အခန်း ၅၆၄
Vol. 28 Ch. 564
အခန်း (၅၆၄) မြေနက်မြေ၏ အကျပ်အတည်း
"ဂိုဏ်းချုပ်ရာထူးကို ကျွန်တော်ကို လွှဲပြောင်းပေးမလို့ ဟုတ်လား" ချင်ယွမ်ဖုန်းသည် မျက်လုံးအစုံ ပြူးကျယ်သွားရင်းဖြင့် "ဂိုဏ်းချုပ်... နောက်ပြောင်မနေပါနဲ့၊ ဒါက သိပ်ပြီး မြန်ဆန်လွန်းတယ်၊ ကျွန်တော်မစွမ်းဆောင်နိုင်ပါဘူး" ဟု လျှောက်တင်လေသည်။
"ဘာဖြစ်လို့ မစွမ်းဆောင်နိုင်ရမှာလဲ၊ မင်း စွမ်းဆောင်နိုင်မှာကို ငါ အသေအချာ ယုံကြည်တယ်" ဒုန်ဖန်းရှန့်မင်သည် ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်ကာ အားပေးစကား ဆိုလိုက်၏။
ချင်ယွမ်ဖုန်းသည် ခေါင်းကို ခါယမ်းကာ "ဂိုဏ်းချုပ် ကျွန်တော်က ရှန်းဝူအကယ်ဒမီရဲ့ ကျောင်းသားတစ်ဦးပဲ ရှိပါသေးတယ်၊ အကယ်၍ ကျွန်တော်မျိုးသာ ဆေးနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်လာခဲ့ရင် သိပ်ပြီး မသင့်တော်ပါဘူး၊ တစ်ပါးသူတွေ ကြားသွားရင်လည်း အသံကောင်းမှာ မဟုတ်ပါဘူး" ဟု ကပျာကယာ ငြင်းဆန်ရှာသည်။
"ဘာဖြစ်လို့ အသံမကောင်းရမှာလဲ၊ ဆေးနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ရှန်းဝူအကယ်ဒမီရဲ့ တပည့်တစ်ဦး ဖြစ်နေတာဟာ မင်းအတွက် ပိုပြီးတော့တောင် အရှိန်အဝါ ကြီးမားစေဦးမယ်၊ တစ်စုံတစ်ယောက်က ဆေးနတ်ဘုရားဂိုဏ်းကို မခန့်လေးစား ပြုချင်ရင်တောင် ရှန်းဝူအကယ်ဒမီရဲ့ ဩဇာတိက္ကမကို ထည့်သွင်းစဉ်းစားရလိမ့်မယ်"
ဒုန်ဖန်းရှန့်မင်က ညင်သာစွာ ပြုံးရင်း မိန့်ကြားတော်မူသည်။
ချင်ယွမ်ဖုန်းသည် လက်ကို အကြိမ်ကြိမ် ယမ်းခါမိလေသည်။
သူ၏ စိတ်သန္တာန်တွင် ဂိုဏ်းချုပ် ဖြစ်လိုသောဆန္ဒ သို့မဟုတ် အကြီးအကဲ ဖြစ်လိုသော အာသာရမ္မက် ဟူ၍ မရှိချေ၊ သူ၏ အမြင်တွင်မူ ထိုအရာအားလုံးသည် လွတ်လပ်မှုကို နှောင်ဖွဲ့ထားသည့် သံခြေကျင်းများသာ ဖြစ်ပေသည်။
"ဂိုဏ်းချုပ်... ကျွန်တော်မျိုးက ဂိုဏ်းချုပ်ရာထူးကို မယူလိုပေမယ့် သင့်တော်တဲ့ လူတစ်ယောက်ကိုတော့ အကြံပြုလိုပါတယ်"
ချင်ယွမ်ဖုန်းက ပြုံးရွှင်စွာ လျှောက်တင်သည်။
ဒုန်ဖန်းရှန့်မင်သည် ချင်ယွမ်ဖုန်းအား စောင်းငဲ့ကြည့်ကာ "ဘယ်သူလဲ ဆိုတာ ပြောစမ်းပါဦး" ဟု ဆို၏။
