစ်ပေရာ အမှန်တကယ်ပင် အလွန် လိုက်ဖက်လှချေသည်။

ချင်ယွမ်ဖုန်းသည် ထိုမျှလောက်သော အသေးအဖွဲ ကိစ္စကို စိတ်ထဲ၌ ကြာရှည်မထားဘဲ ကျောင်းအုပ်ကြီးနှင့်အတူ သူနှင့် ချင်ဝူယန်းတို့အကြား မကြာမီ ယှဉ်ပြိုင်ရမည့် တိုက်ပွဲအကြောင်းကိုသာ ဆွေးနွေးလိုက်သည်။

“မင်းကို ကူညီဖို့ လမ်းပြအဖော် ဆရာမ နှစ်ယောက်လောက် ထည့်ပေးလိုက်ရမလား၊ အဲဒီ မြူနှင်းဂိုဏ်းက မိန်းမတွေက လူကောင်းတွေ မဟုတ်ကြဘူး” ကျောင်းအုပ်ကြီးက တည်ငြိမ်အေးဆေးစွာ မိန့်ကြားသည်။

ချင်ယွမ်ဖုန်းက ချက်ချင်းပင် ခေါင်းခါယမ်းလိုက်ပြီး “ကျောင်းအုပ်ကြီး၊ ဒီကိစ္စကြောင့်နဲ့ သန့်ရှင်းသော နယ်မြေ နှစ်ခုကြားထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ မလိုပါဘူး၊ ဒါက ကျွန်တော်နဲ့ ချင်ဝူယန်း နှစ်ယောက်တည်းကြားက ကိစ္စပဲဟာ” ဟု လျှောက်တင်လေသည်။

“ကောင်းပြီလေ၊ ဒါပေမဲ့ ဖုမိုချိုးဆိုတဲ့ မိန်းမကိုတော့ အထူးသတိထားရမယ်၊ သူက တကယ် လူကောင်းမဟုတ်ဘူး” ဟု ကျောင်းအုပ်ကြီးက မှာကြားသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။ သူသည် ဆေးနတ်ဘုရားဂိုဏ်းတွင် ရှိစဉ်ကတည်းက ဖုမိုချိုး၏ မောက်မာရိုင်းစိုင်းမှုကို ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးပြီးသား ဖြစ်သည်။

“ကျွန်တော် သတိထားပါ့မယ် ကျောင်းအုပ်ကြီး၊ ဒါပေမဲ့ ကျွန်တော် ခွင့်ထပ်တိုင်ရဦးမယ် ထင်တယ်” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုသည်။

ကျောင်းအုပ်ကြီးက ခေါင်းကို ခါယမ်းကာ “မင်း သွားချင်ရာ သွားပါ” ဟု မိန့်ကြားလေသည်။

ချင်ယွမ်ဖုန်းသည် ကျောင်းအုပ်ကြီးအား နှုတ်ဆက်ကာ သူ၏ အတန်းသို့ ပြန်လာပြီး ယီနန်၏ သင်ခန်းစာတစ်ခုကို ထပ်မံတက်ရောက်ခဲ့သည်။

အတန်းပြီးဆုံးသည့်အခါတွင်မူ သူသည် တိုက်ပွဲဝင်ရန်အတွက် ထွက်ခွာတော့မည်ဖြစ်ကြောင်း ယီနန်အား ပြောပြလိုက်လေသည်။

ယီနန်၏ ပထမဆုံးသော အတွေးမှာ ချင်ယွမ်ဖုန်းနှင့်အတူ လိုက်ပါသွားရန် ဖြစ်သော်လည်း ချင်ယွမ်ဖုန်းက သူမကို ချက်ချင်းပင် တားဆီးလိုက်သည်။

ဤသည်မှာ သူနှင့် ချင်ဝူယန်းတို့အကြားက ကိစ္စသာ ဖြစ်ပေရာ အခြားသူများကို ဆွဲမသွင်းခြင်းက အကောင်းဆုံး ဖြစ်ပေသည်။ ယီနန်က တွေးတောကြည့်ပြီးနောက် သဘောတူလိုက်လေသည်။

“နင်အမြန်ဆုံး ပြန်လာရမယ်နော်၊ ငါ အကယ်ဒမီမှာ စောင့်နေမယ်” ယီနန်က နောက်ဆုံးတွင် ဤသို့ ပြောကြားလိုက်သည်။

