← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

ယနေ့၏ ဒုတိယမြောက် နိုင်ငံရေးသီအိုရီ စာမေးပွဲကို ညနေပိုင်း၌ပင် ကျင်းပသည်။ ယမန်နေ့ကဲ့သို့ပင် တူညီသည့် စာမေးပွဲခန်းမကြီးအတွင်း၌ ကျင်းပပြီး တူညီသော စာမေးပွဲကြီးကြပ်သူများပင်။

ညနေစောင်းချိန်သို့ ရောက်သောအခါ လန်လင်းက မြင်းရထားတစ်စီးကို စီးကာ တော်ဝင်အကယ်ဒမီသို့ ထွက်လာသည်။ စာမေးပွဲမစမီ နာရီဝက်အလို၌ သူ ခန်းမအတွင်းသို့ ဝင်လာပြီး သူ၏ခုံ၌ ထိုင်လိုက်၏။

ဒုတိယစာမေးပွဲ၏ ပုံစံမှာ ရိုးရှင်းလှသည်။ ကျောင်းသားများကို ခေါင်းစဉ်တစ်ခုပေးပြီး နိုင်ငံရေးနှင့် ပတ်သက်သည့် စာစီစာကုံးတစ်ပုဒ် ရေးသားစေခြင်း ဖြစ်၏။ သို့သော် ထိုသည်က အခက်ခဲဆုံး အပိုင်းလည်း ဖြစ်သည်။

နိုင်ငံရေး စာစီစာကုံးက လူတစ်ဦး၏ အမြင် ၊ စွမ်းဆောင်ရည်နှင့် ဉာဏ်ပညာကို နက်နက်နဲနဲ စမ်းသပ်စစ်ဆေးနိုင်၏။ လူတစ်ဦး၏ စစ်မှန်သည့် ပါရမီကို စာစီစာကုံး တစ်ပုဒ်တည်းဖြင့်ပင် သိနိုင်သည်။

ထို့အပြင် မတရား ဘက်လိုက်မှုများ မဖြစ်ပေါ်စေရန် စာစီစာကုံးများကို မတူညီသည့် စာမေးပွဲကြီးကြပ်သူ ဆယ်ဦးက အမှတ်ပေးကြမည် ဖြစ်သည်။

လန်လင်းက သူ၏ အတိတ်ဘဝမှ တရုတ်ဂန္ထဝင်စာပေများကို အားကိုး၍ နည်းဗျူဟာများနှင့် စာစီစာကုံးများစွာကို ပြင်ဆင်လာ၏။ လက်ရှိအချိန်၌ အဓိကအကျဆုံးမှာ သူ မှန်းထားသည့် ခေါင်းစဉ် မှန်ကန်နိုင်မည်လား ဆိုသည်ပင်။

နာရီဝက် အကြာ၌ ဖြေဆိုမည့် ကျောင်းသားအားလုံး ရောက်ရှိလာကြပြီ ဖြစ်သည်။ စာမေးပွဲကြီးကြပ်သူ နှစ်ဆယ်က ခန်းမအတွင်းသို့ ဝင်ရောက်လာကြ၏။ မင်းသမီးကျိနင်နှင့် မြင့်မြတ်နတ်နဂါးကျောင်းတော်မှ အစွမ်းထက် ကျင့်ကြံသူတို့က အလယ်ဗဟိုရှိ ခုံများ၌ ထိုင်လိုက်ကြသည်။

ဆိုလွန် မည်သည်ကို ကြံစည်နေသည်ကို သူမ ကြိုသိကြောင်း ကျိနင် တွေးလိုက်၏။ ဆိုလွန်က ခေါင်းစဉ်ကို ကြိုတင်ခန့်မှန်းနိုင်ရန် မျှော်လင့်နေဆဲဖြစ်ပြီး ထိုမှသာ ကြိုတင်ပြင်ဆင်ထားသည့် စာစီစာကုံးကို အသုံးပြုနိုင်မည်ဟု သူမ ယုံကြည်ထားသည်။

ထိုအကောင် အိပ်မက် မက်နေခြင်းသာ ဖြစ်သည်။ ယနေ့ ခေါင်းစဉ်ကို မည်သူကမှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။ နေမင်းကြီး အနောက်ဘက်က ထွက်လာမှသာ ဆိုလွန် အမှတ်ကောင်းကောင်း ရနိုင်ပေလိမ့်မည်။

“ဒေါင်...”

