အခန်း ၅၆၀
Vol. 28 Ch. 560
အခန်း(၅၆၀)
ချင်ယွမ်ဖုန်းသည် လင်ဇီအာတစ်ယောက် ဤနေရာရှိ ဘဝအခြေအနေကို ငြီးငွေ့လာပြီး ချန်ဟုန်း ကုန်သည်ကြီးများအသင်းမှ ထွက်ခွာသွားခဲ့သလိုမျိုး တစ်ဖန်ထပ်မံ၍ ထွက်သွားလေမည်လားဟု အမှန်တကယ်ပင် စိုးရိမ်ပူပန်မိချေသည်။
သို့သော် လတ်တလော အခြေအနေအရမူ ထိုသို့ဖြစ်လာနိုင်ခြေ မရှိသေးချေ။
“ရှာမိသားစုက တော်ဝင်မျိုးနွယ်တွေ လာပြီး ပြဿနာရှာတာမျိုး ရှိသေးလား”
ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။
သူ အစိုးရိမ်ဆုံးအရာမှာ အခြားမဟုတ်၊ ရှာမိသားစုပင် ဖြစ်ပေရာ ထိုအချိန်၌ သူသည် ရှာမိသားစု၏ အကြီးအကဲဖြစ်သော ရှာလန်ကို အနိုင်ယူနိုင်စွမ်း မရှိသေးသဖြင့် ကလဲ့စားချေရန် စိတ်မစောသေးသော်လည်း ရှာမိသားစုဘက်က သူ့ကို လွှတ်ထားမည်လားဆိုသည်မှာမူ မသေချာလှချေ။
လင်ဇီအာက ခေါင်းခါယမ်းလျက် “ခုထက်ထိတော့ မရှိသေးပါဘူး၊ ဘာပဲဖြစ်ဖြစ် ဆေးနတ်ဘုရားဂိုဏ်းက ကြားကနေ ပိတ်ဆီးပေးထားတာကိုး၊ ဒါပေမဲ့ ရှာမိသားစုကလည်း ဒီနေရာကို အလွယ်တကူ လက်လွှတ်မှာ မဟုတ်ဘူးလို့ ငါထင်တယ်” ဟု ဆိုသည်။
“မင်းတို့ သတိထားမှဖြစ်မယ်၊ မဟုတ်ရင် ဝမ်ချိုင်နဲ့ ရှောင်ဟေးကို မင်းတို့အနားမှာ စောင့်ရှောက်ဖို့ ထားခဲ့ပေးရမလား” ချင်ယွမ်ဖုန်းက ပြောလိုက်၏။
လင်ဇီအာက သဘောကျစွာ ရယ်မောရင်း “နင်ကလည်း ဘာမှမသိသေးဘူးပဲ၊ ဝမ်ချိုင်နဲ့ ရှောင်ဟေး နှစ်ကောင်စလုံး အိပ်မောကျနေကြတာ ကြာလှပြီ” ဟု ဆိုလေသည်။
“အိပ်မောကျနေကြတယ် ဟုတ်လား” ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်မိသည်။
“ဟုတ်တယ်၊ သူတို့ မသေမျိုးနန်းတော်ထဲမှာ အဆင့်မြင့် ဆေးပင်တွေကို အများကြီးစားပြီး သန့်ရှင်းတဲ့ နတ်ရေစင်တွေကို အဝသောက်ခဲ့ကြတာလေ၊ အခုတော့ အဆင့်တက်တော့မလို့ ထင်တယ်” ဟု လင်ဇီအာက ပြုံးရွှင်စွာ ပြောကြားချေသည်။
ချင်ယွမ်ဖုန်းသည် မျက်ခုံးပင့်လိုက်မိပြီး မျက်နှာထက်တွင်လည်း အပြုံးရိပ်တစ်ခု ထင်ဟပ်လာတော့သည်။
