← Chapters

အခန်း ၅၆၃

Vol. 28 Ch. 563

အခန်း ၅၆၃

Vol. 28 Ch. 563

အခန်း(၅၆၃)

“စီနီယာရဲ့ မိန့်ကြားသော စကားများအတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုချေသည်။

အိုင်လီရန်သည် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းကာ “မင်း ဆေးနတ်ဘုရားဂိုဏ်းမှာ ရှိစဉ်တုန်းက အိုင်ဖေးကို ကောင်းကောင်း စောင့်ရှောက်ပေးခဲ့တယ်လို့ သူ ပြောတာ ငါ ကြားဖူးပါတယ်။ ဒါကြောင့် မင်းရဲ့ ကံကြမ္မာကို ငါ အခမဲ့ တွက်ချက်ပေးရင် ဘယ်လိုလဲ” ဟု မေးမြန်းလေသည်။

“ဒါဆိုရင်တော့ စီနီယာ့ကို ဒုက္ခပေးရတော့မှာပေါ့” ဟု ချင်ယွမ်ဖုန်းက လျင်မြန်စွာ ဦးညွှတ်လျက် ဆိုသည်။

ထို့နောက် သူက “ဒါပေမဲ့ အိုင်မိသားစုမှာ ပိုမို ထူးကဲသာလွန်တဲ့ အမွေအနှစ်တွေ ရှိနေတာ ထင်ရှားပါလျက်နဲ့ ဘာဖြစ်လို့ အိုင်ဖေးကို ဆေးနတ်ဘုရားဂိုဏ်းဆီ လွှတ်လိုက်ရတာလဲဟင်”

ဟု ဆက်လက် မေးမြန်းပြန်သည်။

ယင်းကား ချင်ယွမ်ဖုန်း၏ စိတ်နှလုံးထဲတွင် ကာလရှည်ကြာ စွဲထင်နေသော သံသယတစ်ခု ဖြစ်ပြီး ယခုအခါမှသာ ဖွင့်ဟ မေးမြန်းခွင့် ရခြင်း ဖြစ်ပေသည်။

အိုင်လီရန်သည် ချင်ယွမ်ဖုန်းကို ကြည့်ကာ သက်ပြင်းတစ်ချက်ကို မတတ်သာဘဲ ချလိုက်ရင်း ခေါင်းကို ခါယမ်းမိတော့သည်။

“ငါတို့ အိုင်မိသားစုဟာ နတ်ဘုရားလို ကံကြမ္မာ တွက်ချက်ခြင်း အတတ်ပညာကြောင့် ကျော်ကြားတယ် ဆိုပေမဲ့ ကောင်းကင်ဘုံရဲ့ နိယာမ အမှတ်အသားတွေကို ဖွင့်ဟ ဖော်ထုတ်ရတဲ့အတွက် ငါတို့ရဲ့ နောက်ဆုံး ကံကြမ္မာဟာ ဘယ်တော့မှ မကောင်းနိုင်ပါဘူး။ ဒါဟာ ကောင်းကင်ဘုံရဲ့ နိယာမ အမှတ်အသားတွေကို ဖွင့်ဟပြတဲ့အတွက် ပေးဆပ်ရတဲ့ ပြစ်ဒဏ်ပဲ ဖြစ်တယ်။ အပေါ့ပါးဆုံး ပြစ်ဒဏ်ကတောင် ငါ့လိုမျိုး ကိုယ်အင်္ဂါ မသန်မစွမ်း ဖြစ်သွားရတာမျိုးပေါ့”

ချင်ယွမ်ဖုန်းမှာ ထိုစကားကြောင့် အံ့အားသင့်သွားရသည်။ အိုင်မိသားစုသည်လည်း ကောင်းကင်ဘုံ၏ နိယာမ အမှတ်အသားများကို ဖော်ထုတ်ရသည့် လုပ်ရပ်ကို အလွန်ပင် စက်ဆုပ်ရွံရှာနေပုံ ရချေသည်၊ ထိုသို့ မဟုတ်လျှင် အိုင်ဖေးကို ဆေးနတ်ဘုရားဂိုဏ်းသို့ စေလွှတ်လိမ့်မည် မဟုတ်ပေ။

