စီဝေ့ကြယ်ကောင်းကင်၏ဘေးဒုက္ခ
Vol. 180 Ch. 2569
ထျန်းယန်မြို့သခင်သည် ဝမ်ရှောင်ရှုံးနိမ့်သွားသောအခါ သူအလွန်စိတ်ဓာတ်ကျသွားမည်စိုးသဖြင့် သူ့အား မဟာအင်ပါယာအဆင့်လက်နက်များကိုဆင့်ခေါ်၍ စီဝေ့ကြယ်ကောင်းကင်ကိုတိုက်ခိုက်ကာ ရီဖူရှင်းအား သတ်ပစ်ပြီး သူ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ရန် တာဝန်ပေးလိုက်ခြင်းပင်။
ဝမ်ရှောင်သည် မဟာအင်ပါယာအဆင့်လက်နက်များနှင့် ဆက်သွယ်နိုင်သဖြင့် မဟာအင်ပါယာများအောက်တွင် သူသည် ပြိုင်ဘက်ကင်းဖြစ်သေးသည်ဟု သူပြောခဲ့သည်။ သူသည် ထိုသို့ပြော၍ ဝမ်ရှောင်ကို အားပေးကာ စိတ်ဓာတ်တက်ကြွလာအောင် လုပ်လိုက်ခြင်းပင်။
မြို့သခင်ရုံးတော်တစ်ခုလုံးသည် လုံးဝစိတ်ဓာတ်ကျနေကြသည်။ ထျန်းယန်မြို့၏ နှစ်တစ်ရာလျှင် တစ်ကြိမ်သာကျင်းပသော ဤပွဲတော်သည် ရီဖူရှင်းမရောက်လာခင်အထိ ပြီးပြည့်စုံနေခဲ့သည်။ အရာအားလုံးသည် ထျန်းယန်မြို့သခင် မျှော်လင့်ထားသကဲ့သို့ ဖြစ်ပျက်နေခဲ့သည်။
သို့သော် ရီဖူရှင်း ရောက်လာပြီးနောက်တွင် အရာအားလုံးသည် တလွဲတချော်ဖြစ်ကုန်သည်။
ယခုတွင် သူတို့သည် စီဝေ့ကြယ်ကောင်းကင်ကို မြေလှန်ဖျက်ဆီးပစ်ပြီး ရီဖူရှင်းကို သတ်ပစ်ခြင်းသည် ရီဖူရှင်း ထျန်းယန်မြို့၏ပွဲတော်ကို ထိခိုက်စေခဲ့မှုကို ပြန်ထေနိုင်ရန်လုံလောက်,လောက်သည်ဟု မျှော်လင့်နေရသည်။
ကောင်းကင်ဒေသမှ ကျင့်ကြံသူများစွာသည် ထျန်းယန်မြို့သခင်ကို ကြည့်နေကြသည်။ ထိုဆုံးဖြတ်ချက်သည် အလျင်စလိုချလိုက်ခြင်းဖြစ်ပြီး ယင်းဆုံးဖြတ်ချက်၏ ရက်စက်မှုကို မမျှော်လင့်ထားကြပေ။ သူသည် ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုကို ဦးဆောင်နေသူဖြစ်နေသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ပေ။
ထိုအခိုက်တွင် ထျန်းယန်မြို့သခင်သည် လူအုပ်ကို ဝေ့ဝဲကြည့်လျှက် ပြောလိုက်သည်။
“ခင်ဗျားတို့အရင်က ပြောခဲ့သလိုပဲ ရီဖူရှင်းက အခု ကောင်းကင်ဒေသကလူတိုင်းအတွက် စိုးရိမ်စရာဖြစ်နေပြီဆိုတော့ သူ့ကိုသတ်ပစ်မှရမယ်။ သူ့ကိုသာမသတ်ပစ်ဘူးဆိုရင် အနာဂတ်မှာ သူက ကောင်းကင်ဒေသအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာပဲ။ တခြားနေမြေဘယ်နှစ်ခုလောက် ထိုက်ချူတော်ဝင်မြေလိုမျိုး တွေ့ကြုံရမလဲဆိုတာ ဘယ်သူမှမပြောနိုင်ဘူး။ အခုတောင် သူက ရှန်ကလန်နဲ့ နေမင်းနတ်တောင်ကို အလစ်ဝင်တိုက်ခိုက်ခဲ့ပြီးပြီ။ အဲဒီတိုက်ခိုက်မှုမှာ သေဆုံးသူဘယ်နှစ်ယောက် ရှိခဲ့လဲဆိုတာ ဘယ်သူပြောနိုင်မှာလဲ”
