← Chapters

မဟာအင်ပါယာအဆင့်လက်နက်များ၊ စီဝေ့ကြယ်ကောင်းကင်ကို နှိမ်နှင်ခြင်း

Vol. 180 Ch. 2568

မဟာအင်ပါယာအဆင့်လက်နက်များ၊ စီဝေ့ကြယ်ကောင်းကင်ကို နှိမ်နှင်ခြင်း

Vol. 180 Ch. 2568

“အထင်ကြီးစရာပဲ...”

မြို့သခင်ရုံးတော်အတွင်း၌ အလွန်တိတ်ဆိတ်နေပြီး မည်သည်မှ စကားတစ်ခွန်းမှ မပြောဝံ့ကြပေ။ ပထမဆုံးမှတ်ချက်ပြုလိုက်သူမှာ မှော်နက်သူတော်စင်ဟွာယွင်ထင်းဖြစ်သည်။

ဟွာယွင်ထင်းသည် ကောင်းကင်ထက်ရှိ လူနှစ်ယောက်ကိုကြည့်လျှက် ပြုံးကာပြောလိုက်သည်။

“ရန်ဟောင်အဆင့်ကိုးပဲရှိပေမယ့် နတ်ဘုရားတစ်ဝက်‌ဆေးလုံးတွေကို ဖော်စပ်နိုင်ပြီးတော့ ကပ်ဘေးအဆင့်ကျင့်ကြံသူတွေကို သတ်နိုင်တယ်... အခု ထျန်းယန်မြို့ရဲ့ ဆက်ခံသူကိုလည်း တစ်ကွက်တည်းနဲ့ အနိုင်ယူလိုက်ပြီ။ ကောင်းကင်ဒေသမှာ ဒီလိုလုပ်နိုင်တဲ့သူ နောက်တစ်ယောက် ရှိနိုင်ပါဦးမလား”

မည်သူ့ကို “ပြိုင်ဘက်ကင်း” ဟု ခေါ်သင့်သနည်း။

ဝမ်ရှောင်ကို မခေါ်သင့်သည်ကတော့ သေချာသည်။

ထျန်းယန်မြို့သခင်သည် ဝမ်ရှောင်တစ်ယောက် လောကတစ်ခွင်တွင် ကျော်ကြားလာစေရန် အရှိန်တင်ပေးလိုခဲ့သည်။ ဝမ်ရှောင်မှာလည်း သူ၏ ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းနှင့် ကျင့်ကြံခြင်း အရည်အချင်းတို့နှင့် ကျော်ကြားခဲ့သည်။ ဝမ်ရှောင်သည် နေ့ချင်းညချင်း ကျော်ကြားလာခဲ့ပြီး ယနေ့မှစ၍ ကောင်းကင်ဒေသတွင် သူ၏အမည်ကို မသိသောသူ ရှိတော့မည်မဟုတ်ပေ။

အကယ်၍ ရီဖူရှင်းသာ ပေါ်မလာပါက ဤပွဲသည် ပြီးပြည့်စုံသောပွဲတစ်ပွဲဖြစ်ပေလိမ့်မည်။ ထျန်းယန်မြို့သည် သမိုင်းတွင်မည့်လူတစ်ယောက်ကို ဖန်တီးနိုင်ခဲ့မည်ဖြစ်သည်။

သို့သော် လောကအတွင်းမှ ကိစ္စများသည် စိတ်ဝင်စားစရာကောင်းပြီး မှန်းဆရန်မလွယ်ပေ။ ဤနေ့တွင် ရီဖူရှင်းထွက်ပေါ်လာခဲ့ပြီး ထျန်းယန်မြို့သည် သူ့ကို ဝမ်ရှောင်အတွက် နင်းတက်စရာလှေကားတစ်ခုအဖြစ် အသုံးချရန် ကြံရွယ်ခဲ့သည်။ နောက်ဆုံးတွင် ယနေ့မှစ၍ ဝမ်ရှောင်၏အမည်သည် လောကတစ်ခွင်တွင် ကျော်ကြားမည်ဖြစ်သော်လည်း လောကကြီးသည် အမြဲတမ်း သူ့ကို ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ၏ ဗိုလ်စွဲသူ သို့မဟုတ် အရှင်ထျန်းယန်၏အမွေခံဟူသည်ထက် ပို၍တွေးမိမည်ဖြစ်သည်။

