ကောင်းကင်ထုနှက်ခြင်းတူပညာရပ်
Vol. 180 Ch. 2566
ရီဖူရှင်း၏ မောက်မာသော စကားလုံးများကြောင့် ကောင်းကင်ဒေသမှ လူအားလုံးသည် သူ့ကို..အထူးသဖြင့် သူ၏ခန္ဓာကိုယ်ကို ငေးကြည့်လိုက်ကြ၏။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ရီဖူရှင်းသည် မဟာအင်ပါယာရှန့်ကျား၏ခန္ဓာကိုယ်ကို အသုံးပြုခဲ့သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်သည်လည်း အံ့အားသင့်ဖွယ် သန်မာလာပြီး ပြိုင်ဘက်ကင်းနတ်ခန္ဓာတစ်ခုနီးပါး ကြံ့ခိုင်လာ၏။
ယခုတွင် နှစ်ပေါင်းများစွာကြာပြီးနောက် ထိုခန္ဓာကိုယ်သည် ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦးက ထုတ်လွှတ်လိုက်သော မဟာလမ်းစဉ်အဖျက်စွမ်းအားကိုပင် ထိပ်တိုင်ရင်နိုင်သည်အထိပင် သန်မာလာခဲ့၏။
ထိုစွမ်းအားသည် အမှန်တကယ်တိုက်ခိုက်မှုမစခင် အဖျက်စွမ်းအားအဖျားခတ်မှုလေးသာဖြစ်သော်လည်း ရီဖူရှင်း၏ခန္ဓာ၏သန်မာမှုကို ပြသရန် လုံလောက်သည်။
“ရီဖူရှင်းရဲ့ ခန္ဓာကိုယ်ရဲ့ အင်အားက ဝိညာဉ်စွမ်းအားမသုံးရင်တောင် မဟာလမ်းစဉ်ပထမကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသွားတဲ့ ကျင့်ကြံသူအများစုထက် သာတာပဲ”
ထိုက်ရှန့်ကုန်းမြေမှ ကုန်းမြေသခင်က တိုက်ပွဲကိုကြည့်လျှက် မှတ်ချက်ပြုသည်။ သူ၏စကားလုံးများသည် သာမန်သာဖြစ်ပြီး သူ၏အဆင့်အတန်းကို မပြသပေ။ သူသည် ရီဖူရှင်း၏ခန္ဓာကိုယ်၏အင်အားကို ဘက်မလိုက်ဘဲ မှတ်ချက်ပြုလိုက်ခြင်းသာဖြစ်သည်။
“အမှန်ပဲ”
သူ့ပတ်ပတ်လည်ရှိ ကောင်းကင်ဒေသမှ ကျင့်ကြံသူများက ခေါင်းညိတ်လိုက်ကြ၏။ ကပ်ဘေးအဆင့်ကျင့်ကြံသူများထဲတွင်ပင် ထိုကဲ့သို့ တိုက်ခိုက်မှုကို မည်သို့မှ မခုခံပဲ ခံနိုင်သည့်သူ အနည်းသာရှိသည်။
သို့သော် ဝမ်ရှောင်သည် ထိုကဲ့သို့ အသေးစိတ်အချက်များကို ဂရုစိုက်မနေနိုင်ပေ။ သူ့မျက်လုံးများထဲမှ နတ်အလင်းထွက်ပေါ်လာပြီး သူသည်လည်း ကောင်းကင်ထက်မှ ပျံဆင်းလာ၏။ နတ်မင်းပုံရိပ်အောက်တွင် ထျန်းယန်မြို့၏ မြို့သခင်ရုံးတော်အပါအဝင် ကျယ်ပြောသော အကန့်အသတ်မဲ့ အာကာပြင်သည် သူ၏မဟာလမ်းစဉ်စက်ကွင်း၏ လွမ်းခြုံခြင်းကို ခံလိုက်ရ၏။
သူလက်ကို ဆန့်တန်းလိုက်ရာ ရုတ်ခြည်းပင် သူ့ထံမှ မရေမတွက်နိုင်သော လျှပ်စီးတန်းများ ကျဆင်းသွား၏။ သူ့မျက်လုံးများအတွင်းမှလည်း ကြောက်မက်ဖွယ်လျှပ်စီးများ ထွက်လာသည်။
“အဲဒါက အားနည်းတယ်လား”
ဝမ်ရှောင်သည် ရီဖူရှင်းထံသို့ ပျံသန်းသွားပြီး ပြောလိုက်သည်။
“အခု အဲဒါကို သေသေချာချာ ခံစားကြည့်လိုက်”
သူ၏အသံထွက်ပေါ်လာသောအခါ သူသည် အောက်ဖက်သို့ လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ ထိုအခိုက်တွင် ကောင်းကင်ထက်ရှိ နတ်မင်းပုံရိပ်ကြီးသည်လည်း ၎င်း၏လက်ထဲရှိ တူကြီးကိုမြှောက်၍ အောက်သို့ ထုချလိုက်သည်။
ဒုန့်...