"အိုင်ဖေးပါ" ချင်ယွမ်ဖုန်းက မဆိုင်းမတွပင် "အိုင်ဖေးဟာ ထူးခြားထက်မြက်တဲ့ အရည်အချင်း ရှိသလို သူ့ရဲ့ ကျင့်စဉ်တိုးတက်မှု နှုန်းကလည်း ကျွန်တော်မျိုးထက် မနိမ့်ပါဘူး၊ ဒါ့အပြင် သူက နတ်ဗျူဟာရှင် အိုင်မိသားစုက ဆင်းသက်လာသူလည်း ဖြစ်ပါတယ်၊ အရည်အချင်းနဲ့ နောက်ခံအကြောင်းတရားတွေကို နှိုင်းယှဉ်ကြည့်ရင် သူဟာ အလွန် သင့်တော်တဲ့သူ ဖြစ်ပါတယ်" ဟု တင်ပြလေသည်။
ဒုန်ဖန်းရှန့်မင်သည် ချင်ယွမ်ဖုန်း၏ အကြံပြုချက်ကို လေးနက်စွာ စဉ်းစားနေသည့်အလား မှင်တက်သွားရှာသည်။
"တကယ်တော့ မင်းရဲ့ ဆရာတူဦးလေး ချိုးချန်ချီ ပြန်ရောက်နေပြီ၊ သူကလည်း ဆေးနတ်ဘုရားဂိုဏ်းကို မင်းရဲ့လက်ထဲ လွှဲအပ်ဖို့ သဘောတူထားပြီးသားပါ" ဒုန်ဖန်းရှန့်မင်က ထပ်လောင်း မိန့်ကြားသည်။
ချင်ယွမ်ဖုန်းသည် စိတ်ထဲမှနေ၍ ထိုမြေခွေးအိုကြီး နှစ်ကောင်ကို တိတ်တဆိတ် ကျိန်ဆဲမိလေသည်။
"ဆရာတူဦးလေးက ဂိုဏ်းချုပ်ရာထူးကို ဒီလောက်အထိ လိုချင်နေတာ၊ ဂိုဏ်းချုပ်ရာထူးကို ဆရာတူဦးလေးထံ လွှဲပေးလိုက်ရင် ပိုမကောင်းဘူးလား" ချင်ယွမ်ဖုန်းက ရွဲ့ကာ ပြောလိုက်၏။
ထိုအခိုက်တွင် ချိုးချန်ချီသည် အဓိကခန်းမထဲသို့ လှမ်းဝင်လာပြီး ချင်ယွမ်ဖုန်း၏ ခေါင်းအနောက်ဘက်ကို ခပ်ဆတ်ဆတ် ရိုက်နှက်လိုက်လေသည်။
"ဒီကောင်စုတ်လေး၊ ငါက ဒီလောက်အထိ အသက်ကြီးနေပြီကို ဂိုဏ်းချုပ်ရာထူးကို မက်မောနေဦးမလား" ချိုးချန်ချီက ဒေါသတကြီး ဆူပူလိုက်၏။
ချင်ယွမ်ဖုန်းသည် ချိုးချန်ချီ ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ကပျာကယာပင် အပြုံးမျက်နှာ လုပ်လိုက်ရသည်။
"ဆရာတူဦးလေး... ကျွန်တော်က ဦးလေးအတွက် တွေးပေးလို့ပါ" ချင်ယွမ်ဖုန်းက မကျေမနပ် ဖြစ်ရရှာသည်။
"မင်းက ငါ့အတွက် တကယ်တွေးပေးတယ် ဆိုရင် ဆေးနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို လက်ခံလိုက်စမ်း" ချိုးချန်ချီက ဆို၏။
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်ရင်း "ဒါဆိုရင် ကျွန်တော် ပြန်လာတဲ့ အခါကျမှ ထပ်ပြီး ဆွေးနွေးကြတာပေါ့" ဟု ဆိုကာ စကားဖြတ်လိုက်သည်။