“ထျန်းယန်မြို့က အရင်ကပေးထားတဲ့ ကတိကိုတည်မှာပါ။ အရှင်ထျန်းယန်ရဲ့ အမွေခံ ဝမ်ရှောင်က မဟာအင်ပါယာအဆင့်လက်နက်တွေနဲ့ ဆက်သွယ်နိုင်တဲ့ တစ်ဦးတည်းသောသူပဲ။ သူက မဟာအင်ပါယာအဆင့်လက်နက်တွေကို ဆင့်ခေါ်ပြီးတော့ ထျန်းယန်မြို့က ကျင့်ကြံသူတွေကို ဦးဆောင်ပြီး စီဝေ့ကြယ်ကောင်းကင်ကို နှိမ်နင်းမှာပါ။ စီဝေ့ကြယ်ကောင်းကင်ကို နှိမ်နင်းမယ့်ကိစ္စမှာ ကောင်းကင်ဒေသက အင်အားစုတွေက ပူးပေါင်းချင်တယ်ဆိုရင် ခင်ဗျားတို့ရဲ့ လူတွေကို ချက်ချင်းလှုပ်ရှားခိုင်းလိုက်ပါ။ ကျုပ်တို့ စီဝေ့ကြယ်ကောင်းကို သွားပြီးမတိုက်ခင် ထျန်းယန်မြို့မှာ စုဝေးကြမယ်”
ထျန်းယန်မြို့သခင်၏စကားသည် ကောင်းကင်ကိုတုန်ခါသွားစေ၏။ သူ၏ပြတ်သားသောအသံသည် ထျန်းယန်မြို့တစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေသည်။ ထိုအသံတွင် အားကောင်းသော သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ပါဝင်၏။
ဝမ်ရှောင်သည် မဟာအင်ပါယာအဆင့်လက်နက်များနှင့်အတူ ထျန်းယန်မြို့ကိုဦးဆောင်၍ စီဝေ့ကြယ်ကောင်းကင်ကို သွားရောက်ဖျက်ဆီးမည်ဖြစ်သည်။
“တကယ်လို့ ကျွန်တော်တို့ စီဝေ့ကြယ်ကောင်းကင်ကို သွားပြီးတိုက်ခိုက်ရင် ရီဖူရှင်းက ဒီနေ့လုပ်ခဲ့သလိုပဲ သူ့လူတွေကို ဦးဆောင်ပြီး အလစ်ဝင်တိုက်တာတွေ ဆက်မလုပ်လောက်ဘူးလား”
တစ်စုံတစ်ယောက်က မေးလိုက်သည်။
“ဟင့်အင်း... အခုလက်ရှိမှာ စီဝေ့ကြယ်ကောင်းကင်က သူ့ရဲ့နေရာပဲ။ အဲဒီမှာမှ သူက အရှင်စီဝေ့ရဲ့ဝိညာဉ်စွမ်းအားကို ထုတ်သုံးနိုင်တာ။ အခု သူက ကျုပ်တို့တိုက်ခိုက်မှာကို သိသွားပြီဆိုတော့ ရီဖူရှင်းက စီဝေ့ကြယ်ကောင်းကင်နေပြီး အလွယ်တကူထွက်သွားမှာမဟုတ်ဘူး။ မဟုတ်ရင် သူက စီဝေ့ကြယ်ကောင်းကင်ကို လုံဝလက်လျှော့လိုက်သလို ဖြစ်သွားလိမ့်မယ်... ဒီလိုဆို စီဝေ့ကြယ်ကောင်းကင်က ကျင့်ကြံသူတွေ ဘယ်လိုဖြစ်သွားမလဲ”
ထျန်းယန်မြို့သခင်က ဆက်ပြောလိုက်သည်။
“သူသာ ပုန်ကန်ပြီး မှော်နက်လောက ဒါမှမဟုတ် နတ္တိအင်ပါယာဘုံတို့နဲ့ ပူးပေါင်းဖို့ မဆုံးဖြတ်ခဲ့ဘူးဆိုရင်ပေါ့လေ...”
