အခန်း ၉၉
Vol. 10 Ch. 99
လန်လင်းက သူ မသေချာသည့် မေးခွန်းများကို သူ၏ အလိုအလျောက် သိစိတ်ကိုသာ အားကိုး၍ ရမ်းသမ်းပြီး ဖြေဆိုလိုက်သည်။
စာမေးပွဲပြီးဆုံးရန် နာရီဝက်ခန့် ကျန်ရှိနေသေး၏။ လန်လင်း မော့ကြည့်လိုက်ရာ ဖြေဆိုသူ အများစုက သူတို့၏ အဖြေလွှာများကို အပ်နှံပြီးဖြစ်ကြောင်း မြင်လိုက်ရသည်။ အထက်တန်းလွှာ ကျောင်းသားများစွာမှာ ဘွဲ့ရရန် အောင်မှတ်ရရုံသာ လိုအပ်သဖြင့် အလွန် သက်တောင့်သက်သာ ဖြစ်နေပုံရ၏။
ထိုအထက်တန်းလွှာ ကျောင်းသားများ ကျရှုံးသွားလျှင်ပင် မိသားစုရာထူးကို ဆက်ခံရန် နောက်နှစ်၌ စာမေးပွဲကို ထပ်မံ ဖြေဆိုနိုင်သေးသည်။
သို့သော် လန်လင်းကမူ ကွာခြား၏။ သူသာ အမြင့်ဆုံးရမှတ် မရရှိပါက သူ၏ အထက်တန်းလွှာရာထူးနှင့် ဆိုမိသားစု၏ ရာစုနှစ်ချီ သက်တမ်းရှိသည့် ပိုင်နက်များကို ဆုံးရှုံးလိုက်ရပေလိမ့်မည်။
ဖြည်းဖြည်းချင်းပင် ကျောင်းသားများ အားလုံးနီးပါးတို့က အဖြေလွှာများကို အပ်ကာ ထွက်ခွာသွားကြ၏။ သို့သော် လန်လင်းကမူ မေးခွန်းများကို ဆက်လက် ဖြေဆိုရန်နှင့် သူ၏အဖြေများကို ပြန်လည်စစ်ဆေးရန် ကျန်ရစ်နေခဲ့၏။
ထိုမြင်ကွင်းကို မြင်သောအခါ အခြားကျောင်းသားအားလုံးက တူညီသော အတွေးတစ်ခုကိုသာ တွေးမိကြသည်။ ဆိုလွန်သည် တစ်နေ့ကုန် မိန်းကလေးများနောက် လိုက်ရန်သာ သိသည့် အသုံးမကျသူ တစ်ဦးဖြစ်၏။ ဤရိုးရှင်းလှသည့် အခြေခံသီအိုရီ စာမေးပွဲ၌ပင် အမှတ် ၂၀၀ အနက် ၈၀ ထက် ပို၍ မရဖူးချေ။ ထို့အတွက်ကြောင့် သူ ဖြေဆို၍ မပြီးနိုင်ခြင်းမှာ သဘာဝကျနေသည်။
ကျိနင်က မဲ့ပြုံး ပြုံးလိုက်၏။ သူမ ထင်ထားသည့်အတိုင်းပင် ဆိုလွန်ဆိုသည့် အကောင်က အပြောသာရှိပြီး အလုပ်မပါချေ။ အလွယ်ကူဆုံးဖြစ်သည့် အခြေခံသီအိုရီ စာမေးပွဲကိုပင် သူ အောင်မြင်နိုင်မည် မဟုတ်ပေ။
နောက်ဆုံး စာမေးပွဲပြီးရန် မိနစ်အနည်းငယ်သာ လိုတော့သည့်အချိန်၌ လန်လင်း သူ၏ ကလောင်တံကို ချကာ အဖြေလွှာကို အပ်နှံလိုက်သည်။
