အခန်း ၉၅
Vol. 10 Ch. 95
ဘွဲ့ယူစာမေးပွဲအတွက် တစ်ရက်ခွဲသာ လိုတော့သည်။
ဆိုနင်ပင်းမှာ သုံးရက်ဆက်တိုက် မအိပ်ရသေးပေ။ သူမက အိမ်တော်၏ တံခါးနောက်၌ ထိုင်ကာ လန်လင်း ပြန်လာသည်နှင့် ချက်ချင်း တွေ့နိုင်ရန် မျှော်လင့်စောင့်စားနေ၏။
သူမ၏ ခန္ဓာကိုယ်က အားနည်းနေလေပြီ။ ယခုအခါ၌ သူမလေးမှာ ညှိုးနွမ်းသည့် ပန်းတစ်ပွင့်ကဲ့သို့ ပိန်ချုံးနေ၏။
အလွန် ပင်ပန်းနွမ်းနယ်နပုံရကာ မျက်နှာသည်လည်း ဖြူရော်နေပြီး လေပြေလေး တိုက်ခတ်ရုံမျှဖြင့်ပင် လွင့်ပါသွားနိုင်လောက်သည်။
အိမ်တော်ရှိ အစေခံများက သူမကို အနားယူရန် အကြိမ်ကြိမ် နားချသော်လည်း ငြင်းဆန်ခဲ့၏။ သူမအတွက် အစားအသောက်များ ယူလာပေးသည့်တိုင် ဆန်ပြုတ် အနည်းငယ်ကိုသာ သောက်ခဲ့သည်။
အပြင်ဘက်မှ မြင်းခွာသံ ကြားရတိုင်း မျှော်လင့်ချက်ဖြင့် ထလာလေ့ရှိသော်ငြား အကြိမ်တိုင်း၌ စိတ်ပျက်ရ၏။ သူမ၏ အကြောက်တရားနှင့် ထိတ်လန့်မှုများက ပိုမို နက်ရှိုင်းလာသည်။ လန်လင်း ဘေးကင်းစေရန် သူမ ကောင်းကင်ဘုံထံ အဆက်မပြတ် ဆုတောင်းနေခဲ့၏။
**--**--**--**--**--**--**--**
နောက်ထပ် တစ်ရက် ကုန်ဆုံးသွားလေပြီ။ ယခုအခါ၌ စာမေးပွဲအတွက် တစ်ရက်ပင် မလိုတော့ပေ။ လက်ရှိအချိန်၌ ဆိုနင်ပင်း၏ ခန္ဓာကိုယ်က နွေးထွေးမှု အားလုံး ပျောက်ကွယ်သွားသည့်အလား လုံးဝ အေးစက်နေသည်ဟု ခံစားနေရသည်။
လန်လင်း စာမေးပွဲ လွတ်သွားမည်ကို စိုးရိမ်နေခြင်း မဟုတ်ဘဲ သူ ပြန်မလာတော့မည်ကို အလွန် ကြောက်ရွံ့နေခြင်း ဖြစ်၏။ ကြောက်မက်ဖွယ် မကောင်းသည့် အတွေးများက သူမ၏ စိတ်ထဲ၌ ပြည့်နှက်နေသည်။
တောင်ပိုင်းနယ်စပ်ရှိ မိစ္ဆာကောင်များ သို့မဟုတ် လူဆိုးများ၏ သတ်ဖြတ်ခြင်းကို လန်လင်း ခံလိုက်ရမည်ဟု သူမ တွေးတောနေမိ၏။ လန်လင်းကို ထိုနေရာသို့ သွားခွင့်ပြုခဲ့မိသည့်အတွက် သူမ အလွန် နောင်တရနေလေပြီ။
ရုတ်တရက် အပြင်ဘက်မှ မြင်းခွာသံများ ထွက်ပေါ်လာ၏။ ဆိုနင်ပင်း အလွန် ဝမ်းသာသွားပြီး ခုန်ထလိုက်သည်။ သူမ၏ ခန္ဓာကိုယ် အားနည်းနေသည့်တိုင် အလျင်အမြန် လှုပ်ရှားကာ တံခါးဖွင့်ရန် ပြေးသွားလိုက်၏။