“အာ..ဟား...”
ကျင့်ကြံသူအားလုံး ခေါင်းညိတ်လိုက်ကြ၏။
စီဝေ့ကြယ်ကောင်းကင်တွင် ရီဖူရှင်းသည် အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်ပြီး မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့သူများကိုပင် သတ်ပစ်နိုင်စွမ်းရှိသည်။ ထိုအကြောင်းကို သူတို့သိရှိထားပြီးဖြစ်သည်။ ထိုကဲ့သို့ စွမ်းအားကြီးခုခံစွမ်းအားကြောင့် ရီဖူရှင်းသည် စီဝေ့ကြယ်ကောင်းကင်မှ ထွက်ခွာလိုမည်မဟုတ်ပေ။
အကယ်၍ အခြားအင်အားစုနှစ်စုနှင့် ပူးပေါင်းရန်သာမဟုတ်လျှင် စီဝေ့ကြယ်ကောင်းကင်မှ ထွက်သွားခြင်းသည် ကိုယ့်ကိုယ်ကို သတ်သေသကဲ့သို့ပင်ဖြစ်သည်။ ကောင်းကင်ဒေသမှ အင်အားစုများသည် သူတို့ကိုဖျက်ဆီးပစ်လိုနေကြသည်။ ရီဖူရှင်းသည် သူ့ကိုယ်သူထည့်မတွက်လျှင်ပင် အခြားသူများအတွက် မည်သို့လုပ်မည်နည်း။ သူတို့ မည်သို့လွတ်မြောက်နိုင်မည်နည်း။
လေးမျက်နှာကျေးရွာသို့ပြေးရန်မှာလည်း ဆရာသခင်နှင့် အရှင်ဒွန်ဟောင်တို့သည် သဘောတူညီမှုတစ်ခု လုပ်ထားသည်။ ဆရာသခင်ဝင်မပါသ၍ အရှင်ဒွန်ဟောင်နှင့် အင်ပါယာနန်းတော်သည်လည်း ဝင်ပါမည်မဟုတ်ပေ။ သို့သော် လေးမျက်နှာကျေးရွာမှ ဆရာသခင်သာ ဝင်ပါခဲ့လျှင် အရှင်ဒွန်ဟောင်ကို ရှင်းပြရခက်သွားမည်ဖြစ်သည်။
သို့သော် ထိုကိစ္စအားလုံးကို စိတ်ပူရန်မလိုပေ။ ယခုတွင် ဝမ်ရှောင်သည် မဟာအင်ပါယာအဆင့်လက်နက်များ၏အကူအညီဖြင့် အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားရှိသော ရီဖူရှင်းကို အနိုင်ယူနိုင်မည်၊ မယူနိုင်မည်အပေါ်တွင်သာ မူတည်သည်။ သူသာထိုသို့လုပ်နိုင်ခဲ့လျှင် စီဝေ့ကြယ်ကောင်းကင်သည် ဖျက်ဆီးခံလိုက်ရမည်သာဖြစ်သည်။
စီဝေ့ကြယ်ကောင်းကင်သည် ထိုက်ချူတော်ဝင်မြေကဲ့သို့သော ကောင်းကင်ဒေသရှိ အင်အားစုတစ်ခုကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားရှိနိုင်သော်လည်း ကောင်းကင်ဒေသမှ အင်အားစုများ ပူးပေါင်းထားသော အဖွဲ့တစ်ဖွဲ့ကို ယှဉ်နိုင်ရန်အတွက်မူ များစွာလိုအပ်ပေလိမ့်ဦးမည်။
သူတို့၏အနာဂတ်သည် သေခြင်းသာဖြစ်သည်။
ရှီချီယောင် အတန်ငယ် မျက်မှောင်ကြုတ်လိုက်၏။ ထျန်းယန်မြို့၏ ယခုတစ်ခေါက်ပွဲတော်သည် ဝမ်ရှောင်တစ်ယောက် စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးနိုင်ရန် အရှိန်ဖန်တီးပေးရန်အတွက်ဖြစ်သည်။ ရီဖူရှင်းသည် ထိုအရှိန်ကို ဖိနှိပ်နိုင်ခဲ့သော်လည်း မြို့သခင်၏ဆုံးဖြတ်ချက်ကိုမူ မပျက်ပြားသွားစေပေ။
ရလဒ်သည် မပြောင်းလဲသေးပေ။
ထိုအခြေအနေအောက်တွင် သူမအနေဖြင့် ရီဖူရှင်းကို ကူညီရန် ခက်ခဲ၏။
“စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်ရမယ်...”
