အခန်း ၉၄
Vol. 10 Ch. 94
လန်လင်းက အေးစက်စွာ ဆက်ပြောသည်။ “ကြည့်... ဒါက သူ ကျုပ်ကို ပေးထားတဲ့ ရွှေမြွေမျက်နှာဖုံးပဲ။ မြွေပွေးမျိုးနွယ်ထဲမှာ ကျုပ်က အဆင့်အတန်းမြင့်တယ်ဆိုတာ ဒါက သက်သေပဲ။ အကယ်လို့ မင်းတို့ ကျုပ်ကို သတ်ရင် မင်းတို့ထဲက ဘယ်သူမှ အသက်ရှင်မှာ မဟုတ်ဘူး။ ပြီးတော့ မင်းတို့ရဲ့ မိသားစုတွေ အားလုံးလည်း သုတ်သင်ခံရလိမ့်မယ်။”
ထိုစကားကို ကြားလိုက်ရချိန်၌ လူတိုင်း မျက်နှာ ဖြူရော်သွားကြ၏။ အကယ်၍ သေမင်းတမန်ဟွာက တစ်ယောက်ယောက်ကို သေစေချင်ပြီဆိုလျှင် အရှေ့ပိုင်း သို့မဟုတ် မြောက်ပိုင်း ဘုရင့်နိုင်ငံများ၌ ပုန်းအောင်းနေလျှင်ပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
လန်လင်း လေးနက်စွာ ဆက်ပြောလိုက်သည်။ “ဒါ့အပြင် အရိပ်ပင့်ကူဘုရင်မရဲ့ ခေါင်းက အရမ်း ကျိုးပဲ့လွယ်တယ်။ တကယ်လို့ ဒါကို ကျုပ် မြေကြီးပေါ် ပေါက်ခွဲရင် အပိုင်းပိုင်းအစစ ဖြစ်သွားပြီး မင်းတို့ ဘာမှ ရမှာ မဟုတ်တော့ဘူး။”
သူ အိတ်ကို မြင့်မြင့်မြှောက်လိုက်ပြီး အချိန်မရွေး ပေါက်ခွဲရန် အသင့်ပြင်လိုက်၏။
လူမိုက်ခေါင်းဆောင်က မျက်မှောင်ကျုံ့လိုက်သည်။ “မင်းဆီမှာ အရိပ်ပင့်ကူဘုရင်မရဲ့ ခေါင်း ရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ ငါက မင်းကို ဘာလို့ ယုံရမှာလဲ။”
လန်လင်း အထဲရှိ ကြီးမားသည့် ခေါင်းကြီးကို ပြသရန် အိတ်ကို ဖွင့်ပြလိုက်သည်။ ထိုအရာက သေချာပေါက် အရိပ်ပင့်ကူဘုရင်မ၏ ခေါင်း ဖြစ်ပြီး အတုလုပ်ရန် မဖြစ်နိုင်ပေ။
လန်လင်း ပြုံးလိုက်၏။ “အင်း... ဟုတ်တယ်။ အစ်မ ရဲ့ကျင်းယွီက အရမ်း လှတယ်။ ဒါပေမဲ့ ကျုပ်လက်ထဲက ခေါင်းက ရွှေဒင်္ဂါး တစ်ထောင်ကျော် တန်တယ်။ အဲဒါက လူရိုင်း ငါးထောင်ကို အမဲလိုက်မှ ရမှာ။ မင်းတို့အဖွဲ့ နှစ်ပေါင်းများစွာ ရှာနိုင်တဲ့ ငွေထက်ကို ပိုများတယ်။”
ဤအရိုင်းအစိုင်း စစ်သည်များအတွက် ရွှေဒင်္ဂါး တစ်ထောင်ကျော်ဟူသည်မှာ အလွန် များပြားလှသည့် ငွေကြေးပမာဏ ဖြစ်၏။ သူတို့ တစ်ယောက်စီတိုင်းက ရွှေဒင်္ဂါး တစ်ရာကျော်စီ ရရှိကြမည်။ ထိုငွေက လယ်ယာမြေ အကျယ်ကြီးတစ်ခု ၊ စံအိမ်တစ်ဆောင်နှင့် အစေခံ များစွာ ဝယ်ယူရန် လုံလောက်လှသည်။
ထိုငွေများဖြင့် သူတို့ အနားယူကာ လက်ကျန် ဘဝတစ်လျှောက်လုံး ဇိမ်ကျကျ နေထိုင်နိုင်ပေလိမ့်မည်။