ယနေ့တွင် ထိုပါရမီရှင်နှစ်ယောက်သည် ထျန်းယန်မြို့အထက်တွင် တိုက်ခိုက်ခဲ့ကြသည်။ အရှင်ထျန်းယန်၏အမွေခံ ဝမ်ရှောင်မှာ ထူးချွန်သော်လည်း ရီဖူရှင်း၏တိုက်ကွက်တစ်ကွက်ဖြင့် ရှုံးနိမ့်သွားခဲ့သည်။ ရီဖူရှင်းသည် ဝမ်ရှောင်ကိုအသုံးချ၍ သူသည်သာ တစ်ဦးတည်းသော ပြိုင်ဘက်ကင်းဖြစ်သည်ဟူ၍ ကောင်းကင်ဒေသမှ လူများကို သက်သေပြခဲ့သည်။

ရီဖူရှင်းသည် စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်၊ အရှင်စီဝေ့၊ အရှင်ရှန်းယင်နှင့် အင်ပါယာရီချင်းတို့၏ဆက်ခံသူဖြစ်သည်။ သူသည် မူလဘုံတွင် နံပါတ်တစ်ပါရမီရှင်ဖြစ်သည်။ ကောင်းကင်ဒေသမှ မည်သူသည် သူ၏ဂုဏ်ပုဒ်များ၊ အရည်အချင်းများကို ယှဉ်နိုင်မည်နည်း။

ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများနှင့် ရှေးဟောင်းနတ်ဘုရားကလန်တို့ထဲမှ မည်သူသည် သူ့ကိုယှဉ်နိုင်မည်နည်း။

ဝမ်ရှောင်သည် မယှဉ်နိုင်ကြောင်း ဥပမာတစ်ခုဖြစ်သည်။

ဝမ်‌ရှောင်သည် ရီဖူရှင်းကိုအသုံးချ၍ သူ့ကိုယ်သူ ကျော်ကြားလာအောင် လုပ်လိုခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် နောက်ဆုံးတွင် သူ၏အကြံနှင့် ပြောင်းပြန်ဖြစ်လာခဲ့သည်။ ရီဖူရှင်းကသာ သူ့ကိုအနိုင်ယူ၍ လောကကြီးအား သူ၏အစွမ်းကို ထပ်မံသက်သေပြခဲ့သည်။

“အခု မင်းသမီးဒွန်ဟောင်နဲ့ အင်ပါယာရီချင်းရဲ့ဆက်ခံသူတို့က အရင်တုန်းက အရှင်ဒွန်ဟောင်နဲ့ အင်ပါယာရီချင်းတို့လိုပဲ... သူတို့နှစ်ယောက်ကိုကြည့်ရတာ အရင်တုန်းက အင်ပါယာနှစ်ယောက်ကို ပြန်အမှတ်ရစေတယ်”

ဟွာယွင်ထင်း ဆက်ပြောလိုက်သည်။ သို့သော် သူ၏စကားများကြောင့် ကျင့်ကြံသူများစွာ မျက်မှောင်ကြုတ်သွားကြသည်။

ရီဖူရှင်းသည်လည်း အတန်ငယ် မျက်ခုံးပင့်လိုက်သည်။ ဟွာယွင်ထင်းသည် အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်းတို့ကို စကားတစ်ခွန်းတည်းတွင် အတူထည့်ပြောသွားခဲ့သည်။ သူသည် ထိုနေရာရှိလူများကို တမင်ရန်စနေကြောင်း သိသာသည်။

လူအားလုံးသည်လည်း ထိုအကြောင်းကိုသိသော်ငြား ထုတ်၍ပြောသည်ကို ကြားလိုက်ရသောအခါ စိတ်ထဲတစ်မျိုးဖြစ်နေကြသည်။

ရီဖူရှင်းသည် ဝမ်ရှောင်ကို အနိုင်ယူ၍ သူကသာ ပြိုင်ဘက်ကင်းဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဝမ်ရှောင်၏ကျော်ကြားမှုကို လုယူသွားခဲ့ပြီဖြစ်သည်။ သို့သော် ဟွာယွင်ထင်းသည် ရီဖူရှင်းမှာ အင်ပါယာရီချင်း၏ဆက်ခံသူဖြစ်သည်ဟု ပြောခဲ့သည်။ ထိုစကား၏ဆိုလိုရင်းမှာ သူနှင့်ယှဉ်နိုင်သူမှာ မင်းသမီးဒွန်ဟောင်သာ ရှိသည်ဟု ဆိုလိုခြင်းသာဖြစ်သည်။