ဤအကြိမ်တွင် နန်ထျန်းကုန်းမြေမှ ဟောင်ထျန်းကလန်က ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။
“ဒီလိုသွားတိုက်မယ်ဆိုရင် ထျန်းယန်မြို့ကိုပဲ ဦးဆောင်ခိုင်းရမှာပဲ”
ယွမ်ရှစ်ကုန်းမြေမှ ယွမ်ရှစ်နန်းတော်က ထပ်ဖြည့်ပြောလိုက်သည်။
ထို့နောက်တွင် အင်အားစု တစ်စုပြီးတစ်စုသည် တူညီသော ခံယူချက်များကို ထုတ်ပြလိုက်ကြ၏။ စီဝေ့ကြယ်ကောင်းကင်ကို အရင်ဆုံး ဖျက်ဆီးလိုခဲ့သည်မှာ ရှေးဟောင်းနတ်ဘုရားကလန်ဖြစ်သည်။
အဓိကရှေးဟောင်းနတ်ဘုရားကလန်များ ပါဝင်လာသဖြင့် အခြားအဓိကအင်အားစုအနည်းငယ်သညလည်း ထိုတိုက်ခိုက်မည့်အစီအစဉ်အတွင်းသို့ ပူးပေါင်းပါဝင်လာကြသည်။
ရှီချီယောင်သည် ထိုနေရာတွင် တိတ်တဆိတ်ထိုင်၍ ဖြစ်ပျက်နေသည့်အရာအားလုံးကို စောင့်ကြည့်နေသည်။ ထိုရှေးဟောင်းနတ်ဘုရားကလန်များသည် ရီဖူရှင်းကိုသတ်ပစ်ရန် ထိုမှတက်ကြွနေခြင်းမှာ သူတို့၏ရန်ငြိုးများကြောင့်သာ မဟုတ်ကြောင်း သူမနားလည်သွားသည်။ အမှန်တွင် သူတို့နှင့် ရီဖူရှင်းအကြားရှိ ရန်ငြိုးများသည် ထင်ထားသလောက် မနက်ရှိုင်းပေ။ သူတို့သည် တစ်ကြိမ်သာရန်ငြိုးရှိခဲ့ခြင်းဖြစ်ပြီး သူတို့သာ ထိုရန်ငြိုးကို ဖြေရှင်းလိုလျှင် ဖြေရှင်းနိုင်သည်။
သူတို့ စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်လိုနေကြခြင်းမှာ ရီဖူရှင်းနှင့်ရန်ငြိုးရှိ၍သာမဟုတ်ဘဲ ရီဖူရှင်း၏တိုးတက်မှုသည် သူအုပ်ချုပ်သော စီဝေ့ကြယ်ကောင်းကင်ကို ရှေးဟောင်နတ်ဘုရားကလန်များအား သိသိသာသာခြိမ်းခြောက်နိုင်သော အင်အားစုတစ်စု ဖြစ်လာစေမည်ဖြစ်သောကြောင့်ဖြစ်သည်။
ကျင့်ကြံခြင်းလောကသည် အားကြီးသူသာနိုင်စတမ်းဟူသော စည်းမျဉ်းပေါ်တွင် လည်ပတ်နေခြင်းဖြစ်ပြီး အဓမ္မလုယက်ခြင်းများသည် သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စများသာဖြစ်သည်။ သူတို့သည် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ကို အထွတ်အထိပ်သို့မရောက်ခင်တွင် သတ်ပစ်နိုင်သည်။
ထို့အပြင် သူတို့သည် ရှန်ကလန်နှင့် နေမင်းနတ်တောင်တို့ကဲ့သို့ ရီဖူရှင်း အလစ်ဝင်တိုက်ခိုက်ကာ လက်စားချေမည်ကို မကြောက်ပေ။ ရီဖူရှင်းတစ်ယောက် အထွတ်အထိပ်သို့ မရောက်ခင်၊ သူတို့အတွက်အန္တရာယ်များစွာမရှိခင်မှာပင် သူ့ကိုသတ်ပစ်ရမည်ဖြစ်သည်။ အကယ်၍ သူတို့သာ ရီဖူရှင်း မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်လွှားပြီးသည့်အချိန်အထိ စောင့်နေခဲ့လျှင် သူ့ကိုသတ်ရန် ပိုခက်ခဲသွားပေလိမ့်မည်။