အခြား အဖွဲ့ဝင်များသည်လည်း လောဘတကြီး တောက်ပနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏။ လှပသည့် အမျိုးသမီးများ ရှားပါးသော်ငြား ရွှေက ထာဝရ ဖြစ်သည်။ လုံလောက်သည့် ရွှေရှိပါက သူတို့ အလိုရှိသည့် မည်သည့် အလှလေးကိုမဆို ဝယ်ယူနိုင်သည်။
ဆိုးယုတ်သည့် ခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ... သဘောတူတယ်။ ငါ့ကို ခေါင်း ပေး။ ပြီးရင် သူ့ကို လွှတ်ပေးမယ်။”
လန်လင်း လှောင်ပြုံး ပြုံးလိုက်သည်။ “ဟမ့်... ကျုပ်ကို အရူးလို့ ထင်နေလား။ မင်းတို့က လူအင်အား သာတယ်။ ပြီးတော့ မင်းတို့ အားလုံးက ကျုပ်ထက် အများကြီး ပိုသန်မာတယ်။ သူ့ကို အရင်လွှတ်ပေး။ ပြီးမှ ခေါင်းကို ပစ်ပေးမယ်။”
ခေါင်းဆောင်က တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူ့ အတွက်မူ ထိုအရာက ကိစ္စမရှိပေ။ ခေါင်းကို ရရှိပြီးသည်နှင့် ဤကောင်ချောလေးနှင့် အလှလေးက လွတ်မြောက်နိုင်ဦးမည် မဟုတ်ပေ။
ခေါင်းကို ယူပြီးနောက် သူတို့ကို ပြန်လည် ဖမ်းဆီးကာ ရဲ့ကျင်းယွီကို စော်ကားပြီး လန်လင်းကို သတ်ပစ်ရန် စီစဉ်ထားသည်။
သူ အနက်ရောင် ဓားမြှောင်တစ်လက်ကို ဆွဲထုတ်လိုက်ပြီး ရဲ့ကျင်းယွီကို ချည်နှောင်ထားသည့် ပင့်ကူမျှင်များကို အလျင်အမြန် ဖြတ်တောက်လိုက်၏။
“ဘုန်းးး”
ရဲ့ကျင်းယွီ မြေကြီးပေါ်သို့ အပြင်းအထန် ကျသွားသည်။ သူမက အချိန်ကြာမြင့်စွာ ချည်နှောင်ခံထားရသည့်အတွက် ခန္ဓာကိုယ်မှာ ထုံကျင်နေပြီး ပြန်လည် နာလန်ထူရန် အချိန်ယူလိုက်ရသည်။
သူမ မတ်တပ်ရပ်လိုက်ပြီး ဆိုးယုတ်သည့် ခေါင်းဆောင်ကို အေးစက်စွာ စိုက်ကြည့်လိုက်ကာ လန်လင်းဆီသို့ အမြန် လျှောက်သွားလိုက်၏။
ခေါင်းဆောင်နှင့် သူ၏ အဖွဲ့က သူမကို မတားဆီးပေ။ လန်လင်း၏ အနီးသို့ လုံခြုံစွာ လျှောက်သွားခွင့် ပြုလိုက်ကြသည်။
ခေါင်းဆောင်က လက်ဟန်ပြလိုက်သည်။ “ကဲ... ဒီကို ခေါင်း ပစ်ပေးတော့။ မင်း ထွက်မပြေးနိုင်ဘူးဆိုတာ သိတယ်မလား။ မဟုတ်ရင် မင်း သေမှာပဲ။”
လန်လင်း အိတ်ကြီးထဲ၌ ဖုံးကွယ်လျက် အရိပ်ပင့်ကူဘုရင်မ၏ ခေါင်းထဲသို့ ထုံးမှုန့် အနည်းငယ်ကို တိတ်တဆိတ် လောင်းထည့်လိုက်သည်။
လန်လင်း အော်ဟစ်လိုက်သည်။ “ဖမ်း...”