ကောင်းကင်ထက်မှနေ၍ ခပ်အုပ်အုပ်အသံတစ်ခုထွက်ပေါ်လာသည်။ ထျန်းယန်မြို့အတွင်းရှိ လူအားလုံးသည် ထိုအခိုက်တွင် သူတို့၏နှလုံးသားသည် အပြင်းအထန်ခုန်နေသည်ကို ခံစားလိုက်ရ၏။ သူတို့ထံသို့ အဖျက်စွမ်းအားလှိုင်းများ တလိပ်လိပ်ဝင်လာရာ သူတို့၏ခြေလှမ်းများပင် မတည်ငြိမ်တော့သလို ခံစားလိုက်ရ၏။
မြို့သခင်ရုံးတော်အထက်ရှိ အာကာပြင်သည် ထိုထုနှက်ချက်ကြောင့် ကွဲအက်သွားသကဲ့သို့ပင်။ ထိုကြောက်မက်ဖွယ်အားသည် အာကာပြင်ကြားရှိ အကွာအဝေးကို လျစ်လျူရှု၍ ရီဖူရှင်းထံသို့ ကျဆင်းသွားသည်။ ထိုစွမ်းအားသည် သက်ရှိအားလုံးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားပင်။
ဝုန်း...
ရီဖူရှင်းနောက်ရှိ မဟာဝေရောစနတိုက်ပွဲဝင်ပုံစံကြီးပေါ်၌ပင် မြင်သာသောအက်ကြောင်းများ ပေါ်လာ၏။ သူ့ခန္ဓာကိုယ်ပေါ်သို့ ကြောက်မက်ဖွယ် အဟုန်လှိုင်းများ အလုံးအရင်းကျဆင်းလာရာ သူ့ခန္ဓာကိုယ်သည် ကောင်းကင်ထက်မှနေ၍ အောက်သို့ ရိုက်ချခံလိုက်ရ၏။ ထိုနေရာတွင် အခြားကျင့်ကြံသူများဖြစ်ပါက ထိုထုနှက်ချက်တစ်ခုနှင့်ပင် သူတို့၏အတွင်းအင်္ဂါများ ပျက်စီးသွားရန် လုံလောက်သည်။
သို့သော် ရီဖူရှင်း၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှည့်လည်နေသော နတ်အလင်းသည် မပျက်စီးသွားသေးပေ။
“ကောင်းကင်ထုနှက်ခြင်းတူပညာရပ်...”
ကောင်းကင်ဒေသမှ ကျင့်ကြံသူများစွာ တုန်လှုပ်သွားကြသည်။ ထိုပညာရပ်သည် အဆင့်မြင့်တိုက်ခိုက်ပညာရပ်တစ်ခုဖြစ်သည်။ အရှင်ထျန်းယန် ချပ်ဝတ်လက်နက်များကို ပြုလုပ်ခဲ့စဉ်က သူသည် နှစ်ပေါင်းများစွာ သူ၏တူကြီးကို သတ္တုများပေါ်သို့ ထပ်ခါထပ်ခါရိုက်ခဲ့သည်ဟူသော ကောလာဟလများရှိသည်။ နောက်ဆုံးတွင် သူသည် ထိုအခြေခံသဘောတရားကို အခြေခံ၍ နတ်ပညာရပ်တစ်ခုကို ဖန်တီးနိုင်ခဲ့၏။ သူဖန်တီးခဲ့သော် ထိုနတ်ပညာရပ်သည် ကောင်းကင်ထုနှက်ခြင်းတူပညာရပ်ဖြစ်သည်။
