အခန်း ၅၆၂
Vol. 28 Ch. 562
အခန်း(၅၆၂)
ရှာဝေသည် ချင်ယွမ်ဖုန်းအား တစ်ချက်မျှ စောင်းငဲ့ကြည့်ကာ “ဟွန်း... မင်းနဲ့ ငါ စကားမပြောနိုင်ဘူး...” ဟု ဆိုချေသည်။
သို့ရာတွင် ရှာဝေ၏ ခက်ထန်သော စကားသံပင် မဆုံးသေးမီမှာပင် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် သူ၏ ရှေ့မှောက်သို့ ရုတ်ချည်း ရောက်ရှိလာပြီး လေးလံလှသော လက်သီးတစ်ချက်ကို လွှဲကာ ရှာဝေ၏ ရင်ဘတ်တည့်တည့်သို့ ပြင်းထန်စွာ ထိုးနှက်လိုက်လေတော့သည်။
ပြင်းထန်လှသော ခွန်အားများမှာ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင် လျှံတက်သွားရာ ရှာဝေသည် ခါးရိုးဆစ်များ တစ်ဆစ်ဆစ် ကျိုးကြေသွားသကဲ့သို့ စူးရှသော နာကျင်မှုကိုသာ ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲပြိုကျသွားရရှာသည်။
ထိုအခါမှသာ ရှာဝေ၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များ ထင်ဟပ်လာပြီး “ငါ ပြောပါ့မယ်... ငါ အားလုံးကို ပြောပြပါ့မယ်...” ဟု အလန့်တကြား ဆိုရှာတော့သည်။
“မလိုတော့ဘူး... ငါ မင်းကို အခွင့်အရေး ပေးခဲ့ပြီးပြီ...” ချင်ယွမ်ဖုန်းက အေးစက်စွာ ဆိုရင်း ရှာဝေ၏ ရှေ့သို့ တိုက်ရိုက် လျှောက်လှမ်းသွားကာ သူ၏ လက်ဖဝါးကို ရှာဝေ၏ ဦးခေါင်းထက်သို့ ဖိနှိပ်လိုက်ချေသည်။
ထိုခဏတွင် ရှာဝေ၏ မှတ်ဉာဏ်များမှာ ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲသို့ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာလေသည်။ မကြာမီပင် ချင်ယွမ်ဖုန်းသည် သူ သိရှိလိုသော အကြောင်းအရာများကို ရရှိသွားပြီးနောက် ရှာဝေ၏ ကျင့်စဉ်အဆင့် အားမာန်များကို စုပ်ယူပစ်လိုက်တော့သည်။
ရှာဝေသည် ဆဋ္ဌမအဆင့် မဟာဆရာတစ်ဦးမျှသာ ဖြစ်သဖြင့် ယင်းမှာ ချင်ယွမ်ဖုန်းအတွက်မူ လျစ်လျူရှုထားနိုင်လောက်သော အဆင့်အတန်းမျှသာ ဖြစ်ပေသည်။
“နောက်ထပ် မဟာအကြီးအကဲ တစ်ယောက်ပါလား... ကြည့်ရတာ ပြီးခဲ့တဲ့ အကြိမ်တုန်းက ငါ သက်ညှာလွန်းသွားခဲ့တယ် ထင်တယ်...” ချင်ယွမ်ဖုန်းသည် တိုးတိုး ညည်းတွားလိုက်မိသည်။
ရှာဝေ၏ မှတ်ဉာဏ်များအရ ချင်ယွမ်ဖုန်းသည် အကြောင်းအရာ အများအပြားကို သိရှိခွင့် ရခဲ့ပေသည်။
ဥပမာအားဖြင့် ရှာဝေသည် ဆေးနတ်ဘုရားဂိုဏ်း၏ ရှာဖွေမှုများကို ရှောင်ကွင်းရန် အခက်အခဲများစွာကို ကျော်ဖြတ်ပြီး ယခုနေရာသို့ ရောက်ရှိလာခြင်း ဖြစ်ပေသည်။
