← Chapters

တစ်ကိုယ်တော်တိုက်ပွဲ

Vol. 180 Ch. 2570

တစ်ကိုယ်တော်တိုက်ပွဲ

Vol. 180 Ch. 2570

ထျန်းယန်မြို့တွင် ပွဲတော်ပြီးဆုံးသွားပြီဖြစ်သော်လည်း မည်သူမှ မြို့ထဲကထွက်မသွားသေးပေ။

မြို့တွင်းမှကျင့်ကြံသူများစွာသည် ကောင်းကင်ထက်သို့မော့ကြည့်လိုက်ရာ မြို့သခင်ရုံးတော်အနီးရှိနေရာသို့ ကောင်းကင်ထက်မှနေ၍ ကျင့်ကြံသူများ အဆက်မပြတ်ဆင်းသက်လာသည်ကို မြင်လိုက်ရ၏။ သူတို့သည် တောက်ပသောနတ်အလင်းများနှင့် ဆင်းသက်လာပြီး မြို့သခင်ရုံးတော်ထဲတွင် စုဝေးလိုက်ကြ၏။

လူအများစု စုဝေးနေရာ မြို့သခင်ရုံးတော်အပြင်ဘက်တွင် မျက်စိတစ်ဆုံးမြင်နိုင်သော လူပင်လယ်ကြီးတစ်ခု ရှိသည်။ သူတို့အားလုံးသည် တိုးဝှေ့၍ မြို့သခင်ရုံးတော်အတွင်းသို့ ကြည့်နေကြပြီး မြို့သခင်ရုံးတော်အထက်ရှိ ကောင်းကင်တွင် တပ်စခန်းများ ပေါ်ပေါက်လာသည်ကို တွေ့လိုက်ရ၏။ တပ်စခန်းတစ်ခုချင်းစီသည် ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုတစ်စုစီကို ကိုယ်စားပြုသည်။

ကောင်းကင်ဒေသမှ အင်အားစုအားလုံးသည် ထျန်းယန်မြို့သို့ အမြန်ဆုံးအရှိန်ဖြင့် လာရောက်စုဝေးနေကြသည်။ သူတို့သည် စီဝေ့ကြယ်ကောင်းကင်ကို ပြင်ဆင်ရန်အချိန် မပေးလိုပေ။ သူတို့သည် ထိုက်ချူတော်ဝင်မြေ၏ အမှားများကို ထပ်မလုပ်လိုတော့ဘဲ  စီဝေ့ကြယ်ကောင်းကင်ကို မြန်နိုင်သမျှမြန်မြန် ဖျက်ဆီးပစ်လိုနေသည်။

မင်းသမီးဒွန်ဟောင်၊ တုယူနှင့် အင်ပါယာနန်းတော်မှ အခြားကျင့်ကြံသူများသည်လည်း ထွက်ခွာမသွားသေးပေ။ သူတို့သည် ထိုနေရာတွင်ပင် ထိုင်ကာ သူတို့ရှေ့တွင် ဖြစ်ပျက်နေသောအရာအားလုံးကို ကြည့်ရှုနေကြသည်။ ကောင်းကင်ဒေသမှ အင်အားစုများသည် မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံတို့နှင့် ရင်ဆိုင်ခဲ့စဉ်ကပင် ထိုမျှ လျင်မြန်စွာမလှုပ်ရှားခဲ့ကြပေ။

ထျန်းယန်မြို့သခင်သည် ထိုင်မနေတော့ဘဲ ထရပ်ကာ အင်အားစုအသီးသီးမှ ကျင့်ကြံသူများ ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေသည်။ ထိုတိုက်ပွဲကို ရှောင်ရှား၍မရနိုင်တော့ပေ။ စီဝေ့ကြယ်ကောင်းကင်နှင့် ရီဖူရှင်းကို ဖျက်ဆီးပစ်ရပေမည်။ ရီဖူရှင်းသည် ဝမ်ရှောင်အတွက် အင်ပါယာဖြစ်လာရန် ကြိုးစားသည့်လမ်းတွင် နင်းတက်စရာတစ်ခု ဖြစ်လာပေလိမ့်မည်။ ရီဖူရှင်းကို သတ်လိုက်ခြင်းသည် ဝမ်ရှောင်၏ခေါင်းအတွင်း၌ ကျန်ရှိနေသောတိမ်မည်းများကို ဖယ်ရှားပေးမည်ဖြစ်သည်။