ထိုသို့ ပြောပြီးသည်နှင့် ချင်ယွမ်ဖုန်းသည် အဓိကခန်းမထဲမှ ဝုန်းဒိုင်းကြဲ ထွက်ပြေးကာ တောင်အောက်သို့ အပြေးအလွှား ဆင်းသွားလေတော့သည်။
ဒုန်ဖန်းရှန့်မင်နှင့် ချိုးချန်ချီ ဟူသော ထိုဆရာတူ ညီနောင်နှစ်ဦးသည် အဓိကခန်းမ၏ အဝင်ဝတွင် ရပ်နေရင်း ဝေးကွာသွားသော ချင်ယွမ်ဖုန်း၏ ကျောပြင်ကို ကြည့်ကာ မျက်နှာတွင် အပြုံးကိုယ်စီ ထင်ဟပ်နေကြသည်။
"ဒီကောင်လေးက မင်းငယ်ငယ်တုန်းကနဲ့ အသေအချာကို တူတာပဲ" ချိုးချန်ချီက ဆို၏။
ဒုန်ဖန်းရှန့်မင်က ပြုံးလျက် "ဟုတ်တယ်၊ ဒါ့အပြင် ချင်ယွမ်ဖုန်းမှာ ကြီးမားတဲ့ အလားအလာတွေ ရှိနေတယ်၊ သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေဟာ အလွန် မြင့်မားမှာ မြေကြီးလက်ခတ်မလွဲပါပဲ၊ ဆေးနတ်ဘုရားဂိုဏ်းကို သူ့လက်ထဲ အပ်နှံနိုင်မှသာ ငါ စိတ်အေးရမှာ" ဟု ဆိုလေသည်။
ချိုးချန်ချီသည် မျက်မှောင်ကြုတ်ကာ "ဒီကောင်လေးမှာ ရန်သူတွေ မနည်းဘူးလို့ ငါ မြင်တယ်၊ မင်း မကြောက်ဘူးလား" ဟု မေးမြန်းသည်။
ဒုန်ဖန်းရှန့်မင်သည် လေကို အဝရှူလိုက်ရင်း "ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်ရာထူးကို လွှဲပေးပြီးရင် ငါလည်း ဘာမှ တာဝန်ယူစရာ မလိုတော့ဘူးလေ" ဟု အေးအေးလူလူ ဆို၏။
"မင်းကတော့ မင်းပဲ၊ ပျင်းရိတတ်တဲ့ သဘာဝကတော့ အခုထိ မပြောင်းသေးဘူး" ချိုးချန်ချီက စိတ်ပျက်လက်ပျက်ဖြင့် ဆိုရှာသည်။
ဒုန်ဖန်းရှန့်မင်သည် ဟက်ဟက်ပတ်ပတ် ရယ်မောလိုက်ပြီး "ကဲပါ ဆရာတူအစ်ကိုကြီး... သောက်ကြရအောင်" ဟု ဖိတ်ခေါ်လေသည်။
ချင်ယွမ်ဖုန်းသည် ဘေးအန္တရာယ်မှ လွတ်မြောက်လာသည့်အလား တောင်အောက်သို့ ထွက်ပြေးလာခဲ့ပြီး ဆေးနတ်ဘုရားဂိုဏ်းမှ အဝေးသို့ ရောက်ရှိသွားမှသာ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။
သူသည် ဒုန်ဖန်းရှန့်မင်နှင့် ချိုးချန်ချီတို့က သူ့ကို အတင်းအကျပ် ဖမ်းဆီး၍ ဂိုဏ်းချုပ်ရာထူးကို အဓမ္မ လွှဲအပ်မည်ကို အမှန်ပင် စိုးရိမ်နေခဲ့ခြင်း ဖြစ်ပေသည်။
"ဟူး... အရာအားလုံးကို ကျွန်တော် ပြန်လာတဲ့အထိ စောင့်ဆိုင်းရမှာပဲ" ချင်ယွမ်ဖုန်းသည် ပြုံးလျက် ညည်းတွားရင်း လှည့်ထွက်ကာ ဆေးနတ်ဘုရားဂိုဏ်းမှ ထွက်ခွာသွားလေသည်။