သူ၏ရည်ရွယ်ချက်သည် သံသယဖြစ်စရာကောင်းသည်။

သို့သော် ဟွာယွင်ထင်းဘက်မှကြည့်လျှင် ထိုကိစ္စသည် မျှော်လင့်ထားပြီးသောကိစ္စဖြစ်သည်။ ရီဖူရှင်းသည် ထိုကဲ့သို့ ထူးချွန်သောအရည်အချင်းကို ထုတ်ပြခဲ့ပြီဖြစ်၍ ရီဖူရှင်းကို ကောင်းကင်ဒေသ၏ ဘုံရန်သူဖြစ်လာစေရန် သူမျှော်လင့်ခြင်းမှာ သဘာဝကျသည်။ သူသည် မီးလောင်ရာလေပင့်ပေးမည်သာဖြစ်သည်။ ထိုနည်းသည်သာ ရီဖူရှင်းတစ်ယောက် သူတို့နှင့်ပူးပေါင်းလာစေနိုင်သည့် တစ်ခုတည်းသောနည်းဖြစ်နိုင်သည်။

ထျန်းယန်မြို့သခင်ဘေးတွင်ထိုင်နေသော လှပသည့်မင်းသမီးဒွန်ဟောင်သည်လည်း ရီဖူရှင်းကို ကြည့်လိုက်သည်။ သူမဘေးရှိ တုယူ၏မျက်လုံးများသည် လှံတစ်စင်းကဲ့သို့ စူးရှနေ၏။ သူ အေးစက်စက်ပြောလိုက်သည်။

“သူက မထိုက်တန်ပါဘူး”

ဟွာယွင်ထင်းသည် ရီဖူရှင်းနှင့် မင်းသမီးဒွန်ဟောင်တို့ကို ဆက်စပ်ပြလိုက်ခြင်းပင်။

တုယူသည် ထိုစကားကို လက်မခံကြောင်း ထင်ရှားသည်။

ကောင်းကင်ဒေသတွင် မင်းသမီးဒွန်ဟောင်နှင့် ထိုက်တန်သူ တစ်ဦးမှမရှိပေ။

“ရီဖူရှင်း... မင်းက မှော်နက်နန်းတော်နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပြီပေါ့လေ...”

ရှန်ကလန်မှ ကလန်ခေါင်းဆောင်က မီးလောင်ရာလေပင့်စကားကို ကျယ်လောင်စွာဆိုလိုက်သည်။ ယနေ့ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ရီဖူရှင်း မြင်သွားခဲ့ပြီဖြစ်သဖြင့် ရီဖူရှင်းနှင့် ရှန်ကလန်တို့အကြားရှိ ရန်ငြိုးသည် သူ့အတွက်ပို၍ရှင်းလင်းလာခဲ့ပေပြီ။

အနာဂတ်တွင် ရီဖူရှင်းသာ မဟာလမ်းစဉ်ကိုသက်သေပြပြီးခဲ့လျှင် ရှန်ကလန်သည်လည်း သေချာပေါက် ထိုက်ချူတော်ဝင်မြေကဲ့သို့ အဆုံးသတ်သွားမည်ဖြစ်သည်။

ယခုတွင် သူတို့သည် ရီဖူရှင်းကို ရှင်းပစ်ရန် သူတို့တတ်နိုင်သမျှ လုပ်ရပေမည်။

“ရီဖူရှင်းက အရင်ဆုံး မြို့သခင်ရုံး‌တော်ထဲရုပ်ဖျက်ပြီးဝင်ပြီးတော့ မှော်နက်နန်းတော်နဲ့ နတ္တိအင်ပါယာဘုံက ကျင့်ကြံသူတွေ သူ့နောက်ကလိုက်လာနိုင်အောင် လုပ်ခဲ့တာပဲ။ သူတို့က အတွင်းနဲ့အပြင် အတူပေါင်းပြီး လုပ်ဆောင်နေကြတာပဲ။ အခု သူက မှော်နက်လောကကို ကိုယ်စားပြုပြီး ကောင်းကင်ဒေသက ကျင့်ကြံသူတွေကို စိန်ခေါ်ခဲ့တာကိုပဲကြည့်...”