ရှောင်ဟေးသည် ကိုးဆင့်မြောက် အဆင့်မြင့် မိစ္ဆာသားရဲနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ အကယ်၍ ထပ်မံအဆင့်တက်မည်ဆိုပါက နတ်သားရဲအဆင့်သို့ ကူးပြောင်းတော့မည် မဟုတ်ပါလော။
ဝမ်ချိုင်ကိုမူ သူသည် ကိုးဆင့်မြောက် နတ်သားရဲအဆင့်သို့ ရောက်ရှိနေပြီဟု အမြဲတစေ သံသယရှိခဲ့ရာ ဤတစ်ကြိမ် ထပ်မံအဆင့်တက်ပါက သန့်ရှင်းသော သားရဲအဆင့်သို့ပင် ရောက်ရှိသွားပေလိမ့်မည်။
“ငါ နန်းတော်ထဲ ပြန်သွားပြီး ဝမ်ချိုင်ကို စောစောနိုးအောင် လုပ်လို့ရမလား ကြည့်ရမယ်၊ ဒါမှ မင်းတို့ကို ကာကွယ်ပေးနိုင်မှာ” ဟု ချင်ယွမ်ဖုန်းက ဆိုသည်။
လင်ဇီအာက မလှမ်းမကမ်းရှိ မွေးမြူရေးခြံဘက်သို့ လှမ်းမျှော်ကြည့်ရှုရင်း ခေါင်းခါပြကာ “စိတ်မပူပါနဲ့၊ မွေးမြူရေးခြံထဲမှာ အဆင့်မြင့် မိစ္ဆာသားရဲတွေ ဒါဇင်နဲ့ချီပြီး ရှိနေသေးတာပဲ၊ ရှာမိသားစုတစ်စုလုံး အလုံးအရင်းနဲ့ ချီတက်မလာသရွေ့တော့ ဒီနေရာက ရန်သူမသီနိုင်တဲ့ ခံတပ်ကြီးလို ခိုင်မာနေမှာပါ” ဟု ပြောကြားချေသည်။
“ဒါဆိုရင်တော့ အကောင်းဆုံးပေါ့၊ မင်းတို့လည်း သတိတော့ ထားကြဦးနော်”
ချင်ယွမ်ဖုန်းသည် ထပ်တလဲလဲ မှာကြားပြီးနောက် မသေမျိုးနန်းတော်ဆီသို့ အလျင်အမြန် ပြန်လာခဲ့ချေသည်။
ထိုအချိန်တွင် မသေမျိုးနန်းတော်မှာ အနန္တပုံရိပ်၏ စွမ်းဆောင်မှုကြောင့် အားလုံးနီးပါး ပြုပြင်ပြီးစီးနေပြီဖြစ်ရာ တစ်နန်းတော်လုံး သစ်လွင်တောက်ပလျက် ရှိနေတော့သည်။
သို့သော်လည်း နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းခဲ့သော အစီအရင်များနှင့် စက်ယန္တရားများကို ပြန်လည်ပြင်ဆင်ရန်မှာမူ အချိန်အတန်ငယ် လိုအပ်ပေဦးမည်။
ဝမ်ချိုင်နှင့် ရှောင်ဟေးတို့သည် မသေမျိုးနန်းတော်၏ ချန်ခွန်းခန်းမထဲ၌ ရှိနေကြချေသည်။ ထိုနေရာရှိ ရှေးဆရာသခင် ရုပ်ထုကို ဖယ်ရှားထားပြီးဖြစ်သဖြင့် ခန်းမမဆောင်ကြီးမှာ ဟာလာဟင်းလင်း ဖြစ်နေတော့သည်။
ဝမ်ချိုင်နှင့် ရှောင်ဟေးတို့သည် ကြမ်းပြင်ထက်၌ လဲလျောင်းနေကြပြီး ဝမ်ချိုင်မှာ သွားရည်တမြှားမြှားပင် ကျနေချေသေးသည်။