“ထားလိုက်ပါတော့၊ ဒီအကြောင်းတွေကို ဆက်မပြောကြရအောင်။ ဒီနေ့ခေတ်အထိ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တဲ့ ငါတို့ အိုင်မိသားစုရဲ့ အမွေအနှစ်ဟာ အမှန်တကယ်ပဲ အစွမ်းထက်မြက်လှပါတယ်။ မင်းအတွက် ငါ တစ်ချက်လောက် ကြည့်ပေးပါရစေ” ဟု အိုင်လီရန်က ချင်ယွမ်ဖုန်းကို ကြည့်ကာ ပြောလေသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် “ကောင်းပါပြီ၊ စီနီယာက ဘယ်လိုနည်းနဲ့ တွက်ချက်ပေးမှာလဲ” ဟု မေးလိုက်သည်။

“မင်း ဘာကို သိချင်တာလဲ” ဟု အိုင်လီရန်က ပြန်လည် မေးမြန်းသည်။

ချင်ယွမ်ဖုန်းက ခေတ္တမျှ စဉ်းစားပြီးနောက် “ကျွန်တော့်ရဲ့ အနာဂတ်ကိုပဲ တွက်ချက်ပေးပါ” ဟု ပြောဆိုသည်။

ယင်းကား အလွန် ခြုံငုံမိသော စကားတစ်ခွန်းသာ ဖြစ်ပေသည်။ ချင်ယွမ်ဖုန်းသည် ကံကြမ္မာကို အမှန်တကယ် ယုံကြည်သူ မဟုတ်သော်လည်း အိုင်လီရန် ဘာများ မိန့်ကြားမည်ကိုမူ သိလိုစိတ် ပြင်းပြနေမိသည်။

အိုင်လီရန်သည် ချင်ယွမ်ဖုန်း၏ လက်ဖဝါးကို စိုက်ကြည့်ကာ မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်တော့သည်။

ထိုအခါ ဆန်းကြယ်သော အင်အားတစ်ခုသည် အိုင်လီရန်၏ ခန္ဓာကိုယ်အတွင်းသို့ တိတ်တဆိတ် စီးဝင်သွားသည်ကို ချင်ယွမ်ဖုန်း အထင်အရှား ခံစားလိုက်ရချေသည်။

“သုံးလအတွင်းမှာ ကြီးမားတဲ့ ဘေးဒုက္ခဆိုးကြီး ကြုံတွေ့ရလိမ့်မယ်။ မြောက်ဘက်သို့ ဦးတည်သွားပြီး ရေနဲ့ တွေ့ဆုံခြင်းအားဖြင့် အဲဒီ ဘေးဒုက္ခကို ကျော်လွှား

ပြေပျောက်စေနိုင်လိမ့်မယ်” ဟု အိုင်လီရန်က ညင်သာစွာ မိန့်ကြားသည်။

“ပြီးတော့ အဲဒီနောက်ပိုင်းမှာ…”

ရုတ်တရက်ပင် အိုင်လီရန်သည် လတ်ဆတ်သော သွေးတစ်လုတ်ကို အန်ထုတ်လိုက်ပြီး သူ၏ မျက်နှာမှာလည်း လျင်မြန်စွာပင် ဖြူလျော် သွားတော့သည်။

“ဦးလေး” အိုင်ဖေးသည် ချက်ချင်းပင် အပြေးအလွှား ရောက်ရှိလာပြီး အိုင်လီရန်ကို ထူမကာ တွဲထိုင်ပေးလိုက်ရှာသည်။