အနောက်ပင်လယ်ကုန်းမြေမှ ကုန်းမြေသခင်ရှီဟိုင်က ကျယ်လောင်စွာ ပြောလိုက်သည်။

သူတို့သည် အင်ပါယာရီချင်း၏ ဆက်ခံသူသည် မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံတို့ဘက်သို့ ရောက်သွားပြီး ထိုအဓိကလောကကြီးနှစ်ခုနှင့် အင်အားပူးပေါင်း၍ ကောင်းကင်ဒေသကို ဆန့်ကျင်‌တော့မည်ဟုဆိုကာ ရီဖူရှင်းကို ချောင်ပိတ်မိအောင်ဝိုင်း၍လုပ်နေကြပုံပင်။

“မကြာသေးခင်တုန်းကလည်း မှော်နက်လောက,က ကျင့်ကြံသူတချို့က စီဝေ့ကြယ်ကောင်းကင်ကို သွားခဲ့တယ်လို့ ကျွန်တော်ကြားတယ်... ပြီးတော့ ရီဖူရှင်းက သူတို့ကို ကိုယ်တိုင်ကြိုဆိုဧည့်ခံခဲ့တယ်တဲ့”

တုန်းဟွာကုန်းမြေ၏ ကုန်းမြေသခင် နင်ယွမ်က ပြောလိုက်သည်။ သူတို့အားလုံးသည် ရီဖူရှင်းကို စွပ်စွဲခံရမည့် အခြေအနေသို့ရောက်အောင် လုပ်နေခြင်းပင်။

ရီဖူရှင်းက ထိုအသံအားလုံးကို ကြားလိုက်ရ၏။ သူ၏နှလုံးသားသည် အေးစက်သွားပြီး သတ်ဖြတ်လိုသောအငွေ့အသက်များနှင့် ပြည့်လာ‌တော့သည်။

ထိုအင်အားစုအားလုံးသည် သူ့ကိုရှင်းပစ်လိုနေကြသဖြင့် အခြေအမြစ်မရှိသော လုပ်ကြံပြစ်မှုများဖြင့် စွပ်စွဲနေကြခြင်းပင်။ ထိုသူများက သူသည် မှော်နက်နန်းတော်နှင့် နတ္တိအင်ပါယာတောင်တို့နှင့် ပူးပေါင်းကာ ကောင်းကင်ဒေသတစ်ခွင်လုံးကို စစ်ကြေညာချင်နေသည်ဟု ပြောလိုနေခြင်းဖြစ်သည်။

သူသည် ထိုအဓိကလောကကြီးနှစ်ခုနှင့် ကောင်းကင်ဒေသတို့အကြားရှိ အားပြိုင်နေမှုကို သိသော်လည်း သူပို၍တိုးတက်လာနိုင်ရန်နှင့် သူ၏စွမ်းအားကိုတိတ်တဆိတ် မြှင့်တင်နိုင်ရန်တို့အတွက် ၎င်းကိုအခွင့်အရေးအဖြစ်အသုံးချ၍ အချိန်စွဲလိုခဲ့ခြင်းဖြစ်သည်။ သူသည် ထိုသူများနှင့် ပူးပေါင်းရန် တစ်ခါမှ မတွေးခဲ့ဖူးပေ။ သူနှင့် မှော်နက်လောကသည်လည်း နက်ရှိုင်းသော ရန်ငြိုး၊ ရန်စများ ရှိသည်။ သူသည် ထိုသူများနှင့် မည်ကဲ့သို့ ပူးပေါင်းနိုင်မည်နည်း။

သို့သော် ထိုကိစ္စသည် မှန်သည်၊ မှားသည်က အရေးမကြီးပေ။ အဓိကကျသည်မှာ အင်ပါယာနန်းတော်နှင့် ကောင်းကင်ဒေသသည် ထိုကိစ္စကို မည်သို့ထင်မည်သာဖြစ်သည်။

ထျန်းယန်မြို့၏ ယနေ့ပွဲတော်တွင်ပင် နောက်ကွယ်တွင် အခြားရည်ရွယ်ချက်တစ်ခု ရှိသည်။ ထိုရည်ရွယ်ချက်မှာ ထျန်းယန်မြို့သည် ကောင်းကင်ဒေသမှ အင်အားစုများကို ဦးဆောင်၍ စီဝေ့ကြယ်ကောင်းကင်ကိုဖျက်ဆီးရန်ဖြစ်သည်။

ယခုတွင် သူသည် ကောင်းကင်ဒေသ၏ ဘုံရန်သူအစစ်အမှန်တစ်ဦး ဖြစ်လာပေပြီ။

ဟွာယွင်ထင်းသည် ပြုံးလျှက်သာကြည့်နေပြီး မည်သို့မှ ဆက်မပြောတော့ပေ။ သူသည် ထိုသို့ဖြစ်လာသည်ကို မြင်ချင်ခဲ့သည့်ပုံပင်။ ရီဖူရှင်းသာ အသည်းအသန်အခြေအနေအတွင်းသို့ ရောက်အောင် ဖိအားပေးခံရလျှင် သူသည် သူတို့နှင့်ပူးပေါင်း၍ ကောင်းကင်ဒေသကို အတူတကွ တိုက်ခိုက်ရမည်ဖြစ်သည်။