ချင်ယွမ်ဖုန်းသည် အကယ်ဒမီမှ တိုက်ရိုက် ထွက်ခွာသွားခြင်းမျိုး မဟုတ်ပေ။

ထိုသို့မဟုတ်ဘဲ သူနှင့် ယီနန်တို့ ဖွင့်လှစ်ခဲ့သည့် ဖုန်တထောင်းထောင်း ထနေသော မြေအောက် စာကြည့်တိုက်သို့ သွားရောက်ကာ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းကို ဖြတ်ကျော်ပြီး လျှို့ဝှက်အခန်းငယ်သို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာသည် ယခင်က အနန္တပုံရိပ်များ ကိန်းဝပ်ရာ နေရာဖြစ်ပြီး ပြင်ပ ကျောက်နံရံပေါ်တွင်လည်း ထိတ်လန့်ဖွယ်ကောင်းသော ရေခဲဝိညာဉ်နဂါးပြာငှက် တည်ရှိနေခဲ့ဖူးသည်။

ချင်ယွမ်ဖုန်း ဤနေရာသို့ လာရခြင်းမှာ ရေခဲဝိညာဉ်နဂါးပြာငှက်ကို ရှာဖွေရန်အတွက် ဖြစ်ပေသည်။

ရေခဲဝိညာဉ်နဂါးပြာငှက်သည် ရှေးပဝေသဏီကတည်းက ရှိနေခဲ့သည့်အတိုင်း ရေခဲရုပ်တုကြီးတစ်ခုကဲ့သို့ အေးခဲနေဆဲ ဖြစ်သည်။ သို့သော်လည်း ရေခဲဝိညာဉ်နဂါးပြာငှက်ကို ဖုံးလွှမ်းထားသော ရေခဲလွှာများသည် ယခုအခါတွင်မူ ဖြည်းညှင်းစွာ အရည်ပျော်စပြုနေပြီ ဖြစ်သည်။

“မင်းကောင်လေး၊ ဘာလို့ ဒီကို ပြန်လာပြန်တာလဲ၊ ငါ မင်းနဲ့အတူ လိုက်မသွားနိုင်ဘူးလို့ အရင်ကတည်းက ပြောပြီးသားလေ” ရေခဲဝိညာဉ်နဂါးပြာငှက်က ချင်ယွမ်ဖုန်းကို စူးစိုက်ကြည့်ကာ ဆိုသည်။

ချင်ယွမ်ဖုန်းက ကပျာကယာ ခေါင်းခါယမ်းလိုက်ရင်း “ဒီတစ်ခါတော့ ကျွန်တော် စီနီယာ့ကို အတူလိုက်ခဲ့ဖို့ လာတောင်းဆိုတာ မဟုတ်ပါဘူး၊ စီနီယာ အကူအညီပေးနိုင်မယ့် အကူအညီလေးတစ်ခု တောင်းချင်လို့ပါ” ဟု ပြောလိုက်သည်။

ရေခဲဝိညာဉ်နဂါးပြာငှက်၏ မျက်လုံးငယ်လေးများမှာ ဝိုင်းစက်သွားပြီး အတောင်ပံများကို ခတ်ခတ်ကာ ချင်ယွမ်ဖုန်း၏ ပုခုံးပေါ်သို့ တိုက်ရိုက် ပျံသန်းနားလိုက်ပြီးလျှင် “မင်းက တကယ့်ကို ကောက်ကျစ်တဲ့ ကောင်လေးပဲ၊ အဲဒီတုန်းက မင်းအသက်ကို ကယ်ဖို့ ငါ့ရဲ့ အနှစ်သာရသွေးကို ပေးခဲ့ရသေးတယ်၊ အခုလည်း ငါ့ဆီကနေ အကူအညီ ထပ်တောင်းနေပြန်ပြီပေါ့လေ” ဟု ဆိုသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် “စီနီယာ၊ အဲဒါတွေအတွက် စိတ်မပူပါနဲ့၊ တကယ်လို့ တစ်နေ့နေ့မှာ စီနီယာကလည်း သက်ကယ်ဖို့ ကျွန်တော့်ရဲ့ အနှစ်သာရသွေးကို လိုအပ်လာမယ်ဆိုရင် ကျွန်တော့်သွေးတွေ အားလုံးကို ဖောက်ထုတ်သွားရင်တောင် ကိစ္စမရှိပါဘူး” ဟု ဆိုလေသည်။

“မင်းက စကားပဲ တတ်တာ” ရေခဲဝိညာဉ်နဂါးပြာငှက်က ချင်ယွမ်ဖုန်း၏ ပင်ကိုယ်သဘာဝကို သိမြင်ပြီးသား ဖြစ်သည့်အလား နှာခေါင်းရှုံ့လျက် “ပြောပါဦး၊ ဘာကိစ္စလဲ၊ လူရီက မင်းလိုကောင်ကို ဘာလို့ သဘောကျသွားရတာလဲ ငါတော့ နားမလည်နိုင်တော့ဘူး” ဟု မေးမြန်းသည်။