ထို့နောက် လေးလံသည့် ခေါင်းကို ခေါင်းဆောင်ထံသို့ ရုတ်တရက် ပစ်ပေါက်လိုက်၏။
ဆိုးယုတ်သည့် ခေါင်းဆောင်နှင့် သူ၏ လူများက ရူးသွပ်နေသည့် ခွေးများကဲ့သို့ ဖမ်းယူရန် အရှေ့သို့ ပြေးတက်လာကြသည်။ အကယ်၍ ပင့်ကူဘုရင်မ၏ ခေါင်းသာ မြေကြီးနှင့် ဆောင့်မိပြီး ကွဲသွားပါက ရွှေဒင်္ဂါး တစ်ထောင်မှာ ထာဝရ ပျောက်ကွယ်သွားပေလိမ့်မည်။
ချက်ချင်းဆိုသလိုပင် သူခိုးများ အားလုံးက အိတ်ကို ဝိုင်းအုံသွားကြ၏။ ဆိုးယုတ်သည့် ခေါင်းဆောင်က အရင်ဆုံး ဖမ်းမိသွားသည်။ သူ လောဘတကြီး ဖွင့်ကြည့်လိုက်ပြီး ပြုံးလိုက်၏။ အမှန်တကယ်ပင် အရိပ်ပင့်ကူဘုရင်မ၏ ခေါင်း ဖြစ်နေသည်။
ခေါင်းထဲမှ ဆန်းကြယ်သည့် ဆူပွက်သံ တစ်ခုကို သူ ကြားလိုက်ရသော်ငြား ဂရုမစိုက်ပေ။ ငွေများအတွက် သူ အလွန် ဝမ်းသာနေ၏။
ခေါင်းဆောင်က အေးစက်စွာ ရယ်မောလိုက်သည်။ “ဟားဟား... သွား... အလှလေးကို ဖမ်းပြီး ကောင်လေးကို သတ်လိုက်။ သူ့ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်။ သေမင်းတမန်ဟွာက နတ်ဘုရားတစ်ပါး ဖြစ်နေရင်တောင် ငါတို့ လုပ်မှန်း သူ ဘယ်တော့မှ သိမှာ မဟုတ်ဘူး။”
ချက်ချင်းပင် ထိုသူများက သူတို့ဆီသို့ ပြေးဝင်လာကြ၏။
အလွန် အားနည်းနေသော်ငြား ရဲ့ကျင်းယွီက လန်လင်းကို ကာကွယ်ရန် ချက်ချင်းပင် အရှေ့သို့ ဝင်ရပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် လန်လင်းသည်လည်း သူ၏ စိတ်ထဲ၌ အသည်းအသန် ဆုတောင်းနေ၏။ ‘မြန်မြန် ပေါက်ကွဲစမ်း...။ အခု ပေါက်ကွဲတော့...။ မဟုတ်ရင် ငါတို့ သေပြီ။’
လန်လင်း၏ လှည့်ကွက်က အလွန်ဉာဏ်ကောင်းသည့်တိုင် ထုံးမှ ဖိအားက ခေါင်းကို ပေါက်ကွဲစေရန် မလုံလောက်ပါက ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။ သူ အသတ်ခံရမည် ဖြစ်ပြီး ရဲ့ကျင်းယွီမှာ သေရသည်ထက် ဆိုးရွားသည့် ကံကြမ္မာကို ခံစားရပေလိမ့်မည်။
ထိုအခိုက်အတန့်မှာပင် ဦးခေါင်းခွံထဲရှိ ထုံးမှုန့်များက ရေနှင့် ဓာတ်ပြုသွားလေပြီ။ အပူချိန်က အလွန်အမင်း မြင့်တက်လာပြီး မိစ္ဆာကောင်ကြီး၏ ဦးနှောက်နှင့် အဆိပ်ရည်များကို ဆူပွက်လာစေသည်။ ထွက်ပေါက် မရှိသည့်အတွက် အခွံထူကြီးထဲ၌ ရေနွေးငွေ့များ စုပုံလာ၏။ ဖိအားများက တဖြည်းဖြည်း မြင့်တက်လာပြီးရင်း မြင့်တက်လာသည်။