ခေါင်းလောင်းသံ မြည်လာ၏။ ဒုတိယစာမေးပွဲ စတင်ပြီဖြစ်ရာ စာမေးပွဲကြီးကြပ်သူ နှစ်ဆယ်က မေးခွန်းလွှာများကို လိုက်ဝေကြသည်။

မေးခွန်းလွှာက အလွန် ရိုးရှင်းလှသည်။ စာတစ်ကြောင်းတည်းသာ ပါ၏။

မေးခွန်းကို မြင်လိုက်ရချိန်၌ လန်လင်း ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားရသည်။ သူ မယုံကြည်နိုင်စွာဖြင့် ထပ်ကြည့်လိုက်၏။ တစ်ချိန်တည်းမှာပင် အထက်တန်းလွှာ ကျောင်းသားများအားလုံး အလန့်တကြား အသက်ရှိုက်မိသွားကြသည်။

သူတို့သည်လည်း သိသိသာသာပင် အံ့အားသင့်နေကြ၏။ လန်လင်းက ဖြစ်နိုင်ခြေရှိသည့် ခေါင်းစဉ်များစွာကို တွေးထားသော်လည်း ဤခေါင်းစဉ်မျိုးကိုမူ လုံးဝ ထည့်မတွေးထားပေ။

“နုလန်ဘုရင့်နိုင်ငံက နောက်ထပ် ဘယ်နှစ်နှစ် တည်ရှိနိုင်ဦးမလဲ။ ဘယ်နှစ်မှာ ပျက်စီးမလဲ။ နိုင်ငံပျက်စီးရတဲ့ အကြောင်းရင်းက ဘာလဲ။”

ဤမေးခွန်းက လူတိုင်းကို တုန်လှုပ်သွားစေ၏။ အလွန်တရာ ခက်ခဲလွန်းပြီး မည်သူကမှ ကြိုတင် မခန့်မှန်းနိုင်မည် မဟုတ်ချေ။

အဓိက မေးခွန်း၏ အောက်၌ မိတ်ဆက်စာတိုလေးတစ်ခု ပါရှိသည်။

“နုလန်ဘုရင့်နိုင်ငံကို လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာက တည်ထောင်ခဲ့ပြီး တရားဝင် ဘုရင့်နိုင်ငံတစ်ခုအဖြစ် ရပ်တည်လာခဲ့တာ နှစ်တစ်ရာ ရှိပြီ။ နဂါးဧကရာဇ်က လူသားကမ္ဘာကို စည်းလုံးညီညွတ်စေခဲ့ပြီးကတည်းက မရေမတွက်နိုင်တဲ့ ဘုရင့်နိုင်ငံတွေ အများကြီး ပေါ်ထွန်းလာခဲ့သလို ပျက်သုဉ်းသွားခဲ့ရတယ်။ အကြာဆုံး တည်တံ့တဲ့ နိုင်ငံတွေက နှစ်ပေါင်း ငါးရာ ဒါမှမဟုတ် ခြောက်ရာထက် မပိုခဲ့ဘဲ အတိုဆုံး နိုင်ငံတွေကတော့ ဆယ်စုနှစ် အနည်းငယ်ပဲ ခံတယ်။ သင့်အမြင်အရ ကျိမိသားစု အုပ်ချုပ်တဲ့ နုလန်ဘုရင့်နိုင်ငံက နောက်ထပ် နှစ်ပေါင်း ဘယ်လောက်အထိ ရှင်သန်နိုင်မလဲ။ နိုင်ငံပျက်စီးရတဲ့ အကြောင်းရင်းက ဘာဖြစ်မလဲ။”

ဘုရင်မင်းမြတ်က တကယ်ကို ပြတ်သားသည့် ကိုယ်ရည်ကိုယ်သွေး ရှိကြောင်း လန်လင်း စိတ်ထဲမှ တွေးလိုက်၏။