ထိုအချိန်တွင် ကွန်ရှန်းချိုင့်ဝှမ်း၌ အဘိုးကျိုးနှင့် ကောင်းကင်ဘုံမျှော်စင်၏ ဂိုဏ်းချုပ် ထိုက်ချင်းတို့သည် ကွန်ရှန်းချိုင့်ဝှမ်းမှ ထွက်ခွာကာ အနောက်ဘက်သို့ ဦးတည်၍ ခရီးနှင်ခဲ့ကြပြီ ဖြစ်သည်။
မြေနက်မြေသည် လက်ရှိတွင် ကြီးမားသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရချေပြီ။
လင်ဇီအာသည် နံနက်စောစောကပင် ကုန်သည်ကြီးများအသင်းသို့ ရောက်ရှိနေခဲ့ရာ အပြင်ဘက်တွင် ပစ္စည်းဝယ်ယူလိုသူများမှာ လူတန်းအရှည်ကြီး စီတန်းနေကြပြီ ဖြစ်သည်။
အခြားသော ကုန်သည်ကြီးများအသင်းက ဝိညာဉ်ဆေးပင်များနှင့် အခြားသော ပစ္စည်းများကို အလုံးအရင်းဖြင့် ဝယ်ယူသွားခြင်းမှ ကာကွယ်ရန်အတွက် လင်ဇီအာသည် တစ်ဦးလျှင် ဝယ်ယူနိုင်မည့် ပမာဏကို ကန့်သတ်ထားရပေသည်။
ယနေ့သည် လစဉ်ကျင်းပမြဲဖြစ်သော လေလံပွဲနေ့ ဖြစ်ပြီး အဓိက အရေးအပါဆုံး ပစ္စည်းမှာ ရေစင် ဖြစ်သည်။
မြေနက်မြေတွင်မူ ရေစင်ဟူသည် မြေဆီလွှာကို ရေလောင်းရန်၊ မိစ္ဆာသားရဲများကို တိုက်ကျွေးရန်နှင့် နေ့စဉ် သန့်ရှင်းရေး ပြုလုပ်ရန်အတွက်သာ အသုံးပြုသော်လည်း အပြင်လောကတွင်မူ ရှာဖွေရ ခဲယဉ်းလှသော နတ်ဘုရားအဆင့် ရတနာတစ်ပါး ဖြစ်ချေသည်။
ထို့ကြောင့် လေလံပွဲ ကျင်းပသည့်နေ့တွင် မြေနက်မြေ၌ လူသူ ပိုမို စည်ကားများပြားနေခြင်း ဖြစ်ပေသည်။
လင်ဇီအာအပြင် ချန်ဒါချောင်၊ ချန်ရှောင်ချောင်နှင့် အခြားသော သူများသည်လည်း လေလံတင်ရမည့် အဆင့်မြင့် မိစ္ဆာသားရဲများကို ခေါ်ဆောင်လျက် မြေနက်မြေမှ ထွက်ခွာလာခဲ့ကြသည်။
ယခင်က လင်ဇီအာသည် ဤနေရာ၌ လေလံပွဲများကို အကြိမ်ကြိမ် ကျင်းပခဲ့ဖူးသော်လည်း မည်သည့် ပြဿနာမျှ မရှိခဲ့ချေ။
သို့သော်ငြားလည်း လင်ဇီအာ၏ စိတ်ထဲတွင် အမြဲတမ်း စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သဖြင့် ယင်းနေရာကို စောင့်ရှောက်ရန်အတွက် သိုင်းပညာရှင် အတ်ထူးအမြတ်များကို ငှားရမ်းလိုစိတ် ရှိခဲ့သည်။
သို့သော် ထိုကိစ္စသည် အကောင်အထည် မဖော်နိုင်သေးချေ၊ အကြောင်းမူကား အဆင့်မြင့် သိုင်းပညာရှင်များကို ရှာဖွေရန် မလွယ်ကူသောကြောင့် ဖြစ်ပေသည်။