ချင်ယွမ်ဖုန်းသည်လည်း စိုးရိမ်တကြီး မတ်တတ်ရပ်လိုက်မိပြီး “စီနီယာ၊ အဆင်ပြေရဲ့လား” ဟု မေးမြန်းလိုက်သည်။

အိုင်လီရန်က လက်ကို ဝှေ့ယမ်းပြကာ “ငါ အဆင်ပြေပါတယ်။ ကျင့်စဉ်ရဲ့ တန်ပြန်သက်ရောက်မှုကို အနည်းငယ် ခံလိုက်ရရုံပါပဲ” ဟု ဆိုသည်။

“တန်ပြန်သက်ရောက်မှု ဟုတ်လား” ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် “ဒါဆိုရင် စီနီယာ တစ်ခုခု မြင်ခဲ့ရလို့လား” ဟု မေးမြန်းပြန်သည်။

သို့သော် အိုင်လီရန်က ခေါင်းကို ခါယမ်းကာ “မင်းရဲ့ အနာဂတ် ကံကြမ္မာကို ငါ မြင်အောင် ကြည့်ချင်ခဲ့ပေမဲ့ မင်းရဲ့ အသက်ဇီဝလမ်းကြောင်းက ဟာလာဟင်းလင်း အဖြူထည်ကြီး ဖြစ်နေတာကိုပဲ တွေ့ရတယ်။ ငါ ဘာကိုမျှ မြင်တွေ့လို့ မရခဲ့ဘူး” ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်း၏ မျက်လုံးများ ကျယ်ပြန့်သွားရပြီး “ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ဟု ရေရွတ်မိသည်။

“ဒါကိုတော့ ငါလည်း မသိဘူး” ဟု အိုင်လီရန်က သက်ပြင်းချရင်း ဆိုသည်။ “ငါတစ်သက်လုံး ကံကြမ္မာကို တွက်ချက်လာခဲ့တာ ဒီလိုမျိုး အဖြစ်အပျက်ကို ကြုံရတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ငါ မြင်နိုင်တာဆိုလို့ မင်းရဲ့ နောက်ထပ် သုံးလတာ အသက်ဇီဝ လမ်းကြောင်းပဲ ရှိတယ်။ မင်းကိုယ်မင်း ဂရုစိုက်ပါ”

“ကျေးဇူးတင်ပါတယ် စီနီယာ” ဟု ချင်ယွမ်ဖုန်းက လက်နှစ်ဖက်ကို ဆုပ်ကိုင် ဦးညွှတ်လျက် ပြောကြားလိုက်သည်။

အိုင်လီရန်က ပြုံးကာ “ကံကြမ္မာဆိုတာ ဖမ်းဆုပ်ရ ခက်ခဲတဲ့ အရာတစ်ခုပါ၊ ဒါကို စိတ်ထဲမှာ သိပ်ပြီး အလေးအနက် မထားပါနဲ့။ လူသားတွေဟာ သဘာဝတရားကို အောင်နိုင်စွမ်း ရှိကြတယ်၊ ဘာတစ်ခုမှ ကြိုတင် သတ်မှတ်ထားတာ မရှိပါဘူး။ အနာဂတ်ဆိုတာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတာမို့ မင်းကိုယ်တိုင်ပဲ ရှာဖွေ ဖော်ထုတ်ရလိမ့်မယ်” ဟု မိန့်ကြားသည်။

“ဟုတ်ကဲ့ပါ၊ စီနီယာရဲ့ သွန်သင်ချက်ကို ကျွန်တော် အမြဲ နှလုံးသွင်းထားပါ့မယ်” ဟု ချင်ယွမ်ဖုန်းက စစ်မှန်သော စိတ်ရင်းဖြင့် လျှောက်တင်လိုက်သည်။