ထျန်းယန်မြို့သခင်သည် အဓိကအင်အားစုအားလုံး ရောက်ရှိလာသည်ကို တည်ငြိမ်စွာကြည့်နေသော်လည်း သူ့ရင်ထဲတွင် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေသည်။ သူသည် ဝမ်ရှောင်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ပြီးခဲ့သောတိုက်ပွဲတွင် ရှုံးနိမ့်သွားသော်လည်း သူ၏အနာဂတ်ကို ထိခိုက်စေနိုင်မည်မဟုတ်ပေ။ သူသည် မဟာအင်ပါယာအဆင့်လက်နက်များကို ထိန်းချုပ်နိုင်သဖြင့် မဟာအင်ပါယာများမှလွဲ၍ သူ့ကိုယှဉ်နိုင်မည့်သူမရှိပေ။

တဖြည်းဖြည်းဖြင့် ထိုကိစ္စတွင်ပါဝင်မည့် ကောင်းကင်ဒေသမှ အင်အားစုအားလုံးသည် ထျန်းယန်မြို့သို့ရောက်ရှိလာပြီး မြို့သခင်ရုံးတော်ထဲတွင် စုဝေးနေကြသည်။ ထျန်းယန်မြို့တစ်မြို့လုံးသည် မယုံနိုင်လောက်အောင် တိတ်ဆိတ်နေသည်။ ကောင်းကင်ဒေသကို ပေါင်းစည်းစုရုံးပြီးကတည်းက ထိုကဲ့သို့ ကြီးကျယ်သောစစ်ပွဲမျိုးကို မမြင်ခဲ့ရတော့ပေ။

သို့သော် ကံဆိုးစွာပင် သူတို့သည် ထိုစစ်ပွဲကို မြင်နိုင်မည်မဟုတ်ပေ။

“အားလုံး ဒီမှာရောက်နေပြီဆိုတော့ ထွက်ခွာဖို့ ပြင်ဆင်ကြတာပေါ့”

ထျန်းယန်မြို့သခင်က လူအုပ်ကို ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် သူ့ဘေးရှိ မင်းသမီးဒွန်ဟောင်ကို ပြောလိုက်၏။

“မဟာအင်ပါယာက ကရုဏာကြီးလို့ စီဝေ့ကြယ်ကောင်းကင်ကို မတိုက်ခိုက်ဖို့ သဘောတူခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့မှာ ဝမ်ရှောင်က ကောင်းကင်ဒေသက ကျင့်ကြံသူတွေကို ဦးဆောင်ပြီးတော့ စီဝေ့ကြယ်ကောင်းကင်ကို အင်ပါယာနန်း‌တော်အစား ဖျက်ဆီးပေးတော့မှာပါ”

သူသည် ဝမ်ရှောင်က ကောင်းကင်ဒေသမှ အင်အားစုအားလုံး၏ ခေါင်းဆောင်ဖြစ်ကြောင်း ပြော၍ သူ့ကိုများစွာအမွှမ်းတင်လိုက်သည်။ ထို့အပြင် ထိုနေရာ၌ ကောင်းကင်ဒေသမှ ထိပ်သီးများစွာရှိနေသော်လည်း ထိုသို့ပြောရန်မသင့်တော်ဟု သူအနည်းငယ်ပင် မခံစားရချေ။

မဟာအင်ပါယာများမှလွဲ၍ သူ၏မြေးတော် ဝမ်ရှောင်သည် စွမ်းအားအကြီးဆုံးဖြစ်ပေရာ ခေါင်းဆောင်ဟူသောဂုဏ်ပုဒ်ကိုရရန် သေချာပေါက် အရည်အချင်းပြည့်မီသည်။