"လူတိုင်း ဒီကို လာကြတဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိပါတယ်၊ ဒါပေမဲ့ ရေစင်က ပုလင်းတစ်ရာပဲ ရှိပါတယ်၊ ဒါကြောင့် ရေစင်ကို လိုချင်တယ် ဆိုရင်တော့ မိမိတို့ရဲ့ စွမ်းအားအစစ်အမှန်ကို ပြသရပါလိမ့်မယ်"
လင်ဇီအာက ပြုံးလျက် ပြောဆိုသည်။
အားလုံးက ရယ်မောကြလေသည်၊ သူတို့သည် ဤနေရာသို့ လာကတည်းက ဝိညာဉ်ကျောက်တုံးများကို အလုံအလောက် ပြင်ဆင်လာခဲ့ကြခြင်း ဖြစ်ပေသည်။
"ရေစင် ပုလင်းတစ်ရာကို တစ်ကြိမ်မှာ ဆယ်ပုလင်းနှုန်းနဲ့ ဆယ်ကြိမ် ခွဲပြီး လေလံတင်မှာ ဖြစ်ပါတယ်၊ အဖွင့်ဈေးကတော့ ငါးသောင်း ဖြစ်ပါတယ်၊ ပထမအကျော့ လေလံဆွဲခြင်းကို အခုပဲ စတင်ပါပြီ" လင်ဇီအာက ကျွမ်းကျင်စွာ ကြေညာလိုက်၏။
ရေစင်အတွက်မူ လင်ဇီအာအနေဖြင့် လေလံပွဲ အရှိန်တက်အောင် လှုံ့ဆော်ရန်ပင် မလိုချေ၊ ထိုပစ္စည်းကို ယူဆောင်လာသည်နှင့် လူတိုင်းက စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်တွင်ပင် လူရိပ် တစ်ဒါဇင်ကျော်သည် ကုန်သည်ကြီးများအသင်းထဲသို့ ရုတ်တရက် အတင်းအကျပ် တိုးဝှေ့ဝင်ရောက်လာကြသည်။
"ရေစင်ကို သိမ်းလိုက်စမ်း"
လင်ဇီအာသည် လန့်ဖြန့်သွားကာ ကပျာကယာ အော်ဟစ်လိုက်၏။
သို့သော် ခြေလှမ်းတစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် သိုင်းပညာရှင်နယ်ပယ်မျှသာ ရှိကြသေးရာ မဟာဆရာနယ်ပယ် ကျင့်ကြံသူ တစ်ဒါဇင်ကျော်ကို ရင်ဆိုင်ရန်အတွက် လုံးဝ အင်အားချင်း မမျှတချေ။
မကြာမီပင် ချန်ဒါချောင်နှင့် အခြားသူများသည် ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံလိုက်ရပြီး သူတို့၏ ကျင့်စဉ်များလည်း ပိတ်ဆို့ခြင်း ခံလိုက်ရသည်၊ လင်ဇီအာသည်လည်း ရှုံးနိမ့်သွားခဲ့ရချေပြီ။
"ဟဲဟဲ... လူတိုင်းပဲ၊ ဒီနေ့တော့ ခင်ဗျားတို့ စိတ်ပျက်သွားရလိမ့်မယ်၊ အမြန်ဆုံး ဒီနေရာကနေ ထွက်သွားကြပါ၊ ခင်ဗျားတို့ရဲ့ ဒီကျေးဇူးကို ကျွန်တော်တို့ မှတ်ထားပါ့မယ်၊ အကယ်၍ မထွက်သွားဘူး ဆိုရင်တော့ ကျွန်တော်တို့ကို ဆန့်ကျင်တာပဲ"