အိုင်လီရန်သည် ချင်ယွမ်ဖုန်း စိတ်ကူးယဉ် ထင်မှတ်ထားသကဲ့သို့ လူလိမ်လူညာတစ်ဦး မဟုတ်သည့်အတွက် သူ၏အပေါ် ချင်ယွမ်ဖုန်း၏ ကြည်ညို လေးစားစိတ်မှာ အဆမတန် တိုးပွားလာခဲ့ချေသည်။

“အိုင်ဖေး၊ မင်းနဲ့ ညီလေးချင်တို့ သွားလို့ ရပါပြီ။ ငါ ခေတ္တအနားယူချင်တယ်” ဟု အိုင်လီရန်က ညင်သာစွာ ဆိုသည်။

အိုင်ဖေးက ခေါင်းညိတ်ပြကာ “နားလည်ပါပြီ ဦးလေး။ တစ်ခုခု လိုအပ်တာ ရှိရင် ကျွန်တော့်ကို လာခေါ်ပါနော်။ ဒီညနေကျရင် ဦးလေးဆီ ကျွန်တော် ပြန်လာခဲ့ပါ့မယ်” ဟု လျှောက်ထားသည်။

အိုင်လီရန်က ခေါင်းညိတ်ပြရာ ချင်ယွမ်ဖုန်းသည်လည်း အိုင်လီရန်ကို နှုတ်ဆက် ဂါရဝပြုကာ လျင်မြန်စွာပင် ထွက်ခွာခဲ့ကြတော့သည်။

ထိုနှစ်ဦး အခန်းထဲမှ ထွက်ခွာသွားပြီးနောက် အိုင်လီရန်၏ မျက်မှောင်များမှာ နက်ရှိုင်းစွာ ကြုတ်သွားရသည်။

“စုံစမ်း စစ်ဆေးလို့ မရနိုင်တဲ့ ကံကြမ္မာပါလား၊ အမှန်တကယ်ပဲ ထူးဆန်းလှတယ်။ ဒါဟာ ကောင်းကင်ဘုံရဲ့ နိယာမ အမှတ်အသားတွေကတောင် ကာကွယ် စောင့်ရှောက်ပေးထားတဲ့ စစ်မှန်တဲ့ ကောင်းကင်ဘုံရဲ့ သားတော်ပဲ ဖြစ်ရမယ်” ဟု အိုင်လီရန်က မတတ်သာဘဲ ခေါင်းကို ခါယမ်းရင်း ရေရွတ်မိတော့သည်။

ချင်ယွမ်ဖုန်းနှင့် အိုင်ဖေးတို့သည် ဝန်းရံထားသော ခြံဝင်းအတွင်းမှ ထွက်ခွာခဲ့ကြသော်လည်း အိုင်ဖေးမှာ အိုင်လီရန်၏ ကျန်းမာရေး အခြေအနေအတွက် အနည်းငယ် စိုးရိမ်ပူပန်နေဆဲ ဖြစ်ပေသည်။

“မင်းရဲ့ ဦးလေးဆီ ပြန်သွားပြီး စောင့်ရှောက်ပေးလိုက်ပါ၊ နောက်ထပ် ဘာဘေးအန္တရာယ်မှ မဖြစ်ပါစေနဲ့” ဟု ချင်ယွမ်ဖုန်းက ညင်သာစွာ ဆိုရင်း သူ၏ ရင်ခွင်အတွင်းမှ နတ်ဘုရားအမှတ်အသား ပါရှိသော ဆဋ္ဌမအဆင့် အနာရောဂါ ပျောက်ကင်းစေသည့် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ပေးလိုက်သည်။

အိုင်ဖေးက ခေါင်းညိတ်လျက် “ကောင်းပါပြီ စီနီယာအစ်ကို၊ ကျွန်တော် သွားပြီး ဦးလေးကို စောင့်ရှောက်လိုက်ပါ့မယ်။ ဦးလေး ဒီလောက်အထိ ပြင်းထန်တဲ့ တန်ပြန်သက်ရောက်မှုကို ခံရတာ ကျွန်တော် ပထမဆုံး မြင်ဖူးတာပဲ” ဟု ဆိုသည်။