ထို့ပြင် သူတို့သည် ရှာမိသားစုမှ မဟာအကြီးအကဲ တစ်ဦး၏ ညွှန်ကြားချက်အရ လှုပ်ရှားနေကြခြင်း ဖြစ်သည်။
“သွားမယ့် လမ်းခရီးချင်း အတူတူပဲ ဖြစ်နေတာမို့ ရှာမိသားစုအတွက် အမှတ်တရ လက်ဆောင်ကြီးကြီးမားမား တစ်ခု ပေးခဲ့ရတာပေါ့...” ချင်ယွမ်ဖုန်းက အေးစက်စွာ ဆိုလိုက်ရာ တိုက်ခတ်လာသော လေညင်းထဲတွင်ပင် လူသတ်လိုသော အငွေ့အသက်များ ရောယှက် ပါဝင်နေတော့သည်။
ချင်ဖုန်းချိုင့်ဝှမ်းသည် လုယွဲ့အင်ပါယာ၏ အရှေ့ဘက် အစွန်းဆုံးတွင် တည်ရှိပေသည်။
လုယွဲ့အင်ပါယာသည် ချင်ဖုန်းချိုင့်ဝှမ်းနှင့် ထန်ဂူဒေသတို့ကို ဆက်သွယ်ပေးထားပြီး မြောက်ဘက်နှင့် တောင်ဘက်တို့တွင် ပင်လယ်သမုဒ္ဒရာများ ဝန်းရံလျက် ရှိသည်။
ထိုနေရာသို့ သွားရောက်ရန်အတွက် မဖြစ်မနေ လုယွဲ့အင်ပါယာ တစ်ခုလုံးကို ဖြတ်သန်းသွားရမည် ဖြစ်ပေသည်။
ချင်ယွမ်ဖုန်းသည် ဝမ်တောင်တန်းမှ ဆေးနတ်ဘုရားဂိုဏ်းသို့ တိုက်ရိုက် ခရီးဆန့်ခဲ့သည်။
သူ၏ လက်ရှိ အစွမ်းသတ္တိမှာ အားကိုးထိုက်စရာ ဖြစ်နေပြီမို့ ဝမ်တောင်တန်း တစ်ခုလုံးကို ဖြတ်သန်းရန်မှာ သူ၏အတွက် ပြဿနာ မရှိတော့ပေ။
သူသည် ဤနေရာတွင် အခြားလူများ မရှိတော့ကြောင်း အသေအချာ အတည်ပြုခဲ့ပြီး ဖြစ်သလို ရှာဝေ၏ မှတ်ဉာဏ်များအရလည်း ဤနေရာသို့ အခြား မည်သူ့ကိုမျှ စေလွှတ်ထားခြင်း မရှိကြောင်း သိရှိရပေသည်။
သို့ရာတွင် ချင်ယွမ်ဖုန်း မသိရှိနိုင်သော အချက်မှာ လူတစ်ဒါဇင်ကျော်ခန့်သည် မြေနက်မြေသို့ ဦးတည်ကာ အလျင်အမြန် လာနေကြပြီ ဖြစ်သည်။
ထိုလူတစ်ဒါဇင်ကျော်မှာ အလွန် အေးစက်သော အသွင်ရှိကြပြီး ခန္ဓာကိုယ်မှလည်း လူသတ်လိုသော အရိပ်အယောင်များ မှေးမှိန်စွာ ထွက်ပေါ်နေချေသည်။
မိုးသောက်အလင်း ရောက်ရှိပြီးနောက် ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ဆေးနတ်ဘုရားဂိုဏ်း တစ်ခုလုံးမှာ အထက်မှ အောက်အထိ စိုးရိမ်ပူပန်မှုများဖြင့် တည်ငြိမ် လေးနက်နေဆဲ ဖြစ်ပြီး ပုံမှန် မြင်တွေ့နေကျ ရယ်မောသံများနှင့် ပျော်ရွှင်မှုများမှာ ပျောက်ကွယ်လျက် ရှိသည်။
ရှာမိသားစုသည် လုယွဲ့အင်ပါယာ အတွင်းရှိ ကျောင်းအများစုကို ထိန်းချုပ်ထားပြီး ဆေးနတ်ဘုရားဂိုဏ်းနှင့် အနီးနားရှိ ကျောင်းအချို့သာ ခံတံတိုင်းအဖြစ် ကျန်ရှိနေသေးသည်။