ထိုအခိုက်တွင် လူအားလုံးသည် ထျန်းယန်တစ်မြို့လုံးကို လွှမ်းခြုံ၍ မြို့သခင်ရုံးတော်အတွင်းသို့ ပျံ့နှံ့ဝင်ရောက်လာသော အတုမဲ့ဖိအားတစ်ခုကို ခံစားလိုက်ရ၏။

ထိုဖိအားသည် အင်ပါယာအရှိန်အဝါဖြစ်သည်။

မြို့သခင်ရုံးတော်အတွင်းမှ ကျင့်ကြံသူများသည် အချိန်တစ်ခုမျှ တိတ်ဆိတ်သွားကြသည်။ ထို့နောက်တွင် ဝမ်ရှောင်ပေါ်သို့ နတ်အလင်းတန်းများ ကျဆင်းလာသည်။ သူ့နောက်တွင် နတ်မင်းပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ရီဖူရှင်း အတန်ငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ရှောင်က သူ့ကိုချိန်ရွယ်ထားသော လှံနှင့်မျက်နှာချင်းဆိုင်၍ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။

ဝုန်း...

အားကောင်းသော အရှိန်အဝါဖိအားတစ်ခု ထွက်ပေါ်လာပြီး ရီဖူရှင်းသည် နောက်သို့တွန်းထုတ်ခြင်းခံလိုက်ရ၏။ ဝမ်ရှောင်၏မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းလာပြီး သူ့ခန္ဓာကို‌ယ်ပေါ်သို့လည်း မြင့်မြတ်၍ အတုမဲ့သော အလင်းများကျဆင်းနေသည်။ သူသည် နတ်ဘုရားများ၏ ပူးကပ်ခြင်းကို ခံလိုက်ရသကဲ့သို့ပင်။

“အရှင်ထျန်းယန်...”

ရီဖူရှင်းက သူ့လက်ထဲမှ လှံရှည်ကိုချ၍ ဝမ်ရှောင်ကို ကြည့်လိုက်သည်။ ထိုစွမ်းအားသည် ဝမ်ရှောင်၏စွမ်းအားမဟုတ်ကြောင်း ထင်ရှားသည်။ လက်ရှိတွင် သူသည် ထိုကဲ့သို့စွမ်းအားမျိုးကို မထုတ်နိုင်သေးပေ။

ဝမ်ရှောင်သည် အရှင်ထျန်းယန်၏အမွေခံဖြစ်ပြီး မဟာအင်ပါယာအဆင့်လက်နက်များနှင့် ဆက်သွယ်နိုင်သည်ဟု ထျန်းယန်မြို့သခင်ကပြောခဲ့သည်။  ရီဖူရှင်းသည် မဟာအင်ပါယာများစွာ၏ ဝိညာဉ်စွမ်းအားများကို ဆက်ခံရရှိခဲ့သော်လည်း ရှေးဟောင်းနတ်ဘုရားကလန်၏ ရှေးဟောင်းမဟာအင်ပါယာများသည် မည်သည့်ပုံစံရှိသည်ကို သူရှင်းရှင်းလင်းလင်းမသိပေ။

သို့သော် ကိစ္စတစ်ခုမှာ သေချာသည်။ ရှေးဟောင်းနတ်ဘုရားကလန်သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းနိုင်ခဲ့သဖြင့် နတ်ဘုရားများ၏စွမ်းအားကို ပိုင်ဆိုင်ကြသည်ဟု ကျော်ကြားသည်။ သို့ဖြစ်လျှင် သူတို့ပိုင်ဆိုင်ထားသည်မှာ မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားအနည်းငယ်သာ မဖြစ်နိုင်ပေ။ ၎င်းသည် စီဝေ့ကြယ်ကောင်းကင်နှင့် ဆင်တူနိုင်သည်။

ထို့ကြောင့် ဝမ်ရှောင်သည် မြို့သခင်ရုံးတော်အတွင်း၌ ရပ်နေစဉ်တွင် အတွေးတစ်ချက်ဖြင့် ပြောင်းလဲသွားခြင်းဖြစ်သည်။ သူသည် မဟာအင်ပါယာကို နှိုးလိုက်သကဲ့သို့ပင်။