“အနောက်အင်ပါယာနန်းတော်နဲ့ တခြားအင်အားစုတွေကရော ဘယ်လိုလဲ။ ခင်ဗျားတို့က ဝင်မပါချင်ဘူးလား”
ထိုသို့မေးလိုက်သူမှာ ဟောင်ထျန်းကလန်၏ ကလန်ခေါင်းဆောင်ဖြစ်သည်။ သူ၏အကြည့်များသည် အနောက်အင်ပါယာနန်းတော်၏ နန်းတော်သခင်ပေါ်သို့ ကျရောက်နေသည်။ သူမေးလိုက်၏။
“အခု စီဝေ့ကြယ်ကောင်းကင်က ကောင်းကင်ဒေသရဲ့ ဘုံရန်သူဖြစ်သွားပြီဆိုတော့ သူတို့ကိုအပြစ်ပေးဖို့ ကောင်းကင်ဒေသက အင်အားစုတွေအကုန်လုံး ပူးပေါင်းသင့်တယ်မလား။ ကောင်းကင်ဒေသရဲ့ ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုအနေနဲ့ အနောက်အင်ပါယာနန်းတော်က အားလုံးနဲ့ဆန့်ကျင်ပြီး ရီဖူရှင်းဘက်မှာ နေချင်လို့လား”
“ပြီးတော့ ကောင်းကင်ဒေသက ကုန်းမြေသခင်အိမ်တော်တွေအားလုံးနဲ့ တခြားအင်အားစုတွေရောပဲ... မဟာအင်ပါယာက ကရုဏာကြီးလို့ ဒီကိစ္စမှာဝင်မပါဘူးလို့ ကတိပေးခဲ့တာ။ ဒါပေမဲ့ ခင်ဗျားတို့အားလုံးက ဒီဆူးခလုတ်ကို ဖယ်ရှားဖို့ အင်ပါယာနန်းတော်ကို မကူညီပေးချင်ကြဘူးလား”
ထိုအင်အားစုများသည် ယင်းကိစ္စတွင် ဝင်ပါရန် ဆုံးဖြတ်ခဲ့ပြီဖြစ်သဖြင့် အခြားအင်အားစုများ ဘေးမှသာ ရပ်ကြည့်နေသည်ကို မရှုစိမ့်နိုင်ဖြစ်နေကြခြင်းပင်။ သူတို့သည် ကောင်းကင်ဒေသအတွင်းမှ အင်အားစုအားလုံးကို ပူးပေါင်းလာစေလိုနေကြသည်။ ထိုမှသာ ရီဖူရှင်းနှင့် စီဝေ့ကြယ်ကောင်းကင်သည် ကောင်းကင်ဒေသတစ်ခုလုံးနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး သူ၏အန္တရာယ်ကို လျှော့ချနိုင်မည်ဖြစ်သည်။
သူတို့သည် ရီဖူရှင်းကို သတ်ရန်မလုပ်ခဲ့လျှင်လည်း ရီဖူရှင်းသည် ကောင်းကင်ဒေသတစ်ခုလုံး၏ ဘုံရန်သူဖြစ်နေပြီဖြစ်ရာ အင်ပါယာနန်းတော်သည် မည်သို့မှမလုပ်ဘဲ ဘေးမှသာရပ်ကြည့်နေနိုင်ပါမည်လော။
ရှီချီယောင်၏ လှပသောမျက်လုံးများထဲတွင် မကျေနပ်သောအကြည့်တစ်ချက် ဖြတ်သန်းသွားသည်။ ထိုဟောင်ထျန်းကလန်သည် သူများကိစ္စတွင် အတော်လေးဝင်ရှုပ်လွန်းသည်။
အနောက်အင်ပါယာနန်းတော်၏ နန်းတော်သခင်သည် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင် အနောက်ပင်လယ်ကုန်းမြေ၏ ကုန်းမြေသခင်ရှီဟိုင်က ကြားမှဖြတ်ပြောလိုက်သည်။
“ရီဖူရှင်းက အနောက်အင်ပါယာနန်းတော်ကို ကိုယ်တိုင်သွားပြီး ဆေးလုံးတွေသွားပေးခဲ့တယ်လို့ ကျုပ်ကြားတယ်... နန်းတော်သခင်က သူ့ကို ကိုယ်တိုင်ကြိုဆိုခဲ့တာတဲ့... အခု ဒီအင်အားစုနှစ်စုက မဟာမိတ်ဖြစ်နေပြီလား”
“နှစ်ဖက်စလုံး အကျိုးရှိဖို့ပါ... အဲဒါထက် မပိုပါဘူး...”