**--**--**--**--**--**--**--**
ထို့နောက် စာမေးပွဲကြီးကြပ်သူ နှစ်ဆယ်က အဖြေလွှာများကို ထိုနေရာ၌ပင် ချက်ချင်း အမှတ်ပေးကြ၏။ သူတို့က ရမှတ်များကို ချက်ချင်း ကြေညာပေးမည် ဖြစ်သည်။
ကျောင်းသားအားလုံးက သူတို့၏ ရလဒ်များအတွက် စာမေးပွဲခန်းမအပြင်ဘက်၌ စောင့်ဆိုင်းနေကြ၏။ အမှတ်စာရင်းအားလုံးကို ထုတ်ပြန်ရန် တစ်နာရီပင် ကြာမည်မဟုတ်ပေ။
အချို့သော ကျောင်းသားများကမူ မစောင့်တော့ဘဲ အိမ်သို့ ပြန်သွားကြသည်။ သို့သော် အထက်တန်းလွှာ ကျောင်းသား အများစုကမူ ကျန်ရစ်နေကြ၏။ သူတို့က ကိုယ်ပိုင် အမှတ်များကို စောင့်နေခြင်း မဟုတ်ဘဲ ဆိုလွန်၏ အမှတ်ကို စောင့်နေကြခြင်း ဖြစ်သည်။ ရှန်းရှစာဖတ်သူများကဲ့သို့ပင် ပွဲကြိုက်ကြသည့်သူများ ဖြစ်သောကြောင့် အလွတ်ခံမည် မဟုတ်ချေ။
ဆိုလွန် ဘွဲ့ယူစာမေးပွဲ၌ ကျရှုံးကာ ရာထူးနှင့် ပိုင်နက်ကို ဆုံးရှုံးရမည်ဟု လူတိုင်းက အကြွင်းမဲ့ ယုံကြည်ထားကြ၏။ ဇာတ်လမ်း မည်သို့ ဆက်ဖြစ်မည်ကို စောင့်ကြည့်လိုရုံသာ ဖြစ်သည်။
**--**--**--**--**--**--**--**
တစ်နာရီမပြည့်မီ၌ပင် စာမေးပွဲကြီးကြပ်သူ နှစ်ဆယ်က အဖြေလွှာအားလုံးကို အမှတ်ပေး၍ ပြီးစီးသွားလေပြီ။
ထို့နောက် ရလဒ်များကို နောက်ဆုံးစစ်ဆေးမှု ပြုလုပ်ရန် မြင့်မြတ်နတ်နဂါးကျောင်းတော်မှ ကျင့်ကြံသူများထံ ပေးပို့လိုက်သည်။ အမှတ်များကို အတည်ပြုပြီးသည်နှင့် ထုတ်ပြန်ကြေညာရန် အဆင်သင့် ဖြစ်သွားလေပြီ။
ဆယ့်ငါးမိနစ် အကြာ၌ ရမှတ်အားလုံးကို ကြော်ငြာသင်ပုန်းကြီးတစ်ခုပေါ်၌ ရေးသားကာ အပြင်ဘက်၌ ကပ်ထားလိုက်၏။
သင်ပုန်းကြီးကို ချိတ်ဆွဲလိုက်သည်နှင့် တစ်ပြိုင်နက် ရာနှင့်ချီသည့် အထက်တန်းလွှာ ကျောင်းသားများက အပြေးအလွှား သွားရောက်ကြသည်။ မည်သူကမှ ကိုယ့်အမှတ်ကို အရင်မကြည့်ကြဘဲ ဆိုလွန်၏ အမှတ်ကိုသာ ရှာဖွေကြ၏။
မည်သို့ပင်ဆိုစေ ဆိုလွန်က တော်ဝင်မြို့တော်တစ်ခုလုံး သိရှိထားသည့် ကြီးမားသော အလောင်းအစားတစ်ခုကို ပြုလုပ်ထားသည် မဟုတ်ပါလော။
အမှတ်စာရင်း မထွက်မီကတည်းက လန်လင်းသည် အမှတ် ၂၀၀ ၌ ၁၆၈ မှတ်ခန့် ရမည်ဟု ခန့်မှန်းထား၏။