ဝင်ပေါက်၌ လှပသည့် နှင်းဆီဖြူရောင် ရထားလုံးတစ်စီး ရပ်နေ၏။ ထိုထဲမှ အမျိုးသမီး တစ်ဦး ကျက်သရေရှိစွာ ဆင်းသက်လာ၏။ သူမက ဆိုနင်ပင်း အကြောက်ဆုံးနှင့် အမုန်းဆုံး လူဖြစ်သည့် မင်းသမီး ကျိနင်ပင်။
ဆိုနင်ပင်းက ခဲယဉ်းစွာ အသုံးပြုလေ့ရှိသည့် ကြမ်းတမ်းသော လေသံဖြင့် အေးစက်စွာ ပြောသည်။ “ဒီနေရာက မင်းသမီးကို မကြိုဆိုဘူး။”
မင်းသမီး ကျိနင်ကမူ သူမ၏ ရန်လိုမှုအား စိတ်မရှိဟန်ဖြင့် ပြုံးလိုက်၏။ “အစ်မ... ဆိုလွန် ပြန်လာတာကို စောင့်နေတာလား။”
“ရှင်နဲ့ မဆိုင်ဘူး။”
ဆိုနင်ပင်းသည် သဘာဝအတိုင်း နူးညံ့သိမ်မွေ့သူ ဖြစ်သည့်အတွက် ဒေါသတကြီး ပြောလိုက်သော စကားများ၌ပင် အမှန်တကယ် မကောင်းသည့် ရည်ရွယ်ချက် မပါဝင်နေပေ။
မင်းသမီး ကျိနင်က ခွင့်ပြုချက်မပါဘဲ မြို့စားအိမ်တော်အတွင်းသို့ ဝင်ရောက်လာ၏။ ပြောရလျှင် မြို့တော်ရှိ မည်သည့်နေရာမဆို တော်ဝင်မိသားစုနှင့် သက်ဆိုင်နေသည်။ ထျန်းရွှေမြို့ နယ်မြေက ဆိုမိသားစု ပိုင်ဆိုင်သော်လည်း ဤအိမ်တော်ကမူ တော်ဝင်မိသားစုမှ ပေးသနားထားသည့် လက်ဆောင်တစ်ခုသာ ဖြစ်၏။
အိမ်တော်ထဲသို့ ဝင်ရောက်လာပြီးနောက် မင်းသမီး ကျိနင်က သူမ၏ ဝတ်ရုံကို ညင်သာစွာ ဆွဲချလိုက်သည်။ “အစ်မ ထပ်စောင့်နေဖို့ မလိုတော့ပါဘူး။”
ကျိနင်က စကားကို အဆုံးထိ မပြောလိုက်သော်လည်း သူမ၏ စကားကို ကြားလိုက်ရချိန်၌ ဆိုနင်ပင်း၏ ခန္ဓာကိုယ်လေးမှာ ပြင်းထန်စွာ တုန်ယင်သွားရ၏။
မင်းသမီး ကျိနင်က တည်ငြိမ်စွာ ဆက်ပြောသည်။ “ဆိုလွန် သေသွားပြီ အစ်မ။”
ဆိုနင်ပင်း ယိမ်းယိုင်သွား၏။ သူမ၏ မျက်နှာသည်လည်း သွေးမရှိသည့် အလား ဖြူရော်သွားသည်။ သူမ၏ ခေါင်းများ မူးဝေလာပြီး မြေကြီးပေါ်သို့ လဲကျလုနီးပါး ဖြစ်သွား၏။ “မဟုတ်ဘူး... မဟုတ်ဘူး... ရှင် လိမ်နေတာ။” သူမ၏ အမြင်အာရုံများ လုံးဝ မှောင်မိုက်သွားသည်။ ပြန်လည် မြင်တွေ့နိုင်ရန် အချိန်အတော်ကြာ ယူလိုက်ရ၏။
မင်းသမီး ကျိနင်က ပြန်မဖြေပေ။ သူမက ဆိုနင်ပင်းကို သနားကြင်နာစွာဖြင့်သာ ကြည့်နေသည်။