ထိုရိုးရှင်းသော တူရိုက်ချက်တစ်ချက်သည် နှစ်ပေါင်းများစွာ အကြိမ်ကြိမ်ထုနှက်လေ့ကျင့်ကြံခဲ့ရသည့် ရိုက်ချက်ဖြစ်ပြီး အရှင်ထျန်းယန်၏ သိမြင်နားလည်မှုများလည်း ပါဝင်၏။ ထိုတူတစ်ချက်သည် မဟာလမ်းစဉ်ကို ဖျက်ဆီးနိုင်ကာ ကောင်းကင်ကိုထုနှက်ပစ်နိုင်သည်။ ထိုနတ်ပညာရပ်သည် ကောင်းကင်ထုနှက်ခြင်းတူပညာရပ်ဖြစ်ပြီး ကောင်းကင်ဒေသရှိ စွမ်းအားကြီးဆုံး တိုက်ခိုက်ပညာရပ်ဖြစ်သည်။
ထိုကောင်းကင်ထုနှက်ခြင်းတူပညာရပ်သည် အမြင်တွင်ရိုးရှင်းပုံပေါ်သော်လည်း အမှန်တွင်မူ ထိုပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် နားလည်တတ်ကျွမ်းနိုင်ရန် ခက်ခဲ၏။ ထျန်းယန်မြို့တွင် ကျင့်ကြံသူများစွာရှိပြီး မြို့သခင်ရုံးတော်၏ အဓိကမိသားစုဝင်များစွာလည်း ရှိသည်။ သို့သော် သူတို့ထဲမှ အနည်းငယ်သာ ကောင်းကင်ထုနှက်ခြင်းတူပညာရပ်ကို ကျွမ်းကျင်သည်။ ထို့အပြင် ထိုပညာရပ်သည် အချိန်များစွာပေး၍ ကျင့်ကြံရသော ပညာရပ်တစ်ခုလည်းဖြစ်သည်။
ထိုပညာရပ်ကို စတင်မကျင့်ကြံခင် တွေးတောရမည်မှာ မိမိသည် အချိန်များစွာပေး၍ ထိုပညာရပ်ကို ကျင့်ကြံခဲ့သော်လည်း နောက်ဆုံးတွင် မည်သည့်ရလဒ်မှ မရသည်လည်း ဖြစ်နိုင်၏။ ရှုံးနိမ့်ရန် ဖြစ်နိုင်ချေများပြီး လူများစွာသည် နောက်ဆုံးတွင် မည်သည့်ရလဒ်မှ ရရှိနိုင်မည်မဟုတ်ပေ။ အချို့သည် ပညာရပ်၏အပေါ်ယံကို တတ်မြောက်ခဲ့သော်လည်း အနှစ်သာရကို မရရှိခဲ့ပေ။
သို့သော် အရှင်ထျန်းယန်၏ အထူးချွန်ဆုံးအမွေခံ၊ ထျန်းယန်မြို့၏ မြို့သခင်ရုံးတော်မှ အထူးချွန်ဆုံးချပ်ဝတ်လက်နက်ပြုလုပ်သူ ဝမ်ရှောင်သည် ဓားတစ်ချောင်းကို သွန်းလုပ်ရန် ရာစုနှစ်တစ်စု အချိန်ပေးခဲ့ဖူးသည်။ မရေမတွက်နိုင်သော ချပ်ဝတ်လက်နက်များကို ပြုလုပ်ပြီးနောက် သူသည် ကောင်းကင်ထုနှက်တူပညာရပ်ကို တတ်ကျွမ်းခဲ့၏။
ထိုစွမ်းအားကြီးနတ်ပညာရပ်၏ စွမ်းအားတွင် ကြောက်မက်ဖွယ်ရာစွမ်းအားများပါဝင်သည်။ အရှင်ထျန်းယန်သည် ချပ်ဝတ်လက်နက်မဟာအင်ပါယာဖြစ်သော်လည်း ကောင်းကင်ထုနှက်တူပညာရပ်၏ တိုက်ခိုက်စွမ်းရည်သည် ရှေးခေတ်က အခြားမဟာအင်ပါယာများ၏ တိုက်ခိုက်ပညာရပ်များထက် စွမ်းအားမနည်းပေ။ ၎င်းပညာရပ်သည် လွန်စွာ အစွမ်းထက်သည်။
“ရီဖူရှင်းရဲ့ ခုခံစွမ်းရည်ကိုလည်း လျှော့တွက်လို့တော့ မရဘူး”