နန်ဝူးမြို့သည် ဆေးနတ်ဘုရားဂိုဏ်းကဲ့သို့ပင် ရှာမိသားစု၏ ခြိမ်းခြောက်မှုကို မခံရပေ။ အကြောင်းမူကား နန်ဝူးမြို့တွင် ဆေးဖော်စပ်သူများအသင်း၏ အသင်းခွဲတစ်ခု ရှိနေသောကြောင့် ဖြစ်ပြီး ဤအကြောင်းရင်း တစ်ခုတည်းဖြင့်ပင် နန်ဝူးမြို့ကို မည်သူမျှ မထိပါးဝံ့ကြချေ။
ဆေးနတ်ဘုရားဂိုဏ်း၏ ပတ်လည် မိုင်တစ်ရာ ဝန်းကျင်နှင့် နန်ဝူးမြို့၏ ပတ်လည် မိုင်တစ်ရာ ဝန်းကျင်တို့သည် လုယွဲ့အင်ပါယာ အတွင်း၌ ဘေးကင်းရာ ခိုလှုံရာ နယ်မြေများ ဖြစ်လာခဲ့သည်။
ဤအချိန်တွင် ဆေးနတ်ဘုရားဂိုဏ်း၏ တပည့်များအားလုံးသည် နံနက်ခင်း စာသင်ကြားမှုများအတွက် စောစီးစွာ နိုးထနေကြပြီ ဖြစ်သည်။
သူတို့သည် ချင်ယွမ်ဖုန်း၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသောအခါ အလွန် အံ့အားသင့်သွားကြရရှာသည်။
သူတို့သည်လည်း အကြောင်းအရာ အများအပြားကို နားလည် သဘောပေါက်ထားကြသဖြင့် နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု မဖြစ်ပေါ်ဘဲ မနေနိုင်ကြပေ။
အဘယ်ကြောင့်ဆိုသော် ချင်ယွမ်ဖုန်း ဆေးနတ်ဘုရားဂိုဏ်းတွင် ရှိနေစဉ်အချိန်က အရှက်ခွဲမှုများစွာကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရဖူးသောကြောင့် ဖြစ်ပေသည်။
ထို့ပြင် ချင်ယွမ်ဖုန်းသည် ရှန်းဝူအကယ်ဒမီမှ အဘယ်ကြောင့် ပြန်လည် ရောက်ရှိလာရသနည်း ဆိုသည်ကိုလည်း လူတိုင်း သိရှိထားကြသည်။
လွန်ခဲ့သော သုံးနှစ်ခန့်က တောင်ထိပ်ရင်ပြင်ပေါ်တွင် ချင်ယွမ်ဖုန်းသည် ထူးခြားသော သွေးသားခန္ဓာကို နိုးထစေခဲ့သူ ချင်ဝူယန်းအား ထိုစကားလုံးများကို အော်ဟစ် ပြောကြားခဲ့ဖူးသည်။
သုံးနှစ်တာ ကာလလွန်မြောက်ပြီးနောက်တွင်မူ ချင်ယွမ်ဖုန်းသည် သူ၏ ကတိစကားကို ဖြည့်ဆည်းရန် ရောက်ရှိလာခဲ့ပြီ ဖြစ်ပေသည်။
အိုင်ဖေးသည် တိုက်ရိုက် လျှောက်လှမ်းထွက်လာပြီး ချင်ယွမ်ဖုန်း၏ ဘေးနားသို့ ရောက်ရှိလာခဲ့သည်။
ဤအချိန်တွင် အိုင်ဖေးသည်လည်း အဆင့် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ကာ ဆေးနတ်ဘုရားဂိုဏ်းမှ အလေးပေး ပျိုးထောင်ခြင်း ခံရသော အဓိက တပည့်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်း ပြန်လည် ရောက်ရှိလာသည်ကို တွေ့ရသဖြင့် အိုင်ဖေးသည် သဘာဝအတိုင်းပင် အလွန် ပျော်ရွှင်သွားရှာသည်။ လင်ဇီအာကလည်း အိုင်ဖေးအား အားလပ်သည့် အချိန်တိုင်းတွင် မြေနက်မြေသို့ သွားရောက် ကူညီပေးရန် ပြောကြားထားဖူးပေသည်။