ဤတိတ်ဆိတ်မှုက ဆိုနင်ပင်း၏ မျှော်လင့်ချက်မဲ့မှုကို ပိုမို နက်ရှိုင်းသွားစေ၏။ သူမ ဖြည်းညင်းစွာ မေးလိုက်သည်။ “ရှင်လား... ဆိုလွန်ကို သတ်လိုက်တာလား။”
မင်းသမီး ကျိနင်က ခေါင်းရမ်းလိုက်၏။ “သေချာပေါက် မဟုတ်ဘူးလေ အစ်မ။ မြွေပွေးမျိုးနွယ်က သေမင်းတမန်ဟွာ အကြောင်း ကြားဖူးလား။ သူက ချောမောတဲ့ အမျိုးသားတွေကို နှိပ်စက်ပြီး သတ်ရတာ ကြိုက်တယ်။ အစ်မရဲ့ ဆိုလွန်က သူ့ လက်ထဲ ရောက်သွားတာ။ သူ့သွေးတွေ အကုန်စုပ်ယူခံရပြီး အပိုင်းပိုင်း ခုတ်ထစ်ခံလိုက်ရတယ်။ ပြီးတော့ လူရိုင်းတွေ စားဖို့ အသားမုန့်တွေ လုပ်ပစ်လိုက်ပြီ။”
ထို့နောက် မင်းသမီး ကျိနင်က အဝတ်အိတ်ငယ် တစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုအိတ်လေးပေါ်၌ ချစ်စရာကောင်းသည့် ကြောင်လေးတစ်ကောင်ကို ချည်ထိုးထား၏။ အပ်ချုပ်လက်ရာက လှပသော်ငြား အနက်ရောင်သန်းနေသော သွေးကွက်များဖြင့် ဖုံးလွှမ်းနေသည်။
ဆိုနင်ပင်းက ထိုအိတ်ငယ်ကို ကိုယ်တိုင် ချုပ်လုပ်ခဲ့ခြင်း ဖြစ်၏။ အထဲ၌ ကံကောင်းစေသည့် အဆောင်တစ်ခု ပါဝင်သည်။ ဆိုလွန် မထွက်ခွာမီ ညက သူမ ကိုယ်တိုင် သူ၏ လည်ပင်း၌ ဆွဲပေးထားခဲ့ခြင်း ဖြစ်၏။
မင်းသမီး ကျိနင်က ပြောသည်။ “ဒါ ဆိုလွန့်ဟာ ဖြစ်ရမယ် အစ်မ။ သေမင်းတမန်ဟွာက ပို့လိုက်တာ။ သူ့ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်လို့ ခေါင်းကို မပို့ဘူး။ ဒါလေးပဲ ပို့လိုက်တာ။”
သွေးစွန်းနေသည့် အိတ်ငယ်ကို ကြောင်တောင်တောင် စိုက်ကြည့်ရင်း ဆိုနင်ပင်း မျှော်လင့်ချက် အားလုံး ပျောက်ကွယ်သွား၏။ သူမ ဆက်ပြီး တောင့်ခံမထားနိုင်တော့ပေ။
သူမ၏ အမြင်အာရုံများ ထပ်မံ မှောင်မိုက်သွားပြန်သည်။ သူမ၏ နူးညံ့သည့် ခန္ဓာကိုယ်လေးမှာ မြေကြီးပေါ်သို့ လဲကျသွားပြီး ချက်ချင်းပင် သတိလစ်သွားတော့၏။
**--**--**--**--**--**--**--**
တစ်နာရီ အကြာ၌ သမားတော် တစ်ဦး၏ အပ်စိုက်ကုသမှု အကူအညီဖြင့် ဆိုနင်ပင်း ဖြည်းညင်းစွာ သတိရလာသည်။ သူမ၏ မျက်လုံးများက နီရဲနေပြီး အမြင်အာရုံမှာလည်း ဝေဝါးနေသေး၏။