မင်းသမီးဒွန်ဟောင်သည် ဝမ်ရှောင်ရှိနေရာဘက်သို့ ကြည့်လိုက်ပြီး ပြောလိုက်၏။

“ဒီလိုဆိုမှတော့ ထျန်ယန်မြို့နဲ့ ကောင်းကင်ဒေသက အင်အားစုတွေအကုန်လုံး ရီဖူရှင်းကို နှိမ်နင်းမယ့်ကိစ္စမှာ အောင်မြင်ကြပါစေလို့ ကျွန်မဆုတောင်းပေးပါတယ်။ ဒါပေမဲ့ စီဝေ့ကြယ်ကောင်းကင်ထဲမှာ သက်ရှိတွေအများကြီးရှိတယ်။ သူတို့က အပြစ်ကင်းတဲ့ ကျင့်ကြံသူတွေပါ။ ရှင်တို့က သိမ်းပိုက်ဖို့သွားတာဆိုတော့ အပြစ်မရှိတဲ့သူတွေကို မသတ်မိရအောင် မဆင်မခြင်သတ်ဖြတ်တာမျိုးတွေ မလုပ်ပါနဲ့”

“စိတ်မပူပါနဲ့ မင်းသမီး... ဒီတစ်ခေါက် ကျွန်တော်တို့က စီဝေ့အင်ပါယာနန်းတော်က ကျင့်ကြံသူတွေကိုပဲ သတ်ပြီး စီဝေ့ကြယ်ကောင်းကင်ကို ဖြိုခွင်းမှာပါ။ အပြစ်မရှိတဲ့သူတွေကို အန္တရာယ်ပြုမှာမဟုတ်ပါဘူး”

ထျန်းယန်မြို့သခင်က ပြောလိုက်သည်။ ထို့နောက် သူသည် ဝမ်ရှောင်ကိုကြည့်လျှက် ပြောလိုက်၏။

“ဝမ်ရှောင်... မင်းသမီးရဲ့ စကားတွေကို သေချာမှတ်သားထားပါ”

“ဟုတ်ကဲ့ပါ...”

ဝမ်ရှောင်ခေါင်းညိတ်လိုက်သည်။

“ထွက်ခွာရအောင် သွားပြီး မဟာအင်ပါယာအဆင့်လက်နက်တွေကို ဆင့်‌ခေါ်လိုက်တော့”

ထျန်းယန်မြို့သခင်က ပြောလိုက်သည်။ ဝမ်ရှောင်သည် ချက်ချင်းထွက်သွားပြီး မြို့သခင်ရုံးတော်၏ အတွင်းပိုင်းအတွင်းသို့ ဝင်သွား၏။ မြို့သခင်ရုံးတော်အတွင်းပိုင်းတွင် မူလဘုံကိုသွားရာ လမ်းကြောင်းတစ်ခုရှိ၏။

ခေတ္တမျှကြာပြီးနောက် ထျန်းယန်မြို့တွင်းမှ ကျင့်ကြံသူများသည် မြို့သခင်ရုံးတော်ဘက်မှနေ၍ မဟာအင်ပါယာအရောင်အဝါတစ်ခု ကောင်းကင်ထက်သို့ ပျံတက်သွားသည်ကို မြင်လိုက်ကြ၏။ ထိုအရောင်အဝါအလင်းသည် ကောင်းကင်ကို ထွင်းဖောက်သွားသကဲ့သို့ပင်။ တစ်ချိန်တည်းမှာပင် အတုမဲ့မဟာအင်ပါယာအရှိန်အဝါတစ်ခုသည် ထျန်းယန်မြို့ကို လွှမ်းခြုံသွားသည်။

တဒင်္ဂမျှထပ်ကြာပြီးနောက်တွင် မဟာအင်ပါယာအရောင်အဝါ ပျောက်ကွယ်သွားသည်။ မြို့သခင်ရုံးတော်အတွင်း၌ တောက်ပသော အာကာသနတ်အလင်းတစ်ခု ထွက်ပေါ်လာပြီး မြို့သခင်ရုံးတော်အတွင်းရှိ စွမ်းအားကြီး အင်အားစုများ ပျောက်ကွယ်သွားသည်။ သူတို့သည် မူလဘုံရှိ စီဝေ့ကြယ်ကောင်းကင်ကို နှိမ်နင်းရန် ထွက်ခွာသွားကြပေပြီ။