“ဂျူနီယာညီလေး... မင်း ပိန်သွားတယ်နော်...” အိုင်ဖေးကို မြင်တွေ့လိုက်ရသောအခါ ချင်ယွမ်ဖုန်းက တိုးညှင်းစွာ ဆိုလိုက်သည်။
အိုင်ဖေးက ခေါင်းညိတ်ပြကာ “စီနီယာအကို... အကိုလည်း ပိန်သွားတယ်၊ ပြီးတော့ ကြည့်ရတာ နည်းနည်း ပိုပြီးတော့တောင် ရင့်ကျက် တည်ငြိမ်လာသလိုပဲ...” ဟု ဆိုရှာသည်။
ညီအစ်ကို နှစ်ဦးသည် အရေးမပါသော စကားများကိုသာ အလွတ်သဘော ပြောဆိုဖြစ်ကြသည်။ ညီအစ်ကိုချင်းများကြားတွင် တစ်ဦး၏ စိတ်ခံစားချက်ကို တစ်ဦးက နားလည်နေသရွေ့ အလွန်အကျွံ စိတ်ကူးယဉ်ဆန်သော စကားလုံးများမှာ မလိုအပ်လှပေ။
“အကို သွားတော့မလို့လား... ကျွန်တော် အကိုနဲ့အတူ လိုက်ခဲ့မယ်လေ...” အိုင်ဖေးက ပြုံးလျက် ဆိုသည်။
ချင်ယွမ်ဖုန်းက အိုင်ဖေး၏ ပုခုံးကို ပုတ်ပေးရင်း “မင်းလည်း ငါ မနိုင်ဘူးလို့ ထင်နေတာလား...” ဟု ဆိုချေသည်။
“ဒါပေါ့... မဟုတ်ပါဘူး...” အိုင်ဖေးက ခေါင်းကို ခါယမ်းလိုက်ကာ “ကျွန်တော် သွားကြည့်ချင်ရုံတင် ပါလား...” ဟု ဆိုသည်။
“မလိုပါဘူး... ငါ ပြန်လာတဲ့အခါ မင်းကို သောက်စရာ တစ်ခုခုနဲ့ ဧည့်ခံပါ့မယ်...” ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်သည်။
“ဒါဆိုလည်း ကောင်းပါပြီ... ကျွန်တော့်ရဲ့ မင်္ဂလာပွဲကျရင်တော့ အကို အရောက်ပြန်လာပေးရမယ်နော်...” အိုင်ဖေးက ခေါင်းညိတ်ကာ ဆိုသည်။
“ဘယ်တော့လဲ... အခြား အစီအစဉ်တွေ အားလုံးကော အဆင်သင့် ဖြစ်ပြီလား...” ချင်ယွမ်ဖုန်းက အံ့အားသင့်စွာ မေးမြန်းမိသည်။
ပြီးခဲ့သည့် အကြိမ်က အိုင်ဖေး မင်္ဂလာဆောင်တော့မည် ဟု ကြားသိခဲ့ရပြီး ယခုအခါတွင်မူ အားလုံး အခြေကျသွားပြီ ဖြစ်ပုံရသည်။
အိုင်ဖေးက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြကာ “ဟုတ်ပါတယ်... အားလုံး အဆင်ပြေသွားပါပြီ၊ ကျွန်တော်တို့ နှစ်ယောက်စလုံး တစ်ဖက်နဲ့တစ်ဖက် မိဘတွေနဲ့ တွေ့ဆုံပြီးပါပြီ၊ ပြီးတော့ ကျွန်တော့်ရဲ့ ဦးလေးကလည်း အခု ဆေးနတ်ဘုရားဂိုဏ်းမှာ ရှိနေတယ်လေ...” ဟု ဆိုသည်။
“မင်းရဲ့ ဦးလေး ဟုတ်လား...” ချင်ယွမ်ဖုန်းက မျက်ခုံးကို ပင့်လိုက်မိသည်။ သူသည် အိုင်ဖေး၏ နောက်ခံ နောက်ကြောင်းကို သိရှိထားပေသည်၊