“ဒါတွေ အားလုံးက ငါ့ကြောင့် ဖြစ်ရတာပါ” ဟု ချင်ယွမ်ဖုန်းက စိတ်မကောင်းခြင်း ကြီးစွာဖြင့် ဆိုသည်။ “ဒီဆေးလုံးကို မင်းရဲ့ ဦးလေးအတွက် ယူသွားပေးပါ၊ ဒါဟာ ငါ့ရဲ့ မဆိုစလောက် ဂါရဝပြုခြင်းလို့ပဲ သဘောထားလိုက်ပါ”

အိုင်ဖေးသည် ချင်ယွမ်ဖုန်းကို ကြည့်ကာ ခေါင်းညိတ်ပြရှာသည်။

“အော်… ဒါနဲ့၊ မင်းရဲ့ မင်္ဂလာဆောင်မယ့် ရက်ကို ငါ အခုထိ မသိရသေးဘူးပဲ” ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

အိုင်ဖေးက ပြုံးလျက် “နောက်ထပ် ခြောက်လအကြာမှာ ဒီဆေးနတ်ဘုရားဂိုဏ်းမှာပဲ ကျင်းပမှာပါ” ဟု ဖြေကြားသည်။

“ကောင်းပြီ၊ ငါ အမှန်တကယ်ပဲ အချိန်မီ ပြန်လာခဲ့ပါ့မယ်” ဟု ချင်ယွမ်ဖုန်းက အိုင်ဖေး၏ ပုခုံးကို ပုတ်ကာ အားပေးလိုက်ရင်း သူ၏ ရတနာ သိုလှောင်လက်စွပ်အတွင်းမှ နောက်ထပ် ပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်ပြန်သည်။

တစ်ခုကား သဘာဝ နတ်စမ်းရေးဖြစ်ပြီး အခြားတစ်ခုမှာမူ အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း ဆေးလုံး ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် ယခင်ကလည်း အိုင်ဖေးအား အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း ဆေးလုံးတစ်ပုလင်း ပေးအပ်ခဲ့ဖူးသဖြင့် ယင်းကား အိုင်ဖေး၏ စွမ်းအားများ လျင်မြန်စွာ တိုးတက်လာရခြင်း၏ အကြောင်းရင်းများအနက် တစ်ခုလည်း ဖြစ်ပေသည်။

“ဒါတွေကို မင်းအတွက် အခုပဲ ပေးထားလိုက်မယ်။ အဲဒီအချိန်ကျရင် မင်္ဂလာလက်ဆောင် ပြင်ဆင်ဖို့ အချိန်မရမှာ စိုးလို့ပါ” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုသည်။

အိုင်ဖေးသည် မတတ်သာဘဲ ခေါင်းကို ခါယမ်းမိသော်လည်း ပစ္စည်းများကိုမူ လက်ခံလိုက်ရှာသည်။ ဤပစ္စည်း နှစ်ခုလုံးသည် ပြင်ပကမ္ဘာတွင် ကောင်းကင်ဘုံသို့ ထိလုမတတ် တန်ဖိုးကြီးမားလှသော်လည်း ချင်ယွမ်ဖုန်းကမူ ဤမျှ လွယ်ကူရိုးရှင်းစွာ ပေးအပ်ခဲ့သဖြင့် အိုင်ဖေး၏ စိတ်နှလုံးမှာ အလွန်ပင် လှုပ်ရှားသွားရပေသည်။

“ကဲ… ငါ သွားတော့မယ်” ဟု ချင်ယွမ်ဖုန်းက အိုင်ဖေး၏ ပုခုံးကို ပုတ်ကာ လှည့်ထွက်ခဲ့တော့သည်။