ကြော်ငြာသင်ပုန်းကို လန်လင်း မကြည့်ရသေးမီ၌ပင် ကျောင်းသားတစ်ဦး၏ အလန့်တကြား ရေရွတ်သံကို ကြားလိုက်ရသည်။
အထက်တန်းလွှာ ကျောင်းသားတစ်ဦးက အံ့အားသင့်သွား၏။ “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဆိုလွန်က တကယ်ပဲ ၁၇၂ မှတ်တောင် ရတယ်ပေါ့။ ငါ မျက်စိများ မှားနေတာလား။”
ထို့နောက် ကျောင်းသားအားလုံးက ဆိုလွန်၏ အမှတ်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။
တော်ဝင်အကယ်ဒမီက နှစ်တိုင်း စာမေးပွဲများ ကျင်းပပြီး ဆိုလွန်မှာ အမြဲတမ်း နောက်ဆုံးအဆင့်၌သာ ရှိ၏။ အလွယ်ကူဆုံးဖြစ်သည့် အခြေခံသီအိုရီ စာမေးပွဲ၌ပင် ဆိုလွန်သည် အမှတ် ၂၀၀ ၌ ၉၀ ထက်ကျော်၍ တစ်ခါမှ မရခဲ့ဖူးပေ။
ထိုသို့တိုင်အောင် ယခုအခါ၌မူ သူက ၁၇၂ မှတ်တောင် ရရှိထားသည်လော။
လန်လင်းသည်လည်း သူ၏ အမှတ်ကို မြင်သောအခါ အနည်းငယ် အံ့သြသွားသည်။ သူ ခန့်မှန်းထားသည်ထက် လေးမှတ် ပိုများနေ၏။ ဆိုလိုသည်မှာ သူ မှန်း၍ဖြေသည့် မေးခွန်းအချို့ မှန်ကန်သွားခြင်းပင်။
ထို့နောက် လန်လင်းက ဆက်လက်ပြီး သူ၏ အဆင့်ကို စစ်ဆေးလိုက်သည်။ အဆင့် ၃၈ ၌ ရှိနေ၏။ ၁၇၂ မှတ်ဆိုသည်မှာ ကောင်းမွန်သည့် ရမှတ်ဖြစ်သော်လည်း အဆင့်မှာ သိပ်မမြင့်လှပေ။
သို့သော် ဤသည်ကို လန်လင်း ကြိုတင် မျှော်လင့်ထားပြီး ဖြစ်သည်။ အခြေခံသီအိုရီ စာမေးပွဲက အခြားသော ကျောင်းသားများအတွက် အလွယ်ကူဆုံးဖြစ်သော်လည်း သူ့အတွက်မူ အခက်ခဲဆုံး ဖြစ်နေ၏။
ရဲ့ကျင်းယွီက လန်လင်း၏ နား အနားကပ်လာသည်။ “ဝိုးးး တကယ် အံ့သြဖို့ကောင်းတာပဲ။ သခင်မလေး အရမ်း ဝမ်းသာနေတော့မှာပဲ။ သခင်လေးအတွက် ကျွန်မ အရမ်း ဂုဏ်ယူတယ်။ အိမ်ပြန်ပြီး အနားယူလိုက်ပါ။ မနက်ဖြန် ဒုတိယစာမေးပွဲအတွက် ပြင်ဆင်ရဦးမယ်လေ။”
လန်လင်း ခေါင်းညိတ်လိုက်ပြီး ပြန်ရန် လှည့်ထွက်လာ၏။
သူတို့ မြင်းရထားပေါ်တက်ကာ တော်ဝင်အကယ်ဒမီမှ ထွက်ခွာလာပြီး ထျန်းရွှေမြို့စားအိမ်တော်ဆီသို့ ပြန်လာလိုက်ကြသည်။
သို့သော် လမ်းမကြီးမှ ကွေ့ထွက်လိုက်သည်နှင့် နှင်းကဲ့သို့ ဖြူဖွေးနေသည့် မြင်းရထားတစ်စီးက သူတို့၏ လမ်းကို ပိတ်ရပ်လိုက်၏။