*****

စီဝေ့ကြယ်ကောင်းကင်ထဲနှင့် စီဝေ့အင်ပါယာနန်းတော်ထဲတွင် အားလုံးသည် သူတို့၏တာဝန်ကိုယ်စီနှင့် အလုပ်ရှုပ်နေကြသည်။ ကျင့်ကြံသူများစွာကို စီဝေ့ကြယ်ကောင်းကင်မှ ယာယီထွက်သွားရန် စေလွှတ်ခဲ့ပြီးဖြစ်သည်။ ရန်ဟောင်အထက်ပိုင်းအဆင့်များထက်  နိမ့်သောကျင့်ကြံသူများကို စီဝေ့ကြယ်ကောင်းကင်၏ အခြားနေရာများသို့ ပို့ထားသည်။ သူတို့ရှုံးနိမ့်သွားခဲ့လျှင်လည်း ထိုလူများသည် ဆက်၍ရှင်သန်နိုင်ရန် အခွင့်အရေးရှိပေလိမ့်မည်။

စီဝေ့အင်ပါယာနန်းတော်မှ အရေးပါသောကျင့်ကြံသူများမှာမူ ထိုနေရာတွင်ပင် ရှိပေသေးသည်။ သူတို့သည် စီဝေ့အင်ပါယာနန်းတော်နှင့် သေမတူ၊ ရှင်မကွာနေရန် ဆုံးဖြတ်ထားကြသည်။

ရီဖူရှင်းက ဟွာဂျီယူနှင့်အတူရပ်နေပြီး စီဝေ့အင်ပါယာနန်းတော်ကို ကြည့်ရှုစစ်ဆေးနေသည်။ သူသည် ကျူးကော့မင်းယွီကိုကြည့်လျှက် ပြောလိုက်သည်။

“အစ်မနှစ်... အစီအစဉ်တွေအားလုံး ဘယ်လိုအခြေအနေရှိလဲ”

“မပူပါနဲ့... အားလုံးကို စီစဉ်ထားပြီးပါပြီ”

ကျူးကော့မင်းယွီသည် ပြုံးလျှက်ပြောလိုက်သည်။ သူမသည် မည်သည့်စိတ်ဖိစီးမှုကိုမှ ခံစားမနေရသည့်အတိုင်း အ‌တော်လေး စိတ်အေးသက်သာရှိနေသည်။

ထိုနေရာတွင် အခြားကျင့်ကြံသူများလည်း ရှိနေသည်။ သူတို့သည် ရီဖူရှင်းကို ယုံကြည်မှုရှိသောမျက်ဝန်းများဖြင့် ကြည့်နေသည်။

ရီဖူရှင်းက အားလုံး၏အကြည့်များကို ခံစားလိုက်ရသောအခါ သူ့ရင်ထဲတွင် အပြစ်ရှိသလိုခံစားချက်တစ်ခု ပေါ်လာ၏။ သူပြုံးလျှက် ပြောလိုက်၏။

“အားလုံးပဲ ကျုပ်နောက်ကိုလိုက်ခဲ့လို့ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ခဲ့ရတယ်...”

ထိုလမ်းခရီးတစ်လျှောက်တွင် အေးချမ်းသည့်နေ့ရက် များများစားစား မရှိခဲ့ပေ။

“ကျင့်ကြံခြင်းလောက,က အမြဲဒီလိုပါပဲ။ နေရာအတိုင်းမှာ ဒီလိုချည်းပါပဲ။ နန်းတော်သခင်ကြောင့်သာမဟုတ်ရင် တခြားဘေးဒုက္ခတွေနဲ့တောင် ကြုံတွေခဲ့ရနိုင်တယ်”

အရှင်ထိုက်ရွှမ်က ပြောလိုက်သည်။

“ကျုပ် ထိုက်ရွှမ်တောင်မှာ ကျင့်ကြံနေခဲ့တုန်းကလည်း တိုက်ခိုက်ခံခဲ့ရတာပဲ။ နောက်တော့ နန်းတော်သခင် အဲဒီဘေးဒုက္ခတွေကို ကျော်ဖြတ်ပြီး တိုးတက်လာတာကို ကျုပ်တွေ့ခဲ့ရတယ်။ တိုးတက်မှုဖြစ်စဉ်ထဲမှာတော့ အန္တရာယ်တွေ၊ အခက်အခဲတွေ ရှိကြတာချည်းပါပဲ”