ချင်ယွမ်ဖုန်းက အသာအယာ ရယ်မောလိုက်ပြီး သူ၏ လည်ပင်းတွင် ဆွဲထားသော ကမ္ဘာဦး အပိုင်းအစ ပုတီးစေ့ကို ချွတ်ယူကာ ရေခဲဝိညာဉ်နဂါးပြာငှက်ထံသို့ ကမ်းပေးလိုက်ပြီးနောက် ကြေးညိုရောင် တံခါးကြီးကို သူ၏ လည်ပင်းတွင် ပြန်လည် ဆွဲလိုက်သည်။

လက်ရှိအချိန်တွင် ချင်ယွမ်ဖုန်း၌ ဝှက်ဖဲများစွာ ရှိနေချေပြီ။ နတ်မင်းစစ်သည်တော်လေးနှင့် ကြေးညိုရောင် တံခါးကြီးတည်းဟူသော ဤမဟာလူသတ် မှော်လက်နက် နှစ်ခုတည်းနှင့်ပင် နယ်ပယ်တစ်ခုလုံးကို ဖိနှိပ်ရန် လုံလောက်လှသည်။

သို့သော်လည်း ဤမှော်လက်နက် နှစ်ခုစလုံးကို အသက်သွင်းရန်အတွက် စစ်မှန်သော အင်အားကို လိုအပ်ပေသည်။ အကယ်၍ ချင်ယွမ်ဖုန်းအနေဖြင့် မိမိ၏ စွမ်းအင်ကို ချွေတာလိုပါက နတ်မင်းစစ်သည်တော်လေးသည် မြားသုံးစင်းသာ ပစ်ခတ်နိုင်မည်ဖြစ်ပြီး ကြေးညိုရောင် တံခါးကြီးကိုမူ ငါးကြိမ်သာ တိုက်ခိုက်စေနိုင်မည် ဖြစ်သည်။

ယင်းတွက်ချက်မှုထဲတွင် ချင်ယွမ်ဖုန်း အဂုဏ်ယူဆုံး ဖြစ်သော ဝိညာဉ်စွမ်းအားပင် မပါဝင်သေးချေ။

“ဒါက ဘာလဲ” ရေခဲဝိညာဉ်နဂါးပြာငှက်က ကမ္ဘာဦး အပိုင်းအစကို ၎င်း၏ အတောင်ပံဖြင့် လှမ်းယူကာ ဇဝေဇဝါ အမူအရာဖြင့် မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းက ပြုံးလျက် “ဒါက ကမ္ဘာဦး အပိုင်းအစတစ်ခုပါ၊ အဲဒီအပိုင်းအစထဲက ကမ္ဘာက အသက်ဝင်နေပြီဖြစ်ပြီး လူသားတွေတောင် ပေါ်ပေါက်နေပြီ ” ဟု ပြောလိုက်သည်။

ရေခဲဝိညာဉ်နဂါးပြာငှက်၏ မျက်လုံးများ ပြာသွားပြီး ချင်ယွမ်ဖုန်းကို မယုံကြည်နိုင်လောက်သော အမူအရာဖြင့် စိုက်ကြည့်ကာ “ကမ္ဘာဦး အပိုင်းအစတစ်ခု ဟုတ်လား၊ မင်းက ကမ္ဘာတစ်ခုလုံးကို မင်းနဲ့အတူ သယ်ဆောင်ထားတာပေါ့လေ” ဟု မေးသည်။

ချင်ယွမ်ဖုန်းက အနည်းငယ် ရှက်ရွံ့စွာဖြင့် ခေါင်းကို ကုတ်လိုက်ပြီး “ဒါက တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတာပါ၊ ကျွန်တော်လည်း ဒါကို မလိုချင်ပါဘူး၊ ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် ကျွန်တော့်လက်ထဲ ရောက်လာလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ ” ဟု ဆိုချေသည်။

ရေခဲဝိညာဉ်နဂါးပြာငှက်သည် ချင်ယွမ်ဖုန်းကို ကြည့်ကာ မျက်လုံးအဝိုင်းသား ဖြစ်သွားရတော့သည်။ ချင်ယွမ်ဖုန်းနှင့် စကားပြောခြင်းသည် မိမိကိုယ်ကို အလွန်အမင်း ဒေါသထွက်စေနိုင်ကြောင်း ၎င်း သဘောပေါက်သွားခဲ့သည်။

“ပြောစမ်းပါဦး ကောင်လေး၊ မင်း ဒီကမ္ဘာဦး အပိုင်းအစကို ငါ့လက်ထဲ အပ်ရတဲ့ အဓိပ္ပာယ်က ဘာလဲ” ရေခဲဝိညာဉ်နဂါးပြာငှက်က မေးမြန်းလိုက်သည်။

“ကျွန်တော် အရေးကြီးတဲ့ ကိစ္စတစ်ခု သွားလုပ်တော့မှာမို့လို့ ဒါကို စီနီယာ့ဆီမှာ စိတ်ချလက်ချ အပ်နှံထားခဲ့ချင်လို့ပါ” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလေသည်။

All Chapters