ထိုရထားမှာ ကျိနင်၏ မြင်းရထားဖြစ်ကြောင်း လန်လင်း သိသည်။ သူမက အဖြေလွှာများ စစ်ဆေးသည့်အလုပ် ပြီးစီးသဖြင့် အိမ်သို့ ပြန်လာခြင်း ဖြစ်၏။
ခဏအကြာ၌ ကျိနင် ထွက်လာပြီး ဘုရင်မတစ်ပါးကဲ့သို့ မာနထောင်လွှားနေပုံရသည်။ မြင်းရထားပေါ်တက်ရန် သူမ နင်းနိုင်စေရန် လူငယ်မိန်းမစိုးတစ်ဦးက မြေပြင်ပေါ်၌ ဒူးထောက်ပေးထား၏။
ဆိုလွန်က မကြုံစဖူးသည့် ၁၇၂ မှတ်ကို ရရှိထားသော်ငြားလည်း အစမှအဆုံးတိုင် ကျိနင်က သူ့ကို တစ်ချက်ပင် လှည့်မကြည့်ချေ။
ဆိုလွန်၏ အမှတ်ကို ကြားလိုက်ရချိန်၌ ကျိနင် အနည်းငယ် အံ့သြသွားသော်လည်း များစွာ ဂရုမစိုက်ပေ။
မည်သို့ပင်ဖြစ်စေ ဤအခြေခံသီအိုရီ စာမေးပွဲမှာ အလွယ်ကူဆုံး ဘာသာရပ် ဖြစ်သည်။ အချက်အလက်များကို အလွတ်ကျက်မှတ်ရုံသာ ဖြစ်၏။ ဆိုလွန်အနေဖြင့် လပေါင်းများစွာ လေ့လာသင်ယူပြီးနောက် အဖြေများကို အလွတ်မကျက်နိုင်ပါက တကယ်ကို အသုံးမကျသူ ဖြစ်နေပေလိမ့်မည်။
သို့သော် ဆိုလွန်၏ ကံကောင်းမှုများ ကုန်ဆုံးသွားပြီဖြစ်ကြောင်း ကျိနင် သေချာပေါက် သိနေသည်။ ဒုတိယစာမေးပွဲရှိ နိုင်ငံရေးနှင့် ပတ်သက်သည့် စာစီစာကုံး မေးခွန်းများက သူ၏ စွမ်းဆောင်ရည် အစစ်အမှန်ကို ဖော်ပြပေးပေလိမ့်မည်။
ဆိုနင်ပင်းက အလွန် ထက်မြက်သည့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ကျိနင် သိထား၏။ သူမက စာမေးပွဲမေးခွန်းများကို ကြိုတင်ခန့်မှန်းကာ ဆိုလွန် အလွတ်ကျက်ရန် စာစီစာကုံးများ ရေးပေးထားမည်ဟု သူမ တွေးထားသည်။
သို့သော် မနက်ဖြန် စာမေးပွဲအတွက် မေးခွန်းများမှာ ယခင်ကထက် ပိုမို ခက်ခဲပြီး အံ့အားသင့်ဖွယ် ကောင်းနေ၏။ ထိုမေးခွန်းများကို ခန့်မှန်းနိုင်ရန်က လုံးဝ မဖြစ်နိုင်ပေ။
နောက်စာမေးပွဲ၌ ဆိုလွန် ဆိုးဆိုးရွားရွား ကျရှုံးသွားမည်ဟု ကျိနင် ယုံကြည်ချက် အပြည့်ရှိနေသည်။ အမှတ် ၂၀ သို့မဟုတ် ၃၀ ရလျှင်ပင် သူ ကံကောင်းနေပြီ ဖြစ်၏။
အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကို ရရှိရန် ကျောင်းသားတစ်ဦးသည် စာမေးပွဲတိုင်းကို အောင်မြင်ရန် လိုအပ်သည်။