ပြန်ရောက်ခါစအချိန်နှင့် နှိုင်းယှဉ်လျှင် ဝမ်ချိုင်မှာ သိသိသာသာ ဝဖြိုးလာပြီး ရှောင်ဟေး၏ ခန္ဓာကိုယ်မှာလည်း ပိုမိုကြီးမား ထွားကျိုင်းလာချေသည်။
၎င်းတို့သည် အိပ်မောကျနေကြရာ ချင်ယွမ်ဖုန်းက မည်မျှပင် ခေါ်စေကာမူ နိုးထလာခြင်း မရှိကြချေ။
“အင်း... ထားလိုက်ပါတော့၊ ငါက ဝမ်ချိုင်ကို ခေါ်ပြီး ရှာမိသားစုဆီ သွားပြီး ပြဿနာရှာမလို့ စဉ်းစားထားတာ၊ အခုတော့ ချင်ဝူယန်းနဲ့ စိန်ခေါ်ပွဲပြီးလို့ ပြန်လာတဲ့အထိ စောင့်ရတော့မှာပေါ့” ချင်ယွမ်ဖုန်းက ရေရွတ်လိုက်မိသည်။
ချင်ယွမ်ဖုန်းသည် ပြန်လည်ပြင်ဆင်ပြီးစီးသွားသော ကောင်းကင်ဘုံမျှော်စင်သို့ ရောက်ရှိလာခဲ့ရာ ယခုအခါ ထိုနေရာသည် ဆေးလုံးများ၊ ကျင့်စဉ်များ၊ သိုင်းပညာရပ်များနှင့် ရတနာလက်နက်များကို သိုလှောင်ရာနေရာ ဖြစ်နေချေပြီ။
ပြီးခဲ့သည့်အကြိမ်က ချင်ယွမ်ဖုန်းသည် မသေမျိုးနန်းတော်မှ ကျင့်စဉ်အမြောက်အမြားကို ထုတ်ယူသွားခဲ့သော်လည်း ယခုအခါ အားလုံးကို မူလနေရာသို့ ပြန်လည်ထားရှိပြီး ဖြစ်သည်။
ထို့ပြင် ချင်ယွမ်ဖုန်းသည် ယခင်က ရှာဖွေတွေ့ရှိထားသော ကမ္ဘာမြေအဆင့် မြင့်မားသော သိုင်းပညာရပ်တစ်ခုကို ယခုအခါ စတင်လေ့ကျင့်တော့မည် ဖြစ်ချေသည်။
မကြာမီ သုံးရက်တာ အချိန်ကာလ ကုန်လွန်သွားခဲ့ပြီး ချင်ယွမ်ဖုန်းသည် ကောင်းကင်ဘုံမျှော်စင်အတွင်းမှ လျှောက်လှမ်းထွက်ခွာလာခဲ့တော့သည်။
“ရှောင်လင်၊ ငါ့ရဲ့ အရည်အချင်းပြဘောင်ကို ပြပါဦး” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် ပေါ်လာလျက် “ကောင်းပါပြီ သခင်” ဟု ပြန်လည်ထူးလိုက်၏။
ချင်ယွမ်ဖုန်း သတိပြုမိသည်မှာ သူ၏ ကျင့်စဉ်အဆင့် ပိုမိုမြင့်မားလာသည်နှင့်အမျှ ရှောင်လင်သည် ဘေးထွက်တာဝန်များကို ပေးအပ်ခြင်း နည်းပါးလာချေသည်။
မကြာသေးမီက အချိန်အတော်ကြာအောင် ရှောင်လင်သည် မိမိအလိုအလျောက် ပေါ်ထွက်လာခြင်း မရှိခဲ့ချေ။
သခင် - ချင်ယွမ်ဖုန်း
အသက် - ၂၂ နှစ်
ကျင့်စဉ်အဆင့် - တတိယအဆင့် ဘိုးဘေးနယ်ပယ် သိုင်းပညာရှင်၊ ဆဋ္ဌမအဆင့် ဆေးဖော်စပ်သူ၊ ဆဋ္ဌမအဆင့် အဆောင်လက်ဖွဲ့ ဖန်တီးသူ