ကောင်းကင်ဒေသမှ ကျင့်ကြံသူတစ်ဦးက ထပ်မံပြောလိုက်သည်။ ထိုပြိုင်ဘက်ကင်းနှစ်ဦး၏ တိုက်ခိုက်မှု၊ ခုခံမှုသည် လွန်စွာအားကောင်းသော တိုက်ခိုက်အင်အားနှင့် ခုခံအင်အားတို့ကို တစ်ကွက်အတွင်းမှာပင် ပြသခဲ့၏။
ကောင်းကင်ထုနှက်ခြင်းတူပညာရပ်၏စွမ်အားသည် ရီဖူရှင်း၏ခန္ဓာကိုယ်ကို ဖျက်ဆီးရန် ကျရှုံးခဲ့သည်။
ထိုအခိုက်တွင် ရီဖူရှင်းသည် ထိုနေရာတွင်ရပ်ကာ ကောင်းကင်ကိုကျော်၍ ကြည့်နေသည်။ သူ့စိတ်ထဲတွင် ဤလောကသည် ဝမ်ရှောင်၏ မဟာလမ်းစဉ်စက်ကွင်းဖြစ်သွားပြီး ကောင်းကင်ထက်မှနေ၍ ကောင်းကင်ထုနှက်ခြင်းတူပညာရပ်၏ ဝိညာဉ်စွမ်အားများကျဆင်းလာသကဲ့သို့ မမြင်နိုင်သည့် အဟုန်လှိုင်းများရှိနေသည်ဟု ယူဆလိုက်သည်။ မမြင်နိုင်သော အဟုန်လှိုင်းတစ်မျိုးတည်းသည်ပင် လူအားလုံးကို အားကောင်းသော ဖိနှိပ်မှုအငွေ့အသက်ကို ပေးနေသည်။
ကောင်းကင်ထုနှက်ခြင်းတူပညာရပ်ကျဆင်းလာသောအခါ ထိုအဟုန်လှိုင်းများသည် လှိုင်းတစ်ခုနှင့်တစ်ခု အကြိမ်ထောင်ချီထပ်သွားပြီး အတုမဲ့ အဖျက်စွမ်းအားလှိုင်း ဖြစ်ပေါ်လာကာ ထိုအာကာပြင်အတွင်းရှိ ဖြစ်တည်မှုအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
“အဲဒါက ဘယ်လိုလဲ”
ဝမ်ရှောင်သည် ရီဖူရှင်းကိုငုံ့ကြည့်လျှက် ရှင်းရှင်းလင်းလင်း ကြားနိုင်သောအသံဖြင့် မေးလိုက်သည်။ သူသည် ထိုနေရာတွင် လောကအတွင်းသို့ ရောက်ရှိလာသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ထည်ထည်ဝါဝါရပ်နေသည်။
“ဒါက နည်းနည်းပိုပြီး အားကောင်းလာနိုင်ဦးမလား...”
ရီဖူရှင်းက ကောင်းကင်ထက်ရှိ ဝမ်ရှောင်ကို ခေါင်းမော့ကြည့်လျှက် မေးလိုက်သည်။ ဝမ်ရှောင်၏မျက်ဝန်းများသည် ရုတ်ခြည်းစူးရှသွားသည်။ သူက ရီဖူရှင်းကို စိုက်ကြည့်လျှက် ပြောလိုက်၏။
“ဒီလိုဆိုမှတော့ မင်းပြောသလို လုပ်ပေးရမှာပေါ့”
ထိုနေရာရှိ အဟုန်လှိုင်းများသည် ပို၍အားကောင်းလာသည်။ ယခင်တိုက်ခိုက်မှု၏ စွမ်းအားများ လုံးလုံးမပျောက်ကွယ်သွားသေးခင်မှာပင် ကောင်းကင်ထက်ရှိ နတ်မင်းပုံရိပ်သည် ၎င်း၏တူကြီးကိုမြှောက်၍ ထပ်မံထုနှက်ချလိုက်သည်။
ဝုန်း...