ကျိနင် တည်ငြိမ်စွာ မိန့်လိုက်သည်။ “သွားကြမယ်။”
နှင်းရောင် မြင်းလေးကောင်က သူမ၏ မြင်းရထားကို မင်းသမီးစံအိမ်ဆီသို့ အလျင်အမြန် ဆွဲခေါ်သွားကြ၏။ မိန်းမစိုး သက်တော်စောင့်ကလည်း မြင်းရထားဘေးမှ ကပ်၍ ပြေးလားပြီး မြေကြီးနှင့် ခြေထောက်ပင် မထိတော့လောက်အောင် မြန်ဆန်လှသည်။
စံအိမ်သို့ ရောက်သောအခါ ကျိနင် မြင်းရထားပေါ်မှ ဆင်းလိုက်ရာ တံခါးဝ၌ ရပ်နေသည့် ဆံပင်ဖြူ မိန်းမစိုးတစ်ဦးကို မြင်လိုက်ရ၏။
သူမ အံ့သြသွားပုံရပြီး ရှားပါးလှသည့် စစ်မှန်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ ထို့နောက် သူ၏အနီးသို့ အလျင်အမြန် လျှောက်သွားလိုက်၏။ “အထဲကို ဘာလို့ မဝင်တာလဲ အရှင်လီ... ညလည်း နက်နေပြီ။ ရှင်လည်း အသက်ကြီးနေပြီလေ။”
ပုံမှန်အားဖြင့် ကျိနင်သည် အေးစက်စိမ်းကားပြီး ဘယ်သောအခါမှ မပြုံးတတ်သူတစ်ဦးနှင့် တူသည်။ သို့သော် ယခုအခါ၌မူ သူမက နွေးထွေးစွာနှင့် ရိုးသားပွင့်လင်းစွာ ပြုံးနေ၏။
ဤသူမှာ လီချန်လျန် ဖြစ်သည်။ သူသည် မင်းသားကျိလီ၏ ယုံကြည်ရဆုံး မိန်းမစိုးဖြစ်ပြီး နုလန်ဘုရင့်နိုင်ငံရှိ မိန်းမစိုးအားလုံး၏ အနာဂတ် ခေါင်းဆောင်လည်း ဖြစ်၏။
ကျိနင်နောက်မှ လိုက်ပါလာသည့် လူလတ်ပိုင်း မိန်းမစိုး သက်တော်စောင့်က မြေပြင်ပေါ်၌ ချက်ချင်း ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။ “အဖေ... သားတော် ဂါရဝပြုပါတယ်။”
ကျိနင်၏ မိန်းမစိုး သက်တော်စောင့်မှာ သေမင်းတမန် သိုင်းပညာရှင်တစ်ဦး ဖြစ်၏။ တော်ဝင်မြို့တော်အတွင်း သူ လူသတ်သည့်အခါတိုင်း တစ်ကွက်တည်းသာ အသုံးပြုသည်။ သူရှိနေသမျှ ကာလပတ်လုံး ကျိနင် လုံးဝ ဘေးကင်းလုံခြုံနေမည် ဖြစ်၏။
သို့သော် လက်ရှိအချိန်၌ ဤဆံပင်ဖြူ မိန်းမစိုးအိုကြီးကို မြင်သည့်အခါ ရက်စက်ကြမ်းကြုတ်သည့် သက်တော်စောင့်မှာ ကြောင်ကိုမြင်သော ကြွက်တစ်ကောင်ကဲ့သို့ ကြောက်ရွံ့ပြနေသည်။
လီချန်လျန်က ဒူးထောက်နေသည့် သက်တော်စောင့်ကို လှမ်းကြည့်လိုက်သည်။ “လီကျူး... သခင်မလေး ရှေ့မှာ...”