အနောက်အင်ပါယာနန်းတော်မှ နန်းတော်သခင်သည် တည်ငြိမ်စွာကြည့်လျှက် ဆက်ပြောလိုက်သည်။
“ခင်ဗျားတို့ကို နတ်ဘုရားတစ်ဝက်ဆေးလုံးတွေလာပေးမယ်ဆိုရင်ရော ဘယ်သူကငြင်းမှာလဲ”
“ရှီချီယောင်က ရီဖူရှင်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့လို့ နောက်ပိုင်းမှာ နှစ်ဦးနှစ်ဘက် အကျိုးရှိခဲ့တာပဲ။ ဒါပေမဲ့ ဘာမဟာမိတ်မှ မဖွဲ့ပါဘူး။ ဒါပေမဲ့ အဲဒီဆက်ဆံရေးကြောင့် အခုအခိုက်မှာ အနောက်အင်ပါယာနန်းတော်အနေနဲ့ ဝင်ပါဖို့ မသင့်တော်ဘူးဖြစ်နေတယ်။ ခင်ဗျားတို့ရဲ့ အားထုတ်မှု အောင်မြင်ပါစေလို့ပဲ ကျုပ်ဆုတောင်းပေးနိုင်ပါတယ်”
အနောက်အင်ပါယာနန်းတော်၏ နန်းတော်သခင်သည် မည်သည်ကိုပြောရမည်၊ မည်သည်ကိုမပြောရမည်ကို သိသည်။ ရီဖူရှင်းသည် ကောင်းကင်ဒေသတစ်ခွင်လုံး၏ ကြဉ်ထားခြင်းကို ခံနေရသည်ဖြစ်ရာ သူတို့သည် မဟာမိတ်ဖွဲ့ထားသည်ဆိုသော လျှို့ဝှက်ကို ပေါက်ကြားသွားစေ၍မရပေ။ သို့သော် နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် ကိစ္စသာဆိုလျှင် ကောင်းကင်ဒေသမှ မည်သူသည် ထိုကိစ္စကို မည်သို့လုပ်နိုင်မည်နည်း။
“အခု အဲဒီကိစ္စကလည်း ပြီးသွားပါပြီ... အနောက်အင်ပါယာနန်းတော် ပြန်ပါတော့မယ်။ ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်တို့အကုန်လုံး အတော်လေး အထင်ကြီးခဲ့ရပါတယ်”
အနောက်အင်ပါယာနန်းတော်မှ နန်းတော်သခင်သည် ထျန်းယန်မြို့သခင်ကို လေးစားသမှုဖြင့် လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူသည် မင်းသမီးဒွန်ဟောင်ကိုကြည့်လျှက် ပြောလိုက်၏။
“မင်းသမီး... ကျုပ်တို့ ပြန်ပါတော့မယ်”
အနောက်အင်ပါယာနန်းတော်၏ နန်းတော်သခင်သည် ထိုသို့ပြောလိုက်ပြီးနောက် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများနှင့်အတူ ထွက်ခွာသွားလေတော့သည်။ သူသည် ကျန်အင်အားစုများနှင့်အတူ အရှုပ်အထွေးများကြားထဲ ဝင်မပါလိုပေ။
ရှီချီယောင်သည် သူတို့နှင့်အတူ ထွက်ခွာသွားသော်လည်း အနည်းငယ်စိုးရိမ်နေသည်။ ကောင်းကင်ဒေသမှ အရေးပါသောအင်အားစုအားလုံး မဟာမိတ်ဖွဲ့၍ စီဝေ့ကြယ်ကောင်းကင်ကို နှိမ်နင်းရန် စတင်ခြင်းသည် ဤတစ်ကြိမ်တွင် လွန်စွာအန္တရာယ်များနိုင်သည်။