နောက်ဆုံး၌ ဖိအားက အကန့်အသတ်သို့ ရောက်ရှိသွားတော့၏။ ဦးခေါင်းခွံက ဆူပွက်နေသည့် အိုးတစ်လုံးကဲ့သို့ အပြင်းအထန် ပေါက်ကွဲထွက်သွားသည်။
“ဘုန်းးး”
ဆူပွက်နေသည့် အဆိပ်ရည်များနှင့် အက်စစ်ပါဝင်သည့် ဦးနှောက် အစိတ်အပိုင်းများတို့က နေရာအနှံ့ ပန်းထွက်သွား၏။
ဆိုးယုတ်သည့် လူယုတ်မာ စစ်သည်များက ကျဉ်းမြောင်းသည့် ဂူထဲ၌ စုရုံးနေကြသည့်အတွက် မရှောင်တိမ်းနိုင်ကြပေ။
သေစေနိုင်သည့် အက်စစ်များနှင့် အဆိပ်များက သူတို့၏ မျက်နှာများနှင့် ခန္ဓာကိုယ်များကို ဖုံးလွှမ်းသွားသည်။
အနီးကပ်ဆုံး၌ ရှိနေသည့် ဆိုးယုတ်သော ခေါင်းဆောင်မှာ နာကျင်စွာ အော်ဟစ်လိုက်ရ၏။
“အားးး” သူ၏ ခေါင်းတစ်ခုလုံး အရည်ပျော်ကျသွားသည်။ အသားစများက ပုပ်ပွကာ ကွာကျလာပြီး သူ၏ မျက်လုံးများက ရွှံ့နွံများအဖြစ် အရည်ပျော်သွား၏။ ဤသည်က အလွန် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
အခြား လူယုတ်မာများလည်း အထိခံလိုက်ရသည်။ အဆိပ် အစက်အနည်းငယ်ကပင် သူတို့၏ အရေပြားကို ဖောက်ဝင်ကာ လောင်ကျွမ်းသွားစေပြီး ကလီစာများကိုပင် အရည်ပျော်သွားစေ၏။
ချက်ချင်းဆိုသလိုပင် အဖွဲ့တစ်ခုလုံး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များ ပုပ်ဟောင်ဆွေးမြည့်လာသည်နှင့်အမျှ နာကျင်စွာ အော်ဟစ်ရင်း လူးလှိမ့်နေကြ၏။ ငရဲပြည်မှ တိုက်ရိုက် ရောက်ရှိလာသည့် မြင်ကွင်းတစ်ခုနှင့်ပင် သွား၍ တူနေသည်။
သူတို့ သေဆုံးသွားသည်ကို ကြည့်ရင်း ရဲ့ကျင်းယွီ လှိုက်လှဲစွာ ကျေနပ်သွားသည်။ သို့သော် လန်လင်းကမူ အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေသည်။ သူ၏ ရူးသွပ်သည့် အစီအစဉ်က အမှန်တကယ်ပင် အဖွဲ့တစ်ခုလုံးကို သုတ်သင်ပစ်နိုင်ခဲ့ကြောင်း သူ မယုံကြည်နိုင်ဖြစ်နေ၏။
လန်လင်း အချိန်မဆွဲတော့ဘဲ သူ၏ လေးနှင့် မြှားများကို ထုတ်ယူလိုက်သည်။
“ရွှစ်းးး ရွှစ်းးး ရွှစ်းးး”
နာကျငအစွာ အော်ဟစ်နေသည့် လူယုတ်မာများကို မြှားများဖြင့် ပစ်ခတ်ကာ တစ်ယောက်ချင်းစီကို သတ်ဖြတ်လိုက်သည်။ ထို့နောက် သူတို့၏ နဂါးသွေးကြော စွမ်းအင်များ အားလုံးကို စုပ်ယူရန် သူ၏ အသူရာမိစ္ဆာကြယ်ကို အသုံးပြုလိုက်သည်။
ကံမကောင်းစွာဖြင့် ဆိုးယုတ်သည့် ခေါင်းဆောင်ဖြစ်သူကမူ အဆိပ်ကြောင့် အလွန်မြန်ဆန်စွာ သေဆုံးသွားသည့်အတွက် သူ၏ စွမ်းအင်များက ပျောက်ကွယ်သွားလေပြီ။