ထိုသို့ ခြိမ်းခြောက်လိုက်သဖြင့် လူအများအပြားသည် ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် ထိုဝတ်စုံနက်ဝတ် လူများသည် ရက်စက်ကြမ်းကြုတ်မည့် ပုံပေါ်နေပြီး ကြီးမားသော အင်အားစုတစ်ခုမှ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ထို့အပြင် ဤနေရာတွင် ရောက်ရှိနေသော လူများထဲ၌ မဟာဆရာနယ်ပယ် ကျင့်ကြံသူ တစ်ဒါဇင်ကျော်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နိုင်သည့် အဆင့်မြင့် သိုင်းပညာရှင် တစ်ဦးမျှ မရှိချေ။
ထို့ကြောင့် လေလံခန်းမအတွင်းရှိ လူများသည် ချက်ချင်းပင် ထွက်ခွာသွားကြတော့သည်။
လင်ဇီအာသည် စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်၊ တစ်စုံတစ်ယောက်မျှ ကူညီရန် လက်ကမ်းပေးလိမ့်မည်မဟုတ်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
တစ်ချိန်တည်းမှာပင် လူအများစုသည် သူတို့ ရှုံးနိမ့်သွားသည်ကို စောင့်ကြည့်နေကြကြောင်း သူမ နားလည်လိုက်သည်၊ အကယ်၍ သူတို့သာ ပျက်စီးသွားခဲ့လျှင် အခြားသူများသည် အကျိုးအမြတ် အနည်းငယ် ရရှိနိုင်ပေလိမ့်မည်။
"ငါ မင်းတို့ကို ဒဏ်ရာမရစေချင်ဘူး၊ ငါတို့က စည်းစိမ်ကိုပဲ လိုချင်တာ၊ အစီအရင်ကို ဖွင့်ပေးလိုက်ပါ၊ ဒါဆိုရင် မင်းတို့ကို လွှတ်ပေးမယ်" ဟု ခေါင်းဆောင်ဖြစ်သူ သိုင်းပညာရှင်က အေးစက်စွာ ဆို၏။
လင်ဇီအာသည် ထိုသိုင်းပညာရှင်ကို ကြည့်လိုက်သည်၊ သူ၏ နဖူးပေါ်တွင် ထင်ရှားသော အမာရွတ်တစ်ခု ရှိနေသော်လည်း ထိုလူကို သူမ တစ်ခါမျှ မမြင်ဖူးချေ။
လုယွဲ့အင်ပါယာကို ရေရှည် စီမံခန့်ခွဲလာခဲ့သဖြင့် လင်ဇီအာ မသိရှိသော ဂုဏ်သရေရှိလူကြီး ဟူ၍ မရှိသလောက်ပင် ဖြစ်သော်လည်း ဤလူသည် ရုတ်တရက် ကောင်းကင်က ပြုတ်ကျလာသည့်အလား ပေါ်ပေါက်လာခြင်း ဖြစ်ပေသည်။
သို့မဟုတ်လျှင် ထိုလူသည် လုယွဲ့အင်ပါယာမှ လူတစ်ဦး မဟုတ်တန်ရာ။
"ဒီမှာ ရေစင် ပုလင်းတစ်ရာ ရှိပါတယ်၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးသိန်းခန့် တန်ဖိုးရှိပါတယ်၊ ဒါကို ဘေးအန္တရာယ်ကနေ ကျော်လွှားဖို့အတွက် ကုန်ကျစရိတ်အဖြစ် သဘောထားလိုက်ပါ" လင်ဇီအာက ဆိုလေသည်။