အခြားနိုင်ငံများ၌ဆိုလျှင် ဤကဲ့သို့သော မေးခွန်းမျိုးကို တားမြစ်ထားမည် ဖြစ်၏။ ဘုရင်တိုင်းက သူတို့၏ အုပ်ချုပ်မှုမှာ ထာဝရ တည်တံ့မည်ဖြစ်ကြောင်းသာ ကြွေးကြော်လေ့ရှိကြသည်။ သို့သော် ဘုရင်ကျိပိုင်ကမူ သူ၏နိုင်ငံ မည်သည့်အချိန်၌ ပျက်စီးမည်ကို ကျောင်းသားများအား တိုက်ရိုက် မေးခွန်းထုတ်ထား၏။

ဤစာစီစာကုံးက အလွန်ခက်ခဲမှန်း လန်လင်း သိထားသော်လည်း ကောင်းမွန်စွာ ရေးသားနိုင်ပါက အလွယ်တကူပင် ထင်ပေါ်လာမည် ဖြစ်၏။ စာမေးပွဲမှာ သုံးနာရီသာ ကြာမြင့်မည် ဖြစ်သည်။ ဤသည်မှာ စွမ်းဆောင်ရည်ကို စစ်မှန်စွာ စမ်းသပ်ခြင်းပင်။ အမှတ်ကောင်းကောင်း ရရှိရန် သူ၏ အကြံဉာဏ်များက အခြားကျောင်းသားများနှင့် ကွဲပြားနေရန် လိုအပ်သည်။

စာစီစာကုံး၏ နယ်ပယ်က လှည့်စားထား၏။ ဘုရင့်နိုင်ငံက နှစ်ပေါင်း တစ်ထောင် တည်တံ့မည်ဖြစ်ကြောင်း ရေးလိုက်ပါက ဘုရင်မင်းမြတ်ကို အရူးတစ်ယောက်ကဲ့သို့ သဘောထားရာ ရောက်ပေလိမ့်မည်။ သို့သော် နှစ်တစ်ရာသာ ခံမည်ရေးပါကလည်း နိုင်ငံတော်ကို ကျိန်ဆဲသကဲ့သို့ ဖြစ်နေလေမည်။

ထို့နောက် လန်လင်းက ပိုမို နက်နဲသည့် အဓိပ္ပါယ်ကို နားလည်သွားသည်။ မေးခွန်းက အချိန်ကာလကိုသာ မေးမြန်းနေခြင်း မဟုတ်ပေ။

နိုင်ငံတော် လက်ရှိ ရင်ဆိုင်နေရသည့် အကြီးမားဆုံး ပြဿနာနှင့် လာမည့် ရာစုနှစ်အတွင်း ရင်ဆိုင်ရမည့် အကြီးမားဆုံး ပြဿနာကို မေးမြန်းနေခြင်း ဖြစ်၏။ ထိုအရာကို ရေးသားရန် နက်နဲသည့် နိုင်ငံရေး ဉာဏ်ပညာကို လိုအပ်သည်။

အကောင်းဆုံးမှာ နောက်ထပ် ကြုံတွေ့ရမည့် အကြီးမားဆုံး အကျပ်အတည်းကို နိုင်ငံတော်မှ ဖြတ်ကျော်နိုင်မည့် နည်းလမ်းများကို အကြံပြုရေးသားရလေမည်။

ဤသည်မှာ ကြီးမားကျယ်ပြန့်လှသည့် ခေါင်းစဉ်တစ်ခု ဖြစ်၏။ အပြည့်အစုံ ဖြေဆိုရန် စာလုံးရေ သောင်းနှင့်ချီ၍ လိုအပ်မည်ဖြစ်ရာ ၃ နာရီအတွင်း ပြီးဆုံးမည် မဖြစ်နိုင်ပေ။

ထို့အတွက်ကြောင့် လန်လင်းအနေဖြင့် ခိုင်မာသည့် အစမှတ်တစ်ခုကို လိုအပ်နေသည်။ ဘုရင်မင်းမြတ်၏ အာရုံကို ဖမ်းစားနိုင်ရန် ထက်မြက်ပြီး တုန်လှုပ်ဖွယ်ကောင်းကာ နက်နက်နဲနဲ လှုပ်ခတ်သွားစေမည့် အကြောင်းအရာတစ်ခုကို သူ ရေးသားရန် လိုအပ်နေသည်။

အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကို ရရှိရန်နှင့် ထိပ်ဆုံးဆယ်ယောက်စာရင်း ဝင်ရန်အတွက် အမှတ်ကောင်းကောင်းရရန် လိုအပ်၏။ ကျရှုံး၍ မဖြစ်ချေ။ ကောင်းမွန်သည် ဆိုရုံဖြင့် မလုံလောက်ဘဲ လုံးဝကို ထူးခြားနေရန် လိုအပ်၏။

လန်လင်း သူ၏ မျက်လုံးတို့ကို မှိတ်ကာ စတင် စဉ်းစားစီစဉ်လိုက်သည်။

တစ်နာရီ အကြာ၌ အကြံဉာဏ်တစ်ခု ထွက်ပေါ်လာ၏။

သူ၏ အစမှတ်မှာ မီးလျံနဂါးတိုက်ကြီးပေါ်၌ ယခင်က တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးသည့် အယူအဆတစ်ခုဖြစ်သော အုပ်စုဖွဲ့ အားပြိုင်မှုပင်။

ဤသည်မှာ ဤကမ္ဘာအတွက် လုံးဝ အသစ်အဆန်း ဝေါဟာရတစ်ခု ဖြစ်နေပေလိမ့်မည်။

လန်လင်း သူ၏ စာစီစာကုံးကို အုပ်စုဖွဲ့ အားပြိုင်မှုက နိုင်ငံတော်ကို ဖျက်ဆီးလိမ့်မည် ဟူပြီး ခေါင်းစဉ်တပ်လိုက်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း သုံးထောင်အတွင်း ဤတိုက်ကြီးပေါ်ရှိ မည်သည့် လူသားဘုရင့်နိုင်ငံကမှ စစ်မှန်သည့် အုပ်စုဖွဲ့ အားပြိုင်မှုမျိုးကို မရင်ဆိုင်ရဖူးပေ။

အဘယ်ကြောင့်ဆိုသော် အာဏာကို အထက်တန်းလွှာများကသာ အမြဲတမ်း ဆုပ်ကိုင်ထားသောကြောင့် ဖြစ်သည်။

အရပ်သားလူတန်းစားမှာ လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်ကမှ စတင်၍ ခေါင်းထောင်လာခဲ့ခြင်း ဖြစ်၏။

ဘုရင်ကျိပိုင် အုပ်ချုပ်သည့် နုလန်ဘုရင့်နိုင်ငံသည် အရပ်သား အထက်တန်းလွှာများကို စတင် မြှင့်တင်ပေးသည့် နိုင်ငံဖြစ်၏။ နှစ်အနည်းငယ်အတွင်းမှာပင် အရပ်သားများစွာက စစ်ဘက်ခေါင်းဆောင်များ ၊ အဆင့်မြင့် အရာရှိများနှင့် အစိုးရအဖွဲ့ဝင်များ ဖြစ်လာကြသည်။

လက်ရှိအချိန်၌ အရပ်သား အထက်တန်းလွှာ အရေအတွက် သိပ်မများသေးသဖြင့် ဖိနှိပ်ခံထားရသည့် အထက်တန်းလွှာများထံမှ ရယူထားသည့် အာဏာများမှာ ခွဲဝေယူရန် လုံလောက်နေသေး၏။

သို့သော် သူတို့၏ အရေအတွက် များပြားလာသည်နှင့်အမျှ လူတိုင်းအတွက် အာဏာ သို့မဟုတ် ရာထူးများ လုံလောက်တော့မည် မဟုတ်ပေ။ ဘုရင်မင်းမြတ်က သူတို့ကို အာဏာများ ပိုမို မပေးနိုင်တော့သည့်အခါ သူတို့က ကိုယ်ပိုင် အကျိုးစီးပွားအတွက် တိုက်ပွဲဝင်ရန် အုပ်စုများ ဖွဲ့လာကြပေလိမ့်မည်။