“အမှန်ပဲ... ဒီလိုမျိုး အခြေအနေတွေအများကြီးကို ရှင်သန်ကျော်ဖြတ်နိုင်ခဲ့တော့ ကျုပ်ရှင်သန်နေရတဲ့ နေ့ရက်တိုင်းက အပိုဆုလာဘ်လိုပါပဲ”

ထျန်းဟယ်အကြီးအကဲကလည်း တည်ငြိမ်စွာ ဝင်ထောက်ခံလိုက်သည်။ သူတို့သည် သူတို့၏ဘဝတစ်လျှောက်တွင် အသက်ဘေးနှင့်နီးသည့် အန္တရာယ်ပေါင်းများစွာကို ဖြတ်ကျော်ခဲ့သူများရာ မည်သည့်အန္တရာယ်ကိုမှ မကြောက်ရွံ့ကြတော့ပေ။

သူတို့သည် သေခြင်းတရားကို မကြောက်ကြပေ။ သူတို့သည် ဂုဏ်သိက္ခာရှိရှိဖြင့် ရီဖူရှင်းနောက်သို့လိုက်၍ ပို၍မြင့်မားသောအဆင့်သို့ တက်လှမ်းလိုကြခြင်းဖြစ်သည်။

ရီဖူရှင်းက ပြုံးလျှက်ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်သူသည် သခင်ချန်နှင့် မုရုံယွီတို့ကိုကြည့်လျှက် ပြောလိုက်၏။

“စီဝေ့အင်ပါယာနန်းတော်က ကျုပ် ပိုင်တဲ့အရာမဟုတ်ပါဘူး။ တကယ်လို့ အခြေအနေတွေ ဆိုးဝါးလာခဲ့ရင် အညံ့ခံဖို့ ရွေးချယ်နိုင်ပါတယ်။ ကျုပ်အတွက် ထည့်စဉ်းစားပေးစရာမလိုပါဘူး။ အသက်ရှင်နေရတာက သေသွားတာထက် ပိုကောင်းတယ်မလား”

သူမတိုင်ခင်ကပင် စီဝေ့အင်ပါယာနန်းတော်တွင် ရှိခဲ့ကြသော ကျင့်ကြံသူများသည် အခြားသူများကဲ့သို့ သူနှင့်နက်ရှိုင်းသော ဆက်ဆံရေးမျိုး မရှိကြပေ။ အကယ်၍ သူသာ ဤတစ်ခေါက်တွင် ရှုံးနိမ့်သွားလျှင် အခြားသူများကို အတူလိုက်သေရန် ဖိအားပေးမည်မဟုတ်ပေ။

“နန်းတော်သခင်က အရှင်စီဝေ့ရွေးချယ်ထားတဲ့ ဆက်ခံသူပါ။ ပြီးတော့ ကျုပ်တို့အားလုံးကလည်း အရှင်စီဝေ့ရဲ့မျိုးဆက်တွေပါ။ ကျုပ်တို့ နန်းတော်သခင်နောက်ကို လိုက်ခဲ့တာက နန်းတော်သခင်က အရှင်စီဝေ့ရဲ့ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံထားလို့ပါ။ အခု ကောင်းကင်ဒေသက အင်အားစုတွေက ကျုပ်တို့ကို သတ်ဖို့လာနေပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ အညံ့ခံစရာ ဘာအကြောင်းမှ မရှိပါဘူး။ ဒီလိုအကြံပေးတာကိုက ကျုပ်တို့ကို စော်ကားသလိုဖြစ်နေပါပြီ”

သခင်ချန်က ပြောလိုက်သည်။ သူ၏လေသံသည် မဖော်ရွေတော့ပေ။

ယခင်က ရီဖူရှင်သည် စီဝေ့အင်ပါယာနန်းတော်၏ မူလနန်းတော်သခင်ကို သတ်ခဲ့သဖြင့် စီဝေ့အင်ပါယာနန်းတော်သည် သူ့ကိုအညံ့ခံခဲ့ရသည်။ သို့သော် သူတို့သည် အကြောက်တရားကြောင့်သာ အညံ့ခံခဲ့ခြင်းမဟုတ်ပေ။ ထိုစဉ်က ရီဖူရှင်းသည် အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားကို အမွေဆက်ခံရရှိထားပြီးဖြစ်သည်ဟူသော အချက်ကိုထည့်တွက်ရပေမည်။ ထို့ကြောင့်သာ သူတို့သည် မဟာအင်ပါယာ၏ဆက်ခံသူထံတွင် အညံ့ခံခဲ့ခြင်းပင်။ ထိုကိစ္စကို နားလည်ပေးနိုင်သည်။

စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးသည် အရှင်စီဝေ့ကို ကိုးကွယ်ကြသည်မဟုတ်ပါလော။ ထိုအရာသည် သူတို့၏ယုံကြည်မှုပင်ဖြစ်သည်။

သို့သော် ဤတစ်ခေါက်သည် ကွဲပြားသည်။ ရီဖူရှင်းသည် အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဤတိုက်ပွဲကို တိုက်မည်ဖြစ်သည်။ အကယ်၍ သူရှုံးနိမ့်ခဲ့လျှင် အင်ပါယာ၏ဝိညာဉ်စွမ်းအားသည်လည်း ပျက်စီးသွားမည်ဖြစ်ပြီး စီဝေ့ကြယ်ကောင်းကင်လည်း ဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။ သူတို့သည် ထိုအခြေအနေတွင် မည်ကဲ့သို့ အညံ့ခံနိုင်မည်နည်း။

“ကျုပ်တို့က တော်ဝင်သွေးမဟုတ်ပေမယ့် ဒီမှာဆက်နေဖို့ကို ကျုပ်တို့ကိုယ်တိုင် ဆုံးဖြတ်ခဲ့ကြတာပါ။ ကျုပ်တို့က နန်းတော်သခင်နောက်ကိုလိုက်ပြီး စီဝေ့အင်ပါယာနန်းတော်နဲ့ သေအတူ၊ ရှင်မကွာ နေမှာပါ”

မုရုံယွီက ပြောလိုက်သည်။

ရီဖူရှင်းက ထိုမျက်နှာများကိုကြည့်လိုက်ပြီး သူ့နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရ၏။ သူဆက်ပြောလိုက်၏။

“ကျုပ်က စီဝေ့အင်ပါယာနန်းတော်ရဲ့ နန်းတော်သခင်တစ်ယောက်အနေနဲ့ ဘာကိုမှ အာမခံနိုင်ဘူးဆိုပေမယ့် ဒီတိုက်ပွဲမှာ ကောင်းကင်ဒေသကအင်အားစုတွေက စီဝေ့ကြယ်ကောင်းကင်ထဲကို ကျူးကျော်လာပြီး စီဝေ့အင်ပါယာနန်းတော်ကို အလုံးစုံဖျက်ဆီးပစ်ချင်နေတယ်ဆိုရင်တော့ သူတို့တွေ ကျုပ်ရဲ့ အလောင်းပေါ်ကအရင်ဆုံး ဖြတ်လျှောက်သွားမှ ရမယ်ဆိုတာတော့ ပြောရဲတယ်”

“ထျန်းယန်မြို့က မဟာအင်ပါယာအဆင့်လက်နက်တွေနဲ့ လာခဲ့တယ်ဆိုပေမယ့် နန်းတော်သခင်က မဟာအင်ပါယာရဲ့ ဝိညာဉ်စွမ်းအားကိုသုံးပြီး ကောင်းကင်တွေကို ပေါင်းစည်းပစ်လို့ရပါတယ်။ ဒီတိုက်ပွဲကို သေချာ‌‌ပေါက်နိုင်မှာပါ... ပြီးတော့ ကောင်းကင်ဒေသကလူတွေကလည်း စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးနိုင်မှာမဟုတ်ပါဘူး”

သခင်ချန်ပြောလိုက်သည်။

ရီဖူရှင်း ခေါင်းညိတ်၍ ပြောလိုက်၏။

“ကျုပ်က တစ်ခါမှ မဟာအင်ပါယာအဆင့်လက်နက်တွေရဲ့ စွမ်းအားကို ရင်မဆိုင်ခဲ့ဖူးဘူး။ ဒီတော့ ဒီတိုက်ပွဲက ဘယ်လိုဖြစ်မယ်ဆိုတာ မသိနိုင်ဘူး။ အခုတော့ ကျုပ်က အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်နေပါတယ်”