ထို့နောက် လီချန်လျန်က ကျိနင်အား တည်ငြိမ်စွာ ဆက်ပြောလိုက်၏။ “မင်းသမီးက ကျွန်တော့်ကို အခုလို လေးစားမှုပြတာ မသင့်တော်ပါဘူး။”
ကျိနင်က ချိုသာစွာ ပြောသည်။ “သင့်တော်ပါတယ်။ ဘာလို့ မသင့်တော်ရမှာလဲ။ ရှင်က ကျွန်မနဲ့ အစ်ကိုတော် ကြီးပြင်းလာတာကို စောင့်ကြည့်ပေးခဲ့တာပဲ။ အဲဒီတုန်းက ပုန်ကန်မှုဖြစ်တော့ ရှင်က အသက်စွန့်ပြီး ကျွန်မတို့ကို ကာကွယ်ပေးခဲ့တယ်။ စည်းမျဉ်းတွေသာ မရှိရင် ကျွန်မကိုယ်တိုင် ရှင့်ကို အရိုအသေပေးမှာပါ။”
လန်လင်းသာ ဤနေရာ၌ ရှိနေပါက ပါးစပ်အဟောင်းသား ဖြစ်နေပေလိမ့်မည်။ မြွေဟောက်ထက်ပင် အဆိပ်ပြင်းသည့် မိန်းမ၌ ဤကဲ့သို့ ချိုသာသည့် ဘက်ခြမ်းရှိမည်ကို လန်လင်း တစ်ယောက် အိမ်မက်ထဲပင် ထည့်မက်ဖြစ်မည် မဟုတ်ချေ။
လီချန်လျန်ကလည်း သူမအား ကြင်နာစွာ ကြည့်လိုက်၏။ သူမ ကလေးဘဝကကဲ့သို့ ခေါင်းကိုပုတ်ပေးရန် သူ လက်လှမ်းမိမတတ် ဖြစ်သွားသည်။ သူ့၌ ကိုယ်ပိုင် သားသမီး မရှိသောကြောင့် မင်းသားကျိလီနှင့် မင်းသမီးကျိနင်တို့ကို ကိုယ့်မြေးအရင်းများကဲ့သို့ သဘောထားခြင်း ဖြစ်၏။
လီချန်လျန်က တည်ငြိမ်စွာ မေးသည်။ “ဆိုလွန်ရဲ့ အမှတ်တွေ ဘယ်လိုနေလဲ။”
သူက ဆိုလွန်အား အသုံးမကျတဲ့အကောင် သို့မဟုတ် ကလေကချေဟု မခေါ်ဆိုပေ။
ကျိနင်က တည်ငြိမ်စွာ ဖြေလိုက်၏။ “သူ အဆင့် ၃၈ ရတယ်။ အံ့သြစရာကောင်းလောက်အောင် ကောင်းနေတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အခြေခံသီအိုရီ စာမေးပွဲက အလွယ်ဆုံး ဘာသာရပ်ပဲလေ။”
လီချန်လျန်သည်လည်း ခေါင်းညိတ်လိုက်သည်။ “မင်းသမီးနဲ့ ဆိုလွန်တို့ရဲ့ အလောင်းအစားအကြောင်း မင်းသား သိထားတယ်။ တစ်မြို့လုံးကလည်း အဲဒီအကြောင်းကို ပြောနေကြတာပဲ။ ဒီအလောင်းအစားလုပ်ခဲ့တာ မင်းသမီး နည်းနည်း မိုက်မဲသွားတယ်လို့ မင်းသားက ထင်နေတယ်။”
ကျိနင်က ခေါင်းငုံ့လိုက်၏။ “ဟုတ်ကဲ့... ကျွန်မ မှားသွားမှန်း သိပါတယ်။”
လီချန်လျန်က သက်ပြင်းချလိုက်သည်။ “ဒါက ဆိုနင်ပင်းရဲ့ လှည့်ကွက်နောက်တစ်ခုပဲ ဖြစ်ရမယ်။ တော်ဝင်မိသားစုကို နောက်ဆုတ်သွားအောင် ကောလာဟလတွေ ဖန်တီးနေတာ။ အဲကလေးမက အတော်လေး ထက်မြက်တယ်။”
ကျိနင်၏ မျက်လုံးထဲ၌ ဒေါသရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ အခြားအမျိုးသမီးများ ထက်မြက်ကြောင်း ကြားရသည်ကို သူမ မုန်းတီး၏။
လီချန်လျန်က သတိပေးလိုက်သည်။ “ထျန်းရွှေမြို့ကို တိုက်ခိုက်မယ့် အစီအစဉ်က စီစဉ်ထားတာထက် စောပြီး စတင်လိမ့်မယ်။”
ကျိနင် အံ့သြသွား၏။ “အဲဒီလိုလုပ်ဖို့ လိုလို့လား။ အဲဒီ အဆင့်မြင့် စစ်သည်တော်အရှင်သခင်တွေက အရမ်း လောဘကြီးတာနော်။”