အိုင်ဖေးသည် ဝေးကွာသွားသော ချင်ယွမ်ဖုန်း၏ ကျောပြင်ကို ကြည့်ရင်း ပြုံးမိသည်။ ချင်ယွမ်ဖုန်းသည် သူ၏ မင်္ဂလာပွဲကို တက်ရောက်ရန် အမှန်တကယ် ပြန်လာလိမ့်မည်ဟု သူက အပြည့်အဝ ယုံကြည်နေမိသည်။

သို့သော် ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင်မူ အိုင်လီရန် မိန့်ကြားခဲ့သော စကားများကိုသာ ထပ်တလဲလဲ စဉ်းစားနေမိတော့သည်။ ‘သုံးလအတွင်းမှာ ကြီးမားတဲ့ ဘေးဒုက္ခဆိုးကြီး ကြုံတွေ့ရလိမ့်မယ်၊ မြောက်ဘက်သို့ ဦးတည်သွားပြီး ရေနဲ့ တွေ့ဆုံခြင်းအားဖြင့် ပြေပျောက်စေနိုင်လိမ့်မယ်’

ဤစကားစုကို နားလည်ရန် မခက်ခဲသော်လည်း အိုင်လီရန် ရည်ညွှန်းနေသည့် သတ်မှတ်ထားသော ဖြစ်ရပ်မှာ အဘယ်အရာ ဖြစ်သည်ကို၎င်း၊ ရေနှင့် တွေ့ဆုံခြင်းက အဘယ်ကြောင့် ဘေးဒုက္ခကို ပြေပျောက်စေနိုင်သည်ကို၎င်း ချင်ယွမ်ဖုန်း လုံးဝ မသိရှိပေ။

အဖန်ဖန်အထပ်ထပ် စဉ်းစားသော်လည်း အဖြေ မထွက်နိုင်သဖြင့် ချင်ယွမ်ဖုန်းသည် ထိုအကြောင်းအရာကို ဘေးဖယ်ထားလိုက်ကာ တောင်ထိပ်ရင်ပြင်ဆင်မြင့်ဆီသို့သာ လျှောက်လှမ်းခဲ့တော့သည်။

ချင်ယွမ်ဖုန်းသည် တောင်ထိပ်ရင်ပြင်သို့ ရောက်ရှိလာသောအခါ အဓိကခန်းမဆောင်ကြီးအတွင်း၌ ဒုန်ဖန်းရှန့်မင်ကို မြင်တွေ့လိုက်ရသည်။

ဒုန်ဖန်းရှန့်မင်သည် ယခင်အတိုင်းပင် ပြောင်းလဲခြင်း မရှိဘဲ ရှိနေဆဲ ဖြစ်ပေသည်။ သူသည်လည်း နုပျိုခြင်း စမ်းရေတွင်းမှ ရေကို သောက်သုံးခဲ့ခြင်း ကြောင့်များလား၊ ထိုသို့မဟုတ်လျှင် အဘယ်ကြောင့် အချိန်ကာလသည် ဂိုဏ်းချုပ်၏အပေါ်၌ မည်သည့် အမှတ်အသားမျှ မချန်ရစ်နိုင်ရသနည်းဟု ချင်ယွုန်းဖုန်း တွေးတောနေမိသည်။

“ယွမ်ဖုန်း၊ မင်း ပြန်လာပြီပဲ” ဟု ဒုန်ဖန်းရှန့်မင်က ပြုံးလျက် နှုတ်ဆက်သည်။ “မင်းရဲ့ အကြောင်းတွေကို ငါ အကုန်လုံး ကြားသိပြီးပါပြီ။ သွေးဆာမိစ္ဆာ ဆိုတဲ့ ဘွဲ့နာမက တော်တော်လေးကို အာဏာစက် ပြင်းထန်လှတာပဲ မဟုတ်လား”