ဝိညာဉ်ရှာဖွေခြင်းပညာရပ်၊ အဆိပ်တစ်သောင်း ပညာရပ်၊ မိုးတိမ်လွင့် ပညာရပ်၊ ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်၊ အလောင်းကောင်ရုပ်သေး ပညာရပ်၊ ယင်ယန်ပေါင်းစပ်ခြင်း ပညာရပ်၊ ဝိညာဉ်သားရဲထိန်းကျောင်းရေး ပညာရပ်၊ နဂါးဟိန်းသံပညာရပ်၊ ဓားဆွဲ ခုတ်ချက်၊ လင်းနို့အသွင်ပြောင်းခြင်း ပညာရပ်၊ သွေးပေါက်ကွဲခြင်း ပညာရပ်၊ မီးလျှံကောင်းကင်ခုတ်ချက်၊ နေဝင်ချိန်တစ်ချက်ခုတ်၊ ဗုဒ္ဓဂါထာတော် လက်ဝါး၊ ဝရဇိန်ခန္ဓာပညာရပ်၊ ကြိုတင်သိမြင်ခြင်း၊ မိုးကြိုးမီးလျှံ ဗုံးသီး၊ နဂါးသတ်ချက်
အခြေခံစွမ်းရည်များ - ခရမ်းရောင်မီးလျှံ၊ ရွှေရောင်မိုးကြိုး၊ ဟင်းလင်းပြင်၊ ရေခဲ၊ နဂါးအရှိန်အဝါ၊ မြေကမ္ဘာ
ကျင့်စဉ်ပညာ - စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်
ယုံကြည်မှုတန်ဖိုး - ၄၉၀၀၈၇၄၂
ဤသုံးရက်တာအတွင်း ချင်ယွမ်ဖုန်းသည် အဆင့်မြင့်ဆေးလုံး အချို့ကို လဲလှယ်ခဲ့ပြီး ‘ဝိညာဉ်ချီပေါက်ကွဲခြင်း’ ဟု ခေါ်ဆိုသော သိုင်းပညာရပ်တစ်ခုကို လေ့ကျင့်ခဲ့ချေရာ ယင်းပညာရပ်သည် လက်နက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အသုံးပြုနိုင်သဖြင့် ချင်ယွမ်ဖုန်း အလွန်ပင် သဘောကျမိချေသည်။
“ဒါနဲ့ ရှောင်လင်၊ မင်း တာဝန်မပေးတာ ကြာပြီနော်၊ ငါ့ရဲ့ နောက်ထပ် အဓိကတာဝန်က ဘာလဲ” ချင်ယွမ်ဖုန်းက စုစုစမ်းစမ်း မေးမြန်းလိုက်သည်။
ရှောင်လင်က ပြုံးလျက် “အဓိကတာဝန်ကတော့ သခင် အသက်ရှင်ကျန်ရစ်ဖို့ပါပဲ” ဟု ဆိုလေသည်။
“အသက်ရှင်ကျန်ရစ်ဖို့ ဟုတ်လား၊ ဒါက ဘယ်လို အဓိကတာဝန်မျိုးလဲ” ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်သွားချေသည်။
ဤတာဝန်မှာ အပေါ်ယံဆန်လွန်းလှရာ သူ မည်သို့ ‘အသက်ရှင်’ ရမည်နည်း၊ တာဝန်ကိုကော မည်သို့ ပြီးမြောက်အောင် လုပ်ရမည်နည်း။
“သခင် မကြာခင် သိရမှာပါ” ရှောင်လင်က လျှို့ဝှက်ဆန်းကြယ်စွာ ပြောကြားရင်း “သခင်က ဒီလောက်တောင် စိတ်စောနေမှတော့ ကျွန်မ ဘေးထွက်တာဝန်တစ်ခု ပေးရတာပေါ့” ဟု ဆိုသည်။