လန်လင်းက ပညာတတ်အရာရှိများ အုပ်စုဖွဲ့ကာ မင်းဆက်များကို နောက်ဆုံး၌ ဖျက်ဆီးသည့် ရှေးဟောင်း တရုတ်သမိုင်းဗဟုသုတကို ထုတ်ယူအသုံးပြုလိုက်၏။

အုပ်စုဖွဲ့ အားပြိုင်မှုများသာ စတင်လာပါက နိုင်ငံတော်၏ အင်အားများ ယုတ်လျော့သွားပေလိမ့်မည်။ နုလန်ဘုရင့်နိုင်ငံမှာ လူရိုင်းအနွယ်များနှင့် မီးလျံနဂါးအင်ပါယာတို့အကြား အန္တရာယ်ရှိသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်၏။

သူတို့အားလုံးသာ အတူတကွ ပူးပေါင်းလုပ်ဆောင်ပါက ရှင်သန်နိုင်ပြီး ကြီးထွားလာပေလိမ့်မည်။ သို့သော် ပြည်တွင်း၌ အုပ်စုဖွဲ့ တိုက်ခိုက်မှုများသာ စတင်လာပါက မည်သူကမှ မတွေးထားနိုင်လောက်အောင်ပင် ဘုရင့်နိုင်ငံကြီးက တစ်ခုလုံး လျင်မြန်စွာ ပျက်သုဉ်းသွားပေလိမ့်မည်။

စာစီစာကုံးထဲ၌ လန်လင်းက နိုင်ငံတော်အတွင်း ဖြစ်ပေါ်လာမည့် အုပ်စုဖွဲ့ အားပြိုင်မှု အဆင့်သုံးဆင့်ကို ရဲဝံ့စွာ ခန့်မှန်းရေးသားလိုက်သည်။

ပထမဆုံး အားပြိုင်မှုမှာ အထက်တန်းလွှာများနှင့် အရပ်သား အထက်တန်းလွှာများအကြား ဖြစ်ပြီး ဆယ်နှစ်အတွင်း ဖြစ်ပေါ်လာမည် ဖြစ်၏။ ဘုရင်မင်းမြတ်၏ လျှို့ဝှက် အကူအညီဖြင့် အရပ်သားများက အထက်တန်းလွှာများထံမှ အာဏာကို သိမ်းယူကြပေလိမ့်မည်။

တော်ဝင်မိသားစုက အကျိုးအမြတ် ရရှိမည်ဖြစ်ပြီး အထက်တန်းလွှာများကမူ နောက်ဆုံး၌ အလုံးစုံ ရှုံးနိမ့်သွားလေမည်။

ဒုတိယ အားပြိုင်မှုမှာ အရပ်သား အထက်တန်းလွှာသစ်များနှင့် တော်ဝင်မိသားစုအကြား ဖြစ်ပေါ်လာမည် ဖြစ်သည်။ အရပ်သား အထက်တန်းလွှာများက အထက်တန်းလွှာများကို အနိုင်ရသွားသည်နှင့် တစ်ပြိုင်နက် အစိုးရအာဏာ အားလုံးကို ဆုပ်ကိုင်ထားကြလိမ့်မည်။

သူတို့ အာဏာ ပိုမို မရရှိနိုင်တော့သည့်အခါ တော်ဝင်မိသားစုကို ပစ်မှတ်ထားလာကြလေမည်။ ထိုတိုက်ပွဲက ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး တော်ဝင်မိသားစုက ကိုယ်ကျင့်တရားဆိုင်ရာ အာဏာကို ဆုပ်ကိုင်ထားသော်လည်း အရပ်သားများက လက်တွေ့အာဏာကို ဆုပ်ကိုင်ထားသောကြောင့် ရှင်းလင်းသည့် အနိုင်ရသူ ရှိမည်မဟုတ်ပေ။ အမှန်တကယ်၌ ထိုတိုက်ပွဲ မပြီးဆုံးမီမှာပင် နိုင်ငံတော်က ပျက်သုဉ်းသွားနိုင်၏။