ကောင်းကင်နှင့်မြေကြီးကြားတွင် ထုနှက်သံတစ်ခု ထွက်ပေါ်လာသည်။ မြို့သခင်ရုံးတော်အထက်ရှိ နေရာတွင် ထျန်းယန်မြို့သခင်သည် ထိုတိုက်ခိုက်မှုအရှိန်များ ရုံးတော်ပေါ်သို့ ကျရောက်မလာစေနိုင်ရန် အကာအရံတစ်ခု ပြုလုပ်ထား၏။ သို့သော် ကြောက်မက်ဖွယ် အရှိန်လှိုင်းများသည် အောက်သို့ကျဆင်းလာပြီး ကာရံအလင်းမျက်နှာပြင်ကို တုန်ခါသွားစေသည်။
ထျန်းယန်မြို့အတွင်းရှိ မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများသည် နောက်တစ်ကြိမ်ထပ်၍ အပြင်းအထန်ရင်တုန်၊ ပန်းတုန်ဖြစ်သွားကြသည်။ မြို့သခင်ရုံးတော်အနီးတွင်ရှိသော ကျင့်ကြံသူများသည် ညီးသံခပ်အုပ်အုပ် ပြုလိုက်ကြပြီး သူတို့၏မျက်နှာများ ဖြူဖျော့သွား၏။ သူတို့သည် အပြင်မှကြည့်နေခြင်းဖြစ်သော်လည်း မမျှော်လင့်ဘဲ သက်ရောက်မှုကို ခံလိုက်ရ၏။
တိုက်ပွဲသည် မြင့်မားသောကောင်းကင်ထက်တွင် ဖြစ်နေခြင်းဖြစ်သော်လည်း ထိုတိုက်စွမ်းအားမှုနေ၍ ထိုတိုက်ပွဲသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သိရှိနိုင်သည်။
ဤတစ်ကြိမ်တွင် ရီဖူရှင်းက ဝမ်ရှောင်၏တိုက်ခိုက်မှုကို လျစ်လျူမရှုခဲ့ပေ။ သူ့ကိုယ်ပေါ်မှ နတ်အလင်းများ တလက်လက်တောက်ပလာပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။ သူ့ပတ်ပတ်လည်တွင်လည်း မဟာလမ်းစဉ်က ဝန်းရံထားသည်။ ကောင်းကင်ထုနှက်တူပညာရပ်ကျဆင်းလာသောအခါ ကြယ်တာရာအလင်းမျက်နှာပြင်သည် တောက်ပလာသည်။ အရာအားလုံးသည် တစ်စစီပျက်စီးသွားသည်ဟု ထင်လိုက်ရ၏။ ရီဖူရှင်း၏ခန္ဓာကိုယ်သည် တုန်ခါသွားပီး မြေပေါ်သို့ ထပ်မံ ထုချခံလိုက်ရ၏။ သူသည် လျင်မြန်သောအရှိန်ဖြင့် အောက်သို့ပြုတ်ကျနေသည်။
သူရပ်တန့်သွားသောအခါ ထျန်းယန်မြို့သည် လုံးဝတိတ်ဆိတ်သွား၏။ ရီဖူရှင်းပေါ်သို့ အကြည့်ပေါင်းများစွာ ကျရောက်လာသည်။
တိုက်ခိုက်မှုနှစ်ခုကို ဆက်တိုက်ခံပြီးသွားနောက် သူ၏အခြေအနေ မည်သို့ရှိသနည်း။
ကောင်းကင်ထုနှက်ခြင်းတူပညာရပ်၏ စွမ်းအားသည် တိုးပွားနေသည်ဟု ထင်ရသည်။ ဒုတိယတိုက်ခိုက်မှု၏ စွမ်းအားသည် ပထမတိုက်ခိုက်မှုထက် အနည်းငယ်ပို၍ကြောက်မက်ဖွယ်ကောင်းကြောင်း ထင်ရှား၏။
“အဲဒါက အားနည်းနေတုန်းပဲ”
ရီဖူရှင်းက ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။ သူ့ပါးစပ်မှနေ၍ ထီမထင်သောအသံထွက်ပေါ်လာပြီး သူ့မျက်လုံးထဲတွင် အထင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
ထို့ကြောင့် ဝမ်ရှောင်၏မျက်ဝန်းများသည် ပို၍အေးစက်လာပြီး သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့်အရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။ နောက်ဆုံးတွင် ရီဖူရှင်း၏ရန်စမှုကို သူ့ကိုဒေါသထွက်စေခဲ့ပေပြီ။
ကောင်းကင်ထုနှက်ခြင်းတူပညာရပ်သည် အလွန်အားနည်းလေသလော။
“မင်းက လေကြီးနေတာပဲ”
ဝမ်ရှောင်သည် ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ကောင်းကင်ထက်မှနေ၍ နတ်တူကြီး ထပ်မံကျဆင်းလာ၏။ ဤအကြိမ် တိုက်ခိုက်မှုသည် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။ ထိုမမြင်နိုင်သော အလင်းမျက်နှာပြင်များသည် ဒြပ်ထည်ရှိသည့်အကာအရံများအဖြစ် ပြောင်းလဲသွားပုံပင်။ လေးလံသောရွှေရောင်နတ်အလင်းလွှာများသည် ကောင်းကင်ကို ဖိနှိပ်ဖျက်ဆီး၍ ထပ်မံကျဆင်းလာသည်။ ၎င်းအလင်းလွှာများသည် ကောင်းကင်နှင့် နေမင်းကို မှေးမှိန်စေသော တုန်လှုပ်ဖွယ်အလင်းများကဲ့သို့ ဖြစ်တည်မှုအားလုံးကို ဖျက်ဆီးသွား၏။
ဝုန်း...