“ဘာတာဝန်လဲ” ချင်ယွမ်ဖုန်းက စိတ်ဝင်တစား မေးလိုက်၏။
“ချင်ဝူယန်းကို အနိုင်ယူပါ” ဟု ရှောင်လင်က ဆိုလေသည်။
“မလွဲဧကန် အနိုင်ယူပြမယ်”
ချင်ယွမ်ဖုန်းက လေးနက်တည်ကြည်စွာ ပြောကြားလိုက်ချေသည်။ သူသည် မြေနက်မြေသို့ ရောက်ရှိလာခဲ့ရာ ထိုအချိန်တွင် ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် ကူညီပေးနေကြဆဲ ဖြစ်သော်လည်း သူတို့ ကူညီလုပ်ဆောင်ပေးရမည့်နေရာ နည်းပါးလှသဖြင့် အလွန်ပင် အားလပ်နေပုံရတော့သည်။
“ဖုန်းအစ်ကို” ချင်ယွမ်ဖုန်း လျှောက်လှမ်းလာသည်ကို မြင်သောအခါ ချန်ရှောင်ချောင်က ပြုံးရွှင်စွာ နှုတ်ဆက်လိုက်၏။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် “လုပ်စရာမရှိရင် ပြန်ပြီး ကျင့်စဉ်အလုပ်ကိုပဲ လုပ်ကြပါ၊ ကျင့်စဉ်လေ့ကျင့်တယ်ဆိုတာ ရေဆန်လှေလှော်ရသလိုပဲ၊ ရှေ့ကို မတက်ရင် နောက်ကို ဆုတ်သွားမှာ” ဟု မိန့်ကြားလိုက်ချေသည်။
“နားလည်ပါပြီ” ချင်နန်က ခေါင်းညိတ်လိုက်သည်။ သူတို့အားလုံးသည် ချင်မိသားစု ပျက်စီးပြုန်းတီးခဲ့ရသည့် နာကျည်းမှုကို ရင်ဝယ်ပိုက်ထားကြသူများ ဖြစ်ပေရာ မည်သို့မျှ လျော့တိလျော့ရဲ မနေဝံ့ကြချေ။
“အခု ချိုင့်ဝှမ်းအပြင်ဘက်က အချိန်စီးဆင်းမှုနှုန်းက ပြင်ပကမ္ဘာထက် ဆယ်ဆ ပိုမြန်နေတယ်၊ မင်းတို့ အဲဒီမှာ သွားပြီး ကျင့်စဉ်လေ့ကျင့်ကြည့်လို့ရတယ်” ချင်ယွမ်ဖုန်းက ဆက်လက်၍ “ဒါပေမဲ့ အတွင်းထဲက လူတွေကိုတော့ သွားပြီး မနှောင့်ယှက်စေနဲ့” ဟု မှာကြားလိုက်ချေသည်။
လူတိုင်းက ချင်ယွမ်ဖုန်းကို ကြည့်ကာ လေးနက်စွာ ခေါင်းညိတ်ကြတော့သည်။ ဆယ်ဆမျှ မြန်ဆန်သော အချိန်စီးဆင်းမှုသည် သူတို့၏ အင်အားကို လျင်မြန်စွာ တိုးတက်စေနိုင်ပေလိမ့်မည်။
ထို့ပြင် ထိုကဲ့သို့သော အချိန်ကာလ လျှို့ဝှက်နယ်မြေမျိုးသည် သန့်ရှင်းသော နယ်မြေများသာ ပိုင်ဆိုင်နိုင်သည့် အခွင့်ထူးမျိုး ဖြစ်ပေသည်။
ဆေးနတ်ဘုရားဂိုဏ်းကဲ့သို့သော ပထမတန်းစား ဂိုဏ်းကြီးတစ်ခုတွင်ပင် ဤမျှ ဆန်းကြယ်လှသော အချိန်ကာလ လျှို့ဝှက်နယ်မြေမျိုး မရှိချေ။