“ဂိုဏ်းချုပ်ကလည်း ကျွန်တော့်ကို လှောင်ပြောင်မနေပါနဲ့” ဟု ချင်ယွမ်ဖုန်းက လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းလျက် ဆိုသည်။

“အဲဒီ ဘွဲ့နာမက တကယ်ပဲ အနည်းငယ် ရှက်စရာ ကောင်းတယ်”

“ကောင်းပါပြီ၊ ဒီအကြောင်းတွေကို ထားလိုက်ပါတော့” ဟု ဆိုကာ ဒုန်ဖန်းရှန့်မင်သည် ချင်ယွမ်ဖုန်း၏ ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။

“မင်း ချင်ဝူယန်းနဲ့ စိန်ခေါ်ပွဲ ဆင်နွှဲတော့မှာလား”

ချင်ယွမ်ဖုန်းက ခေါင်းကို လေးနက်စွာ ညိတ်ပြလျက် “အချို့သော ကိစ္စရပ်တွေကို အမြဲတမ်း ရှင်းလင်း အဆုံးသတ်ဖို့ လိုအပ်ပါတယ်” ဟု လျှောက်တင်သည်။

“သွားပါ၊ ဘာမှ မစိုးရိမ်နဲ့။ ငါတို့ ဆေးနတ်ဘုရားဂိုဏ်းဟာ မြူနှင်းဂိုဏ်းလောက် အင်အား မတောင့်တင်းဘူး ဆိုပေမဲ့ သူတို့က မင်းကို နှိပ်စက် ညှဉ်းပန်းဝံ့ရင်တော့ ဆေးနတ်ဘုရားဂိုဏ်းက သူတို့ကို ဘယ်တော့မှ လွှတ်ထားမှာ မဟုတ်ဘူး” ဟု ဒုန်ဖန်းရှန့်မင်က အလေးအနက် မိန့်ကြားလေသည်။

ချင်ယွမ်ဖုန်းသည် ထိုစကားကြောင့် အလွန်ပင် စိတ်လှုပ်ရှား တုန်လှုပ်သွားရသော်လည်း ဒုန်ဖန်းရှန့်မင်၏ နှုတ်ခမ်းထောင့်စွန်းရှိ အနည်းငယ် ကွေးညွတ်နေသော အပြုံးကို ရုတ်တရက် မြင်တွေ့လိုက်ရသဖြင့် ထိုကျေးဇူးတင်စိတ်များမှာ ချက်ချင်းပင် ရပ်တန့်သွားရတော့သည်။

သူသည် ဤမြေခွေးအိုကြီး၏ လှည့်ကွက်အတွင်းသို့ နောက်တစ်ကြိမ် သက်ဆင်းမိလုနီးပါး ဖြစ်သွားခဲ့ရချေပြီ။

“ဂိုဏ်းချုပ်၊ ပြောစရာ ရှိတာကို တိုးတိုးတိတ်တိတ်ပဲ မိန့်ကြားပါ။ ဂိုဏ်းချုပ် အခုလိုမျိုး ဖြစ်နေတာကို ကျွန်တော် တကယ်ပဲ အကျွမ်းတဝင် မရှိလို့ပါ” ဟု ချင်ယွမ်ဖုန်းက ဆိုသည်။

ဒုန်ဖန်းရှန့်မင်က အကျယ်ကြီး ရယ်မောလိုက်ရင်း “မင်းရဲ့ စိတ်ထဲမှာ ငါ့အပေါ် ထားရှိတဲ့ အထင်အမြင်က ဒီလိုမျိုး ဖြစ်နေတာကိုး။ မကြောက်ပါနဲ့၊ ငါ စဉ်းစားနေတာကတော့ မင်း ပြန်လာပြီးရင် ဆေးနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရာထူးကို မင်းဆီ လွှဲပြောင်းပေးဖို့ပါပဲ” ဟု မိန့်ကြားတော့သည်။

All Chapters