လီချန်လျန်က ရှင်းပြလိုက်၏။ “ပုန်ကန်မှုမှာ ပါဝင်တဲ့ ဘယ်အဆင့်မြင့် စစ်သည်တော်အရှင်သခင်ကိုမဆို မြို့စားရာထူး ပေးမယ်လို့ မင်းသားက ကတိပေးထားတယ်။ ပြီးတော့ သူတို့ မိသားစုတွေက အဲဒီမြေကို ထာဝရ ပိုင်ဆိုင်ခွင့် ရလိမ့်မယ်။”
အစ်ကိုဖြစ်သူက ထိုကဲ့သို့ ရူးသွပ်ဖွယ်ကောင်းသည့် သဘောတူညီချက်ကို လက်ခံလိုက်သည့်အတွက် ကျိနင် တုန်လှုပ်သွားသော်လည်း မငြင်းခုံပေ။
သူမ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့... ကျွန်မ နားလည်ပါပြီ။”
ဆယ့်ငါးမိနစ် အကြာ၌ အနက်ရောင်ကို ဝတ်ဆင်ထားသည့် လူဒါဇင်ပေါင်းများစွာတို့က မင်းသမီးစံအိမ်နှင့် မင်းသားစံအိမ်တို့မှ အပြေးအလွှား ထွက်လာကြ၏။ သူတို့က ထျန်းရွှေမြို့ရှိရာ အနောက်တောင်ဘက်ဆီသို့ အမြန်ဆုံး ပြေးသွားလိုက်ကြသည်။
**--**--**--**--**--**--**--**
ထျန်းရွှေမြို့စားအိမ်တော်သို့ ပြန်ရောက်သောအခါ ဆိုနင်ပင်းက သူတို့ကို ချက်ချင်း ထွက်ကြို၏။ သူမက လန်လင်းအား ကြီးမားလှပသည့် မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်လိုက်သည်။ ဘာမှ မမေးသော်လည်း စိုးရိမ်နေသည့် သူမ၏ အကြည့်က အရာအားလုံးကို ပြောပြနေ၏။
ရဲ့ကျင်းယွီက ပျော်ရွင်စွာ အော်ဟစ်လိုက်သည်။ “သခင်လေး ၁၇၂ မှတ်ရပြီး အဆင့် ၃၈ ချိတ်တယ်။”
ဆိုနင်ပင်း၏ မျက်လုံးတို့က ဝမ်းသာမှုကြောင့် တောက်ပလာ၏။
သူမက ပြုံးလိုက်သည်။ “မောင်လေး... နင်က တကယ်ကို အံ့သြဖို့ကောင်းတာပဲ။”
ရဲ့ကျင်းယွီက ရယ်မောလိုက်၏။ “ဒါက အစပဲ ရှိသေးတယ်။ တတိယနဲ့ စတုတ္ထစာမေးပွဲတွေက လူတိုင်းကို တကယ် အံ့သြသွားစေလိမ့်မယ်။ သခင်လေးက သူတို့ကို အံ့အားသင့်အောင် လုပ်ပြလိမ့်မယ်။”
ဆိုနင်ပင်းက သန္နိဋ္ဌာန်ချလိုက်သည်။ “ကွေ့ချင်းရှောင်းက ဆိုလွန်ကို အမြဲတမ်း အထင်သေးပြီး အသုံးမကျဘူးလို့ ထင်နေတာ။ အခု မောင်လေးက ဒီလောက် ကောင်းကောင်း လုပ်နိုင်နေပြီဆိုတော့ သူ့ကို ပြန်ပြပေးရမယ်။”
လန်လင်းက စကားစပြောင်းလိုက်၏။ “အစ်မ... တော်ဝင်မြို့တော်မှာ ဆိုမိသားစုရဲ့ အစောင့် ဘယ်နှယောက် ရှိလဲ။”
ဆိုနင်ပင်းက ခဏမျှ စဥ်းစားလိုက်ပြီး ဖြေသည်။ “အစောင့် တစ်ရာလောက် ရှိတယ်။ သူတို့က အစ်မတို့ မိသားစုကို မျိုးဆက်အဆက်ဆက် ကာကွယ်ပေးလာခဲ့ကြတာ။ အစောင့်တစ်ဝက်က အရင်တုန်းက ပင်မစံအိမ်မှာ နေကြပေမဲ့ မြို့စားကြီးကျိထင်ကို ပေးလိုက်ရကတည်းက အစောင့်အားလုံးက အခု မြို့စားအိမ်တော်မှာပဲ ရှိနေကြတယ်။ ဘာလို့လဲ မောင်လေး...”