ထျန်းယန်မြို့ထဲတွင် အဆောက်အဦးများစွာသည် ပေါက်ကွဲပျက်စီးသွားပြီး ရုတ်ခြည်းအတွင်း ပျောက်ကွယ်သွားကြသည်။ မြို့သခင်ရုံးတော်အနီးရှိ ကျင့်ကြံသူများသည် သွေးများအန်ကုန်ကြပြီး နောက်သို့ လျင်မြန်စွာ ဆုတ်သွားရသည်။ သူတို့သာမကဘဲ ထျန်းယန်မြို့တစ်ခွင်လုံးရှိ လူအားလုံးသည်လည်း ထိုကြောက်မက်ဖွယ် တိုက်ခိုက်စွမ်းအားကို ခံစားလိုက်ရပုံပေါ်သည်။
ရီဖူရှင်း၏ခန္ဓာကိုယ်သည် ကောင်းကင်ပေါ်မှနေ၍ ထပ်မံကျဆင်းလာပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင် ဝမ်ရှောင်သည် မရပ်တန့်ခဲ့ဘဲ နောက်တစ်ကြိမ် ထပ်မံ ထုနှက်ချလိုက်သည်။ အဖျက်စွမ်းအား အဟုန်လှိုင်းများ အောက်သို့ဆက်၍ ကျဆင်းလာသည်။ ကောင်းကင်ထက်တွင် ဧရာမရွှေရောင်နတ်တူကြီးနှင့် ရွှေရောင်အလင်းမျက်နှာပြင်အလွှာများသည် အောက်သို့ အဆက်မပြတ်ကျဆင်းနေသည်။ မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်လွှားပြီးသော ကောင်းကင်ဒေသမှ ထိပ်သီးအချို့ပင် ဖိအားကို ခံစားလိုက်ရ၏။
ထိုတိုက်ခိုက်မှုသည် သူတို့ကိုပင် အသိအမှတ်ပြုသွားစေနိုင်သော အဆင့်တွင် ရှိသည်။
“ကောင်းကင်ထုနှက်ခြင်းတူက ကြောက်စရာအကောင်းဆုံး ပုံစံမှာဆိုရင် တစ်ချိန်တည်းမှာပဲ ရောင်ခြည်တော် (၁၀၈,၀၀၀) ကို ထုတ်လွှတ်နိုင်တယ်... အဲဒီရောင်ခြည်တော်တွေက အခေါက်(၁၀၈,၀၀၀) တုန်လှုပ်အောင်လုပ်နိုင်ပြီး သတ်ဖြတ်နိုင်တယ်...”
ဝုန်း...
ဝမ်ရှောင်၏အသံလွင့်ပါးသွားသောအခါ ကောင်းကင်ထက်တွင် မည်သည့်အသံကိုမှ မကြားရတော့သကဲ့သို့ပင်။ အဖျက်စွမ်းအား အဟုန်လှိုင်းများသာ ကျန်ခဲ့သည်။ ရောင်ခြည်(၁၀၈,၀၀၀) တစ်ချိန်တည်း ဖိနှိပ်ကျဆင်းလာလျှင် မည်သို့ပုံစံဖြစ်မည်နည်း။
ရီဖူရှင်း လက်အုပ်ချီလိုက်ရာ သူ့တစ်ကိုယ်လုံး တောက်ပလင်းလက်လာ၏။ ဗုဒ္ဓအလင်းထွက်ပေါ်လာပြီး သစ္စာတရားများကို ရွတ်ဆိုလိုက်သည်။ သစ္စာခြောက်ပါးတရားတော်သည် ထိုအဟုန်လှိုင်းများကို ဖောက်ထွင်းသွားပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်နေသည်။ သူ့ကိုဗဟိုပြု၍ ဗုဒ္ဓစက်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ထိုစက်ကွင်းထဲတွင် ဗုဒ္ဓအားလုံးရှိနေပြီး တိုက်ပွဲဝင်ပုံစံများက ဝန်းရံထားသည်။ ထိုအာကာပြင်အထက်တွင်လည်း အံ့အားသင့်ဖွယ် ဧရာမဗုဒ္ဓပုံရိပ်တစ်ခု ရှိနေသည်။ ရာချီ၊ ထောင်ချီသော ဗုဒ္ဓပုံရိပ်များသည် တုန်လှုပ်ဖွယ် အလင်းရောင်ခြည်(၁၀၈,၀၀၀)ကို ခုခံနေသည်။