မင်းသမီး ကျိနင် ရှိနေဆဲ ဖြစ်သည်ကို မြင်လိုက်ရချိန်၌ ဝမ်းနည်းမှု ၊ ဒေါသတို့ဖြင့် နာကျည်းစွာ ပြောသည်။ “ဘာလို့ မသွားသေးတာလဲ။ ဒီနေရာက ရှင့်ကို မကြိုဆိုဘူး။”
မင်းသမီး ကျိနင်က လေးနက်စွာ ပြော၏။ “အစ်မ ဆိုနင်ပင်း... အစ်မ အမှန်တရားကို လက်ခံရမယ်။ ဆိုလွန် သေသွားပြီ။ အစ်မရဲ့ နောက်ဆုံး မျှော်လင့်ချက်လည်း ပျောက်ကွယ်သွားပြီ။ ဆိုမိသားစုကို ဆက်လက် ရှင်သန်စေချင်ရင် ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတော့မယ်။”
ဆိုနင်ပင်းကမူ ကျိနင်ပြောသည်ကို မကြားသည့်အလား ပြုမူနေသည်။ သူမက မျက်နှာကြက်ကိုသာ မော့ကြည့်နေ၏။ သူမ၏ စိတ်ထဲ၌ လန်လင်း၏ မျက်နှာ ၊ သူ၏ အပြုံးနှင့် သူမကို ခိုးကြည့်လေ့ရှိသည့် အရှက်အကြောက်ကင်းသော အမူအရာတို့ဖြင့်သာ ပြည့်နှက်နေသည်။
မင်းသမီး ကျိနင်က ဆက်ပြော၏။ “တကယ်လို့ အစ်မသာ မင်းသား ကျိလီရဲ့ မိန်းမ ဖြစ်လာရင် အနှစ်နှစ်ဆယ် ကြာတဲ့အခါ အစ်မရဲ့သားက ထျန်းရွှေမြို့ရဲ့ မြို့စားသစ် ဖြစ်လာလိမ့်မယ်။ ဒါက ဆိုမိသားစုရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။”
ဆိုနင်ပင်း တိတ်ဆိတ်နေသည်။
မင်းသမီး ကျိနင်က ဆက်ပြော၏။ “အစ်မက အရမ်း လှတယ်။ ဒါပေမဲ့ မင်းသား ကျိလီ သဘောကျတာက အစ်မရဲ့ အလှအပ မဟုတ်ဘူး။ အစ်မရဲ့ ဉာဏ်ပညာကိုပဲ။ သူ ရွေးချယ်တဲ့ အမျိုးသမီးတွေက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး အမျိုးသမီးတွေပဲ။”
ဆိုနင်ပင်းက အေးစက်စွာ တုန့်ပြန်သည်။ “ထွက်သွား။”
“အစ်မ အရှုံးပေးရမှာပါ။” မင်းသမီး ကျိနင် ပြုံးလိုက်၏။ “မိန်းမတွေမှာ တူညီတဲ့ အားနည်းချက် ရှိကြတယ်။ အစ်မ ဒူးထောက်ပြီး မင်းသား ကျိလီကို အစေခံရမယ့် နေ့ကို ကျွန်မ စောင့်နေမယ်။ အဲဒီနေ့ ရောက်လာရင် အစ်မကို ကျွန်မ လှောင်ရယ်နေမှာ မဟုတ်ပါဘူး။”
ထိုသို့ ပြောပြီးနောက် မင်းသမီး ကျိနင်က အခန်းထဲမှ ကျက်သရေရှိစွာ ထွက်ခွာသွားသည်။ အခန်းက တိတ်ဆိတ်သွား၏။ ဆိုနင်ပင်း ခုတင်ပေါ်၌ တိတ်ဆိတ်စွာ လှဲလျောင်းနေသည်။