ရီဖူရှင်းပေါ်သို့ ကြောက်မက်ဖွယ် အရှိန်အဝါဖိအားတစ်ခု ကျဆင်းလာသည်။ ဝမ်ရှောင်က သူ့ကို စိုက်ကြည့်နေ၏။ လူအားလုံးသည် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ရီဖူရှင်း၏ရန်သူများဖြစ်သော ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် ဝမ်ရှောင်က ရီဖူရှင်းကို အပိုင်းပိုင်းဖြတ်ပစ်နိုင်ရန်ပင် မျှော်လင့်နေကြသည်။ ထိုသို့လုပ်လိုက်လျှင် ကတိပေးထားသည်ကို ဖောက်ဖျက်လိုက်သလို ဖြစ်သွားမည် ဖြစ်သော်လည်း ထိုကိစ္စသည် သူတို့နှင့် မဆိုင်ပေ။

ရီဖူရှင်းက ခေါင်းမော့၍ ဝမ်ရှောင်ကို ကြည့်လိုက်သည်။ သူသည် အတန်ငယ် မျက်မှောင်ကြုတ်နေပြီး သူ့ခန္ဓာကိုယ်ကို မဟာလမ်းစဉ် နတ်အလင်းများက ဝန်းရံထားသည်။

“မင်းက ရှုံးသွားပြီးပြီပဲ... အခုလိုလုပ်ဖို့ မလိုဘူးမလား။ ဒါမှမဟုတ် မြို့သခင်ရုံးတော်က ပြိုင်ဘက်ပီသမှုမရှိဘဲ ကောင်းကင်ဒေသကလည်း အရှုံးကိုလက်ခံဖို့ မာနကြီးလွန်းနေတာလား”

အေးစက်စက်အသံတစ်ခုက ပြောလိုက်သည်။ ထိုအသံနှင့်အတူ ပို၍ပင်အားကောင်းသော အရှိန်အဝါဖိအားတစ်ခု ထွက်ပေါ်လာ၏။ နောက်ဆုံးတွင် ထိုဖိအားသည် အင်ပါယာအရှိန်အဝါကို ပြန်တွန်းလှန်လိုက်သည်။

လူများသည် ထိုသို့ပြောလိုက်သူကို ကြည့်လိုက်ကြ၏။ ထိုသူမှာ စကားပြောခဲလှသည့် မိစ္ဆာသူတော်စင် မိုချင်းကောဖြစ်သည်။

ဝမ်ရှောင်က ရီဖူရှင်းကို စိုက်ကြည့်နေဆဲဖြစ်သော်လည်း မလှုပ်ရှားသေးပေ။ ရီဖူရှင်းက သူ့ကို အရေးမစိုက်သည့်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ သူသည် အတွေးတစ်ချက်ဖြင့်ပင် ပို၍မြင့်သောကောင်းကင်ထက်သို့ ရောက်သွား၏။ ထိုအရှိန်အဝါဖိအားသည် သူ့ကိုမထိန်းချုပ်ထားနိုင်သည့်ပုံပင်။

“ငါ ဒီနေ့ ဝမ်ရှောင်ကို အနိုင်ယူနိုင်တယ်... ပြီးတော့ နောက်နေ့မှာ ငါ ကောင်းကင်ဒေသက အင်အားစုတွေအကုန်လုံးကို အနိုင်ယူနိုင်တယ်”

ရီဖူရှင်း အော်ပြောလိုက်သည်။

“စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ချင်တဲ့သူ ဘယ်သူမဆို ထိုက်ချူတော်ဝင်မြေက မင်းတို့အတွက် သတိပေးချက်ပဲ”

ရီဖူရှင်းက ထိုသို့ပြောပြီးသောအခါ သူရှိနေရာနေရာမှ ‌ပျောက်ကွယ်သွား၏။ သူသည် ခြေရာလက်ရာတစ်ခုပင် မကျန်ခဲ့စေဘဲ ပဋိပက္ခဖြစ်နေသောဤနေရာကို နောက်တွင်ချန်ခဲ့ပေပြီ။

သို့သော် သူ၏အသံသည် ထျန်းယန်မြို့တစ်ခွင်လုံးတွင် အဆုံးမဲ့ ပဲ့တင်ထပ်နေသည်။

အကယ်၍ သူသည် ယနေ့တွင် ဝမ်ရှောင်ကို အနိုင်ယူနိုင်ခဲ့လျှင် အနာဂတ်တွင် ကောင်းကင်ဒေသမှ အင်အားစုအားလုံးကို အနိုင်ယူနိုင်သည်။ ထိုစကားသည် စိတ်ကြီးဝင်နေသောစကားဟု ထင်ရသော်လည်း အမှန်ပင်ဖြစ်သည်။