ကောင်းကင်ထုနှက်ခြင်းတူကြီးကျဆင်းလာသောအခါ ကောင်းကင်နှင့်မြေကြီးတစ်ခွင်လုံး တိတ်ဆိတ်သွားသည်။
အကျယ်လောင်ဆုံးအသံကြီးသည် ကြားနိုင်သောအသံအကန့်အသတ်ကို ကျော်လွန်သွားခြင်းပင်။
ထျန်းယန်မြို့ထဲတွင် ရုတ်ခြည်းအတွင်း မရေမတွက်နိုင်အောင် များပြားသော အဆောက်အဦးများစွာ ပျက်စီးသွားသည်။ ကျင့်ကြံသူများစွာသည်လည်း သွေးအန်ကာ မြေကြီးပေါ်သို့ လဲကျသွားကြသည်။ ကံဆိုးစွာပင် သူတို့သည် ကြားမှခံလိုက်ရခြင်းဖြစ်ပြီး သူတို့ခံစားရသော ဝေဒနာသည် ပြင်းထန်သည်။
ရီဖူရှင်းရှိနေသောနေရာတွင် ဗုဒ္ဓတိုက်ပွဲဝင်ပုံစံအားလုံး ဖျက်ဆီးခံလိုက်ရ၏။ ၎င်းတို့သည် ပျက်စီးကာ လေနှင့်အတူ ပျောက်ကွယ်သွား၏။ အဟုန်လှိုင်းများသည် အောက်သို့ဆက်၍ ကျဆင်းနေသည်။ ရီဖူရှင်းကို ဝန်းရံထားသော ဗုဒ္ဓပုံရိမ်များသည် ကွဲအက်ပေါက်ကွဲသွားပြီး ပေါက်ကွဲမှုအရှိန်သည် မြို့သခင်ရုံးတော်ကို ကာရံထားသော အလင်းမျက်နှာပြင်ကို သွားရောက်ရိုက်ခတ်သည်။ အလင်းမျက်နှာပြင် အဆက်မပြတ် တုန်ခါသွားပြီး ပြင်းထန်သောမြည်ဟည်းသံကြီးကို ကြားလိုက်ရ၏။
ဝုန်း...
ပေါက်ကွဲသံကြီးတစ်ခုသည် ထျန်းယန်မြို့တစ်ခွင်၌ ပဲ့တင်ထပ်သွား၏။ နောက်ဆုံးတွင် အဖျက်စွမ်းအား အဟုန်လှိုင်းများသည် လွင့်ပါးလာသည်။ ကောင်းကင်ထုနှက်ခြင်းတူပညာရပ်၏စွမ်းအားသည် ပြိုင်ဘက်ကင်းသည်။
ရီဖူရှင်းသည် မည်သည့်အသံမှ မကြားလိုက်သကဲ့သို့ တိတ်ဆိတ်စွာ ရပ်နေသည်။ မမြင်နိုင်သော လေပြေတစ်ချက် တိုက်ခတ်သွားပြီး သူ၏ငွေဖြူရောင်ဆံနွယ်များကို ကလူကျီဆယ်သွားသည်။
သူ့အပေါ်သို့ အကြည့်များစွာ ကျရောက်လာသည်။ ရီဖူရှင်းသည် ထိုကြောက်မက်ဖွယ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားမည်လော။
အကယ်၍ သူသာအသတ်ခံလိုက်ရလျှင် ထိုပြိုင်ပွဲ၏ စည်းမျဉ်းကို ချိုးဖောက်သလိုဖြစ်သွားပေလိမ့်မည်။
ထိုတိုက်ခိုက်မှုသည် ကြောက်မက်ဖွယ်ကောင်းသည်ဆိုခြင်းထက် ပိုသည်။
သို့သော် ရီဖူရှင်းသည် ထိုနေရာတွင် ရုပ်တုတစ်ခုကဲ့သို့ မလှုပ်မယှက်ရပ်နေသည်။ ဝမ်ရှောင်သည် သူ့ကိုငုံ့ကြည့်လိုက်သည်။ ထိုအခိုက်တွင် ရီဖူရှင်း၏အခြေအနေကို အတိအကျမပြောနိုင်သေးပေ။
“ဒီလောက်ပဲလား...”