အစေခံမလေး တစ်ဦးက စိုးရိမ်တကြီး ပြော၏။ “သခင်မလေး... ဒီဂျင်ဆင်းပြုတ်ရည်လေး သောက်လိုက်ပါဦး။” မင်းသမီး ကျိနင်က ဆိုလွန် သေဆုံးသွားကြောင်း ကြေညာချိန်၌ အစေခံများက အဝေး၌ နေခဲ့ကြသည့်အတွက် ထိုသတင်းကို မကြားခဲ့ရပေ။ အကယ်၍ သူတို့သာ ကြားခဲ့ရလျှင်လည်း ဘဝပျက်သွားသလိုကို ပြုမူပေလိမ့်မည်။
အိမ်တော်ရှိ အစေခံမလေးများ အားလုံးက သခင်လေး ဆိုလွန်မှာ ပြဿနာရှာတတ်သူ တစ်ဦး ဖြစ်ကြောင်း သိထားသော်လည်း လှပသော အစေခံမလေးတိုင်းကို ပရောပရည် လုပ်တတ်သည့်အတွက် သူတို့ အားလုံးက သူ့ကို အလွန် သဘောကျကြသည်။
ဆိုနင်ပင်း ပါးစပ်ကို ဖွင့်ကာ ဂျင်ဆင်းပြုတ်ရည်ကို ဖြည်းညင်းစွာ သောက်လိုက်၏။
သူမက ညင်သာစွာ ပြောသည်။ “ကောင်းပြီ... ငါ အိပ်ချင်ပြီ။ နင်တို့ အားလုံး ထွက်သွားလို့ ရပြီ။ ငါ နည်းနည်း အိပ်ဖို့ လိုတယ်။” ထို့နောက် သူမ ခုတင်ထောင့်၌ ကွေးကွေးလေး လှဲလျောင်းနေလိုက်၏။
အစေခံမလေးက ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့ပါ သခင်မလေး။ ကျွန်မတို့ အပြင်ဘက် အခန်းမှာ အိပ်နေပါ့မယ်။ တစ်ခုခု လိုအပ်ရင် ခေါ်လိုက်ပါ။”
အစေခံမလေး နှစ်ဦးက သူတို့၏ ခုတင်များဆီသို့ သွားကာ မကြာမီမှာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြ၏။ သူတို့က လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လုံးဝ ပင်ပန်းနွမ်းနယ်နေခဲ့ကြသည်။ သူတို့၏ သခင်မလေး နိုးနေချိန်၌ သူတို့သည်လည်း ကောင်းစွာ အနားမယူနိုင်ခဲ့ကြပေ။
အစေခံများ အိပ်ပျော်သွားပြီးနောက် ဆိုနင်ပင်း ခုတင်ပေါ်မှ တိတ်ဆိတ်စွာ ဆင်းလာ၏။ သူမ အခန်းထောင့်သို့ လျှောက်သွားကာ သေတ္တာငယ် တစ်လုံးကို ဖွင့်လိုက်သည်။ အထဲ၌ ကျောက်စိမ်းပုလင်း တစ်လုံး ရှိနေ၏။
ကျောက်စိမ်းပုလင်းထဲ၌ အဆိပ်များ ပါဝင်သည်။ သူမ ဤအရာကို ကြိုတင် ပြင်ဆင်ထားခဲ့သည်မှာ ကြာပြီ ဖြစ်၏။ အကယ်၍ လန်လင်းသာ သူမ၏ ဘဝထဲသို့ ဝင်ရောက်မလာခဲ့ပါက သူမ ထိုအရာကို သောက်ပြီးလောက်ပြီ ဖြစ်သည်။