လက်ရှိ သူ၏ကျင့်ကြံခြင်းအဆင့်နှင့် အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်လျှင် သူသည်လည်း မဟာအင်ပါယာများကိုထည်းမတွက်လျှင် ပြိုင်ဘက်ကင်းတစ်ဦးဖြစ်သည်။ စီဝေ့ကြယ်ကောင်းကင်ထဲတွင် သူသည် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးခဲ့သူများကိုပင် သတ်ပစ်နိုင်သည်။

သို့သော် ဤတစ်ကြိမ်တွင် သူသည် မဟာအင်ပါယာအဆင့်လက်နက်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ရီဖူရှင်း လက်ဝှေ့ယမ်းလိုက်ရာ ရတနာမှန်တစ်ချပ်ပေါ်လာ၏။ ၎င်းအတွင်းသို့ နတ်အာရုံဝင်ရောက်သွားသောအခါ မှန်အတွင်း၌ လင်းလက်လာပြီး ပုံရိပ်တစ်ခုပေါ်လာ၏။ စီဝေ့ကြယ်ကောင်းကင်အပြင်ရှိ အကန့်အသတ်မဲ့အာကာပြင်ထဲတွင် နတ်အလင်းများ လင်းလက်တောက်ပနေသော နေရာတစ်ခုရှိသည်။ စွမ်းအားကြီးကျင့်ကြံသူအုပ်စုတစ်စုသည် စီဝေ့ကြယ်ကောင်းကင်ဆီသို့ ဦးတည်ချီတက်လာနေသည်။

“သူတို့ရောက်လာပြီ...”

ရီဖူရှင်း ပြောလိုက်သည်။

“ကျုပ် ထွက်သွားလိုက်မယ်”

သူသည် ထိုသို့ပြောပြီးနောက် လေပေါ်သို့ပျံတက်ကာ မြင့်မားသောကောင်းကင်ထက်သို့ ပျံသွား၏။

“နန်းတော်သခင် အောင်ပွဲနဲ့အတူ ပြန်လာနိုင်ပါစေ”

သခင်ချန်သည် ခေါင်းမော့၍ ထွက်ခွာသွားသော ရီဖူရှင်းကိုကြည့်လိုက်ပြီး ဦးညွှတ်လိုက်သည်။

“နန်းတော်သခင် အောင်ပွဲနဲ့အတူ ပြန်လာနိုင်ပါစေ”

တစ်ဦးပြီးတစ်ဦး ထိုသို့ပြောလိုက်ရာ ယင်းစကားသံများသည် စီဝေ့အင်ပါယာနန်းတော်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ စီဝေ့အင်ပါယာနန်းတော်အတွင်းမှ ကျင့်ကြံသူအားလုံးသည် ဦးညွှတ်၍ ရီဖူရှင်း အောင်ပွဲနှင့်အတူ ပြန်လာနိုင်ရန် ဆုတောင်းပေးလိုက်ကြ၏။

ဤတိုက်ပွဲတွင် ရီဖူရှင်းသည် နိုင်လျှင်နိုင်၊ မနိုင်လျှင်သေမည်ဖြစ်ကြောင်းကို သူတို့သိကြသည်။ ရွေးချယ်စရာ တတိယတစ်ခု မရှိပေ။

ရီဖူရှင်း၏ အကျင့်စရိုက်နှင့်ဆိုလျှင် သူ့အတွက် ရှုံးနိမ့်ခြင်းသည် သေခြင်းသာဖြစ်သည်။ အဘယ်ကြောင့် သူသည် ကောင်းကင်ဒေသမှ လူများက စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးသည်ကို မြင်ရန် အသက်ရှင်မနေလို၍ဖြစ်သည်။

ဤစစ်ပွဲသည် ကောင်းကင်ဒေသနှင့် စီဝေ့ကြယ်ကောင်းကင်တို့ကြားမှ စစ်ပွဲတစ်ပွဲမဟုတ်ပေ။ ကောင်းကင်ဒေသမှ အင်အားစုများနှင့် ရီဖူရှင်းတို့အကြားမှ စစ်ပွဲသာဖြစ်သည်။