သူသည် ရန်ဟောင်အဆင့်ကိုး ကျင့်ကြံသူတစ်ဦးသာဖြစ်သည်။ အကယ်၍ သူသာ ပထမကောင်းကင်ကပ်ဘေးကို ကျော်လွှားပြီးခဲ့လျှင် သူ၏တိုက်ခိုက်စွမ်းရည်သည် မည်မျှသန်မာလာလောက်မည်နည်း။

သူသာ ဒုတိယကောင်းကင်ကပ်ဘေးကိုသာ ကျော်လွှားပြီးခဲ့လျှင် ကောင်းကင်ဒေသမှ မည်သူသည် သူနှင့်ယှဉ်ပြိုင်နိုင်တော့မည်နည်း။

“မင်းသာ မှော်နက်လောကနဲ့ နတ္တိအင်ပါယာဘုံတို့နဲ့ ပူးပေါင်းလိုက်တယ်ဆိုရင် ငါမင်းကို သေချာပေါက် သတ်ပစ်မယ်”

မြို့သခင်ရုံးတော်ထဲမှနေ၍ အလွန်စူးရှသောအသံတစ်သံသည် ကောင်းကင်နှင့်မြေကြီးကို ဖောက်ထွင်းသွားသည်။ ထိုအသံမှာ လှံအင်ပါယာတုယူ၏အသံဖြစ်သည်။ ထိုအသံသည် အလွန်စူးရှပြီး ကောင်းကင်နှင့်မြေကြီးတွင် ပဲ့တင်ထပ်နေကာ ရီဖူရှင်းကို သတိပေးနေသည်။

“မင်း မသတ်နိုင်ပါဘူး...”

ကောင်းကင်ထက်မှနေ၍ ပြန်ပြောလိုက်သံတစ်သံထွက်ပေါ်လာသည်။ ထိုအသံသည် ရီဖူရှင်း၏အသံပင်။

ဝမ်‌ရှောင်သည် သူ့ကိုအနိုင်မယူနိုင်ခဲ့ပေ။

ထို့အပြင် သူ၏အမြင်တွင် အရှင်ဒွန်ဟောင်၏ တပည့်ရင်းဖြစ်သော လှံအင်ပါယာတုယူသည်လည်း သူ့ကိုအနိုင်ယူနိုင်မည်မဟုတ်ဟု မြင်သည်။

အသံထွက်ပေါ်လာသော်လည်း ရီဖူရှင်း၏အရိပ်အယောင်မျှပင် မမြင်ရချေ။ မိုချင်းကောနှင့် ဟွာယွင်ထင်းတို့သည် ထိုအခြင်းအရာကိုမြင်လိုက်သောအခါ ပြုံးလျှက်ပြောလိုက်သည်။

“ဒီနေ့ ငါတို့ ဒီကိုလာရတာနဲ့ ထိုက်တန်တဲ့ အဖြစ်အပျက်တစ်ခုကို မြင်ခဲ့ရပြီ။ အခု ငါတို့လည်း ကိုယ့်လမ်းကိုယ် သွားတော့မယ်”

ထိုသို့ပြောလိုက်ပြီးသည်နှင့် အဓိကလောကြီးနှစ်ခုမှ ကျင့်ကြံသူများသည် ဆက်၍တိုက်ခိုက်မနေတော့ဘဲ ပြန်ဆုတ်ခွာသွားကြသည်။

မြို့သခင်ရုံးတော်အတွင်း၌ ကောင်းကင်ဒေသမှ ကျင့်ကြံသူများသာ ကျန်ခဲ့သည်။

ဝမ်ရှောင်သည် ကောင်းကင်ထက်တွင် ဆက်၍ရပ်နေ၏။ သူသည် ထိုတိုက်ပွဲမှနေ၍ ပြန်အသိစိတ်မကပ်သေးပုံပင်။

ထိုအချိန်တွင် အောက်ဘက်၌ ရှန်ကလန်၏ ကလန်ခေါင်းဆောင်နှင့် နေမင်းနတ်တောင်တို့၏ ဆရာသခင်တို့သည် တစ်ချိန်တည်းမှာပင် ဆက်သွယ်ရတနာတစ်ခုကို ထုတ်လိုက်ကြ၏။ ထို့နောက်တွင် သူတို့နှစ်ဦးစလုံးသည် ရုတ်တရက်ထရပ်လိုက်ကြ၏။ သူတို့၏မျက်နှာများပေါ်တွင် လွန်စွာတုန်လှုပ်နေသော အရိပ်အယောင်များ ရှိနေ၏။

ဝုန်း...