ဤအဆိပ်က နာကျင်မှုကို မဖြစ်စေပေ။ သောက်လိုက်လျှင် အိပ်ပျော်သွားသကဲ့သို့ ခံစားရပြီး မြန်ဆန်စွာ သေဆုံးသွားပေလိမ့်မည်။ သူမ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်၏။ ဤအခိုက်အတန့်၌ ဘာ မျှော်လင့်ချက်မှ မကျန်တော့ကြောင်း သူမ အမှန်တကယ် ခံစားလိုက်ရသည်။
သူမ ဖျားနာနေသည့် ဖခင်ကို နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ခဲ့၏။ ထို့နောက် မမျှော်လင့်ဘဲ သူမ၏ မောင်လေး ဆိုလွန်ကလည်း ကွယ်လွန်သွားခဲ့ပြန်သည်။ ထိုအချိန်၌ သူမ ဆက်လက် မတောင့်ခံနိုင်တော့ဟု ခံစားခဲ့ရ၏။ သို့သော် နောက်ပိုင်း၌ ချစ်စရာကောင်းသော ကောင်လေးတစ်ယောက် သူမ၏ ဘဝထဲသို့ ဝင်ရောက်လာပြီး သူမ နှလုံးသားထဲရှိ လွတ်ဟာနေသည့် နေရာကို ဖြည့်ဆည်းပေးခဲ့ပြန်သည်။
ဤသည်က ကံကြမ္မာ ဖြစ်နိုင်သလို အတိတ်ဘဝက ချစ်သူများလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေလိမ့်မည်။ သူတို့အကြား၌ မည်သည့် အတားအဆီးမှ မရှိဘဲ အရင်းနှီးဆုံး မိသားစုဝင်များ ဖြစ်လာခဲ့ကြ၏။
ထိုကောင်လေးက သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာသလို သူမ မိသားစုအတွက်လည်း တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာခဲ့သည်။ သူက ချစ်စရာကောင်းပြီး အံ့ဩဖွယ်ကောင်းကာ သူမအပေါ်၌ အလွန် ကြင်နာတတ်၏။
ယခု သူ ထွက်သွားပြီ ဖြစ်သည့်အတွက် မျှော်လင့်ချက် အားလုံး ပျောက်ကွယ်သွားလေပြီ။ ဤကမ္ဘာပေါ်၌ ဆက်လက် ရှင်သန်နေရန် အကြောင်းပြချက် မရှိတော့ပေ။
ဆိုနင်ပင်းက ညင်သာစွာ ပြောသည်။ “ရှောင်လင်း... မကြောက်နဲ့နော်။ မမ လာအဖော်ပြုပေးမယ်။” သူမ ကျောက်စိမ်းပုလင်းကို ဖွင့်ကာ အဆိပ်များကို သူမ၏ ပါးစပ်ထဲသို့ ဖြည်းညင်းစွာ လောင်းချလိုက်၏။
**--**--**--**--**--**--**--**
တောင်ပိုင်းနယ်စပ်က မြို့တော်နှင့် လီသုံးထောင်ကျော် ကွာဝေးသည်။ လန်လင်းနှင့် ရဲ့ကျင်းယွီတို့က မနားတမ်း နေ့ရောညပါ ခရီးနှင်လာကြ၏။ အရှိန်မကျစေရန် လီနှစ်ရာတိုင်း၌ မြင်းများကိုပင် လဲလှယ်ခဲ့ကြသေးသည်။