အရှင်ဒွန်ဟောင် ကောင်းကင်ဒေသကို ပေါင်းစည်းစုရုံးပြီးနောက်ပိုင်းတွင် ထိုကဲ့သို့ကိစ္စမျိုးသည် ယခုမှ ပထမဆုံးအကြိမ်ဖြစ်လာခြင်းဖြစ်သည်။
ရှီချီယောင်သည် ထွက်ခွာသွားပြီးနောက်တွင် ချက်ချင်းပင် ရီဖူရှင်းကို ဆက်သွယ်၍ နောက်ဆုံးရသတင်းများကို သတင်းပို့လိုက်သည်။
ထျန်းယန်မြို့၏ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ၏ရလဒ်သည် ထိုသို့ဖြစ်လာမည်ကို သူကြိုမျှော်လင့်ထားသော်လည်း ထိုရလဒ်ကို အတည်ပြုပြီးသွားသောအခါ ရီဖူရှင်းသည် ခံစားချက်လေးလံသွား၏။ မကြာခင်တွင် စီဝေ့ကြယ်ကောင်းကင်သည် ကောင်းကင်ဒေသတစ်ခုလုံး၏ ဝန်းရံတိုက်ခိုက်မှုကို ခံရတော့ပေမည်။
သို့သော် သူသည် အညံ့ခံရန် ဆန္ဒမရှိပေ။ ကိစ္စများသည် ယခုကဲ့သို့ဖြစ်လာပြီဖြစ်ရာ သူသည် သူတို့ကို ထိပ်တိုက်ရင်ဆိုင်ရုံသာ ရှိတော့သည်။
သူသည် ထိုကဲ့သို့ ဘေးကျပ်နံကျပ်အခြေအနေကို ယခုမှ ပထမဆုံးအကြိမ်ကြုံဖူးချင်း မဟုတ်ပေ။ သူသာ ဤဘေးဒုက္ခကြီးကို ရှင်သန်ကျော်လွှားနိုင်ခဲ့ပါက အနာဂတ်တွင် သူသည် ကောင်းကင်ဒေသရှိ ထိုအင်အားစုတစ်စုချင်းစီကို ပြန်လည်ပေးစပ်စေမည်ဖြစ်သည်။ အထူးသဖြင့် ထျန်းယန်မြို့ကို ပေးစပ်စေရမည်ဖြစ်သည်။
ရီဖူရှင်းက စီဝေ့ကြယ်ကောင်းကင်သို့ အလျင်အမြန်ပြန်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ဒေသမှ အဓိကအင်အားစုကြီးများသည် သူတို့၏အင်အားစုများကို စတင်လှုပ်ရှားစေလိုက်ပြီး ထျန်းယန်မြို့တွင် လာရောက်စုဝေးစေလိုက်သည်။ ကောင်းကင်ဒေသတစ်ခွင်လုံးကို လှုပ်ခတ်သွားစေမည့် တိုက်ပွဲကြီးကို စတင်ရန် ပြင်ဆင်နေကြပေပြီ။ ထျန်းယန်မြို့မှ ကျင့်ကြံသူများအားလုံးသည် မမျှော်လင့်ထားသည့် ကိစ္စဖြစ်လာခဲ့သဖြင့် ရင်တုန်၊ ပန်းတုန်ဖြစ်နေကြသည်။
သူတို့သည် ထျန်းယန်မြို့တွင် နှစ်တစ်ရာလျှင်တစ်ကြိမ်ကျင်းပသော ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲသည် ပွဲတော်တစ်ခုအဖြစ်မှနေ၍ ယခုသူတို့ကြုံတွေနေရသည့် အရေးပေါ်အခြေအနေသို့ ပြောင်းလဲသွားလိမ့်မည်ဟု တစ်ခါမှမမျှော်လင့်ခဲ့ဖူးပေ။
*****
ရီဖူရှင်းက စီဝေ့ကြယ်ကောင်းကင်သို့ ပြန်ပြီးနောက် တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့သည်။