ရှန်းဝူ စကြဝဠာ တိုက်ကြီးထက်တွင် အလွန် လျှို့ဝှက်ဆန်းကြယ်လှသော မိသားစုဖြစ်သည့် နတ်ဘုရားဗေဒင်ဆရာ အိုင်မိသားစုပင် ဖြစ်ပေသည်။
ထိုမိသားစု၏ အဖွဲ့ဝင်များမှာ အားလုံး တစ်ကိုယ်တော် ပုန်းအောင်းနေကြသော ကျွမ်းကျင် ပညာရှင်များ ဖြစ်ကြသဖြင့် ယင်းက ချင်ယွမ်ဖုန်း၏ စိတ်ဝင်စားမှုကို နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားရသည်။
“စီနီယာအကို... ကျွန်တော်နဲ့အတူ ကျွန်တော့်ဦးလေးဆီ သွားတွေ့မလား...” အိုင်ဖေးက ပြုံးလျက် ဖိတ်ခေါ်ရှာသည်။
ချင်ယွမ်ဖုန်းက ချက်ချင်းပင် ခေါင်းညိတ်ပြကာ “ကောင်းပြီလေ... ငါလည်း နတ်ဘုရားဗေဒင်ဆရာ အိုင်မိသားစုက လူတွေ ဘယ်လိုမျိုးလဲ ဆိုတာကို မြင်တွေ့ချင်နေတာ...” ဟု ဆိုချေသည်။
မကြာမီပင် အိုင်ဖေးသည် ချင်ယွမ်ဖုန်းအား ဆေးနတ်ဘုရားဂိုဏ်း၏ အပြင်ဘက်တွင် ရှိသော ဧည့်ဂေဟာ ဆောင်များဆီသို့ ဦးဆောင် ခေါ်သွားခဲ့သည်။ ဤနေရာ၏ ပတ်ဝန်းကျင်မှာ ဆိတ်ငြိမ်ပြီး အထီးကျန် ဆိတ်သုန်လှရာ ပုံမှန်အားဖြင့် လူအလာနည်းသော နေရာ ဖြစ်ပေသည်။
သူတို့နှစ်ဦး ခြံဝင်းအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အသံတစ်သံက လွင့်ပျံလာခဲ့သည်။
“ငါက တန်ဖိုးရှိတဲ့ ဧည့်သည်တော်ကြီးကို စောင့်မျှော်နေတာ ကြာပါပြီ... ကျေးဇူးပြုပြီး အခန်းထဲကို ကြွလှမ်းခဲ့ပါ...”
ချင်ယွမ်ဖုန်း မျက်ခုံးပင့်လိုက်မိပြန်သည်။ ဤစကားလုံးများ၏ အဓိပ္ပာယ်ကို သုံးသပ်ရလျှင် အိုင်ဖေး၏ ဦးလေးသည် ချင်ယွမ်ဖုန်း လာနေပြီ ဖြစ်ကြောင်းကို ကြိုတင်၍ သိရှိနေခဲ့ခြင်း ဖြစ်တန်ရာသည်။
အိုင်ဖေးက ပြုံးကာ “ကျွန်တော့် မိသားစုက လူတွေက အားလုံး လျှို့ဝှက်ဆန်းကြယ် တတ်ကြတာမို့ စီနီယာအကိုအနေနဲ့ စိတ်ထဲ မထားပါနဲ့နော်...” ဟု ဆိုသည်။
သို့ရာတွင် ချင်ယွမ်ဖုန်းက အလျင်အမြန် ခေါင်းခါယမ်းလိုက်ကာ “ဒါပေါ့... စိတ်ထဲ မထားပါဘူး၊ ငါက ပိုပြီးတော့တောင် စူးစမ်းချင်စိတ် ဖြစ်မိရတာပါ...” ဟု ဆိုချေသည်။
ထိုသို့ ဆိုပြီးနောက် သူတို့နှစ်ဦးသည် အခန်းတွင်းသို့ လှမ်းဝင်ခဲ့ကြရာ ထိုနေရာတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေသည်ကို မြင်တွေ့လိုက်ရသည်။