ခရီးရှည်ကြီးကို သုံးရက်တည်းဖြင့် သူတို့ ပြီးဆုံးသွား၏။ သန်းခေါင်ယံအချိန်၌ သူတို့နှစ်ယောက် တော်ဝင်မြို့တော်၏ ဂိတ်တံခါးများဆီသို့ နောက်ဆုံး၌ ရောက်ရှိလာကြသည်။
လန်လင်း သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။ “နောက်ဆုံးတော့... းပြန်ရောက်လာပြီ။”
သို့သော် ဧရာမ မြို့တံခါးကြီးများက တင်းကျပ်စွာ ပိတ်ထားသည်။ လက်ရှိအချိန်၌ တော်ဝင်အမိန့် သို့မဟုတ် အရေးပေါ် စစ်ဘက်ဆိုင်ရာ သတင်းပေးပို့ချက် မရှိပါက မည်သူ့ကိုမှ မြို့ထဲသို့ ဝင်ထွက်ခွင့် မပြုပေ။
မြို့တော်၏ တံတိုင်းများက ပေသုံးဆယ်ကျော် မြင့်မား၏။ သို့သော် ရဲ့ကျင်းယွီကဲ့သို့ သိုင်းပညာရှင် တစ်ဦးအတွက်မူ ထိုအရာက ပြဿနာ မဟုတ်ပေ။ သူမက ကိရိယာများကို အသုံးပြုကာ အလွယ်တကူ တက်ရောက်နိုင်သည်။
သို့သော် တံတိုင်း၏ ပေအနည်းငယ် အကွာတိုင်း၌ စိတ်ဝိညာဉ်အမျိုးအစား သိုင်းပညာရှင် တစ်ဦးက ကင်းစောင့်နေ၏။ ကျော်တက်ရန် ကြိုးစားသူ မည်သူ့ကိုမဆို ချက်ချင်း အာရုံခံမိသွားပေလိမ့်မည်။ ညဘက်၌ မြို့ထဲသို့ ခိုးဝင်ခြင်းက ကြီးလေးသည့် ပြစ်မှုတစ်ခု ဖြစ်သည်။
“အစ်မ... အရှေ့တောင် ဂိတ်တံခါးဆီ သွားကြရအောင်။”
သူတို့နှစ်ယောက် အရှေ့တောင် ဂိတ်တံခါးဆီသို့ ပြေးသွားကြသည်။ ပြေးသွားရင်း လန်လင်း စိတ်ထဲ၌ ဆုတောင်းနေမိ၏။ ‘ကျေးဇူးပြုပြီး ရဲ့ဖေးတျယ် ဂိတ်တံခါး စောင့်နေပါစေ။’
ရဲ့ဖေးတျယ်က ဆိုလွန်၏ ချစ်သူဟောင်းများထဲမှ တစ်ဦး ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ မိသားစုမှ သမီးတစ်ဦး ဖြစ်ပြီး သူမ၏ ဖခင်မှာ မြို့စားငယ် တစ်ဦး ဖြစ်၏။
သူမက ဆိုလွန်၏ ပထမဆုံး လေးပစ်ဆရာမ ဖြစ်ခဲ့ပြီး သူတို့ လအနည်းငယ်ကြာ ချိန်းတွေ့ခဲ့ကြသည်။ သူမက တော်ဝင်အကယ်ဒမီ၌ နှစ်ဝက်ခန့်သာ နေခဲ့၏။ ထိုနေရာရှိ ဘဝက အလွန် ပျင်းစရာကောင်းသည်ဟု ထင်သည့်အတွက် စစ်တပ်ထဲ ဝင်ကာ မြို့စောင့်တပ်၌ တပ်မှူး တစ်ဦး ဖြစ်လာခဲ့သည်။
ထိုနှစ်ယောက် အရှေ့တောင် ဂိတ်တံခါး အပြင်ဘက်သို့ အလျင်အမြန် ရောက်ရှိလာကြ၏။ လန်လင်းက အရိပ်ထဲမှနေ၍ တိုးတိတ်စွာ ခေါ်လိုက်သည်။ “ဆရာမရဲ့... ဆရာမရဲ့...”