ထိုသို့တိုင်အောင် ကျန်ရှိနေသည့် အဖွဲ့ဝင်များထံမှ စွမ်းအားက အလွန် ကြီးမားသော အထောက်အပံ့ ဖြစ်သည်။ အသူရာမိစ္ဆာကြယ်က ထိုစွမ်းအင်များကို စုပ်ယူလိုက်ချိန်၌ ဝမ်းသာအားရ မြည်ဟည်းလာ၏။
ရဲ့ကျင်းယွီကို ကြည့်ကာ လန်လင်း တောက်ပစွာ ပြုံးလိုက်သည်။ “ကဲ အစ်မ... အိမ်ပြန်ကြစို့။ ကျွန်တော့်အစ်မ စိတ်ပူနေလောက်ပြီ။”
ရဲ့ကျင်းယွီမှာတော့ လန်လင်းကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေ၏။ သူမ၏ မျက်လုံးများက မျက်ရည်များဖြင့် တဖြည်းဖြည်း နီရဲလာသည်။ ရုတ်တရက် သူမ လန်လင်းကို သိုင်းဖက်လိုက်ပြီး အသက်ရှူရပင် ခက်ခဲသွားသည်အထိ တင်းကျပ်စွာ ဖက်ထားလိုက်သည်။
ရဲ့ကျင်းယွီ သူ၏ ကျောကို လက်သီးများဖြင့် ညင်သာစွာ ထုရိုက်ရင်း ငိုကြွေးလိုက်သည်။ “အရူး...။ ဘာလို့ ပြန်လာတာလဲ။ ဘာလို့ ပြန်လာတာလဲလို့။”
**--**--**--**--**--**--**--**
သူတို့ အရိပ်ပင့်ကူဘုရင်မ၏ ဂူမှ ထွက်ခွာလာပြီး ကြည်လင်သည့် ရေကန်တစ်ခုကို တွေ့သည်အထိ မိုင်ပေါင်းများစွာ ခရီးနှင်လာကြ၏။
ရဲ့ကျင်းယွီမှာ စားသောက်ရန်ပင် ဂရုမစိုက်နိုင်တော့ပေ။ သူမ အဝတ်အစားများကို အလျင်အမြန် ချွတ်ကာ ရေထဲသို့ ခုန်ဆင်းသွားလိုက်သည်။ စေးကပ်နေသည့် ပင့်ကူမျှင်များထဲ၌ ရေမချိုးရဘဲ ဆယ်ရက်ကျော်ကြာ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။
တစ်နေ့လျှင် ရေနှစ်ကြိမ် ချိုးလေ့ရှိသူ တစ်ယောက်အတွက် ထိုသည်က ရဲ့ကျင်းယွီကို ရူးသွပ်သွားစေရန် လုံလောက်နေသည်။ သူမ လတ်ဆတ်သည့် ရေများကို လောဘတကြီး သောက်သုံးလိုက်ပြီး ပျော်ရွှင်စွာ ရေကူးနေလိုက်၏။
လန်လင်းကမူ တောရိုင်း ယုန်အနည်းငယ်ကို အမဲလိုက်ကာ မီးကင်လိုက်သည်။ သူတို့ စားသောက်နိုင်ရန်အတွက် သူမ ရေချိုးပြီးသည်အထိ စောင့်ဆိုင်းနေလိုက်၏။
သို့သော် ရဲ့ကျင်းယွီကမူ သူမ၏ ဘဝ၌ နောက်ထပ် ရေချိုးခွင့် မရတော့မည့်အလား ရေထဲ၌ နှစ်နာရီတိတိ စိမ်နေသည်။
**--**--**--**--**--**--**--**
လန်လင်း တစ်ယောက် မျက်လုံးလှိမ့်ကာ အော်ခေါ်လိုက်သည်။ “အစ်မကျင်းယွီ... တော်လောက်ပြီနော်။ ထွက်လာပြီး တစ်ခုခု လာစားဦး။”
နောက်ဆုံး၌ ရဲ့ကျင်းယွီ ရေထဲမှ ထွက်လာသည်။ အဝတ်အစား ဝတ်ရန်ပင် ဂရုမစိုက်ဘဲ လန်လင်း၏ မျက်နှာချင်းဆိုင်၌ ထိုင်ကာ ကင်ထားသည့် ယုန်ကို ယူ၍ ဆာလောင်မွတ်သိပ်စွာ စားသောက်လိုက်၏။