ထိုသက်လတ်ပိုင်း အမျိုးသားမှာ ခန့်ညားထည်ဝါပြီး ထူးခြားသော အသွင်ရှိကာ မျက်နှာထက်တွင်လည်း မှေးမှိန်သော အပြုံးတစ်ခု ရှိနေပြီး အိုင်ဖေးနှင့် အနည်းငယ် ဆင်တူလှသည်။
သို့သော် ထိုသက်လတ်ပိုင်း အမျိုးသားသည် ဘီးတပ်ကုလားထိုင်တစ်ခုထက်တွင် ထိုင်နေရရှာသည်။
“စီနီယာအကို... ဒါက ကျွန်တော့်ရဲ့ ဦးလေး အိုင်လီရန် ပါ...” အိုင်ဖေးက ချင်ယွမ်ဖုန်းအား မိတ်ဆက်ပေးပြီးနောက် သက်လတ်ပိုင်း အမျိုးသားကို ကြည့်ကာ “ဦးလေး... ဒါက ကျွန်တော် ဦးလေးကို ပြောပြဖူးတဲ့ စီနီယာအကို ချင်ယွမ်ဖုန်း ပါ...” ဟု ဆိုချေသည်။
“စီနီယာကို ဂါရဝပြုပါတယ်...” ချင်ယွမ်ဖုန်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ နှုတ်ဆက်လိုက်သည်။ စင်စစ်အားဖြင့် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော အိုင်လီရန်သည် ပဉ္စမအဆင့် ဘိုးဘေးနယ်ပယ်တစ်ဦးမျှသာ ဖြစ်ပြီး အိုင်ဖေးပင်လျှင် သူ့ကို အမီလိုက်နိုင်တော့မည့် အခြေအနေ ဖြစ်ပေသည်။
အိုင်လီရန်က အလျင်အမြန် ခေါင်းညိတ်ပြကာ “ဒီနေ့မှာ တန်ဖိုးရှိတဲ့ ဧည့်သည်တော်တစ်ဦး ရောက်လာလိမ့်မယ်လို့ ငါ တွက်ချက်ထားခဲ့တာ၊ တကယ်လည်း ရောက်လာခဲ့ပြီပဲ... ကျေးဇူးပြုပြီး ထိုင်ပါဦး...” ဟု ဆိုသည်။
ချင်ယွမ်ဖုန်း ခေါင်းညိတ်ကာ ထိုင်လိုက်သည်။ သူသည် အိုင်လီရန်ကို ကြည့်ရှုရင်း အိုင်မိသားစုမှ လူများသည်လည်း သာမန်လူများနှင့် မခြားနားလှဘဲ ထူးခြားထူးဆန်းသော အရာ တစ်စုံတစ်ရာ မရှိကြောင်း သဘောပေါက်လိုက်မိသည်။
အိုင်မိသားစုဝင်များမှာ လွန်စွာ လျှို့ဝှက်ဆန်းကြယ် လွန်းလှသောကြောင့်သာ ဒဏ္ဍာရီများက သူတို့ကို နတ်ဘုရားများကဲ့သို့ တင်စား ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပေသည်။
“ညီလေးချင်က နဖူးပြင် ပြည့်နှက်ပြီး မေးရိုးစတုရန်းကျကျ ရှိတာမို့ ထင်ရှားတဲ့ စည်းစိမ်ဥစ္စာနဲ့ မြင့်မြတ်တဲ့ ဂုဏ်သရေ ရှိမယ့်သူပဲ၊ ထိုသို့သော မျက်နှာသွင်ပြင်ကို သိုင်းပညာရှင်တစ်ဦးထက်မှာ မြင်တွေ့ရတယ်ဆိုရင် ဒီသိုင်းပညာရှင်ဟာ နောင်တစ်ချိန်မှာ ကြီးကျယ်တဲ့ အောင်မြင်မှု အဆင့်အတန်းကို ရရှိလိမ့်မယ်ဆိုတာ ပြသနေတာပဲ...” အိုင်လီရန်က ပြုံးလျက် မြွက်ဟလိုက်လေတော့သည်။
မှတ်ချက်။ မူရင်းမှာ အဆင့်တွေ မှားပါလာတဲ့အတွက် အမှားပါလာရင် နားလည်ပေးပါအုံးနော်