တစ်ခဏအကြာ၌ မျက်နှာတစ်ခုက မြင့်မားသည့် တံတိုင်းပေါ်မှ ငုံ့ကြည့်လာ၏။ ထိုသူက ရဲ့ဖေးတျယ်ပင်။ သူမက ပခုံးအထိရှိသော ဆံပင်တိုဖြင့် အလွန် လှပသည့် အမျိုးသမီး တစ်ဦး ဖြစ်သည်။
လန်လင်း၏ ချောမောပြီး ရင်းနှီးနေသည့် မျက်နှာကို မြင်လိုက်ရချိန်၌ ရဲ့ဖေးတျယ်၏ ရင်ထဲ တစ်ချက် ခုန်သွား၏။
ရဲ့ဖေးတျယ်က မေးသည်။ “ဘာကိစ္စလဲ။”
“ကျွန်တော့်မှာ အရေးတကြီး ကိစ္စ ရှိတယ်။ ဒီည မြို့ထဲ ဝင်ဖို့ လိုတယ်။” လန်လင်း ပြန်ဖြေလိုက်၏။
“နင့်ဆီမှာ တော်ဝင်အမိန့် ရှိလို့လား။ ဒါမှမဟုတ် အရေးပေါ် စစ်ဘက်ဆိုင်ရာ သတင်းပေးပို့ချက်လား။”
လန်လင်း ခေါင်းရမ်းလိုက်သည်။ “မရှိဘူး။”
“ဒါဆိုရင် မရဘူး။ ဘယ်သူမှ ဝင်ခွင့်မရှိဘူး။” ရဲ့ဖေးတျယ်က အလွန် လေးနက်သည့် လေသံဖြင့် ပြောသော်လည်း ထို့နောက် လန်လင်းကို လျှို့ဝှက်စွာ မျက်စိမှိတ်ပြလိုက်၏။ ကံကောင်းထောက်မစွာဖြင့် လန်လင်းက အမြင်အာရုံ ကောင်းမွန်သောကြောင့် အရိပ်အမြွက်ကို ဖမ်းမိသွားသည်။
တစ်ခဏအကြာ၌ ရဲ့ဖေးတျယ်က တံတိုင်းတစ်လျှောက် လမ်းလျှောက်သွားပြီး ဝိုင်အိုးတစ်အိုးကို ယူလိုက်၏။ သူမက ထိုနေရာ၌ ကင်းစောင့်နေသည့် စိတ်ဝိညာဉ်သိုင်းပညာရှင်ထံ သွားကာ ချိသာစွာ ပြောလိုက်သည်။
“ရော့... ခန္ဓာကိုယ် နွေးသွားအောင် ဝိုင်နည်းနည်း သောက်လိုက်ပါဦး။”
ကင်းစောင့်က ရဲ့ဖေးတျယ်ကို တိတ်တခိုး သဘောကျနေသော်လည်း သူမက သူ့ကို လျစ်လျူရှုထားလေ့ ရှိ၏။ ယခု သူမက သူ့ကို အမှန်တကယ်ပင် သောက်စရာ လာပေးနေသည်လော။
သူ အလွန် ဝမ်းသာသွားပြီး ဝိုင်အိုးကို အလျင်အမြန် ယူကာ အငမ်းမရ သောက်ချလိုက်၏။ အာရုံလွင့်သွားသောကြောင့် အာရုံစိုက်မှုကို လျှော့ချလိုက်ပြီး သူစောင့်ကြပ်ရသည့် တံတိုင်းအပိုင်းကို ဆက်လက် စောင့်ကြည့်ခြင်း မပြုတော့ပေ။
“မြို့ထဲ ဝင်မယ်။” ရဲ့ကျင်းယွီ အမြန် ပြောလိုက်သည်။
သူမက တံတိုင်း တက်ရာ၌ အသုံးပြုသည့် ခြေသည်းလက်သည်းပုံစံ ကိရိယာများကို ထုတ်ယူကာ လက်နှင့် ခြေထောက်တို့၌ တပ်ဆင်လိုက်၏။ ထို့နောက် လန်လင်းဘက်သို့ လှည့်ပြောလိုက်သည်။
“ကျွန်မ ကျောကို ဖက်ထား။”
အခန်း ၉၅ ပြီး။