သူတို့သည် ခေါင်းမော့၍ ကောင်းကင်ထက်သို့ ‌အော်ပြောလိုက်ရာ သူတို့ထံမှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။

“ရီဖူရှင်း...”

သို့သော် မည်သူမှ ပြန်မဖြေပေ။

“ရီဖူရှင်းက စီဝေ့ကြယ်ကောင်းကင်က ကျင့်ကြံသူတွေကို စေလွှတ်ပြီး ရှန်ကလန်ကို အလစ်ဝင်တိုက်ခိုင်းခဲ့တယ်”

“ပြီးတော့ နေမင်းနတ်တောင်ကိုရောပဲ”

ထိုလူနှစ်ဦးထံမှ သတင်းများသည် လူအားလုံးကို ရင်ခုန်မြန်သွားစေသည်။ ရီဖူရှင်းသည် သူတို့ထင်ထားသည်ထက် အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ ထို့ကြောင့် ရီဖူရှင်းသည် ဤနေရာသို့မလာခင်ကတည်းက အရာအားလုံးကို ပြင်ဆင်ထားခဲ့ခြင်းဖြစ်ရပေမည်။ သူတို့သည် စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်မည့် သူတို့၏ရည်ရွယ်ချက်ကို ထုတ်ပြလိုက်သည်နှင့် ရီဖူရှင်းက ချက်ချင်းလှုပ်ရှားခဲ့၏။

ထျန်းယန်မြို့သခင်သည် ထိုလူနှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် ခေါင်းမော့၍ အော်ခေါ်လိုက်သည်။

“ဝမ်ရှောင်...”

ဝမ်ရှောင်က ဦးညွှတ်၍ ထျန်းယန်မြို့သခင်ကို ကြည့်လိုက်သည်။

“ဒီနေ့တိုက်ပွဲက ရှက်ရမယ့် တိုက်ပွဲတစ်ခုမဟုတ်ဘူး။ မင်းက မဟာအင်ပါယာရဲ့ အမွေခံ... ငါတို့မိသားစုရဲ့ အထူးချွန်ဆုံးလူပဲ။ ဒီရှုံးနိမ့်မှုက မင်းရဲ့ဂုဏ်သတင်းကို စွန်းထင်းစေမှာမဟုတ်ဘူး... ဒါက တိုက်ပွဲလေးတစ်ခုပါပဲ”

ထျန်းယန်မြို့သခင်က ကျယ်လောင်စွာပြောလိုက်သည်။ သူ ဆက်ပြောလိုက်၏။

“ပြီးတော့ မင်းက ဒီတိုက်ပွဲထဲမှာ မင်းရဲ့အစွမ်းကုန် ထုတ်သုံးခဲ့တာ မဟုတ်ဘူး... မဟုတ်ရင် ရီဖူရှင်းက သေချာပေါက် သေသွားမှာပဲ”

“ဝမ်ရှောင်... မင်းက ထျန်းယန်မြို့မှာ မဟာအင်ပါယာအဆင့်လက်နက်တွေနဲ့ ဆက်သွယ်နိုင်တဲ့ တစ်ဦးတည်းသောသူပဲ။ မင်း ရှုံးနိမ့်သွားရင်တောင် မင်းက ပြိုင်ဘက်ကင်းပဲ... မဟာအင်ပါယာတွေကလွဲလို့ ဘယ်သူမှ မင်းနဲ့ မယှဉ်နိုင်ဘူး။ အခု မဟာအင်ပါယာအဆင့်လက်နက်တွေကို ဆင့်ခေါ်ပြီးတော့ စီဝေ့ကြယ်ကောင်းကင်ကို သွားတိုက်ခိုက်ပြီး ရီဖူရှင်းကို သတ်လိုက်ပြီး မင်းရဲ့ရှုံးနိမ့်ခဲ့မှုကို ပြန်ပြီးသင်ပုန်းချေလိုက်”

သူ၏အသံသည် ထျန်းယန်မြို့တစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေပြီး လူအားလုံးကို အပြင်းအထန် ရင်ခုန်စေနေသည်။

မည်မျှ ဆုံးဖြတ်ချက်ပြတ်သား၍ ရက်စက်သော ထျန်းယန်မြို့သခင်ပေနည်း။

***

All Chapters