ဆယ်ရက်ကျော်ကြာ အစာငတ်ခံထားရသည့်အတွက် သူမ ပိန်ကျသွားလေပြီ။ ထိုသို့တိုင်အောင် သူမက ကျန်းမာကြံ့ခိုင်သည့် စစ်သည်တော် တစ်ဦး ဖြစ်သည့်အတွက် ခန္ဓာကိုယ် အချိုးအစားက လှပနေဆဲပင်။ လန်လင်း ရုတ်တရက် ဘယ်ကို ကြည့်ရမည်မှန်း မသိဖြစ်သွားကာ သူ၏ အသက်ရှူသံများ ပြင်းထန်လာရသည်။
လန်လင်း တံတွေးမြိုချလိုက်၏။ “အစ်မ အဝတ် မဝတ်တော့ဘူးလား။”
ရဲ့ကျင်းယွီကမူ သက်တောင့်သက်သာပင် ပခုံးတွန့်လိုက်သည်။ “ကျွန်မမှာ အဝတ်အစား တစ်စုံပဲ ရှိတာ။ လျှော်ထားလို့ စိုနေတုန်းပဲ။”
လန်လင်း အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး မီးပုံကိုသာ တည့်တည့် စိုက်ကြည့်ရန် သူ့ကိုယ်သူ အတင်းအကျပ် ဖိအားပေးလိုက်ရသည်။
ရဲ့ကျင်းယွီ မျက်မှောင်ကျုံ့လိုက်၏။ “ဟိုလူမိုက်တွေကို သခင်လေး ပြောတာတွေ အကုန်လုံးက အမှန်တွေချည်းပဲလား။ အဲဒီမိန်းမအားလော့က တကယ်ပဲ သေမင်းတမန်ဟွာလား။”
လန်လင်း ခေါင်းညိတ်လိုက်သည်။ “အင်း... ဟုတ်တယ် အစ်မ... သူပဲ။”
တုန်လှုပ်နေဆဲဖြစ်သည့် ရဲ့ကျင်းယွီက ဆက်မေးသည်။ “ဒါဆို သခင်လေးက ဘယ်လိုလုပ် အသက်ရှင်လာတာလဲ။”
လန်လင်း သက်ပြင်းချလိုက်၏။ “ဟူး... ရှုပ်ထွေးတယ် အစ်မ။ သေရေးရှင်ရေး တိုက်ပွဲတစ်ခုပဲ။”
သူ ဆိုးရွားသည့် ဒဏ်ရာတစ်ခုကို ပြသရန် သူမထံ လည်ပင်းကို ဆန့်ထုတ်ပေးလိုက်၏။ ဤသည်က မုန်ထိုလော့ သူ့သွေးကို သောက်ရန် ကိုက်ခဲ့ချိန်က ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ထိုအရာကို မြင်လိုက်ရချိန်၌ ရဲ့ကျင်းယွီ တုန်ယင်သွား၏။ သူမ အနားသို့ တိုးလာကာ သူ၏ လည်ပင်းရှိ ဒဏ်ရာကို ညင်သာစွာ ကိုင်ကြည့်လိုက်သည်။ “နာသေးလား...။”
လန်လင်း ခေါင်းရမ်းလိုက်သည်။ “ဟင့်အင်း... မနာတော့ပါဘူး။ ဒါပေမဲ့ နည်းနည်း အေးစက်နေသလိုတော့ ခံစားနေရတုန်းပဲ။”
ရဲ့ကျင်းယွီ ဘာမှ ဆက်မပြောတော့ပေ။ သူ ခံစားခဲ့ရသည့် အကြောက်တရားနှင့် နာကျင်မှုများကို နှစ်သိမ့်ပေးရန် ကြိုးစားသည့်အလား သူ၏ လည်ပင်းကို ညင်သာစွာ ပွတ်သပ်ပေးနေလိုက်သည်။
လန်လင်း လေးနက်စွာ ပြောလိုက်၏။ “ကျွန်တော်တို့ မြန်မြန် လုပ်မှရမယ် အစ်မ။ ဘွဲ့ယူစာမေးပွဲ မတိုင်ခင် လေးရက်ပဲ လိုတော့တယ်။ ကျွန်တော့်အစ်မ စိတ်ပူနေလောက်ပြီ။”