ချင်နန်နှင့် အခြားသူများသည် ကမ္ဘာမြေအစိတ်အပိုင်းဆီသို့ အလျင်အမြန် ပြန်သွားကြပြီး ချိုင့်ဝှမ်းအပြင်ဘက်သို့ လျှောက်လှမ်းသွားကြတော့သည်။
သို့သော်လည်း ဆယ်ဆမျှ မြန်ဆန်သော အချိန်စီးဆင်းမှုနှုန်းမှာ သူတို့အတွက် အနည်းငယ် မြန်ဆန်လွန်းလှသဖြင့် သူတို့၏ လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် ထိုနေရာတွင် အချိန်အကြာကြီး မနေနိုင်ကြချေ။
သို့သော်ငြားလည်း သူတို့အားလုံးသည် ရင်ထဲမှ နာကျည်းမှုများကို ကျင့်စဉ်လေ့ကျင့်ရန် တွန်းအားအဖြစ် ပြောင်းလဲကာ အားတင်း၍ အောင့်အည်းသည်းခံ ကျင့်ကြံနေကြတော့သည်။
“ကောင်းပြီ၊ မင်းတို့အားလုံး ဘေးအန္တရာယ်ကင်းအောင် ဂရုစိုက်ကြပါ၊ ငါ အပြင်ကို ခေတ္တခဏ သွားစရာရှိတယ်” ချင်ယွမ်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
“ဖုန်းအစ်ကို ဘယ်သွားမလို့လဲ၊ ညီမကော လိုက်ခဲ့လို့ ရမလား” ချန်ရှောင်ချောင်က အနားသို့ ခုန်ပေါက်ရောက်ရှိလာကာ မေးမြန်းလိုက်၏။
ချင်ယွမ်ဖုန်းက ခေါင်းခါပြလျက် “မရဘူး၊ ဒီတစ်ကြိမ်တော့ ငါတစ်ယောက်တည်း သွားရမှာ” ဟု ဆိုသည်။
ချန်ဒါချောင်သည် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရကာ “ဖုန်းအစ်ကို... ချင်ဝူယန်းနဲ့ စိန်ခေါ်ပွဲဆီ သွားမလို့မလား” ဟု မေးလိုက်ချေသည်။
“မင်းကိုတော့ လှည့်စားလို့ မရပါလား” ချင်ယွမ်ဖုန်းက ခေါင်းညိတ်ဝန်ခံရင်း “ဒါပေမဲ့ စိတ်မပူကြပါနဲ့၊ ငါ ဘယ်လောက် စွမ်းလဲဆိုတာ မင်းတို့လည်း သိတာပဲ၊ ငါ ဘယ်တော့မှ ရှုံးနိမ့်မှာ မဟုတ်ဘူး” ဟု ပြောကြားလိုက်တော့သည်။
ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် စိုးရိမ်ပူပန်မိကြသော်လည်း ခေါင်းညိတ်ပြကြချေသည်။
သူတို့သည် ချင်ယွမ်ဖုန်းကို အမြဲတစေ ယုံကြည်ခဲ့ကြသလို ချင်ယွမ်ဖုန်းသည်လည်း သူတို့ကို ဘယ်သောအခါမျှ စိတ်ပျက်အောင် မလုပ်ခဲ့ဖူးချေ။
ချင်ယွမ်ဖုန်းသည် လင်ဇီအာကို နှုတ်ဆက်စကား ဆိုပြီးနောက် မြေနက်မြေမှ ထွက်ခွာခဲ့ပြီး ဆေးနတ်ဘုရားဂိုဏ်းဆီသို့ ဦးတည်၍ ခရီးဆက်ခဲ့တော့သတည်း။