တတိယ အားပြိုင်မှုမှာ အရပ်သား အထက်တန်းလွှာ လူတန်းစားများအတွင်း၌ပင် ဖြစ်ပေါ်လာမည်ဖြစ်ပြီး အရာရှိအချင်းချင်း တိုက်ခိုက်ကြခြင်းပင်။ ထိုသည်က ဒုတိယ အားပြိုင်မှုနှင့် တစ်ချိန်တည်းမှာပင် ဖြစ်ပေါ်လာပေလိမ့်မည်။

နိုင်ငံတော်က ဒုတိယ သို့မဟုတ် တတိယ အားပြိုင်မှုအတွင်း၌ ပျက်သုဉ်းသွားပေလိမ့်မည်။ ထိုနေရာ၌ လန်လင်း နိဂုံးချုပ်လိုက်၏။

“နုလန်ဘုရင့်နိုင်ငံရဲ့ အချိန်က နောက်ထပ် နှစ်တစ်ရာပဲ ကျန်တော့တယ်။ အုပ်စုဖွဲ့ အားပြိုင်မှုတွေကြောင့် သေချာပေါက် ပျက်စီးသွားလိမ့်မယ်။”

နောက်ဆုံး၌ ပြဿနာ ဖြေရှင်းနည်းကို အကြံပြုမည့်အစား စာလုံး အနည်းငယ်ဖြင့်သာ စာစီစာကုံးကို အဆုံးသတ်လိုက်သည်။

“ဒီပြဿနာကို ဖြေရှင်းလို့မရနိုင်ဘူး။”

လန်လင်း စာလုံးရေ နှစ်ထောင်ပါဝင်သည့် စာစီစာကုံးကို ရေးသား၍ ပြီးဆုံးသွား၏။ နာရီဝက် ကျန်သေးသဖြင့် အစအဆုံး ပြန်လည် ဖတ်ရှုလိုက်သည်။ စာစီစာကုံးမှာ ထက်မြက်ပြီး ရှင်းလင်းပြတ်သားကာ အားကောင်းလှသည်။

ဤသည်က ဘုရင်မင်းမြတ်အတွက် သတိပေးခေါင်းလောင်းသံတစ်ခုပင်။ ကမ္ဘာမြေမှ သမိုင်းဗဟုသုတများ ရှိနေသောကြောင့် လန်လင်း၏ အကြောင်းပြချက်များက ခိုင်မာနေ၏။

**--**--**--**--**--**--**--**

“ဒေါင်...”

စာမေးပွဲ ပြီးဆုံးကြောင်း ခေါင်းလောင်းသံ မြည်လာ၏။

စာမေးပွဲကြီးကြပ်သူ နှစ်ဆယ်က အဖြေလွှာများကို သိမ်းဆည်းလိုက်ကြသည်။ ရိုးရှင်းသည့် အဖြေမှန်များ မရှိသောကြောင့် ဤစာစီစာကုံးများကို အမှတ်ပေးရန် နှစ်ရက် အပြည့် ကြာမြင့်ပေလိမ့်မည်။

စာမေးပွဲ ပြီးဆုံးပြီးနောက် လန်လင်းတစ်ယောက် ထျန်းရွှေမြို့စားအိမ်တော်သို့ ပြန်လာလိုက်၏။ မနက်ဖြန်၌ သူတို့ တစ်ရက် နားရမည်ဖြစ်ပြီး ရလဒ်များကို နောက်စာမေးပွဲ မတိုင်မီ ထုတ်ပြန်ကြေညာပေလိမ့်မည်။

အိမ်သို့ ပြန်ရောက်သောအခါ ဆိုနင်ပင်းက ချက်ချင်း မေးလာသည်။ “မောင်လေး... ဒီနေ့ စာစီစာကုံး ခေါင်းစဉ်က ဘာလဲ။”

“နုလန်ဘုရင့်နိုင်ငံက နောက်ထပ် ဘယ်လောက်ကြာကြာ တည်ရှိနိုင်ဦးမလဲတဲ့။”

ဆိုနင်ပင်း အံ့အားသင့်သွား၏။

လန်လင်းက စိတ်ဝင်တစားဖြင့် ပြုံးလိုက်သည်။ “ဘုရင်မင်းမြတ်က အတော်လေး ထူးခြားတဲ့သူပဲ။”