ရဲ့ကျင်းယွီသည်လည်း ခေါင်းညိတ်လိုက်၏။ သူမ၏ အဝတ်အစားများ ခြောက်သွေ့သွားသည်နှင့် ဝတ်ဆင်လိုက်ကာ သူတို့၏ လူရိုင်း သားရဲကြီးများပေါ်သို့ တက်ကာ မြောက်ဘက်ရှိ နယ်စပ်မြို့ဆီသို့ အလျင်အမြန် စီးနှင်းသွားလိုက်သည်။
**--**--**--**--**--**--**--**
စီးနှင်းလာရင်း ရဲ့ကျင်းယွီက သိချင်စိတ်ဖြင့် မေးသည်။ “သခင်လေး... အခု သခင်လေးရဲ့ခွန်အားက ဘယ်လောက် အားကောင်းနေပြီလဲ။”
လန်လင်းက ပြုံးလျက် ပြော၏။ “တတိယအဆင့် လေးကိုင်စစ်သည်အဆင့်လောက် ဖြစ်နေပြီ...။”
ရဲ့ကျင်းယွီ မှင်သက်သွားသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမက လေးနက်စွာ ပြောလာ၏။ “သခင်လေး... သခင်လေးက တကယ့် ပါရမီရှင်ပဲ။ ဆယ်စုနှစ်အနည်းငယ်အတွင်း ပြိုင်ဘက်ကင်းသိုင်းပညာရှင် ဖြစ်လာလိမ့်မယ်။”
ရဲ့ကျင်းယွီ အလွန်အမင်း အံ့အားသင့်နေရသည်။ ပါရမီပါသည့် သိုင်းပညာရှင် တစ်ဦးပင်လျှင် တတိယအဆင့် လေးကိုင်စစ်သည်အဆင့်သို့ ရောက်ရန် နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။ သို့သော် လန်လင်းကမူ သုံးလတည်းဖြင့် ထိုအရာကို လုပ်ဆောင်နိုင်ခဲ့လေပြီ။
ရဲ့ကျင်းယွီ၏ မျက်လုံးတို့က အရောင်တောက်လာသည်။ “သခင်လေး... ဒီတစ်ကြိမ် တော်ဝင်မြို့တော်ကို သခင်လေး ပြန်သွားရင် လူတိုင်း တုန်လှုပ်သွားလိမ့်မယ်။ သခင်မလေး တစ်ယောက်တည်းတင် မဟုတ်ဘူး။ သခင်လေး ဆိုဟန်ရီနဲ့ မင်းသမီး ကျိနင်တို့လည်း ပါမယ်။ သခင်လေးက လူတိုင်း အာရုံစိုက်ရတဲ့ ဗဟိုချက် ဖြစ်လာလိမ့်မယ်။”
**--**--**--**--**--**--**--**
သူတို့ သားရဲများကို အသက်လု အရှိန်ဖြင့် စီးနှင်းလာကြသည်။ သို့သော် နယ်စပ်မြို့နှင့် မိုင်ဒါဇင်အနည်းငယ် ကွာဝေးသည့် နေရာ၌ သူတို့ ရပ်တန့်လိုက်ရ၏။
သူတို့၏ သားရဲများက တောင်တစ်သောင်း တောင်တန်းရှိ လူရိုင်းအနွယ်များ၏ စီးနှင်းသည့် သားရဲများ ဖြစ်သည့်အတွက် လူသားတို့၏ ဘုရင့်နိုင်ငံများထဲသို့ ဝင်ရောက်ခွင့် မရှိပေ။
သူတို့၏ ခြေထောက်များကိုသာ အားကိုးလျက် နယ်စပ်မြို့ဆီသို့ ကျန်ရှိသည့် ခရီးကို ပြေးသွားကြသည်။ လန်လင်း အနားမယူဘဲ အကောင်းဆုံး မြင်းနှစ်ကောင်ကို ငှားရမ်းရန် ငွေအမြောက်အမြားကို ချက်ချင်း ပေးချေလိုက်၏။ သူတို့ တော်ဝင်မြို့တော်ဆီသို့ တန်းတန်းမတ်မတ် ဒုန်းစိုင်းနှင်သွားလိုက်သည်။
တော်ဝင်အကယ်ဒမီ၏ ဘွဲ့ယူစာမေးပွဲက လေးရက်သာ လိုတော့သည့်အတွက် သူတို့ အလျင်စလို လုပ်ရတော့လေမည်။
အခန်း ၉၄ ပြီး။