လန်လင်းက လေးနက်စွာ ညွှန်ကြားလိုက်၏။ “သူတို့ကို ပြင်ဆင်ထားဖို့ ပြောလိုက်ပါ။ ကျွန်တော်တို့ မကြာခင် တော်ဝင်မြို့တော်ကနေ ထွက်ခွာကြမယ်။”
ဆိုနင်ပင်း အံ့သြသွားသော်လည်း ထို့နောက် ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ... ထျန်းရွှေမြို့ကို ပြန်ဖို့ အစ်မ မစောင့်နိုင်တော့ဘူး။”
လန်လင်း စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း တိတ်တိတ်နေရန်သာ ဆုံးဖြတ်လိုက်၏။
ဆိုနင်ပင်းက ဂရုတစိုက် ပြောလိုက်သည်။ “အစ်မ မောင်လေးအတွက် ဂျင်ဆင်းစွပ်ပြုတ် လုပ်ထားတယ်။ အဲဒါလေး သောက်ပြီး သွားအိပ်တော့။ ဒါမှ မနက်ဖြန် စာမေးပွဲအတွက် အဆင်သင့် ဖြစ်မှာ။”
**--**--**--**--**--**--**--**
နောက်တစ်နေ့၌ ဆိုလွန်နှင့် ကျိနင်တို့၏ အလောင်းအစားသတင်းက တော်ဝင်မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေပြီ။
အမျိုးသားတိုင်းနီးပါး ထိုအကြောင်းကို ပြောဆိုနေကြပြီး ဆိုလွန် နိုင်သွားပါက ကျိနင်၏ ခန္ဓာကိုယ်မှ မည်သည့်နေရာကို နမ်းမည်နည်းဟူ၍ နောက်ပြောင် ခန့်မှန်းနေကြ၏။ အမျိုးသားများက ထိုအကြောင်းပြောရင်း အလွန် စိတ်လှုပ်ရှားလာကြသဖြင့် သူတို့ထဲမှ အများအပြားမှာ စိတ်ငြိမ်သွားစေရန် ပြည့်တန်ဆာအိမ်များဆီသို့ အပြေးအလွှား သွားကြရသည်။
ထို့အတွက်ကြောင့် ဆိုလွန်တစ်ယောက် နောက်တစ်ဖန် မယုံနိုင်လောက်အောင် နာမည်ကြီးလာပြန်၏။ တော်ဝင်မြို့တော်၏ အလှမယ်ဆယ့်ကိုးဦးနောက် လိုက်စဉ်ကထက်ပင် ယခုအခါ ပို၍ နာမည်ကြီးနေလေပြီ။ သူ၏နာမည်ကို လူတိုင်း သိနေကြသည်။
မြို့ထဲရှိ မည်သူကမှ ဆိုလွန် နိုင်မည်ဟု တကယ်တမ်း မယုံကြည်ကြပေ။ ငွေရောင်ကာစီနို၌ လောင်းကြေးဇယားက ဖွင့်ထားဆဲ ဖြစ်၏။ ဆိုလွန် အထက်တန်းလွှာစစ်သည်တော် တံဆိပ်ရရှိရန် အလေးပေးမှုမှာ တစ်ဆဆယ် ဖြစ်သည်။ သို့သော် မူလအလောင်းအစားမှ ရွှေဒင်္ဂါး တစ်သောင်းအပြင် မည်သူကမှ သူ့အပေါ် ငွေထပ်မလောင်းကြချေ။
တံဆိပ်ရရှိရန် ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်ဖို့ နေနေသာသာ ဆိုလွန် ဘွဲ့ယူစာမေးပွဲအားလုံးကို အောင်မြင်လိမ့်မည်ဟုပင် မည်သူကမှ မယုံကြည်ကြပေ။
ပထမဆုံး စာမေးပွဲ၌ သူ အမှတ်ကောင်းကောင်းရကာ အဆင့် ၃၈ ချိတ်သော်ငြားလည်း ဤသည်မှာ လွယ်ကူသည့် မှတ်ဉာဏ်စမ်းသပ်မှုတစ်ခုသာ ဖြစ်ကြောင်း သူတို့အားလုံး သိထားကြ၏။
အခန်း ၉၉ ပြီး။