လက်ရှိ စီဝေ့ကြယ်ကောင်းကင်သည် ထိုကဲ့သို့ စွမ်းအားကြီးသည့် ကောင်းကင်ဒေသ၏စစ်တပ်ကို ကြာရှည်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။  ‌စစ်တပ်သည် စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ ဝင်လာနိုင်ခဲ့သည်နှင့် စီဝေ့အင်ပါယာနန်းတော်သည် အချိန်တိုအတွင်း ဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။

ထိုစစ်ပွဲသည် ရီဖူရှင်းတစ်ဦးတည်း၏စစ်ပွဲသာဖြစ်သည်။

စီဝေ့ကြယ်ကောင်းကင်အပြင်တွင် အကန့်အသတ်မဲ့သော ကြယ်တာရာကောင်းကင်ကြီးရှိနေရာ စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးကို အဆုံးမဲ့အလင်းမျက်နှာပြင်ကြီးက ဝန်းရံထားသကဲ့သို့ ထင်ရသည်။ စီဝေ့ကြယ်ကောင်းကင်အတွင်းရှိ ကြယ်တာရာအားလုံးသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး အဆုံးမဲ့ ကြယ်အလင်းများကို ထုတ်လွှတ်နေသည်။ ထိုကြယ်အလင်းများသည် အဆက်မပြတ် လှည့်ပတ်နေ၏။

ထိုအချိန်တွင် အလင်းတန်းများ တောက်ပသွားပြီး တစ်နေရာသို့ ကျဆင်းလာကာ အစီအရင်ပုံစံများအဖြစ် ပြောင်းလဲသွားသည်။ ထိုအစီအရင်ပုံစံတစ်ခုစီသည် လွန်စွာစွမ်းအားကြီးပြီး ၎င်းတို့ထံမှ ကြောက်မက်ဖွယ် မဟာလမ်းစဉ်အရှိန်အဝါတစ်ခု ထွက်နေသည်။ အစီအရင်ပုံစံတစ်ခုချင်းစီမှ လူများသည် အဆုံးမဲ့အာကာပြင်ထဲတွင် ရပ်နေကြသည်။ သူတို့သည် သူတို့ရှေ့ရှိ ကြယ်ကောင်းကင်ကို ကြည့်နေသည်။ ထိုမြင်ကွင်းသည် ရင်သပ်ရှုမောဖွယ် မြင်ကွင်းပင်။

စီဝေ့ကြယ်ကောင်းကင် အစွန်းပိုင်းတွင် ကြယ်အလင်းများသည် ကောင်းကင်ကို ကြယ်တာရာများနှင့်လမ်းခင်းပေးသကဲ့သို့ စီးဆင်းလှည့်ပတ်နေသည်။

ထိုအခိုက်တွင် သူတို့၏မျက်လုံးများသည် ဦးတည်ရာတစ်ဖက်ကိုသာ အာရုံစိုက်နေသည်။ ထိုဦးတည်ရာတွင် စီးဆင်းနေသာ ကြယ်အလင်းများကြား၌ ဧရာမပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုပုံရိပ်သည် ဝတ်စုံဖြူဝတ်ဆင်ထားပြီး ငွေဖြူရောင်ဆံပင်နှင့် လူတစ်ယောက်၏ပုံရိပ်ဖြစ်သည်။ ထိုလူကား ရီဖူရှင်းပင်ဖြစ်သည်။

ထိုအခိုက်တွင် ရီဖူရှင်း၏ဝိညာဉ်စွမ်းအားသည် စီဝေ့ကြယ်ကောင်းကင်နှင့် ပေါင်းစည်းနေပြီဖြစ်ပြီး ထိုအဆုံးမဲ့ ကြယ်တာရာကောင်းကင်၏ တစ်စိတ်တစ်ပိုင်းဖြစ်နေပေပြီ။

သခင်ချန်နှင့် အခြားသူများ မျှော်မှန်းထားသကဲ့သို့ပင် ဤစစ်ပွဲသည် ရီဖူရှင်းတစ်ဦးတည်း၏ စစ်ပွဲဖြစ်သည်။

***

All Chapters