ရုတ်တရက် အသံတစ်သံ ထွက်လာသည်။ ရီဖူရှင်း ထပ်မံလှုပ်ရှားလာ၏။ သူသည် ခပ်ဖြည်းဖြည်း ခေါင်းမော့ကြည့်လိုက်သည်။ သူ၏မျက်လုံးများသည် စူးရှတောက်ပြောင်နေပြီး ကောင်းကင်ထက်ရှိ ဝမ်ရှောင်ကို ကြည့်နေသည်။ ဝမ်ရှောင်၏မျက်လုံးများသည်လည်း ရုတ်ခြည်းစူးရှသွားသည်။
ထိုတိုက်ခိုက်မှုသည် ရီဖူရှင်းကို ထိခိုက်အောင် မလုပ်နိုင်သေးသည်လော။
ကောင်းကင်ဒေသနှင့် ထျန်းယန်မြို့မှ ကျင့်ကြံသူများသည် အလွန်အမင်းတုန်လှုပ်သွားကြသည်။ ထိုကဲ့သို့ စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခုသည်ပင် သူ့ကို မထိခိုက်စေနိုင်သလော။
“ဒီတိုက်ခိုက်မှုက အသွေးအသားကိုသန့်စင်ဖို့ဆိုရင်တော့ အတော်လေးကောင်းပါတယ်”
ရီဖူရှင်းက ခေါင်းမော့၍ ကောင်းကင်ထက်ရှိ လူကိုကြည့်လိုက်သည်။ သူသည် ကောင်းကင်ထက်သို့ လျင်မြန်စွာ ပျံတက်သွားသည်။ ထိုတိုက်ခိုက်မှုသည် သူ့အပေါ်သို့ အနည်းငယ်ပင် သက်ရောက်မှုမရှိကြောင်း ထင်ရှားသည်။
သူသည် ကောင်းကင်ထုနှက်ခြင်းတူ၏ တိုက်ခိုက်မှုကို သူ၏ခန္ဓာကိုယ်အား သန့်စင်ရန် သုံးခဲ့ခြင်းလော။
သူ ရူးများနေသလော။
ရီဖူရှင်းက ဝမ်ရှောင်ကိုခနဲ့ရန်သာ ထိုသို့ပြောနေခြင်းဖြစ်ရပေမည်။ သူသည် မည်သို့သော ပါရမီရှင်တစ်ဦးဖြစ်စေကာမူ ထိုမျှသူ့ကိုယ်သူ အထင်ကြီးဝံ့မည်မဟုတ်ပေ။
“ဒါဆိုလည်း ဆက်တိုက်ကြတာပေါ့”
ဝမ်ရှောင် ထပ်မံပြောလိုက်သည်။ အဖျက်စွမ်းအား အဟုန်လှိုင်းများ ထပ်မံကျဆင်းလာသည်။
သို့သော် ရီဖူရှင်းက လှောင်ပြုံး,ပြုံးလိုက်ပြီး ကောင်းကင်ထက်သို့ ဆက်လက်ပျံတက်နေသည်။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပေါ်တွင် နတ်အလင်းတန်းများ တောက်ပလာသည်။ ၎င်းအလင်းတန်းများသည် အနန္တရောင်ခြည်များအဖြစ် ပြောင်းလဲသွားပြီး သူနှင့်အတူ ကောင်းကင်ထက်သို့ ပျံတင်နေသည်။
“မင်း တိုက်ခိုက်နေတာ ကြာပြီပဲ... အခုငါ့အလှည့်ပေါ့”
ရီဖူရှင်း သူ၏လက်ကို ဆန့်တန်းလိုက်သည်။ သူ့လက်ထဲတွင် လှံတစ်ချောင်း ရုတ်ခြည်းထွက်ပေါ်လာသည်။
သူသည် လှံသိုင်းကို အဓိကထား၍ ကျင့်ကြံခြင်းမဟုတ်သော်လည်း ထိုအခိုက်တွင် သူ့လက်ထဲ၌ပေါ်လာသောလက်နက်သည် လှံတစ်ချောင်းဖြစ်သည်။
“မင်း ငါ့ရဲ့ဒီတိုက်ကွက်ကို ခံနိုင်မလားဆိုတာ ကြည့်ကြတာပေါ့”
***