ဆိုနင်ပင်းက လေးနက်စွာ ပြန်ပြော၏။ “အဲဒီခေါင်းစဉ်က သိပ်ခက်လွန်းတယ်။ အဲဒါက သတ္တိ ၊ ဉာဏ်ပညာနဲ့ အမြော်အမြင်ကို စမ်းသပ်တာပဲ။ ထင်ပေါ်တဲ့ စာစီစာကုံးတစ်ခု ရေးဖို့ဆိုတာ သိပ်ခက်လိမ့်မယ်။”

သူမမှာ ပါရမီရှင် အမျိုးသမီးတစ်ဦးဖြစ်ပြီး မောင်ဖြစ်သူအတွက် စာစီစာကုံးများစွာ ပြင်ဆင်ပေးထားသော်လည်း ဤမေးခွန်းက နက်နဲလွန်းနေသည်။ သူမ စိတ်ဝင်တစား မေးလိုက်၏။ “မောင်လေး ဘာရေးခဲ့လဲ။”

လန်လင်းက ရှင်းပြလိုက်သည်။ “နိုင်ငံတော်က နှစ်တစ်ရာအတွင်း အုပ်စုဖွဲ့ အားပြိုင်မှုတွေကြောင့် သေချာပေါက် ပျက်စီးသွားလိမ့်မယ်။ ကယ်တင်လို့လည်း မရနိုင်တော့ဘူးဆိုပြီး ကျွန်တော် ရေးခဲ့တယ် အစ်မ။”

ဆိုနင်ပင်း ဆွံ့အသွား၏။ ထို့နောက် လန်လင်းက အုပ်စုဖွဲ့ အားပြိုင်မှု အဆင့်သုံးဆင့်ကို ရှင်းပြကာ သူ၏ စာစီစာကုံးကို မှတ်ဉာဏ်ထဲမှ ပြန်လည် ရွတ်ပြလိုက်သည်။

နားထောင်ပြီးနောက် ဆိုနင်ပင်းက မောင်ဖြစ်သူကို အံ့ဩတကြီး စိုက်ကြည့်နေ၏။ “မောင်လေးက တကယ်ကို ပါရမီရှင်ပဲ။ ဒီစာစီစာကုံးက အားလုံးကို တုန်လှုပ်သွားစေလိမ့်မယ်။”

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် တော်ဝင်စာမေးပွဲကြီးကြပ်သူအဖြစ် ဆောင်ရွက်နေသည့် မင်းသမီးကျိနင်က ကြာမြင့်လှသည့် အမှတ်ပေးခြင်း လုပ်ငန်းစဉ်ကို စတင်နေလေပြီ။

သူမက မာနကြီးပြီး အပြစ်ရှာတတ်သူ တစ်ဦးဖြစ်၏။ စာစီစာကုံးများကို ဖတ်ရှုစဉ် အများစုမှာ လိုရင်းကို မရောက်ခြင်း သို့မဟုတ် ပျင်းစရာကောင်းလွန်းခြင်းကြောင့် စာကြောင်းအနည်းငယ် ဖတ်ပြီးသည်နှင့် မျက်မှောင်ကြုတ်ကာ ဘေးသို့ ပစ်ချတတ်သည်။

အမှတ်ပေးနေစဉ် ဆိုလွန်၏ စာစီစာကုံးက မည်မျှဆိုးရွားပြီး အသိဉာဏ်ကင်းမဲ့နေမည်ကို ကြည့်ရန် သူမ ဝမ်းသာအားရ စောင့်ဆိုင်းနေသည်။

အခန်း ၁၀၀ ပြီး။

တစ်ရက် တစ်အုပ် Free တစ်လှည့် Paid တစ်လှည့် မနက်ဖြန်ကစပြီနော်။ အားပေးဖတ်ရှုမှုများအတွက် အများကြီးတင်ပါတယ်ဗျို့။ ဒီစာစဥ်လေး အောင်မြင်လာရင် နောက်ပိုင်းကြရင် Free ခဏခဏ ချပေးပါမယ်ဗျာ။ ^^

All Chapters