သခင်ချန်နှင့် ဟွာဂျီယူတို့သည်လည်း ရှေ့ဆင့်နောက်ဆင့်ပြန်ရောက်လာကြပြီး သူတို့နှင့်အတူ ကျင့်ကြံသူများစွာ ခေါ်လာ၏။ ထိုသူများသည် ရှန်ကလန်နှင့် နေမင်းနတ်တောင်တို့မှ အရေးပါသောသူများဖြစ်ကြသည်။ သို့သော် ထိုအင်အားစုနှစ်စုမှ အရေးပါသောသူအများစုသည် ထျန်းယန်မြို့သို့ ရောက်နေခဲ့၏။ ထို့ကြောင့် သူတို့သည် ထိုအလစ်ဝင်တိုက်မှုကို လွတ်သွားကာ အဖမ်းမခံခဲ့ရခြင်းဖြစ်သည်။
ရီဖူရှင်းက သူ့ရှေ့ရှိ ကျင့်ကြံသူများကို အေးစက်စက်မျက်နှာထားဖြင့်ကြည့်လျှက် ပြောလိုက်၏။
“သူတို့ကို ချုပ်ထားလိုက်။ တကယ်လို့ ရှန်ကလန်နဲ့ နေမင်းနတ်တောင်က ဒီကိုလာမတိုက်ဘူးဆိုရင် သူတို့ကို စီဝေ့ကြယ်ကောင်းကင်မှာပင် ချုပ်ထားခံရမယ်။ တကယ်လို့ အဲဒီအင်အားစုနှစ်စုကသာ လာတိုက်ခဲ့ရင် သူတို့က အရင်ဆုံးသေရမယ့်သူတွေ ဖြစ်လိမ့်မယ်”
“ဟုတ်ကဲ့ပါ နန်းတော်သခင်”
ထိုအချိန်တွင် ရီဖူရှင်းက သတ်ဖြတ်လိုသောဆန္ဒများနှင့် ပြည့်နှက်နေပြီဖြစ်သည်။ ကောင်းကင်ဒေသမှ အင်အားစုများသည် သူတို့ကို ထိုသို့လာတိုက်တော့မည်ဖြစ်ရာ သူမည်သို့ အေးချမ်းနေနိုင်မည်နည်း။
“အဲဒီက အခြေအနေက ဘယ်လိုရှိလဲ”
သခင်ချန်သည် ရီဖူရှင်းကို မေးလိုက်သည်။
ရီဖူရှင်း အတန်ငယ် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“အခြေအနေကတော့ မကောင်းဘူး။ ကျွန်တော်တို့ စစ်ပွဲအတွက် ပြင်ဆင်ထားရမယ်။ စီဝေ့ကြယ်ကောင်းကင်က သမိုင်းတစ်လျှောက်လုံးမှာ အကြီးကျယ်ဆုံး ဘေးဒုက္ခနဲ့ ရင်ဆိုင်ရတော့မယ်”
သခင်ချန်သည် ရီဖူရှင်းကို တည်ငြိမ်စွာကြည့်လိုက်၏။ ရီဖူရှင်း၏လေသံအရ ထိုကိစ္စသည် မည်မျှစိုးရိမ်ရကြောင်း သူသိသည်။
“ဒီတစ်ခေါက် ရှေးဟောင်းနတ်ဘုရားကလန်တွေအပါအဝင် ကောင်းကင်ဒေသက အင်အားစုတွေအကုန်လုံးက စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ဖို့တစ်ခုအတွက်နဲ့ ပူးပေါင်းကြလိမ့်မယ်။ သူတို့ရဲ့ တပ်တွေက ထျန်းယန်မြို့ထဲမှာ စုဝေးနေကြပြီ”
ရီဖူရှင်းပြောလိုက်သည်။ သူ ထွက်ခွာခဲ့ပြီးနောက် မကြာခင်မှာပင် ရှီချီယောင်သည် သူ့ကို ထိုသတင်းလှမ်းပြောခဲ့ခြင်းပင်။
***